မျက်ရည်မိုးမစဲတဲ့နေ့

0

ဗိုလ်ချုပ်ဈေးမျက်နှာစာ အပေါ်ထပ်သို့ လှေကားမှ ကွေ့တက်လိုက်တုန်း မျက်နှာချင်းဆိုင်မြင်လိုက်ရသည့် တစ်ယောက်ကိုတွေ့တော့ လှမ်းနေစခြေလှမ်းများ အလိုလိုရပ်တန့်သွားခဲ့သည်။ လွယ်ထားတဲ့ Gucci လည်သာပိုက်ဆံအိတ်အမဲရောင်ကို အမှတ်တမဲ့ လက်နှစ်ဖက်ဖြင့် ဆုပ်ထားမိသည်။

တရွေ့ရွေ့နီးကပ်လာသည့် သူ့ခြေလှမ်းများကို ဝေ့ဝဲလာတဲ့ မျက်ရည်စ ပါးပါးတွေကြားက အားစိုက်ကြည့်မိရင်း မျက်ရည်မကျစေရလို့ ကိုယ့်ဘာသာကိုယ် အမိန့်ပေးမိသည်။

အခုမှ ကျွန်မကို သတိထားမိသလို လှမ်းပြုံးပြလာတဲ့ သူ့အပြုံးကိုမြင်တော့ ကျွန်မကိုယ်တိုင်တောင် ပြန်ပြုံးမိလား၊ စပြုံးပြမိလား မဝေခွဲနိုင်တော့။ သေချာတာကတော့ ကျွန်မတကိုယ်လုံး စိတ်လှုပ်ရှားစွာ ထူပူနေခဲ့သည်။
“ဈေးလာတာလား”
“အင်း”
မေးလာခဲ့သည့် သူ့စကားကို တိုတိုတုတ်တုတ်ပြန်ဖြေရင်း ဒီအတိုင်းရပ်နေဖြစ်သည်။
“အချိန်ရသလား။ တစ်ခုခုသွားစားရအောင်လေ။”
“ရပါတယ်။”
သူဦးဆောင်ခေါ်သွားသည့်နောက် ဘေးကတိတ်ဆိတ်စွာလိုက်ရင်း အိမ်မက်ထဲမှာ လမ်းလျှောက်နေမိသူလို အာရုံတွေဝေဝါးနေသည်။
တွဲခဲ့တဲ့ နှစ်နှစ်အတွင်း ဗိုလ်ချုပ်ဈေးအတူတူ ဈေးလျှောက်ဝယ်ရအောင်လို့ ဘယ်လိုပူဆာပူဆာ အမျိုးတွေရှိတယ်ဆိုပြီး လိုက်မပို့ပေးခဲ့သူနဲ့ ဝေးကွာပြီး (၇)နှစ်လောက်အကြာမှာ အခုလို မျက်နှာချင်းဆိုင်တွေ့ရလိုက်ရဖို့ ကျွန်မဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပါဘူး။
လမ်းလျှောက်ရင်း မိုးဖွားဖွားကျနေတာမြင်တော့မှ ဘယ်တုန်းကမှ ထီးမယူခဲ့တဲ့ကျွန်မကိုယ်ကျွန်မ စိတ်ပျက်မိသည်။ သူကတော့ အရင် သူ့အကျင့်အတိုင်း ကားထဲအမြဲ ဆောင်ထားတတ်တဲ့ (ဒါပေမယ့် အရင်တုန်းက ထီးဒီဇိုင်းမဟုတ်တော့တဲ့) ထီးခေါက်ကြီးက သူ့လက်ထဲမှာ ကိုင်လို့ရယ်။
မိုးထဲကိုမဖြတ်ခင် သူမိုးပေးတဲ့ ထီးအောက်ကိုဝင်တော့ ထီးဆောင်းထားပေးသည့် သူ့ဘယ်လက်မောင်းကို ယောင်ယမ်းမတွဲမိဖို့ သတိထားရင်း ပိုက်ဆံအိတ်ကို လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ကလေး ပိုက်ထားလိုက်သည်။
