အကျင့်တွေအရင်ပြင်ပါမှ စနစ်ဟာလှပမယ်

0

ယခုခေတ်မှာ နာမည်ကြီးချင်လျှင် အစိုးရရဲ့စနစ်ကို ထိထိမိမိ (တခါတရံ လိုတာထက်ပိုပြီး) သရော်စာတွေရေးမယ် ၊ ပြက်လုံးတွေထုတ်မယ်ဆိုရင် လူကြိုက်များဖို့ ရာခိုင်နှုန်းများလာပြီ။ စေတနာနဲ့ ထောက်ပြပြောဆိုသလိုလို သရော်စာတွေကို ဆက်တိုက်ရေးသား ၊ ဆက်တိုက်ပြက်လုံးတွေထုတ်မယ်ဆိုရင် ကိုယ်ရေးတာကို ကြိုက်တဲ့သူ ၊ ဝေမျှတဲ့သူ များသထက်များလာပြီး ကိုယ်ဟာ လူသိများတဲ့ (Celebrity) တစ်ဦးအဖြစ် အလိုလိုနေရင်း ဖြစ်လာတော့တယ်။

အစိုးရကို သရော်နေရုံ ၊ ချွတ်ချော်နေတဲ့ စနစ်ကြီးကို သရော်နေရုံနဲ့ပြီးမလား။ ဒီလိုသရော်နေရုံနဲ့ စနစ်ကြီးဟာ ဘွားကနဲလှပသွားနိုင်မလား။ အတော်အသင့် ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ တစ်ဦးချင်းစီရဲ့ အကျင့်တွေ မပြင်သရွေ့တော့ စနစ်ဘယ်လောက်ပြင်ပြင် ထိထိမိမိ အရာရောက်ဖို့ ခဲယဉ်းနေပါတယ်။

ဒါကိုမြင်အောင် ဥပမာပြရရင် …. အမှိုက်ပုံးတွေမထားတဲ့ စည်ပင်ကို သရော်မယ်။ သရော်လွန်းလို့ အမှိုက်ပုံးတွေ ကမ္ဘာ့သန့်ရှင်းသပ်ရပ်မှု စံနှုန်းအတိုင်း ထားပေးတယ်ဆိုပါတော့။ တွေ့ရာ ပျစ်ခနဲ့ ကွမ်းတံတွေးထွေးတတ်သူတွေ ၊ တိုက်တွေပေါ်က အမှိုက်ပစ်ချသူတွေ ၊ အမှိုက်ဆို လက်ထဲမှာတောင် မကိုင်တော့ဘဲ နေရာမရွေး ပစ်လိုက်သူတွေ ရှိနေသရွေ့ ၊ ဒီလူတွေ အကျင့်မပြင်သရွေ့ ဒီမြို့ ၊ ဒီရွာဟာ မသန့်ရှင်းနိုင်ပါဘူး။ ဒီတော့ လူတွေရဲ့အကျင့်ကို အရင်ပြင်ရမှာပါ။

ကျွန်မတို့ဟာ စနစ်ကိုရမယ်ရှာပြီး အကျင့်ကို မပြင်ချင်ကြသူတွေဆို မှားသလား။ ကလေးသူငယ်တွေကို လုံလောက်တဲ့ ထောက်ပံ့မှု နဲ့ ကလေးသူငယ် အခွင့်အရေး မပေးထားတဲ့စနစ်ကို ရမယ်ရှာပြီး ကလေးအလုပ်သမားများနေတာကို သရော်နေမယ့်အစား ကလေးကို စနစ်တကျ ပြုစုပျိုးထောင်ပေးရမယ့် မိဘတွေရဲ့တာဝန်ကို အရွယ်ရောက်သူတိုင်း သိရှိအောင် အသိပညာပေးကြမယ်ဆိုရင် တပြွတ်ပြွတ်မွေးနေတဲ့လူတွေ အတော်အသင့်တော့ နည်းသွားမှာပဲ။ ဒီလိုနည်းသွားတဲ့အခါ မကျွေးမွေး ၊ မပြုစု ၊ မစောင့်ရှောက်နိုင်ဘဲ လူဖြစ်ရုံမွေးလိုက်တဲ့ မိဘအရေအတွက် နည်းသွားမှာဖြစ်သလို ၊ ကလေးဖျက်ချတဲ့ အရေအတွက်လည်း နည်းသွားမှာ ဖြစ်တယ်။

