Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကလေးတွေခံစားရတဲ့ စိတ်အားငယ်မှု အပိုင်း(၁) – BurmeseHearts

ကလေးတွေခံစားရတဲ့ စိတ်အားငယ်မှု အပိုင်း(၁)

0

ကလေးဘဝကနေ အရွယ်ရောက်လာတဲ့ ကျွန်မတို့ဟာ ကလေးဘဝတုန်းက ကိုယ်တိုင်ခံစားခဲ့ကြရတဲ့စိတ်ခံစားမှုကို မေ့ပျောက်သွားကြပါတယ်။ အရွယ်ရောက်သူတွေရဲ့ နေ့စဉ်လုပ်ငန်းတာဝန်တွေမှာ ရုန်းကန်ရှင်သန်ရင်း မိမိသားသမီးတွေရဲ့ ခံစားချက်တွေကိုတောင် ငါငယ်ငယ်က လူကြီးတွေကြောင့် ဒီလိုပဲခံစားခဲ့ရပါလား။ အကန့်အသတ်နဲ့ ပြောဆို ၊ နေထိုင် ၊ သွားလာ ၊ စားသောက်ရတဲ့ ကလေးဘဝမှာ ငါငယ်ငယ်တုန်းက ဘာတွေ ဘယ်လိုဆန္ဒရှိခဲ့ဖူးတယ်။ ငါ့သားသမီးလည်း ဒီလိုခံစားနေနိုင်လောက်ရဲ့လို့ ကိုယ်ချင်းစာတွေးပြီး ဖြည့်ဆည်းပေးနိုင်သူက ရှားလာပါတယ်။

ကလေးရဲ့ အနီးစပ်ဆုံးသွေးသားရင်းဖြစ်တဲ့ အဖေ နဲ့ အမေတောင် ဒီလိုမတွေးရင် ကလေးရဲ့ ဦးလေး ၊ အဒေါ် ၊ အဘိုး ၊ အဘွား ၊ ဆွေမျိုးညာတိ ၊ ပတ်ဝန်းကျင်နဲ့ ဆရာ ၊ ဆရာမတွေက ကိုယ့်ကလေးရဲ့ အတွေးအမြင်နဲ့ ခံစားမှုဆိုတာကို နားလည်ပေးနိုင်ပါ့မလား ။ မိဘတွေရဲ့တာဝန်ဟာ ကလေးကို စားချိန်တန်စား ၊ အိပ်ချိန်တန်အိပ် ၊ ဝတ်ချိန်တန်ဝတ် ၊ ကစားချိန်တန်ကစား ၊ စာသင်ချိန်တန်သင်စတဲ့ သမရိုးကျ လုပ်ငန်းစဉ်တွေ ဖြည့်ဆည်းပေးနိုင်ရုံနဲ့ တာဝန်မကျေပါဘူး။

မိမိသားသမီးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်နဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို အရိပ်တကြည့်ကြည့် နားလည်သိတတ်စွာ ဖြည့်ဆည်းပေးနိုင်ဖို့ ၊ မဖြည့်ဆည်းပေးနိုင်ရင် ကလေးစိတ်ထဲ ဒဏ်ရာဒဏ်ချက်တွေ ဖြစ်မသွားအောင် ဘာကြောင့် မဖြည့်ဆည်းပေးနိုင်သေးတယ်ဆိုတာ ကလေးနားလည်အောင် ကောင်းမွန်စွာရှင်းပြဖို့ ၊ ကလေးရဲ့ အတွေးအမြင်မှားတွေ ဖြေဖျောက်ပေးနိုင်ဖို့ ၊ ကလေးရဲ့ ရင်တွင်းခံစားချက်တွေကို တနေ့ နာရီဝက် တစ်နာရီလောက်ဖြစ်ဖြစ် ကလေးနဲ့အချိန်အတူ ကုန်ဆုံးစေပြီး စကားအပြန်အလှန်ပြော ဆွေးနွေး နားထောင်ပေးဖို့လည်း လိုပါတယ်။

