ကလေးကိုသင်မယ့်စကား

0

သင်ကြားရေးအစဟာ ကလေးနားလည်မယ့် ဘာသာစကားကပါ။
သင်ကြားရေးအစဟာ ကလေးနားလည်မယ့် ဘာသာစကားကပါ။

ကလေးကိုသင်မယ့်စကားဆိုတာ အမျိုးမျိုးရှိပါတယ်။ မြန်မာမို့လို့ ၊ မြန်မာစာတတ်လို့ မြန်မာစကားချည်းပဲ သင်ရမယ်လို့တော့ မဟုတ်ပါဘူး။ တိုင်းရင်းသားတွေနဲ့ အိမ်ထောင်ကျပြီး ကလေးယူတဲ့သူရှိတယ်။ မြန်မာအချင်းချင်း အိမ်ထောင်ကျပေမယ့် ပြည်ပမှာရွှေ့ပြောင်းနေထိုင်နေသူတွေလည်းရှိတယ်။ တချို့ကျတော့ အကြောင်းကြောင်းကြောင့် ပြည်ပမှာ အခြေချနေထိုင်တဲ့ မြန်မာတွေလည်းရှိပါတယ်။ လက်ရှိ ဒီမှာနေပေမယ့် ကလေးပညာရေးအတွက် ၊ မိသားစုအနာဂါတ်အတွက် အကြောင်းကြောင်းကြောင့် တခြားမှာ ရွှေ့ပြောင်းနေထိုင်သွားကြမယ့် သူတွေလည်း ရှိပါတယ်။

ဒီတော့ မိဘတွေရဲ့ အနာဂါတ် ရည်ရွယ်ချက်ကို အခြေခံပြီး ကလေးကိုသင်မယ့်စကား ၊ ပြောမယ့်စကားကိုလည်း ပြန်သုံးသပ် စဉ်းစားရမှာဖြစ်ပါတယ်။

ဒီမှာ ဘာတွေ့ကြရလဲဆိုတော့ မိဘက မြန်မာစကားပြောလို့ (တနည်း တခြားစကား မကျွမ်းကျင်လို့) မြန်မာစကားပဲ ပြောတတ်ကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲက မြန်မာဘာသာစကားပြောတဲ့အရပ်မှာ ကလေးကို ပညာယူ ကြီးပြင်းသွားစေမယ်ဆိုရင်တမျိုးပေါ့။ နှစ်နှစ်နောက်ပိုင်း ကလေးတွေဟာ အခြားကလေးတွေနဲ့အတူ ပူးပေါင်းဆော့ကစားဖို့ စိတ်ဝင်စားလာတတ်ပါတယ်။ ဒီလိုအခါမျိုးတွေမှာ ကလေးနားလည်ထားတဲ့ ဘာသာစကားဟာ ဒေသသုံးဘာသာစကားနဲ့ မတူတဲ့အခါမှာ အခက်အခဲအနည်းငယ်ရှိလာပါတယ်။

ကလေးဟာ ငယ်တုန်းအရွယ်မှာ နှစ်ဘာသာပြောလဲ နားလည်တယ်။ သုံးဘာသာပြောလဲ နားလည်တယ်ဆိုပေမယ့် ကျောင်းနေရတဲ့အရွယ်မှာ သူနားလည်ထားတဲ့ (မိသားစုတွင်းပြော) ဘာသာစကားဟာ ကျောင်းမှာသင်တဲ့ ဆရာ ၊ ဆရာမတွေရဲ့ ဘာသာစကားနဲ့ မတူတဲ့အခါမှာ ကျောင်းစတက်တက်ချင်းနေ့မှာတင် စိတ်ဖိစီးမှုကိုခံရပြီး ကျောင်းနေမပျော် ဖြစ်နေပါတယ်။ နောင်လအနည်းငယ်ကြာရင် အသားကျသွားမယ်ဆိုပေမယ့် ကျောင်းသားအချင်းချင်း ပြောတဲ့စကား နားလည်အောင် ၊ ဆရာမသင်တာတွေနားလည်အောင် ၊ ကိုယ်တိုင်လဲ ကိုယ်သိထား နားလည်သမျှ ပြန်ပြောနိုင်အောင် ၊ Communication လို့ခေါ်တဲ့ ဆက်ဆံရေး အပြန်အလှန်လုပ်နိုင်အောင် ကလေးကို ဘယ်မှာ ပညာသင်ကြားပေးမှာလဲဆိုတာနဲ့ ဦးစားပေးတွေးရမှာ ဖြစ်ပါတယ်။