ဆိုင်သန့်သန့်လေးတစ်ခုထဲသို့ဝင်တော့ နေ့လည်၃နာရီပတ်ဝန်းကျင်မို့လားမသိ။ လူသူရှင်းလင်းနေကာ တစ်ယောက်စ၊ နှစ်ယောက်စ ထိုင်နေတာသာတွေ့သည်။ ဆိုဖာခုံတွင် မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်ပေမယ့် စားပွဲထိုးလာသည်အထိ နှစ်ယောက်စလုံးစကားမဆိုဖြစ်ကြ။
“ဘာစားမလဲ မှာလေ”
“ဆီချက်ခေါက်ဆွဲ ကြက်သားနဲ့ပေးပါ။”
အခုမှ သူ့ကိုအနီးကပ် သတိထားကြည့်မိသည်။
(၇)နှစ်တိုင်တိုင် လုံးဝမတွေ့ဖြစ်ကြလို့ ရုပ်ရည်အနည်းငယ်ပြောင်းသွားတာ၊ ဆံပင်ပုံစံပြောင်းသွားတာ သတိထားမိပေမယ့် ခပ်စင်းစင်းနှာတံ၊ မျက်ခုံးထူထူနဲ့ နှုတ်ခမ်းရဲရဲပါးပါးလေးများက အရင်တုန်းကအတိုင်း ကျွန်မစိတ် ကဏှာမငြိမ်ဖြစ်အောင် ဖမ်းစားထားနေဆဲ။ အကြည့်တို့ကို စားပွဲပေါ် ရွှေ့ပြောင်း ခေါင်းငုံ့ချထားလိုက်သည်။
“သတင်းများမှားနေမလားမသိဘူး။ အိမ်ထောင်ကျသွားပြီလို့တော့ ကြားလိုက်တယ်။”
သူ့ဆီက မကြားချင်ဆုံး စကားနဲ့ ကျွန်မရဲ့ အမှန်ကန်ဆုံး လက်ရှိအခြေအနေမို့ ရှောင်လွှဲလို့မရဆုံးမေးခွန်းပါပဲ။ မဖြေချင်လဲ မရတော့တဲ့အခြေအနေမို့ အသံမတုန်အောင် ကြိုးစားရင်း
“ဟုတ်တယ်။ (၅)နှစ်တောင်ရှိသွားပြီ။”
ရည်းစားဟောင်းရှေ့မှာ အိမ်ထောင်ကျသွားပြီလို့ ဘယ်လိုမျက်နှာမျိုးနဲ့ ကျွန်မပြောထွက်ခဲ့သလဲ ကျွန်မကိုယ်ကျွန်မ မသိတော့။ အထူးသဖြင့် ဒီရည်းစားဟောင်းဟာ ကျွန်မ မေ့မရသေးတဲ့၊ ရင်ထဲမှာရှိနေဆဲဖြစ်တဲ့ ရည်းစားဟောင်းဆိုတာ ကျွန်မကလွဲရင် ဘယ်သူမှမသိသည့် အမှန်တရားလည်းဖြစ်သည်။

လ္ဘက်ရည်ခွက်ကို ကိုင်ပြီးမှုတ်သောက်နေတဲ့ သူ့လက်ချောင်းလေးတွေကို ဘာရယ်မဟုတ် မျက်စိရောက်သွားမိတော့ ဒီလက်ချောင်းလေးတွေကို ချစ်မြတ်နိုးလွန်းစွာ ကျွန်မနှုတ်ခမ်းနဲ့ ဖိဆုပ်နမ်းကပ်ထားခဲ့ဖူးတဲ့ အချိန်တွေကို သတိရမိသည်။

သူနှင့် အကြည့်ဆုံတော့ သူက ခပ်ဖွဖွပြုံးပြသည်။ ယောင်ယမ်း၍ ရှက်ကိုးရှက်ကန်းနဲ့  ပိုက်ဆံအိတ်ထဲက တစ်ရှးအိတ်ကို ဆွဲထုတ်ကာ တစ်ရှူးနှစ်ခုထုတ်ပြီး သူ့ကိုတစ်ခုကမ်းပေးလိုက်သည်။
သူ့မျက်နှာပျက်ယွင်းသွားတာမြင်မှ ငါဘာအမှားလုပ်လိုက်မိပါလိမ့်ဟု ကမန်းကတန်းစဉ်းစားလိုက်တော့ သူ အကြည့်ရောက်နေတဲ့ လည်သာတစ်ရှူးအိတ် အကြည်ရောင် အတွင်းသားက ဓါတ်ပုံ။