ကလေးနဲ့ကိုယ်ဟာ နွေးနွေးထွေးထွေးရှိပါမှ ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖြစ်ပျက်ပြောင်းလဲမှုတွေကို သတိထားမိပြီး လိုတိုးပိုလျှော့ ဆက်ဆံရင်း မှန်ကန်တဲ့အတွေးအမြင်တွေ ကလေးရင်ထဲ ကိန်းအောင်းစေနိုင်မှာဖြစ်ပါတယ်။

မွေးကင်းစကနေ နို့စို့အရွယ်ကလေးငယ်တွေရဲ့ အလိုချင်ဆုံးသောဆန္ဒဟာ မိခင်နဲ့အတူနေခွင့်ရရှိပြီး မိခင်ရင်ခွင်ထဲမှာ မိခင်ရဲ့နို့ချို သောက်စို့ခွင့်ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကိုးလကျော် မိခင်ရဲ့ဝမ်းဗိုက်ထဲမှာ နေခဲ့ရတာ သူ့အတွက် အသားကျနေပြီ ၊ မိခင်နဲ့အတူရှိနေရင် လုံခြုံတဲ့စိတ်ခံစားမှုကို အလိုလိုပေးစွမ်းနေတယ်။ မိခင်နဲ့အတူအိပ်တဲ့ကလေးဟာ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ချိန် ကြာမြင့်ပြီး အိမ်မက်ဆိုးတွေကြောင့် နိုးထလာတာမျိုး ၊ မပြီးနိုင်မစီးနိုင် ငိုယိုတာမျိုး နည်းပါးတတ်ပါတယ်။

စီးပွားရေးလိုအပ်ချက်ကြောင့်ပဲဖြစ်ဖြစ် အခြားအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကလေးအနား မိခင်အနီးကပ် မရှိနေနိုင်တာကို ကလေးဟာ နားမလည်နိုင်သေးပါဘူး။ ကလေးသူငယ်တွေအတွက် စိတ်လုံခြုံမှုဆိုတဲ့အရာဟာ မိခင်မှမပေးစွမ်းရင် မပြောတတ်သေးတဲ့ ကလေးရင်ထဲမှာ ဘယ်လို အလိုဆန္ဒတွေနဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်နေတယ်ဆိုတာ ဘယ်သူနားလည်နိုင်မှာလဲ။

မပြောတတ်သေးတဲ့ ကလေးတွေရဲ့ စိတ်လုံခြုံမှုနဲ့ စိတ်အားငယ်မှုခံစားချက်တွေဟာ မိခင်နဲ့ အနီးကပ်နေထိုင်ခွင့်ရပြီး သူ့အပေါ် နားလည်မှုပေးခြင်း ၊ မပေးခြင်းအပေါ် အများကြီးမူတည်နေပါတယ်။ သုတေသနလုပ်သူတွေရဲ့ တွေ့ရှိချက်အရ မွေးကင်းစကနေ မိခင်နဲ့အနီးကပ်အတူနေထိုင်ခွင့်ရပြီး မိခင်နို့လုံလောက်စွာ သောက်စို့ခဲ့ရတဲ့ ကလေးငယ်တွေဟာ ကျန်းမာတဲ့ ကလေးငယ်တွေအဖြစ် မြင်တွေ့ကြရတာများပြီး မိခင်နဲ့ တနေ့တာအချိန်အများစုမှာ ကင်းကွာပြီး တခြားတစ်ဦးဦးနဲ့ ကြီးပြင်းလာခဲ့ရတဲ့ ကလေးတွေကတော့ ကိုယ်ရောစိတ်ပါ ကြံ့ခိုင်မှု အားနည်းတတ်ကြတယ်။ ဒါ့အပြင် စိတ်ခွန်အားတွေမှမရရင် မိမိကိုယ်ကို ယုံကြည်မှုအားနည်းပြီး မပြတ်မသား ၊ မရေမရာစိတ်တွေနဲ့ ကြီးပြင်းလာတတ်ကြပါတယ်။