အစိုးရကလည်း ကလေးမွေးဖွားတဲ့ မိဘတိုင်း ကလေးကို မထိုးမဖြစ် ထိုးပေးရမယ့် ကာကွယ်ဆေးတွေ ထိုးပေးဖို့ ၊ ပညာတွေသင်ပေးဖို့ ကန့်သတ်တဲ့ဥပဒေ ထုတ်ရမယ်။ မလိုက်နာတဲ့မိဘတွေကို အရေးယူမယ့်ဥပဒေတွေ ထုတ်မယ်။ အစိုးရကိုယ်တိုင်ကလည်း ကလေးငယ်တွေကို မဖြစ်မနေထိုးရမယ့် ကာကွယ်ဆေးတွေ အလကားထိုးပေးဖို့ (လုပ်ပေးသင့်သလောက် လုပ်ပေးနေပါပြီ) ၊ အတန်းပညာတွေပေးဖို့ (အခုလုပ်ပေးနေပါပြီ) လိုအပ်ပါတယ်။

ဘာဖြစ်လို့ ဒါကိုဦးစားပေးပြောနေရသလဲဆိုတော့ မိဘတာဝန်ဆိုတာ မွေးဖွားရုံနဲ့မပြီးဘဲ သားသမီးကို သူ့ခြေထောက်ပေါ် သူရပ်တည်နိုင်တဲ့အထိ ပြုစုပျိုးထောင် ပညာပေးသွားဖို့ မိဘတိုင်းမှာ တာဝန်ရှိတယ်။ မွေးဖွားပေးလိုက်ရုံနဲ့ မိဘတာဝန် ကျေသွားပြီလို့ယူဆပြီး မကျွေးမွေး ၊ မပြုစု ၊ ပညာမသင်ပေးနိုင်ဘဲ မွေးဖွားတဲ့မိဘဦးရေ များလာလေ လမ်းပေါ်ရောက်တဲ့ ကလေးဦးရေများလာမယ်။ ဒီကလေးတွေဟာ အချိန်နဲ့အမျှ ကြီးထွားလာကြမှာဖြစ်တယ်။ သူတို့လမ်းပေါ်မှာ ဘာအတတ်ပညာတွေရမလဲ ၊ ဘာတွေ သင်ယူပြီး ဘဝကို ဘယ်လိုရှေ့ဆက်မလဲ။ ဖြစ်သလိုကြီးပြင်းလာရတဲ့ကလေးဟာ ဘဝကို ဖြစ်သလိုရှေ့ဆက်သွားဖို့ များနေတယ်။

အတန်းပညာမဲ့တဲ့ ကလေးတွေများမယ် ။ အသိပညာမဲ့တဲ့ကလေးတွေများမယ်။ စဉ်းစားတွေးခေါ်နိုင်စွမ်းကို မသိတဲ့ ကလေးတွေများမယ်။ လေလွင့်ကလေးတွေများမယ်။ နိုင်ငံရဲ့အနာဂါတ်ကို ဒီကလေးတွေနဲ့ ရှေ့ဆက်ရမှာဆိုရင်မှားသလား။ သူတို့တွေဟာ တနေ့တချိန်မှာ လူငယ် ၊ လူကြီးတွေဖြစ်လာမှာလေ။ သူတို့ငယ်ငယ်က ဘာတွေသင်ယူခဲ့တယ်ဆိုတာကို သူတို့ဟာ အနာဂါတ်မှာ အသုံးချတော့မှာ။ ဒီတော့ မြန်မာနိုင်ငံရဲ့ အနာဂါတ်ဟာ ကလေးတွေအပေါ်မှာ အများကြီး မီတည်နေပါတယ်။

