Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကလေးကို စိတ်ပါလက်ပါ အစာစားစေချင်ရင် – BurmeseHearts

ကလေးကို စိတ်ပါလက်ပါ အစာစားစေချင်ရင်

0

ဘာကြောင့် ကလေးကို ခွံ့ကြသလဲဆိုတာ ကျွန်မခံစားရသလောက်နဲ့ တွေ့ရှိရသလောက် ပြောရမယ်ဆို လသားအရွယ်ငယ်ငယ် ကလေးကို ထမင်းကျိတ်ပြီးခွံ့တာ ၊ ဝါးခွံ့တာတွေကိုလုပ်ရင်းနဲ့ ကလေး သူ့ဘာသာသူစားတတ်အောင် လေ့ကျင့်ပေးဖို့ အချိန်နောက်ကျသွားတာကနေ စပါတယ်။

ကလေးကို သူ့ဘာသာသူ စစားတတ်အောင် လေ့ကျင့်ခွင့်ပေးဖို့ နောက်ကျသွားတဲ့အခါ ကလေးဟာ ကိုယ့်ဘာသာကိုယ် စားရမှာကိုပျင်းရိပြီး ကိုယ်ငယ်စဉ်အရွယ်မှာ လူကြီးကမခွံ့ပေးရင် ကိုယ့်ကိုပစ်ပယ်ထားသလိုလို ခံစားလာတတ်ပါတယ်။ ဒီခံစားချက်ကြောင့်ပဲ လူကြီးခွံ့မှ စားတဲ့အကျင့် ကလေးငယ်မှာ စစွဲလာပါတယ်။

အိမ်မှာနေတဲ့အရွယ် လူကြီးခွံ့မှစားတာဟာ အကြောင်းမဟုတ်ပေမယ့် ကျောင်းပျော် သို့မဟုတ် မူကြိုစနေတဲ့အရွယ် (အိမ်နဲ့စခွဲရချိန်) မှာ ကိုယ့်ဘာသာ မစားတတ်တဲ့ကလေးဟာ စဒုက္ခတွေ့ပါတော့တယ်။ ဆရာမတွေက အိမ်ကလူကြီးမဟုတ်တာမို့ ကိုယ့်ကလေးတစ်ယောက်တည်းကို နေ့စဉ် ထိုင်ခွံ့ပေးနိုင်တာ မဟုတ်ဘူးလေ။ ခွံ့ပေးတယ်ထားဦးတော့ ဒါဟာ အကျင့်ကောင်း သင်ပေးတာမဟုတ်ဘဲ ကလေးကို ကိုယ့်အားကိုယ်ကိုးတတ်ဖို့ ၊ ကိုယ့်တာဝန်ကိုယ်ယူတတ်ဖို့ သင်ပေးရမှာပျက်ကွက်နေတာပါ။

အိမ်ကခွံ့မှစားတဲ့အကျင့် ကလေးကြီးတွေမှာ စွဲနေတုန်းပဲဆိုရင် မူလတန်းကျောင်း တက်သည့်တိုင် ထမင်းချိုင့်ထဲမှာ ထမင်းဟင်းကျန်တွေ အိမ်ပြန်ပါလာဦးမှာဖြစ်ပါတယ်။ သူမကြိုက်တဲ့အစာတွေမို့လို့ သူမစားလာတာလားဆိုပြီး သူကြိုက်တဲ့ဟင်းနဲ့ ထမင်းချိုင့်ထည့်ပေးလိုက်သည့်တိုင် ဟင်းတွေပဲကုန်ပြီး ထမင်းကျန်တွေ အိမ်ပြန်ပါလာတဲ့ အဖြစ်မျိုးနဲ့ ကြုံတွေ့ရနိုင်ပါသေးတယ်။