မပြတ်မသား ၊ မရေမရာစိတ်တွေ ဖြစ်ရတာဟာ စိုးရိမ်ကြောက်လန့်နေတဲ့ စိတ်အားငယ်ချက်အခံ ရှိနေတဲ့အတွက်ကြောင့်ပါ။ သူတပါးမျက်နှာ ကြည့်နေရတဲ့ ကလေးတွေဟာ ဒီလိုစိတ်မျိုးနဲ့ ကြီးပြင်းလာရတယ်။ သူမှားသွားရင် ဘာဖြစ်ဖြစ် နားလည်ခွင့်လွှတ်ပြီး ဖြေသိမ့်ပေးမယ့်မိခင် (လူကြီးမိဘတွေ) သူ့အနားရှိမနေရင် လုပ်ရင်းကိုင်ရင်း မှားမှာကြောက်တာရော ၊ မှားသွားရင် အဆူခံ ၊ အရိုက်ခံရမယ်ဆိုတဲ့အသိ စိတ်ထဲ အသားသေသွားတာကြောင့်ရော ၊ တပါးသူမျက်နှာကြည့်ပြီး အလိုက်သင့် တပါးသူဆန္ဒရှိရာ လိုက်လုပ်ကိုင်တာ အသားကျသွားရင် ကိုယ်ဘာဆန္ဒရှိတယ်ဆိုတာ မသိတော့တာ ၊ သိလည်း မပြောရဲ ၊ မလုပ်ရဲတွေ ဖြစ်လာတာပါ။

BurmeseHearts Blog

ကလေးတွေ အလုပ်မှား ၊ အကိုင်မှား ၊ အပြောမှားဖြစ်နေရင် ဆူဖို့ ၊ ရိုက်ဖို့ထက် ကိုယ့်တုန်းကလည်း မှားဖူးတယ်ဆိုတာ ပြန်သတိရရုံပါ။ ဒီအမှားတွေကို သင်ယူပြီး နောက်မဖြစ်အောင်လုပ်ရုံပဲ။ ငါ့သားသမီးလုပ်နိုင်ပါတယ်။ အတူကြိုးစားရအောင်လို့ အားပေးရမှာပါ။ ကလေးမှားတိုင်း မာန်မဲဆူပူ ရိုက်နှက်တတ်မယ်ဆိုရင် ကလေးဟာ လူကြီးတွေရှေ့အမှားလုပ်မိမှာ ကြောက်ရင်းနဲ့ လူကြီးနောက်ကွယ်မှာ အမှားလုပ်နိုင်ပါတယ်။ ကိုယ့်ရှေ့အမှားလုပ်တာ အချိန်မီတားလို့ ပြင်ပေးနိုင်ပေမယ့် နောက်ကွယ်မှာလုပ်တဲ့အမှားတွေဟာ တဘဝစာ သေရာပါဒဏ်ရာတွေ ရသွားနိုင်တယ်။ ဥပမာ အမြင့်တက်ပြီးလိမ့်ကျတာ ၊ ပလပ်ပေါက်ထဲ လက်ထိုးကြည့်တာ ၊ လက်လှမ်းမမီတာတွေ ကွယ်ရာဆွဲချတတ်တာမျိုးတွေပါ။

ကလေးကစားတတ်တဲ့အရွယ်ရောက်လာရင် တပတ်တရက်လောက်ပဲဖြစ်ဖြစ် မိဘနဲ့အတူ (အနည်းဆုံး မိခင်နဲ့အတူ) အပြင်ထွက် ဆော့ကစားချင်ကြပါတယ်။ ကလေးတွေရဲ့ပတ်ဝန်းကျင်ဟာ ကျွန်မတို့လိုမကျယ်ပြန့်ပဲ အရမ်းကျဉ်းမြောင်းလှပါတယ်။ ဒီအိမ်ထဲရှိတဲ့သူ ၊ ပြတင်းပေါက်က သူတွေ့မြင်နိုင်တဲ့သူ ၊ အိမ်အလည်လာတဲ့သူတွေနဲ့ အရာဝတ္ထုတွေကိုပဲ နေ့စဉ်သူမြင်တွေ့နေရတာပါ။ အိမ်အပြင်ဘက်ခေါ်ထုတ်သွားမယ်ဆိုရင် ပတ်ဝန်းကျင်သစ်က သူမမြင်ဖူးတာတွေ သူခံစားသိရှိသင်ယူနိုင်မယ်။