သေစမ်းလို့ ကိုယ့်ကိုယ်ကို အသံတိတ်ကျိန်ဆဲလိုက်မိသည်။
“အဲဒါ သွယ့်အမျိုးသားလား။”
“အင်း… ဆောရီးနော်။ သွယ်မရည်ရွယ်ပါဘူး။”
“ရပါတယ်။ သူက လူချောပဲ။ ငယ်လဲငယ်သေးတယ်နော်။”
“သွယ့်ထက် ၄နှစ်ငယ်တယ်။”
သူက သွယ့်ထက်(၆)နှစ်ကြီးတော့ သူနဲ့ဆို(၁၀)နှစ်ကွာမယ့် ကျွန်မအမျိုးသားရဲ့ နုပျိုမှုမျိုးတော့ သူ့မှာ ဘယ်ရှိနေနိုင်ပါ့မလဲ။ တကယ်ဆို ကျွန်မလက်ရှိ ခင်ပွန်း(ကျွန်မက မောင်လို့ခေါ်တဲ့သူ)နဲ့ ကျွန်မတို့ အိမ်ထောင်ရေးက စံပြအိမ်ထောင်ရေးလို့တောင် အများက ဆိုကြသေးသည်။
ကျွန်မကို မိန်းမဝတ္တရားအလွန်ကျေတဲ့သူအဖြစ် မောင်က အသိုင်းအဝန်းအလယ် အမြဲဂုဏ်ယူနေတတ်သည်။
ကျွန်မကတော့ ကိုယ့်စိတ်ကိုယ်ပဲသိတာမို့ မောင့်အပေါ် အပြစ်ရှိနေသလို အချိန်တိုင်းခံစားနေရသည်။ သူ့ကိုမမေ့နိုင်သရွေ့ မောင့်အပေါ်ကျွန်မ မရိုးသားပါဘူး။
တိတ်ဆိတ်သွားတဲ့ စကားဝိုင်းကို အာရုံပြောင်းတဲ့အနေနဲ့
“မိုးကလဲ သည်းလိုက်တာနော်” ဟု ညည်းဖြစ်သည်။
“ဘာလဲ ထီးမပါလို့လား။ အခုထိ ထီးမဆောင်တတ်သေးဘူးလား။”
“ဟုတ်တယ်။ ပျင်းတုန်းပဲ။”
နှစ်ယောက်သား ခပ်ဖော့ဖော့ရယ်မောဖြစ်ကာ မွနေအောင်မွှေထားတဲ့ ဆီချက်ခေါက်ဆွဲကို တစ်လုတ်စားလိုက်သည်။
“ဒီမှာ ပြန်တွေ့လိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ဘူး။ မတွေ့တာ နှစ်တွေတောင်အတော်ကြာပြီနော်။”
“လွန်ခဲ့တဲ့(၆)နှစ် လောက်ကတည်းက မန္တလေးရောက်နေတာ။ အခုမှ အဖေ့ကျန်းမာရေးအခြေအနေကြောင့် ရန်ကုန်ဆေးလာကုတာ။”
လက်မထပ်နိုင်ဘူးလို့ ငြင်းခဲ့တဲ့ သူနဲ့ ပြတ်စဲခဲ့ပြီးနောက် အသည်းကွဲတဲ့ဒဏ်မခံစားနိုင်လို့ အဲဒီတုန်းက အလုပ်ဝင်နေခဲ့တဲ့ ကုမ္ပဏီကို Request လုပ်ပြီး မန္တလေးက ကုမ္ပဏီခွဲမှာ တမင်သွား အလုပ်လုပ်ခဲ့တာတွေ သူ့ကိုပြန်ပြောမပြချင်တော့။ အဲဒီမှာပဲ မောင်နဲ့ ဖူးစာဆုံခဲ့တာပေါ့။ သူ့ကိုတမင်ရွဲ့ပြီး လက်ထပ်ခဲ့တယ်ဆို ပိုမှန်နေမလားပဲ။
“ဒါနဲ့ ယူထားတာ(၅)နှစ်ရှိပြီဆိုတော့ ကလေးတွေကော ရပြီလား။”
ဝါးနေတဲ့ ဆီချက်ခေါက်ဆွဲဟာ မမြိုရသေးဘဲ ရင်ဝတွင်တစ်လာကာ ဟန်လွှဲဖို့ ရေနွေးခွက်ထဲ ရေနွေးကောက်ထည့်လိုက်ရင်း ဘာဖြေရမလဲ အပြေးအလွှားစဉ်းစားမိသည်။
“မယူရသေးတာ။”
“သြော်..”
