ဇနီးများက တန်ဖိုးထားမြတ်နိုးသည့် ခင်ပွန်းကောင်းများ

0

ကျွန်မတို့ အိမ်ထောင်သည်ဇနီးသည်တွေက ကိုယ့်ခင်ပွန်းဆီက အလိုလားဆုံးအရာဟာ မပြောင်းလဲတဲ့ မေတ္တာတရားပဲဖြစ်ပါတယ်။ အဲဒါဟာ ကျွန်မတို့အတွက် အလိုချင်ဆုံးသော ဆန္ဒဖြစ်ပါတယ်။ ဒီချစ်ခြင်းမေတ္တာနဲ့ ကိုယ့်ချစ်သူခင်ပွန်းဟာ သေတပန်သက်တဆုံး ကိုယ့်ကိုကြင်နာစွာ ပေါင်းသင်းသွားမယ် ၊ ဒီအိမ်ထောင်က လိုအပ်ချက်တွေကို တာဝန်သိသိနဲ့ ဖြည့်ဆည်းပေးသွားမယ် ၊ ကိုယ့်ကို ပထမဦးစားပေးအနေနဲ့ တသက်တာ ချစ်မြတ်နိုးသွားလိမ့်မယ်လို့ မိန်းမသားတွေက ယုံကြည်နေခဲ့တာပါ။

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အချစ်ကို ကိုးကွယ်တတ်ကြတယ်။ အမှန်ဆို ဒါဟာ ကျွန်မတို့ မိန်းမသားတွေရဲ့ အားနည်းချက်ပါ။ ဒီလိုအချစ်ကို ကိုးကွယ်ကြလို့ပဲ သူတသက်လုံး ကိုယ့်အပေါ် မပြောင်းမလဲ ကြင်နာသွားမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဘယ်အခြေအနေမှာမဆို ချစ်သူကို အလိုလိုက် အကြိုက်ဆောင်ဖို့ အမြဲဦးစားပေး တွေးလေ့ရှိပါတယ်။

ချစ်ခြင်းမေတ္တာက ကျွန်မတို့ မိန်းမသားတွေရဲ့ ခံစားချက်တွေနဲ့ ခံယူချက်တွေကို ပြောင်းလဲခဲ့သလို ကျွန်မတို့ချစ်တဲ့ ချစ်သူ ၊ အိမ်ထောင်ဘက်ကလည်း အချစ်ရဲ့ဦးဆောင်မှုနဲ့ ကျွန်မတို့အပေါ် တသက်လုံး နူးညံ့ကြင်နာစွာ ဆက်ဆံသွားလိမ့်မယ်လို့ အိမ်ထောင်ရေးဗဟုသုတမရှိသေးတဲ့ မိန်းကလေးတွေက ယုံကြည်ကြပါတယ်။

ဒီယုံကြည်ချက်ကြောင့် ကိုယ့်ချစ်သူနဲ့ တမိုးအောက်မှာ လက်ထပ်ပြီး အတူနေရရင်ပြီးရောဆိုတဲ့ နှလုံးသားရဲ့ဦးဆောင်မှုနောက်လိုက်ပြီး အိမ်ထောင်ပြုခဲ့ကြတာပါ။ အိမ်ထောင်ပြုပြီးတဲ့နောက်မှာ အိမ်ထောင်သက်ကြာလာလေ ပြောင်းလဲသွားတဲ့ ခင်ပွန်းရဲ့အပြုအမူတွေ ၊ အပြောအဆိုတွေဟာ အိမ်ထောင်မကျခင်တုန်းကလို နူးညံ့မှုမျိုး မရှိတော့ဘူး။ သာယာမှုတွေ မပေးနိုင်တော့ဘူးဆိုတာ ခံစားလာရပြီးတဲ့နောက် ထပ်တိုးလာတဲ့ အိမ်ရှင်မတာဝန်တွေ ၊ မိခင်တာဝန်တွေနဲ့ ပိသွားခဲ့တဲ့ အိမ်ထောင်ရှင်မတစ်ယောက်ဟာ မသာယာတဲ့ဒီအိမ်ထောင် ထူထောင်မိတဲ့ သူမကိုယ်သူမ နောင်တရသွားပါတယ်။

နောင်တရနေတဲ့ ဒီအိမ်ရှင်မတွေဟာ ဒီအိမ်ထောင်ထူထောင်ပြီးရင် ချစ်ရတဲ့ဒီခင်ပွန်းနဲ့ တိုးပွားလာမယ့် ကိုယ့်သားသမီးတွေကိုပိုက်ပြီး ပျော်ဖို့ကိုပဲ ဦးစားပေးတွေးခဲ့ကြလို့ပါ။ သူတို့က ချစ်ရတဲ့ ဒီခင်ပွန်းနဲ့နေရင် တသက်လုံး ပျော်ရွှင်ရလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ခဲ့ကြတယ်။ မယူခင်တုန်းက ကိုယ့်ကိုအမြဲလို အလိုလိုက် ၊ အကြိုက်ဆောင်ပြီး အမြဲလို အနွံတာခံ ခွင့်လွှတ်ပေးတတ်တဲ့ ခင်ပွန်းရဲ့ချစ်မေတ္တာကို တသက်လုံး ခံစားသွားရလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ခဲ့ကြတယ်။ နောက်ဆုံးမှာ သူတို့ချစ်တဲ့ သူတို့ခင်ပွန်းက သူတို့အပေါ်ကို တသက်တာလုံး မပြောင်းလဲတဲ့ ချစ်ခြင်းမေတ္တာတွေ ပေးမယ်လို့ ယုံကြည်မျှော်လင့်ခဲ့ကြတယ်။