ကလေးဟာ တကယ်ခွန်အားဖြစ်စေမယ့်အစာတွေကို မခုံမင်ဘဲ သွားရည်စာတွေ ၊ အချိုအချဉ်စတဲ့ အစာတွေကို ခုံမင်နေတာမျိုး ၊ အိမ်က လတ်လတ်ဆတ်ဆတ်ချက်တဲ့ ထမင်းကို ခုံခုံမင်မင်မစားဘဲ အပြင်စာတွေကိုပဲ ခုံမင်နေတာမျိုးလည်းဖြစ်နိုင်ပါသေးတယ်။ ဒီလိုတွေမဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲလို့ ကျွန်မကိုမေးရင် အမြစ်ကနေ မြေလှန်လို့ ကလေးကို ငယ်ငယ်လေးကတည်းက ခွံ့ကျွေးမှစားတဲ့အကျင့်မျိုးကို မမွေးပါနဲ့လို့ ပြောရမှာပါ။

လူကြီးခွံ့မှ ကလေးစားတယ်ဆိုတဲ့အကျင့်ကြီး စွဲလာတယ်ဆိုတာ ကလေးကို ဒီအကျင့်ကြီးစွဲလာအောင် အမြဲခွံ့ကျွေးတတ်တဲ့ လူကြီးကြောင့်ဖြစ်လာတာပါ။ ဒီအကျင့်ကို လူကြီးကလုပ်ခဲ့လို့ ကလေးဟာ ခွံ့ကျွေးမှ စားတဲ့အကျင့်စွဲလာတာပါ။ လူကြီးတွေက ဘာကြောင့် ကလေးတွေကို ထမင်းခွံ့တဲ့အကျင့် စွဲစွဲမြဲမြဲလုပ်လာဖြစ်သလဲဆိုတာကို လေ့လာကြည့်ရအောင်နော်။

ကလေးကို အစာစတင်မိတ်ဆက်တဲ့အချိန်မှာ နို့လို အရည်ကျဲတဲတဲ ထမင်းရည် ၊ ကြက်ပြုတ်ရည်စသဖြင့်ကို ခွံ့တိုက်ရတယ်။ ဒါတွေ သူလက်ခံစားလာတဲ့နောက်ပိုင်း ခပ်ပျစ်ပျစ်လေးတွေ ခွံ့ရတယ်။ နောက်ပိုင်းမှာ ဆန်ကွဲစေ့ မကွဲတကွဲ ၊ မကျေတကျေ ထမင်းလေးတွေကို သွားပေါက်ခါစ ကလေး ဝါးစားတတ်အောင် ခွံ့ရပြန်ရော ၊ သူသွားဖုံးနဲ့ကျိတ်ပြီး ဝါးစားတတ်တဲ့ နောက်ပိုင်းမှာ ဆန်ကွဲစေ့လောက်လေးကို ကျွေးရပါတယ်။ ဒါဟာ ကလေးကို အစာစတင်မိတ်ဆက်တဲ့ အဆင်တွေ့ပေါ့။

မခွံ့မဖြစ် ခွံ့ရတဲ့ အရည်လို ၊ ခပ်ပျစ်ပျစ် အနေအထားလို ၊ မညက်တညက် အနေအထားမှာ ခွံ့ကျွေးရမှာပေါ့။ ဘာဖြစ်လို့လဲဆိုရင် အဲဒီအရွယ်လေးတွေက ကိုယ့်ဘာသာ ပါးစပ်ထဲအရောက် မထည့်တတ်သေးဘဲ မှောက်ချပစ်မယ်ချည်း တရွယ်ရွယ်ဖြစ်နေတဲ့ ခြောက်လဝန်းကျင် အရွယ်လေးတွေ ဖြစ်နေလို့ပါ။ ဒါပေမယ့် ဘာတွေ့တွေ့ ပါးစပ်ထဲကောက်ထည့် ၊ ကောက်စားဖို့ အဆင်သင့်ဖြစ်နေတဲ့ ခုနှစ်လကျော် ရှစ်လအရွယ်ကနေစပြီးတော့ သူ့ဘာသာသူ ဆန်ကွဲစေ့လောက် ထမင်းလေးတွေ ၊ အဲဒီလောက်အရွယ် အသား ၊ အရွက်လေးတွေ ၊ ခေါက်ဆွဲ ၊ ကြာဇံဖတ် သေးသေးလေးတွေကို သူ့ဘာသာသူ ကောက်စားတတ်အောင် လူကြီးက အနားမှာ အဖော်နေပြီးတော့ လေ့ကျင့်ပေးရမှာပါ။