ဒါ့အပြင် အခုလက်ရှိ လူငယ် ၊ လူကြီးဖြစ်နေတဲ့ သူတွေအပေါ်မှာလည်း မီတည်နေတယ်။ သူတို့ဟာ သူတို့ကလေးရဲ့အနာဂါတ်ကို ဘာတွေမျှော်မှန်းထားတယ်ဆိုတာထက် ဘယ်လိုသွန်သင်ဆုံးမတယ် ၊ ဘာတွေ ဖြည့်ဆည်းပေးတယ်ဆိုတဲ့အပေါ်မှာ မြန်မာနိုင်ငံရဲ့ အနာဂါတ်ဟာ မီနေပါတယ်။

ကလေးတွေဟာ ကျောင်းနေအရွယ်မတိုင်မီသာ လူကြီးမိဘတွေနဲ့ အများအားဖြင့် အိမ်မှာရှိတာ။ ကျောင်းနေအရွယ်ရောက်တာနဲ့ ကျောင်းနဲ့ ကျူရှင်မှာ အချိန်ကုန်ကြရတယ်။ ဒီတော့ အဲဒီကျောင်းနဲ့ ကျူရှင်တွေက ကလေးတွေကို အတန်းပညာတွေအပြင် ဘယ်လို အသိပညာတွေ ၊ အတတ်ပညာတွေပေးနိုင်တယ်ဆိုတာလည်း ကလေးတွေရဲ့ အနာဂါတ်ကို အများကြီး အထောက်အကူပြုနေတယ်။

ပြည်သူတွေရဲ့ ဆန္ဒကို မလေးစား ၊ မဖြည့်ဆည်းပေးတဲ့ အစိုးရကို သရော်နေတာတွေလျော့ပြီး လက်တွေ့မှာ မိမိရင်ငွေ့ခိုလှုံနေရတဲ့ သားသမီးတွေရဲ့ ဆန္ဒကိုလေးစားမယ် ၊ သူတို့ရဲ့စကားတွေကို နားထောင်ပေးမယ် ၊ တတ်နိုင်သမျှ ဖြည့်ဆည်းပေးကြရင် ပိုမကောင်းဘူးလား။

အမှိုက်ပုံးလုံလောက်စွာ မထားနိုင်တဲ့ အစိုးရရဲ့ အမှိုက်သိမ်းစနစ်ကို သရော်နေမယ့်အစား ကျောင်းမှာရော ၊ ရုံးမှာရော ၊ အိမ်မှာရော အမှိုက်ကို တွေ့ကရာမပစ်ဘဲ နောက်ဆုံး ကိုယ့်အိတ်ထဲမှာ အိတ်ကလေး ၊ ဗူးကလေးတစ်ခုနဲ့ စုထားပြီး အိမ်ရောက်မှ အမှိုက်ပုံထဲ စနစ်တကျ ပစ်တတ်တဲ့အကျင့်ကို ကိုယ်တိုင်လည်း လေ့ကျင့်မယ် ၊ ကိုယ့်သားသမီးတွေ ကိုလည်း လေ့ကျင့်ပေးမယ်ဆိုရင် တိုက်လမ်းကြားတွေမှာ အမှိုက်တွေပုံနေတာ ၊ လမ်းတွေမှာ အမှိုက်တွေ ပွနေတာ နည်းသထက်နည်းသွားမှာဖြစ်တယ်။

ကလေးတွေကို စာရိတ္တပိုင်းဆိုင်ရာ သင်ကြားပို့ချတဲ့ ကျောင်းကဆရာမတွေကိုယ်တိုင်လည်း သူတို့သင်ကြားတဲ့အတိုင်း စံပြလိုက်နာမယ်ဆိုရင် မကောင်းဘူးလား။

မုန့်စားချိန်မတိုင်ခင် ဗိုက်ဆာလို့ မုန့်ခိုးစားတဲ့ ကျောင်းသားကို ဒဏ်ပေးပြီး ကိုယ်တိုင်ကတော့ အတန်းရဲ့နောက် ဆရာမတွေထိုင်တဲ့စားပွဲမှာ အုပ်စုဖွဲ့ စားသောက်နေတာမျိုး လုပ်နေမယ်ဆို ကိုယ်ထုတ်တဲ့စည်းကမ်း ကိုယ်မလိုက်နာတာ ကလေးမှမဟုတ်ဘူး ။ အစိုးရမှမဟုတ်ဘူး။ လူကြီးမိဘတိုင်းလိုလိုက ဒီအကျင့်တွေစွဲနေတာလို့ လက်ခံရမှာဖြစ်ပါတယ်။