အိမ်ကလူတွေမဟုတ်တဲ့ တခြားသူတွေနဲ့ မြင်တွေ့ဆက်ဆံ ဆော့ကစားရရင် ပေါင်းသင်းဆက်ဆံရေး နည်းပညာတွေကို သူသင်ယူနိုင်တယ်။ သူသိလိုရာတွေကို မေးမြန်းရင်း စကားလုံးကြွယ်ဝလာမယ်။ တပါးသူရဲ့ ကောင်းခြင်း ၊ ဆိုးခြင်း အမူအကျင့်တွေကို မျက်ဝါးထင်ထင်တွေ့မြင်ပြီး တကယ့်လောကသဘာဝနဲ့ လူတွေအကြောင်းကို ပိုသိမြင်ခံစားရပါတယ်။ ဒါကြောင့် ကလေးငယ်တွေ ပျော်ရွှင်မှုအတွက်ကော ၊ သင်ယူမှုအတွက်ပါ ကလေးငယ်တွေကို အနည်းဆုံး တပတ်တစ်ကြိမ်  ပြင်ပလောကနဲ့ မြင်တွေ့ဆက်ဆံနိုင်ဖို့ အချိန်ပေးပါ။ ကလေးနဲ့အတူသွားလာ စားသောက်ကစားရင်း မိသားစုအချိန်ဆိုတာလေးကို ဖန်တီးပြီး စိတ်ပျော်ရွှင်နွေးထွေးမှုရယူပါ။

အများနဲ့ဆက်ဆံရပြီဆိုကတည်းက အများဘယ်လိုဝတ်စားပြီး ဘယ်လိုကစားစရာတွေနဲ့ ဘယ်လိုကစားတယ်။ သူ့မိသားစုက သူ့ကိုဘာတွေဆင်လို့ ဘယ်လိုဂရုစိုက်တယ်ဆိုတာကို သိမြင်လာပါပြီ။ ဒီအခါမှာ သူများနဲ့နှိုင်းယှဉ်တတ်တဲ့ ခံစားမှုတွေ စတင်ခံစားလာရပါပြီ။ သူတို့လို မဝတ်နိုင် ၊ မစားနိုင်ဘဲ သူတို့လို ဂရုစိုက်မခံရရင် ကလေးတွေမှာ စိတ်အားငယ်မှု ဝင်လာပါတယ်။ ဘာကြောင့် ဒီလိုမဆင်ပေးနိုင်တယ် ၊ ဘာကြောင့်ဒီလိုဂရုမစိုက်နိုင်တယ်ဆိုတာ သူတို့နားမလည်နိုင်သေးတော့ သူများခံစားရတဲ့အရာတွေ သူမခံစားရရင် လူ့သဘာဝအရ နုနယ်တဲ့ကလေးဟာ စိတ်အားငယ်လာပါတယ်။ ဒီခံစားချက်ကို နားလည်ပေးပါ။ ဒီလိုခံစားရတာဟာလည်း သူ့အပြစ်မဟုတ်ပါဘူး။