သူ့ဘာသာသူ စတင်ကောက်စားရမယ့်အရွယ်မှာ သူ့မျက်နှာ ၊ သူ့အဝတ်အစားနဲ့ သူ့အနီးဝန်းကျင်မှာ ပေကျံနေမှာပါ။ ဒီလိုပေကျံညစ်ပွနေတာကို လိုက်ရှင်းရတဲ့အလုပ် ရှုပ်လို့လည်း လူကြီးတွေ ခွံ့ကျွေးလိုက်တာ ပိုသက်သာတယ်ဆိုပြီး ကလေးသူ့ဘာသာမစားစေဘဲ ဆက်ခွံ့ကျွေးနေဖြစ်တာပါ။ တကယ်ဆို ရေရှည်အတွက် ရည်ရွယ်လို့ အခုမှာ အလုပ်ရှုပ်ခံပြီး ကလေးသူ့ဘာသာသူ စားတတ်အောင် ၊ စားချင်အောင် ကိုယ်က အနားကနေ ကြီးကြပ်ပြီး သင်ပေးလိုက်လို့ သူ့ဘာသာသူ စားတတ်သွားတဲ့နောက်ပိုင်းမှာ သူ့ကို ထမင်းစောင့်ခွံ့ရတဲ့အလုပ်တခု သက်သာသွားမှာဖြစ်ပါတယ်။

ကျွန်မသမီးအလှည့်တုန်းက အစားအရမ်းကြီးလို့ လေးလစွန်းစွန်းကတည်းက ထမင်းရည်ကျဲနဲ့ အသားပြုတ်ရည်ကြည်ကို စတင်မိတ်ဆက်ခဲ့တယ်။ ခြောက်လအရွယ်လောက်မှာ သူ့ဘာသာသူ ဆန်ကွဲစေ့အရွယ် ထမင်းလေးတွေ ၊ ညှပ်ခေါက်ဆွဲဖတ်လေးတွေ ၊ ခေါက်ဆွဲနဲ့ ကြာဇံဖတ် အတိုအပြတ်လေးတွေကို လိုက်ကောက်စားတတ်အောင် လေ့ကျင့်ပေးခဲ့တယ်။ ပထမတော့ ကိုယ်ကလည်းခွံ့ ၊ သူ့ကိုလည်း ကောက်စားနိုင်အောင် မကွဲနိုင်တဲ့ ပန်းကန်ပြားကြီး (ဗန်းလိုမျိုး)မှာ ချပေးထားတာပါ။ နောက်ပိုင်း သူ့ဘာသာသူ ခပ်များများကောက်စားပြီး ကိုယ်က နည်းနည်းပဲ ခွံ့ပေးတော့တယ်။ ဖိတ်ပေတာတွေများတာမို့ အရင် ကိုယ်ခွံ့ရင် သူစားနေကျထက် နည်းနည်းချင်းစီ ထပ်ဖြည့်ပေးတယ်။