အစိုးရဆီက ကိုယ်ဘာတွေလိုချင်လဲ ဒါတွေကို မိမိတို့ရဲ့ သားသမီးတွေ ၊ တပည့်တွေ ၊ လက်အောက်ငယ်သားတွေကို တတ်နိုင်သမျှ သွန်သင်ပြသ ဖြည့်ဆည်းပေးမယ်။ ကိုယ်တိုင်ကလည်း ကိုယ်သင်ပြတဲ့အတိုင်း တသွေမသိမ်းလိုက်နာမယ်ဆိုရင် ၊ ဒီအလေ့အကျင့် ဖြစ်တည်သွားမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ကျွန်မတို့မျှော်မှန်းတဲ့ အနာဂါတ်ဟာ ရုပ်လုံးပေါ်လာမှာဖြစ်တယ်။

ဘာဖြစ်လို့လဲဆိုလို့ရှိရင် ဒီလိုကောင်းမွန်တဲ့ အကျင့်တွေနဲ့ အသားကျသွားတဲ့ ကလေးတွေ ၊ လူငယ်လူရွယ်တွေဟာ သူတို့ရဲ့ သားသမီးကို ဒီလိုအကျင့်ကောင်းတွေ သင်ပြလိုက်နာစေမယ်။ ဒီလူတွေကြီးလာတဲ့အခါ ရောက်ရှိတဲ့ နေရာဌာနအသီးသီးမှာ ဒီအကျင့်စာရိတ္တတွေကို ကျင့်သုံးမယ်။ အဲဒီအလေ့အကျင့်ရှိသူတွေက စနစ် ၊ ဥပဒေတွေကို ပြဌာန်းတဲ့အခါမှာ မြန်မာနိုင်ငံကြီးရဲ့ အနာဂါတ် ပိုမိုလှပလာမှာဖြစ်ပါတယ်။ ဒီတော့ စနစ်လှပဖို့ကို ယနေ့လူငယ် ၊ လူကြီးတွေက အကျင့်တွေ အရင်ပြင်ကြရမှာဖြစ်ပါတယ်။

ယခုအစိုးရအဖွဲ့မှာ ဌာနဆိုင်ရာအသီးသီးမှာ ကျောင်းမှာ ၊ ရုံးမှာ လည်သလိုလုပ်စားသူတွေများနေတာ ၊ ခိုးဝှက်စားသူတွေ ၊ တောင်းစားသူတွေများနေတာဟာ ၎င်းတို့ကို သွန်သင်ဆုံးမခဲ့တဲ့ မိဘတွေ ၊ ဆရာသမားတွေ ၊ လူကြီးသူမတွေက ရှေ့ဆောင်လမ်းပြ ဒီလိုသွန်သင် လုပ်ကိုင်ပြသခဲ့လို့ပါ။

ဒါကိုအလိုမရှိဘူးဆိုရင် ကိုယ်အလိုရှိတဲ့ပုံစံကို ကိုယ်တိုင်က စတင်ကျင့်သုံး ပြောင်းလဲရမှာဖြစ်သလို ကိုယ့်ရဲ့သားသမီးတွေကို ၊ တပည့်တွေကို သွန်သင်ဆုံးမပြီး နည်းလမ်းပြသရမှာဖြစ်ပါတယ်။ ငါပြောသလိုလုပ် ၊ ငါလုပ်သလို မလုပ်နဲ့တော့ မလုပ်နဲ့လေ။ ဒါဆို ကိုယ်မကြိုက်ဘူးဆိုတဲ့ အစိုးရအကျင့်စရိုက်ကို ကိုယ်တိုင် ကျင့်သုံးနေသူဖြစ်သွားမယ်။