BurmeseHearts Blog

ကိုယ်နေတာက နိုင်ငံခြားမှာ ၊ ကလေးကို နိုင်ငံခြားဘာသာစကားနဲ့ ပညာသင်ယူစေမယ် (အဲဒီဒေသမှာပဲ ကျောင်းထားမယ်) လို့ ရည်ရွယ်ချက်ရှိရင် အဲဒီဒေသ ဘာသာစကားနဲ့ ကလေးကို ကျောင်းမနေကတည်းက အသားကျအောင် မိတ်ဆက် ပြောဆိုပေးရမှာ ဖြစ်ပါတယ်။ ဒါမှ ကလေးဟာ ကျောင်းစနေတဲ့ အရွယ်ရောက်ရင် ဒေသပြောစကားကို နားလည်တဲ့အတွက် သူ့စိတ်ထဲမှာ ဖြစ်ပေါ်တဲ့အတိုင်း ပြန်ဖော်ပြ ပြောဆိုနိုင်မှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် ကလေးဟာ ဘာသာစကားအခက်အခဲကြောင့် စိတ်ဖိစီးမှုတွေကို ကြုံနိုင်ပါတယ်။

ကိုယ်ကအိမ်မှာနေတာ တကယ်ကျောင်းမှာ တွေ့ကြုံရင်ဆိုင်ရမှာက ကလေး။ ကလေးဟာ ဘာသာစကားအခက်အခဲကြုံလို့ မျက်နှာငယ်ရမှာ ၊ အနှိမ်ခံရမှာ ၊ ဟာသအလုပ်ခံရမှာ ၊ ယုံကြည်ချက် ပျက်ယွင်းလာမှာ ၊ ရှက်ကြောက်လာမှာတွေကို မိဘက ကြိုတွေးထားသင့်ပါတယ်။ ကလေးက ဒေသဘာသာစကားကိုနားလည်သွားပြီး ကိုယ်က နားမလည်ဘဲ ကျန်ခဲ့ရင်လည်း ကလေးကို ထိန်းကွပ်ပဲ့ပြင်ဖို့ ၊ ကလေးရဲ့ အထွေထွေအခြေအနေကို မျက်ခြည်မပြတ် သိဖို့ရာမှာလည်း အခက်အခဲရှိလို့ နေပါမယ်။ ကျွန်မမိတ်ဆွေတစ်ဦးရဲ့ အဖြစ်နဲ့ ဥပမာပေးပါရစေ။

ကလေးမိဘနှစ်ဦးစလုံးက ဘွဲ့ရ ပညာတတ်တွေ ဖြစ်ကြပါတယ်။ ဖခင်က စင်္ကာပူနိုင်ငံမှာ အလုပ်လာလုပ်ရင်း သူ့သမီးကို စင်္ကာပူနိုင်ငံမှာ ကျောင်းထားလို့ မိသားစု နွေးနွေးထွေးထွေးနေနိုင်ဖို့ အစီအစဉ်ရှိပါတယ်။ မိခင်ကတော့ စိတ်အပျော်အနေနဲ့ စီးပွားရေးလုပ်ကိုင်သူပါ။ ကလေးကို နှစ်ဖက် အဖိုးအဖွားတွေနဲ့ အဆင်ပြေသလို ထားတတ်တယ်ဆိုပါတော့။ ဒီတော့ ကလေးကို နိုင်ငံခြားမှာ ကျောင်းထားမယ့် အစီအစဉ်ရှိတာမို့ မူကြိုနဲ့ သူငယ်တန်းပညာရေးကို အပျော်အနေနဲ့ မြန်မာနိုင်ငံမှာ ထားခဲ့ပါတယ်။ ကလေးဟာ (၆)နှစ်အရွယ်အထိ ရှိလာတဲ့တိုင်အောင် A ကနေ Z ၊ က မှ အ ၊ ၁ က နှစ်ဆယ် အလွတ် ဆိုတတ်ရုံသာရှိပြီး ဘယ်ဟာ ဘာရယ်လို့ နားလည်စွာ မရေးတတ် ၊ ရွေးချယ်ပြီး မဖတ်တတ်ပါဘူး။  မြန်မာစကားကိုသာ လိမ့်ပတ်လည်အောင် နားလည် ၊ ပြောဆိုတတ်ပြီး တကယ်လိုအပ်တဲ့ အင်္ဂလိပ် ဘာသာစကားကို ဘာပြောလို့ပြောမှန်းမသိပါဘူး။

(၆)နှစ်ဝန်းကျင်လောက် စင်္ကာပူမှာ ကျောင်းအပ်ပြီး မူကြိုစထားတယ် ဆိုပါတော့။ ဒီမှာ ကျောင်းပျော်ဆိုတဲ့ Pre Nursery 1 ကို (၃)နှစ် အတိအကျဆို လ(၃၀)က စထားလို့ရပါတယ်။ အဲဒီမှာ ကျောင်းနေပျော်အောင် ၊ ဆရာ ဆရာမတွေနဲ့ ဆက်ဆံပြောဆိုရေး နားလည်အောင် ၊ အတန်းဖော် သူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်အောင် ကျောင်းဆိုတဲ့ခံစားမှုကို ပျော်ရွှင်အောင် စမိတ်ဆက်ပေးတာပါ။ ဒီ့ထက်စောထားတဲ့ကလေးတွေကတော့ မိဘမအားလို့ ကျောင်းမှာ ပြုစုဂရုစိုက်ခိုင်းရုံလောက်ပဲရှိပါတယ်။ တကယ်ကျောင်းပျော်ကတော့ ခုနကပြောခဲ့တဲ့ (N1) ပါ။