ဇွန်းကို ဟန်ကျပန်ကျကိုင်ပြီး ပါးစပ်ထဲရောက်အောင် မထည့်တတ်သေးတဲ့ ကလေးဟာ ဇွန်းချော်ထိုးရင် သူ့သွားဖုံးနုနုလေးတွေ နာတာမို့ သူ့ဘာသာ လက်မှန်းတည့်အောင် လက်နဲ့ကောက်စားတဲ့နည်းကို အချိန်ကာလ အတိုင်းအတာတခုအထိ အသုံးပြုနိုင်ပါတယ်။ သူ့ဘာသာစားကျင့် ကောင်းကောင်းရလာရင် စတီးမဟုတ်တဲ့ ဇွန်းတွေ  ၊ ခရင်းတွေနဲ့ ကလေးစားတတ်အောင် သင်ပေးပါ။ သင်စမှာ စတီးဇွန်း ၊ ခရင်းတွေက ကလေးချော်ထိုးမိရင် ပိုနာကျင်စေတာမို့ ဇွန်း၊ခရင်း စလေ့ကျင့်ပေးချိန်မှာ ဒါတွေမသုံးခိုင်းတာပါ။ နောက်ပိုင်း ကျွမ်းကျွမ်းကျင်ကျင် ကိုင်စားနိုင်ပြီဆိုရင်တော့ စတီးဇွန်း ၊ ခရင်းတွေနဲ့ စားစေလို့ရပါတယ်။

ဘယ်ဟာမဆို ကလေးကို လုပ်စေချင်လို့ စသင်တဲ့အချိန်မှာ သူ့အတွက် လွယ်လင့်တကူ မနာမကျင် လုပ်ကိုင်နိုင်စေမယ့် နည်းလမ်းနဲ့ ပစ္စည်းတွေက သူဒါကို ရှေ့ဆက်လုပ်ချင်စိတ်ဖြစ်အောင် ဆွဲဆောင်နိုင်ပါတယ်။ ကိုယ်သင်ပေးတဲ့ နည်းလမ်းဟာ သူ့အတွက် ခက်ခဲနေမယ် ဒါမှမဟုတ် သူ့အတွက် နာကျင်သွားစေတာမျိုး ၊ သုံးရတာ အဆင်မပြေတာမျိုး ဖြစ်နေပြီဆိုရင် ကလေးဟာ ဒါလုပ်ဖို့ ကြောက်ရွံ့ငြင်းဆန်နေနိုင်ပါတယ်။

ဒါကိုလူကြီးက နားမလည်ဘဲ ဖိအားပေးလုပ်စေမယ်ဆိုရင် ကလေးဟာ လူကြီးရှေ့မှာ လူကြီးကို ကြောက်လို့သာ လုပ်ဖြစ်သွားတာမို့ ကျေကျေနပ်နပ် ၊ လိုလိုချင်ချင် လုပ်ကိုင်ချင်တာမျိုး မဟုတ်ဘူးလေ။ မကျေနပ်စိတ်အခံနဲ့ လူကြီးအကြိုက် လိုက်လုပ်ရတာများတဲ့ကလေးဟာ နောင်တချိန်မှာ အဲဒီလူကြီးနောက်ကွယ် အဲဒီလူကြီးမကြိုက်တာတွေကို မကျေနပ်တဲ့ အငုံစိတ်ကလေးနဲ့ ခိုးလုပ်လာတတ်ပါတယ်။

ကလေးဟာ ကိုယ့်နောက်ကွယ် ဘာကြောင့် ခိုးလုပ်လာတတ်သလဲ ၊ ဘာကြောင့် ကိုယ့်ကို လိမ်ညာတတ်သလဲဆိုတဲ့ မေးခွန်းရဲ့နောက်ကွယ်မှာ ကလေးဟာ ကိုယ့်အကြိုက်တွေကို သူမကြိုက်ဘဲ လိုက်လုပ် ၊ လိုက်ပြောခဲ့ရလို့လည်း ဖြစ်နိုင်ပါတယ် ၊ သူ့အကြိုက်တွေလုပ်ဖို့ အခွင့်မသာခဲ့တာမို့ ပိတ်ပင်တတ်တဲ့ လူကြီးတွေနောက်ကွယ် စမ်းလုပ်ရင်း ခိုးလုပ်ဖြစ်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ် ၊ ရွဲ့လုပ်တာနဲ့ အတုခိုးမှားတာတွေလည်း ဖြစ်နိုင်ပါတယ်။