“ဒါနဲ့.. ကို မြင့်မိုရ်ကော အိမ်ထောင်မကျသေးဘူးလား။”
သူ့ဆီက နောက်ထပ်မေးခွန်းတွေ မကြားချင်တော့တာမို့ အသိချင်ဆုံးစကားလုံးကို သမန်ကာလျှံကာမေးခွန်းအနေနဲ့ လှမ်းမေးလိုက်ရင်း ငှဲ့ထားသည့် ရေနွေးခွက်ကို ကောက်ကိုင်လိုက်သည်။
“လက်ရှိရည်းစားနဲ့တွဲနေတုန်းပဲ။ သူက သိပ်သဝန်တိုတာ။ သူ့ပဲကြောက်နေရတော့ ဘယ်တော့များမှ သူက လက်ထပ်ဖို့လက်ခံမလဲ မသိသေးပါဘူး။”
ကြားရတဲ့စကားကြောင့် ကိုင်ထားတဲ့ရေနွေးခွက်ကို အယောင်ယောင်အမှားမှား သောက်မိမှ အာကျက်အောင်ပူနေမှန်း သိသည်။ ပူနေတာကို ထွေးထုတ်လိုက်ချင်ပေမယ့် ကျွန်မ သိပ်စိတ်လှုပ်ရှားသွားမှန်း သူမသိစေလို။ ဒါ့ကြောင့်ပဲ အပူခံပြီးတော့ ရေနွေးလုတ်ကို ဟန်မပျက် မြိုချလိုက်သည်။ မျက်နှာမပျက်စေရ။
အဲဒီမိန်းကလေးကိုသူချစ်သလားလို့ ကျွန်မဘယ်တော့မှ မေးမှာမဟုတ်။ ကျွန်မရဲ့ကျရှုံးမှုကို ကျွန်မနားနဲ့ဆက်ဆက်မကြားရဲ။ ကျွန်မခင်ပွန်းကို ကျွန်မချစ်သလားလို့ သူမေးလာခဲ့ရင် အင်းလို့ ညာပြောရမလား။ သူ့ကိုချစ်နေတုန်းပဲလို့ အမှန်အတိုင်း ပြောလိုက်လို့တော့ လုံးဝမဖြစ်နိုင်။ ကျွန်မအရှုံးကျွန်မ မကြေငြာရဲ။
အချစ်ဦးနဲ့ အချစ်ဆုံးပါလို့ သူပြောခဲ့တဲ့ ကျွန်မကို လက်ထပ်ဖို့ တွန့်ဆုတ်ခဲ့သော၊ လက်ထပ်ဖို့ အကြိမ်ကြိမ်တောင်းဆိုဖူးတဲ့ ကျွန်မကို လက်ထပ်ဖို့ ငြင်းခဲ့သောသူ ဘာကြောင့် အခုချိန်ထိ လက်မထပ်သေးတာလဲ သူကိုယ်တိုင်ပဲသိမည်။
“ကျွန်မတောင် သိပ်မကြာခင်ကလေးယူတော့မလားလို့။”
မထင်မှတ်တဲ့အချိန် မျက်နှာကို အက်ဆစ်နဲ့ဖျန်းပက်လိုက်သလို သူ့မျက်နှာနီရဲပြီးလာသည်။ သူ့အပေါ်အခုထိချစ်နေဆဲ မိန်းမတစ်ယောက်ရှေ့မှာ တခြားမိန်းမတစ်ယောက်ကို ကြောက်နေရကြောင်း ပြောရက်ခဲ့တော့ ကျွန်မရဲ့ နာကျင်မှုကို သူတဆိတ်လောက် ကိုယ်ချင်းစာနာအောင် ဒီစကား ကျွန်မရွေးပြောလိုက်မိသည်။