တကယ်ဆို သူ့ကို အများကလေးတွေ ဝတ်စားနေထိုင်သလို မဆင်နိုင် ၊ မကျွေးနိုင်တဲ့ကိုယ်နဲ့ သူများမိသားစုတွေလို အနီးကပ် ပြုစုစောင့်ရှောက်မှုမပေးနိုင်သေးဘဲ အရာရာအဆင်သင့်မဖြစ်ခင် ကလေးယူမိတဲ့ကိုယ့်အပြစ် တစွန်းတစပါဝင်နေတာ မဟုတ်လား။ သူများထက်သာမယ့်အရာတွေ စုပြုံပေးအပ်လို့ရပါသေးတယ်။ ကိုယ့်သားသမီးကို မေတ္တာ ၊ စေတနာတွေ စုပြုံပေးပါ။ အလုပ်ကနေ အိမ်ပြန်ရောက်တာနဲ့ သားသမီးကို အချိန်ပေးပါ။ သူတို့ခံစားမှုတွေနားထောင်ပြီး စက္ကူရုပ်ကလေးတွေ လုပ်ပေးလို့ပဲဖြစ်ဖြစ် ၊ သစ်ရွက်တွေနဲ့ ဈေးဝယ်တိုင်းကစားလို့ပဲဖြစ်ဖြစ် ကလေးတွေနဲ့ ရင်းရင်းနှီးနှီး ကစားပေးပါ။

ကစားစရာတွေပုံနေလည်း ကစားဖော်မရှိရင် ကလေးတွေဟာ အထီးကျန်ပါတယ်။ ကစားစရာရယ်လို့ သီးသန့်မရှိလဲ ပတ်ဝန်းကျင်က အတိုအစလေးတွေနဲ့ ကစားမယ့်ကစားဖော်ရှိနေရင် ကလေးတွေဟာ သူ့အချိန်ကို ပျော်ရွှင်စွာ ကုန်ဆုံးမှာဖြစ်ပါတယ်။ အကောင်းမြင်စိတ်ရှိနေဖို့ဆိုတာ ရင်ထဲမှာ ပျော်ရွှင်မှုအခံလေးနဲ့မှ ဖြစ်လာတာပါ။

ကလေးတွေဟာ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကို အများဆုံးခံကြရသူတွေပါ။ ကြီးသူကိုရိုသေ ၊ ရွယ်တူကိုလေးစား ၊ ငယ်သူကိုသနားရမယ်ဆိုတဲ့အသိတွေနဲ့ ကြီးပြင်းလာခဲ့ရတဲ့ မြန်မာလူမှုဝန်းကျင်မှာ ရွယ်တူကိုလေးစား ၊ ငယ်သူကိုသနားရမယ်ဆိုတာ နောက်မှသင်လာ ၊ သိလာတာတွေပါ။ ကြီးသူကိုရိုသေရမယ်ဆိုတာကတော့ မွေးကင်းစအရွယ်ကနေ ဘယ်အရွယ်ရောက်ရောက် “မှားမှားမှန်မှန် လူကြီးကိုခံမပြောရဘူး ၊ ပြန်မပြောရဘူး ၊ လူကြီးလုပ်တာနာခံ ၊ နားထောင် ပြန်အထွန့်မတက်နဲ့” စတာတွေနဲ့ ကြီးပြင်းလာခဲ့ရတော့ လူကြီးမမှန်တာပြော ၊ လုပ်နေရင်လည်း ကလေးဟာ မပြောရဲ ၊ မဆိုရဲ ၊ မထောက်ပြရဲ။ သူ့ကိုဒီလိုမလုပ်ပါနဲ့လို့ဆိုပေမယ့် ပိုလုပ်တတ်သူတွေကြောင့် ခံပြင်းစိတ်တွေမြိုသိပ်ထားခဲ့ရပြီး သူ့ဘက်က ကာကွယ်ပေးတဲ့သူမရှိရင် ကလေးတွေရဲ့စိတ်ဟာ ကြွပ်ဆတ်မာကျောလာတတ်ပါတယ်။ ဒီစိတ်တွေနဲ့ကြီးလာရင် ခပ်ရိုင်းရိုင်းလေး ဖြစ်လာတတ်ပါတယ်။

ရတု (Burmesehearts.com)

You might also like