အစိုးရက တနိုင်ငံလုံးကို အုပ်ချုပ်တာဖြစ်ပြီး မိဘက သားသမီးကိုအုပ်ချုပ်တာ ၊ ဆရာက တပည့်တွေကို အုပ်ချုပ်တာဖြစ်တယ်။ ဒီတော့ ကိုယ်ဖြစ်စေချင်တဲ့ စရိုက်လက္ခဏာ ၊ ကျင့်သုံးမှုတွေကို ကိုယ်တိုင်က စံနမူနာအနေနဲ့ အရင်စလုပ်ပြပြီး ဒီလိုလုပ်ကြလို့ သွန်သင်ပြသလိုက်တာဟာ ယခုနဲ့ နောင်မှာ ကောင်းဖို့ပဲဖြစ်ပါတယ်။

ကျွန်မဟာ စာဖတ်ဝါသနာပါသူမို့ စကားပုံတွေကိုလည်း လေ့လာတဲ့သူဖြစ်ပါတယ်။ စကားပုံတွေက စကားလုံးနည်းပြီး တွေးရင်တွေးသလောက် ၊ သုံးတတ်ရင်သုံးတတ်သလောက် ဘဝတသက်တာမှာ အရေးပါလှပါတယ်။ ကျွန်မရင်ထဲစွဲမြဲထားတဲ့ စကားပုံတစ်ခုကို အများအကျိုးအတွက် ဝေမျှလိုက်မယ်နော်။

Give a man a fish and you feed him for a day;

teach a man to fish and you feed him for a lifetime.

စကားပုံရဲ့ဆိုလိုရင်းက

“လူတစ်ဦးကို တနေ့ငါးတစ်ကောင်ပေးတာဟာ သူ့ကို တနေ့စာ သင်ကျွေးမွေးလိုက်တာပါ။ သူ့ကို ဘယ်လိုငါးမျှားရမယ်လို့ သင်ပေးလိုက်တာဟာ သင်ကသူ့ကို တသက်စာ ကျွေးမွေးလိုက်ခြင်းပါပဲ။”

ဒါဟာ တနေ့စာ စားသောက်ဖို့ လှူဒါန်းကျွေးမွေးလိုက်တာထက် တသက်စာအတွက် သူ့တို့ကို အတတ်ပညာတစ်ခုခု သင်ကြားပို့ချပေးလိုက်ပါလို့ တိုက်တွန်းထားတာပါ။

၁၉၉၆ ခုနှစ်လောက်က ကျွန်မရင်ထဲစွဲအောင် ဖတ်မှတ်သားဖူးတဲ့ စကားပုံလေးတစ်ခုမှာတော့ မိဘ ၊ သားသမီး အသိပညာပေးထားတဲ့ စကားပုံလေးပါ။ မူရင်းအင်္ဂလိပ်လို ရေးသားထားတာကို အချိန်ကြာလာလို့ မမှတ်မိတော့ပေမယ့် ဆိုလိုရင်းကတော့

“သားသမီးကို ငါးကင်ကျွေးလိုက်တာက တနပ်စာပဲဖြစ်တယ်။ ငါးမျှားသင်ပေးလိုက်မယ်ဆိုရင် တသက်စာဖြစ်တယ်” တဲ့။

ဒီစကားပုံလေးကို ပိုပြီးနက်နက်ရှိုင်းရှိုင်း တွေးကြည့်ရင် မိဘတွေအတွက် ၊ သားသမီးတွေအတွက် တသက်စာ အထောက်အကူပြုပါတယ်။

မိဘတွေဟာ သားသမီးတွေကို သူ့အကြိုက် ငါးကင်ကျွေးလိုက်တာဟာ တနပ်စာပဲဖြစ်တယ်။ ငါးမျှားတဲ့အတတ် သင်ပေးလိုက်မယ်ဆိုရင် ဖမ်းလို့ရရှိလာတဲ့ငါးကို ကင်စားမလား ၊ ပေါင်းစားမလား ၊ ချက်စားမလား ၊ ကြော်စားမလား သူ့အကြိုက် သူနေ့စဉ်ပြောင်းစားလို့ရတယ်။