“(၅)နှစ်အတွင်းမှာတောင် မယူခဲ့ဘဲ အခုမှဘာစိတ်ကူးပေါက်လာတာလဲ။”
“ယူထားတာလဲကြာပြီ။ မိဘအသိုင်းအဝန်းတွေကလဲ မြေးချီချင်လှပြီလေ။ ဒါပေမယ့် ဘယ်တော့ရယ်လို့တော့ မဆုံးဖြတ်ရသေးပါဘူး။”
နှစ်ဦးသားစကားဝိုင်းက တိတ်ဆိတ်သွားသလို မစား၊ မသောက်နှင့် အတွေးကိုယ်စီဖြင့် ပြတင်းပေါက်က မိုးစက်တွေကို ကြည့်နေဖြစ်သည်။
“ကိုယ် သွယ့်အပေါ် မှားခဲ့တာတွေရှိရင် ခွင့်လွှတ်ပေးပါ။ နောက်ကျသွားပေမယ့် ကိုယ်”တကယ်ကို ဒီလိုမျိုးတောင်းပန်ချင်နေခဲ့တာ ကြာပါပြီ။”
သူ့အသံက ဟိုး ရင်တွင်းနက်နက်က လာသလို တိုးဖွတုန်ရင်နေသည်။ ရုတ်တရက် သူပြောလာတဲ့စကားကြောင့် အံ့သြတကြီး ရင်ထဲလှိုက်ခနဲ ဖြစ်လာတဲ့ ခံစားမှုတွေက မျက်ဝန်းမှာ ချက်ချင်းမျက်ရည်တွေအဖြစ် ပြောင်းလဲလာတာမို့ သူမမြင်အောင် စားပွဲခုံပေါ်ကရေနွေးခွက်ကို အကြည့်လွှဲလိုက်ရင်း စိတ်တည်ငြိမ်အောင် ကြိုးစားပေမယ့် မျက်ရည်ပေါက်များက တံတိုင်းပြိုသလို အရှိန်အဟုန်ဖြင့် လိမ့်ဆင်းကျလာသည်။
“ကိုယ့်စကားက သွယ့်ကို ဝမ်းနည်းစေရင် ဆောရီးပဲ။ ကိုယ်မှားမှန်းသိလိုက်တဲ့အချိန်က သိပ်နောက်ကျသွားခဲ့တယ်။ ဒါပေမယ့်လဲ သွယ့်ကိုဆုံရင် တောင်းပန်ဖို့ ကိုယ်ဆုံးဖြတ်ထားခဲ့တာပါ။”
“ရပါတယ်။”
ဒီစကားပြောထွက်ဖို့ ကျွန်မအတော်အားယူရသည်။ နှုတ်ဖျားက စကားတစ်ခွန်းထွက်ဖို့တောင် အင်အားက ချိနဲ့နေခဲ့ပြီ။ ဆိုင်ထဲရှိသူတွေ ရိပ်မိအထင်မလွဲရအောင် တင်ပါးကျော်ကျော် စင်းကျနေသော ဆံပင်များလွှဲသိမ်းယူကာ မျက်နှာတခြမ်း ကွယ်ချထားလိုက်သည်။ အခုဆို ကျွန်မမျက်ရည်ကျတာ သူနဲ့ကျွန်မပဲ သိနိုင်ပေမည်။
“သွယ် ကိုယ့်ကို တစ်ခုခုပြောပါဦး။ နစ်နစ်နာနာပြောချင်ရင်လဲ ပြောလိုက်ပါ။ ကိုယ်နားလည်ပါတယ်။”
“ဟင့်အင်း။”