သူ့ဘာသာသူ စားတတ်နေတဲ့ ကလေးကိုကျွေးတဲ့အခါ ကိုယ်ကျွေးတဲ့အစာကို သူခုံခုံမင်မင် စားစေချင်ရင် သူ့ကို ကိုယ်စားစေချင်တာကိုချည်း ရွေးကျွေးတာမျိုးမဟုတ်ဘဲ သူစားနေတဲ့အရာကို ကြိုက်လာအောင်နဲ့ သူကြိုက်တဲ့အရာတွေကိုလည်း သတိထားပြီးကျွေးမိအောင် လုပ်ရပါမယ်။ သူစားနေတဲ့အရာကို ကြိုက်လာအောင် ကိုယ်တိုင်က ခုံခုံမင်မင် (ဟန်လုပ်စားတာမျိုးမဟုတ်ဘဲ) စားရပါမယ်။ ကလေးဟာ သူ့ကိုကောင်းတယ်လို့ပြောတာကို ကောင်းတယ်လို့မထင်ဘဲ လူကြီး ခုံခုံမင်မင် စားနေတဲ့အရာတွေကိုမှ ကောင်းတယ်ထင်တာမို့ သူ့ရှေ့မှာ ကိုယ်တိုင်က သူ့ကို ကိုယ်စားစေချင်တာတွေကို ခုံခုံမင်မင် စားပြရမှာပါ။

ဒီလို ကိုယ်ခုံခုံမင်မင် စားပြနေတဲ့ အရာတွေထဲမှာမှ သူကြိုက်တာ ၊ မကြိုက်တာကိုလည်း သူရွေးချယ်စားဦးမှာပါ။ ဒါဟာ သူ့ရွေးချယ်မှုမို့ သူ့ဆန္ဒကို ကိုယ်က လေးစားရမှာပါ။ ဆိုလိုတာက ကိုယ်စားစေချင်တဲ့အစာကို သူမကြိုက်လို့မစားရင် အတင်းဖိအားပေးလို့ ချော့ကျွေး ၊ ခြောက်ကျွေးတာမျိုး မလုပ်ပါနဲ့ ။ အဲလိုလုပ်ရင် ကလေးဟာ ပိုငြင်းဆန်လာတတ်တယ်။ ဒါကြောင့် သူ့ဆန္ဒကို လက်ခံလိုက်ပါလို့ပြောတာပါ။

နို့သောက်သင့်တယ်ဆိုပေမယ့် နို့မသောက်ရင် နို့ပါတဲ့ အစားအသောက်တွေ သူစားဖြစ်အောင် တဖက်လှည့် ကျွေးရမှာပေါ့။ ဒီအတိုင်းပဲ အသား ၊ ကြက်ဥ ၊ ဘဲဥ ၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ ဘယ်လောက် အားဖြစ်စေတယ် ပြောပြော ကလေးကမစားရင် သူကြိုက်တတ်တဲ့ အစာတွေထဲ အာဟာရပြည့်တာတွေကို အရည်ဓါတ်လေးပဲပါပါ ၊ အာဟာရပါသွားသွား ထည့်ချက်ပါ။

သူ့ကျွေးတဲ့အခါ ဒါတွေ သူလက်မခံသေးရင် ဒါတွေပါတာ သူမသိလေအောင် ဖယ်ထုတ်ပြီးမှ သူ့ပန်းကန်ထဲထည့်ပေါ့။ သမီးလေး သုံးနှစ်နီးပါးအထိ အသား ၊ ငါး ၊ နို့နဲ့ ဥအမျိုးမျိုးကို သူမကြိုက်တာမို့ ဒီနည်းနဲ့ပဲ ကျွန်မကျွေးခဲ့တာပါ။ မွေးကတည်းကနေ အခု လေးနှစ်နီးပါးအထိ တခါမှ အားဆေးတွေ ၊ ဗီတာမင်ဆေးတွေ မတိုက်ခဲ့ဘူးပဲနဲ့ ကြံ့ခိုင်ကျန်းမာနေတာ သူစားတဲ့အစာတွေကြောင့်ပါ။ အစာလည်းဆေး ၊ ဆေးလည်းအစာပါ။