ဒါဟာ မိဘနဲ့ သားသမီးမှမဟုတ်ဘူး။ အစိုးရအဖွဲ့ဝင်တွေ ၊ ပုဂ္ဂလိကအဖွဲ့အစည်းတွေ ၊ တသီးပုဂ္ဂလကုသိုလ်ပြုတွေအတွက်လည်းဖြစ်တယ်။ တကယ်တိုးတက်စေချင်ရင် သူတို့တွေရဲ့ အသက်မွေးဝမ်းကျောင်းမှု ၊ အတတ်ပညာတွေ ၊ အသိပညာတွေ တိုးတက်ဖို့ လမ်းကြောင်းဖွင့် မြှင့်တင်ပေးရမှာဖြစ်တယ်။

ငါးမြှားသင်ပေးခိုင်းရမလား ။ သူ့အသက်သတ်တဲ့အလုပ်လို့ အတွေးမခေါင်နဲ့ဦးနော်။ စကားပုံဟာ ခိုင်းနှိုင်းခြင်းဖြစ်တယ်။ ကိုယ့်သားသမီးကို ကိုယ်က သူ့တသက်တာ အရာရာလိုက်လုပ်မပေးနိုင်ဘူးလေ။ သူ့လက်သူ့ခြေ သူ့စိတ်ကြိုက် လုပ်ကိုင်နိုင်အောင် သင်ပေးရမှာဖြစ်တယ်။ သူ့တသက်တာ ကိုယ်လုပ်ကိုင် မကျွေးမွေးနိုင်ဘူးလေ။ ကိုယ်မျက်ကွယ်ပြုသွားရင် သူ့ခြေထောက်ပေါ် သူရပ်တည်သွားနိုင်တဲ့ အတတ်ပညာမျိုး သင်ပေးဖို့လိုတယ်။

တသက်တာ လူလေးစား ရမယ့် အသိပညာမျိုး ၊ အကျင့်စရိုက်မျိုး သင်ပေးဖို့လိုတယ်လို့ ဆိုလိုတယ်။ သူ့တသက်လုံး ကိုယ်က လိုက်မသွန်သင် ၊ မဆုံးမ ၊ မပြသနိုင်တဲ့အတွက် သူ့ခေါင်းထဲစွဲသွားအောင် လေ့ကျင့်သင်ကြားပေးဖို့လိုတယ်။ တကယ်ဆို ကိုယ်တိုင်ကစပြီး စံနမူနာအဖြစ် လေ့ကျင့်သင်ပြပေးဖို့လိုတယ်။ ဒါဟာ မိဘမှမဟုတ်ဘူး။ ဆရာသမားတွေလည်း ဒီအတိုင်းပဲ တပည့်တွေကို ကိုယ်တိုင် စံနမူနာအဖြစ်လုပ်ပြပြီး လေ့ကျင့်သင်ကြားပြသရမှာဖြစ်တယ်။

နိဂုံးချုပ်အနေနဲ့ ကျွန်မတို့လိုချင်တဲ့အနာဂါတ်ကို ကျွန်မတို့က စတင်ပုံဖော်ရမှာဖြစ်ပါတယ်။ သရော်နေရုံ ၊ ချွတ်ချော်တာကို လက်ညှိုးထိုး ဟာသလုပ်နေရုံနဲ့ မပြီးသွားဘူး။ ကိုယ်တိုင် နိုင်ရာ ၊ ဆိုင်ရာကနေ စတင်ပြောင်းလဲကျင့်သုံးရမှာဖြစ်တယ်။ အကျင့်တွေကို အရင်ပြင်မှ စနစ်ဆိုတာ ပိုအသက်ဝင်လာမယ်။ တကယ်ဆို အကျင့်ကော ၊ စနစ်ကော တပြိုင်နက်ပြင်နိုင်ရင် တိုးတက်မှုက ပိုထိရောက်မှာဖြစ်တယ်။ စနစ်တွေပြင်ပြီး အကျင့်တွေ မပြင်ရင်လည်း ခရီးမရောက်နိုင်ပါဘူး။ ဒီတော့ စနစ်ပြင်ချင်တဲ့သူတွေအားလုံးက အကျင့်တွေကို အရင်ပြင်ပါလို့ …..

ပုံရိပ် (Burmesehearts.com)

You might also like