ကျွန်မ စိတ်ထဲမှာ သူ့ကို နစ်နစ်နာနာ ပြောပစ်လိုက်ချင်တဲ့စိတ် တရံတခါမှတောင် မရှိခဲ့ဖူးပါဘူး။ လုပ်ရက်ခဲ့လေခြင်း၊ ထားရက်ခဲ့လေခြင်း၊ နောက်ကောင်မလေးတွေနဲ့ ပျော်နေရက်လေခြင်းလို့ မချိတင်ကဲ ဝမ်းနည်းစိတ်ပဲ ရှိနေခဲ့တာပါ။
သူကတောင်းပန်တယ်။ ကျွန်မက ခွင့်လွှတ်တယ်။ ဒါပြီးရင် ဘာဆက်ပြောကြမှာလဲ။
တခါတလေ ပြောစရာတွေများလွန်းတဲ့အခါ ပြောစရာ ဘာမှမရှိသလို ဆိတ်ငြိမ်နေတတ်ပါတယ်။
ကျွန်မရင်ထဲမှာ သူ့ကိုပြောပြချင်တာတွေ နှစ်တွေနဲ့ချီနေတာမို့ အများကြီးရှိနေပေမယ့် အခုလို မျက်နှာချင်းဆိုင်ဆုံတဲ့ အချိန်၊ ရှားပါးလွန်းတဲ့ အခွင့်အရေးရနေတုန်းမှာတော့ ဘာမှပြောစရာမရှိသလို ပြောဖို့ခွန်အားလဲ မရှိတော့ပါဘူး။
ပစ္စည်းတစ်ခုခုလွတ်ကျတိုင်း “ကို” လို့ ယောင်ယောင် ခေါ်တတ်တာက စပြောရမလား။
အိမ်မက်ထဲမှာတောင် သူခွဲသွားလို့ ငိုပြီးနိုးရတဲ့ ညတွေကို ပြောရမလား။
ပျော်ရွှင်နေတဲ့ အိမ်ထောင်ရေးကို ရနေရက် အသက်မရှိတဲ့နေ့ရက်တွေထဲ ရှင်သန်နေရသူလို ခံစားနေရတယ်ဆိုတာ ပြောရမလား။
ဘာကို ဘယ်က စပြောရမှန်းမသိသလို မပြောသင့်တော့တဲ့ အခြေအနေတွေဆိုတာ သိနေခဲ့တော့ ကျွန်မနှုတ်ခမ်းတွေ စေ့စေ့ပိတ်ထားမိနေတယ်။
“ကိုယ့်ကို သွယ် ခွင့်မလွှတ်နိုင်လဲ ရပါတယ်။”
“သွယ် ဗွေမယူခဲ့ပါဘူး။”
ကျွန်မတို့နှစ်ယောက် ဆိုင်မှာထိုင်တာအတော်ကြာနေပြီဖြစ်ပေမယ့် စကားမပြောဖြစ်ပဲ ထိုင်နေမိတဲ့အချိန်က ပိုများမည်ထင်သည်။
အပြင်မှာ မိုးတွေစဲရုံမက ညနေခင်း အသက်ဝင်လာက ဆိုင်ထဲသို့ လူတွေပင်ကျစပြုလာပြီး ဆူညံအသက်ဝင်လာသည်။
“သွယ် ဘယ်ပြန်မလဲ။ ကိုယ် သွယ့်ကို လိုက်ပို့ပေးရမလား။ ဆိုင်မှာ လူတွေတောင် အတော်ကျလာပြီ။”
“သွယ့်ကိုလာကြိုလိမ့်မယ်။ လှမ်းဖုန်းဆက်ဖို့ပြောထားတယ်။”
ဘယ်သူဆိုတာ ထည့်မပြောပေမယ့် ကျွန်မ ခင်ပွန်းမှန်း သူသိမှာပင်။ အဖြေက ဒါပဲလား။
ချစ်သူရည်းစားဖြစ်နေစဉ် အချိန်တုန်းကတောင် သူကလက်ထပ်ဖို့ငြင်းခဲ့တဲ့ အိမ်ထောင်လက်ရှိ မိန်းမတစ်ယောက်ကို အခုအချိန်မှာ တောင်းပန်တာထက် ပိုတဲ့စကား ပြောမထွက်မှာလည်း သေချာနေသည်။