အဲဒီ(၆)နှစ်ကလေးဟာ ဒီမှာ(၃)နှစ်ကလေးက စထားတဲ့ N1 တက်ဖို့ကလည်း အသက်ကြီးနေ ၊ တရုတ်စာနဲ့ အင်္ဂလိပ်စာတွေစသင်တဲ့ N2 မှာ အသက်ကြီးနေသော်လည်း ဘာသာစကားလိုအပ်ချက်ကြောင့် လက်ခံလိုက်ပေမယ့်လည်း ကလေးဟာ စာမလိုက်နိုင်ပါဘူး။ ဆရာမပြောတာကိုလည်း ပြန်မပြောတတ်သလို ဆရာမပြောတာ ၊ အတန်းဖော်တွေ ပြောတာကိုလည်း နားမလည်ပါဘူး။ ဆရာမက မိခင်ကို ခေါ်လာဖို့ ပြောဆိုလည်းနားမလည်တဲ့အပြင် ကျောင်းလာပို့တဲ့ မိခင်ကိုယ်တိုင်ကလည်း ဆရာမပြောစကားကို မှန်းဆနားလည်တာမျိုးပဲ ရှိတာပါ။ သေချာ နားလည်နိုင်စွမ်းမရှိသလို ပြန်လဲမရှင်းပြနိုင်ပါဘူး။

စင်္ကာပူမှာ တစ်နှစ်လောက် ကျောင်းထားပြီး တကယ်မူလတန်းတက်ရတော့မယ့် (၆နှစ်ပြည့်ပြီးသူတွေကို လက်ခံတဲ့) P1 (Primary 1) ကို တက်ဖို့ အရည်အချင်းမပြည့်မီပါဘူး။ မူလတန်းကြိုကျောင်းကလည်း (၇)နှစ်အတွင်းရောက်လာတဲ့ ကလေးအသက်အရွယ်ကြောင့် လက်မခံနိုင်တော့တဲ့ အခြေအနေ ရှိလာတဲ့အခါ မြန်မာနိုင်ငံမှာပဲ ပြန်ပြီးကျောင်းနေမှ အဆင်ပြေတော့မှာပါ။ မြန်မာစာကိုလည်း ဒီအသက်အရွယ်အထိ ဂဂဃဃ မရေးတတ် ၊ မဖတ်တတ်ဘဲ ပထမတန်းကနေစပြီး မြန်မာနိုင်ငံမှာ ကျောင်းပြန်တက်ရမယ့်ကလေးဟာ မြန်မာနိုင်ငံမှာရော စာလိုက်နိုင်ပါ့မလား။ ဒါဟာ မိဘရဲ့ပေါ့ဆမှုကြောင့် အပြစ်မရှိတဲ့ကလေးဟာ အတန်းပညာမှာ စိတ်မပါတော့တဲ့ အခြေအနေအထိ ဖြစ်သွားနိုင်ပါတယ်။ သူတို့ဆီက ကျွန်မသင်ခန်းစာယူပါတယ်။

ကျွန်မသမီးကို အကြောင်းကြောင်းကြောင့် ပြည်ပမှာ ကျောင်းထားမှာမို့ မွေးစကတည်းက မြန်မာစကားရော အင်္ဂလိပ်စကားပါ ပြောကျင့် လုပ်ခဲ့ပါတယ်။ ဒီတော့ကလေးဟာ နှစ်ဘာသာစလုံးကို ကောင်းကောင်း နားလည်လာပါတယ်။ ပြန်ပြောတာကတော့ သူသန်ရာ သန်ရာကို ပြန်ပြောမှာဖြစ်ပါတယ်။ အဓိက က သူကျောင်းပညာရေးစတဲ့အချိန်မှာ အများတကာလို နားလည်အောင် ၊ ပြန်ပြောတတ် ၊ ပြန်ဆွေးနွေးတတ်လာအောင် ၊ ကျောင်းပညာရေးမှာ စာလိုက်နိုင်ပြီးပျော်ဖို့က အဓိက မဟုတ်လား။ 

မြန်မာစကားချည်း အိမ်မှာ စွတ်သင်နေပေမယ့် နိုင်ငံခြားမှာ ကျောင်းနေကြာတဲ့အခါ မြန်မာစကား လုံးဝမပြောတော့တဲ့ ကလေးတွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာနေပြီး ဘိုကျောင်းတက်တော့ မြန်မာစကားလိမ့်ပတ်လည်အောင် မပြောချင်တော့တဲ့ ၊ မပြောတတ်တော့တဲ့ ကလေးတွေကိုလည်း တွေ့ရပါတယ်။ တကယ်ဆို ကလေးတွေမှာ အပြစ်မရှိဘဲ မိဘရဲ့ ဆန္ဒနဲ့ အမြော်အမြင်ကသာ ကလေးရဲ့ အနာဂါတ်ကို ပြောင်းလဲစေတယ်ဆိုရင် မှားမလားနော်။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like