ကလေးဟာ သူစားတဲ့အစာကို ခုံခုံမင်မင် အားပါးတရစားတတ်အောင် လေ့ကျင့်ပေးဖို့ အဓိကလိုအပ်ချက်ကတော့ ဒီလိုစားတတ်အောင် လေ့ကျင့်သင်ကြားပေးတဲ့ မိခင် (သို့မဟုတ်) လူကြီးရဲ့ စိတ်ရှည်သည်းခံမှုပါ။ ဒီလူကြီးချက်ပေးလိုက်တဲ့အစာတွေကို ခုံခုံမင်မင်စားအောင် ၊ အားပါးတရ နှစ်နှစ်ခြိုက်ခြိုက် စားအောင်ဆိုတာ ကလေးနဲ့ ဒီလူကြီးအကြားက သံယောဇဉ် ၊ တွယ်တာမှု ၊ ယုံကြည်မှု ၊ အပြန်အလှန် ချစ်ခင်မှုတွေ ရှိမနေဘူးဆိုရင် ကလေးဟာ ကိုယ်စားစေချင်တဲ့အစာကို ခုံခုံမင်မင် မစားပါဘူး။ ဘာဖြစ်လို့လဲဆိုရင် သူတို့နှစ်ဦးအကြားမှာ အပြန်အလှန် ချစ်ခင်တွယ်တယ်မှုနဲ့ ယုံကြည်မှုတွေ ခိုင်မာစွာ မတည်ဆောက်နိုင်သေးလို့ပါ။

တကယ်လို့များ ကိုယ့်ကလေးဟာ အိမ်မှာ ထမင်းကောင်းကောင်းမစားပေမယ့် မူလတန်း ၊ အလယ်တန်း ၊ အထက်တန်းကျောင်းက ပြန်လာရင် ထမင်းဗူးပြောင်အောင်စားထားလို့ စိတ်ကျေနပ်နေတယ်ဆို ကိုယ်က ကလေးရဲ့ လှည့်စားမှု ခံနေရတာပါ။ ကြောက်ရမယ့် မိခင်ရှေ့မှာတောင် အိမ်ကအစာကို ကောင်းကောင်း မစားဘူးဆိုရင် မိခင်မျက်ကွယ် ကျောင်းမှာ သူ့ထမင်းဗူးထဲက ထမင်းဟင်းတွေအကုန်စားခဲ့တယ်ဆိုတာ ယုံစရာကောင်းပါ့မလား။

ထမင်းဗူးထဲက ထမင်းကျန် ၊ ဟင်းကျန်တွေမြင်ရင် မိခင်ဆူပူရိုက်နှက်မှာစိုးလို့ သူများကို သူ့ထမင်းဗူးပေးကျွေးတာဖြစ်နိုင်သလို ထမင်း ၊ ဟင်းတွေ အိမ်ပြန်မရောက်မီ သွန်ပစ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေဆိုတာ အရွယ်ရလာတာနဲ့အမျှ ကိုယ်မလုပ်ချင်တာကို မလုပ်ဘူးလို့ အာခံတတ်လာကြတယ်။ အနည်းဆုံး သူမကျေနပ်တဲ့သူရဲ့နောက်ကွယ်မှာ သူမကျေနပ်တဲ့ကိစ္စတွေကို သူ့နည်းသူ့ဟန်နဲ့ဖြေရှင်းလာတတ်တယ်။ ပထမဆုံးကိုယ်မသိအောင် အာခံပြီး နောက်ပိုင်းမှာ ကိုယ့်ကို ပြန်အာခံလာပါလိမ့်မယ်။ ဒါတွေဟာ မိဘနဲ့ သားသမီးအကြားမှာ နွေးထွေးတဲ့မေတ္တာနဲ့ နားလည်မှုတွေ လုံလောက်အောင် မတည်ဆောက်နိုင်ခဲ့လို့ပါ။

ရတု (Burmesehearts.com)

You might also like