ဖူးငုံပွင့်စမှာတောင် ကြိုက်သလို မကြိုက်သလိုနဲ့ စွန့်ပစ်ရက်ခဲ့ရင် ညှိုးကြွေနေတဲ့ ပန်းတစ်ပွင့်ကို သူလိုလူက တပါးသူလက်က ပြန်လုယူသိမ်းထားလိမ့်မယ်လို့ စိတ်ကူးသာ ယဉ်နေရင် ကျွန်မဟာ သွက်သွက်ခါအောင် ရူးသွပ်နေသူပါပဲ။
နှစ်များစွာ ကျွံဝင်သွားခဲ့တဲ့ အိမ်ထောင်ရေး ခြေလှမ်းတွေကို ဘာသိဘာသာ နှုတ်ထွက်ပြီး အရင် ရင်ခွင်ပြန်ဝင်ဖို့ ကျွန်မကကော စိတ်သန့်ပါ့မလား။ သေချာတာကတော့ ကျွန်မလိပ်ပြာမလုံနိုင်ပါ။
“လာကြိုမယ်ဆိုရင်တော့ ကိုယ် လိုက်မပို့တော့ပါဘူး။ ဘယ်မှာစောင့်မလဲ။”
“ဒီမှာပဲ စောင့်လိုက်မယ်။ သူ့ ဒီပဲ လာခိုင်းလိုက်မယ်။”
“ဟုတ်ပြီလေ။ ဒါဆို ကိုယ်သွားနှင့်တော့မယ်။ ကိုယ်ငွေရှင်းထားခဲ့မယ်နော်။”
“ကျေးဇူး။”
ထပ်ဆုံကြမယ်လို့ မပြောခဲ့ကြသလို ထပ်ဆုံချင်တဲ့စိတ်ရှိလားလို့တောင် ကျွန်မတို့နှစ်ဦးလုံး စိတ်ထဲမှာ မရေရာလှပါ။ ကံမကုန်ခဲ့ရင်ပေါ့လေ။
တကယ်ဆို မောင်က မန္တလေးမှာ အလုပ်ကိစ္စတွေနဲ့ ကျန်ခဲ့တယ်ဆိုတာ ကျွန်မ မပြောရင် သူမသိနိုင်ပါ။
သူနဲ့အတူ တွဲမထွက်သွားချင်တာရယ်၊ ကိုယ်ကကျောခိုင်းမထွက်သွားချင်သလို၊ သူ့နောက်ကျော ငေးကျန်ရစ်ရမယ့် အဖြစ်မျိုးကိုလဲ ကျွန်မ မလိုချင်ပါ။
ကျွန်မက ဆိုင်ဝကိုနောက်ကျောပေး ထိုင်ထားတာမို့ မျက်စောင်းထိုးမှာ ပိုက်ဆံသွားရှင်းနေတဲ့သူကို မျက်လုံးထောင့်က မြင်နေရပေမယ့် ပြတင်းပေါက်ကို အကြည့်လွှဲကာ အေးနေတဲ့ ရေနွေးခွက်ကို ကောက်၍ မှုတ်သောက်နေမိသည်။
သံသရာတကွေ့မှာ ခဏတာကြုံတွေခဲ့ရပေမယ့် တဘဝစာ မေ့ပျောက်လို့မရမယ့် အဖြစ်အပျက်တွေ ထင်ကျန်နေရစ်တတ်တာ ယုံနိုင်ကြမလား။ သေချာတာတစ်ခုကတော့ ဒီနေ့ဟာ မျက်ရည်မိုး မစဲမယ့်နေ့ပါပဲ။
ဥသြမေ (Burmesehearts.com)
You might also like