ချစ်သူရဲ့ အမြဲအလိုလိုက် အကြိုက်ဆောင်တာ ၊ အလျော့ပေးတာမှာ မွေ့လျော်ပြီး အိမ်ထောင်ပြုခဲ့တော့ ကိုယ့်ခင်ပွန်းက ကိုယ့်ကိုတသက်လုံး အလိုလိုက် အကြိုက်ဆောင်တာ ၊ အလျော့ပေးမယ်လို့ မျှော်လင့်ခဲ့ပေမယ့် မယူခင်ကနဲ့ ယူပြီးအခြေအနေတွေဟာ ကွာခြားသွားပြီဆိုတာ လက်တွေ့သိလာရလေ အရင်တုံးကလို အလိုလိုက် အကြိုက်ဆောင်တာ ၊ အလျော့ပေးတာတွေ ပြန်လိုချင်လေဖြစ်လာတယ်။ မရရင် ခင်ပွန်းပြောင်းလဲသွားပြီ ၊ ကိုယ့်အပေါ်ကို မချစ်တော့ဘူး ၊ အရင်လို ဂရုမစိုက်တော့ဘူးလို့ ခွင်ပွန်းအပေါ် ကွိုင်ရှာလာတယ်။

နားပူတာမခံနိုင်တဲ့ ခင်ပွန်းဟာ အပြင်မှာ အချိန်ကုန်တာများလေ အိမ်ကဇနီးဟာ သံသယတွေများလေနဲ့ ဖြစ်လာပြီး ဒီသံသယတွေနဲ့ပဲ ဟုတ်နေတာရော ၊ မဟုတ်တာတွေရောပါ ရောသမမွှေပြီး စွပ်စွဲလာနိုင်တယ်။ မမှားတဲ့ခင်ပွန်းက ရှင်းပြလည်း ဒီအိမ်ရှင်မ တကယ်လိုတာက သူမအပေါ် အရင်တုန်းကလို သဲသဲတုန်ချစ်တာ ၊ အလိုလိုက် အကြိုက်ဆောင်တာ ၊ အလျော့ပေးတာတွေမို့ ဒါတွေမရမချင်း သူမသံသယတွေဟာ လုံးဝပြီးပျောက်သွားမှာ မဟုတ်ပါဘူး။ ဒီတော့ ရံဖန်ရံခါ စကားများရာကနေ မျက်နှာချင်းဆိုင်တာနဲ့ စွပ်စွဲသူကစွပ်စွဲ ၊ မခံနိုင်တဲ့သူက ပြန်အော်ပြန်ပြောနဲ့ ခွန်းကြီးခွန်းငယ် အပြန်အလှန်စကားများရာက စိတ်နာစရာစကားလုံးတွေကြောင့် ဒီအိမ်ထောင်ရေးဟာ ပျော်ရွှင်စရာဆိတ်သုဉ်းလာတဲ့ အိမ်ထောင်ရေး ဖြစ်သွားပါတယ်။

မြန်မာနိုင်ငံမှာ လူမှုရေးပံ့ပိုးမှုကဏ္ဍတွေ သိပ်မဖွံ့ဖြိုးသေးတာမို့ အိမ်ထောင်မကျဖူးတဲ့ အပျိုလေးတွေဟာ အိမ်ထောင်ထိန်းသိမ်းမှုတတ်ဖို့ဆိုတာ နှစ်တွေနဲ့ချီ သင်ယူရတာတွေရှိပါတယ်။ ပတ်ဝန်းကျင်က အိမ်ထောင်ရှင်အမျိုးသမီးအချင်းချင်း ဖလှယ်တဲ့ကိစ္စတွေကနေ ၊ မိဘမောင်ဖွားဆုံးမတဲ့စကားတွေကနေပြီး ကိုယ့်ဖြစ်ပျက်နေတာနဲ့ ကိုက်ညီရာတွေ ၊ ဆောင်သင့် ၊ ရှောင်သင့်တာတွေကို ဘဝအတွေ့အကြုံတွေနဲ့ စပ်ဟပ်ပြီး သင်ယူလေ့လာရတာပါ။

BurmeseHearts Blog

ချစ်သူနဲ့ တအိုးတအိမ်ထူထောင်ပြီးရင် အချစ်တွေထုံမွှမ်းထားတဲ့ နှစ်ကိုယ်တူဘဝ ထူထောင်သွားမယ် ၊ တသက်တာ ပျော်ရွှင်သွားမယ်လို့ အပျို ၊ လူပျိုအများစုက ယုံကြည်မျှော်လင့်ခဲ့ကြတာပါ။ တကယ့်အိမ်ထောင်ရေးမှာ လူမှုရေး ၊ စီးပွားရေး ၊ ကျန်းမာရေး ၊ တာဝန်ဆိုတာတွေ ပတ်လည်ဝန်းရံလာတော့ အပျို ၊ လူပျိုတုန်းက သတိမထားမိခဲ့တဲ့ တအိမ်ထောင်လိုအပ်ချက်ဆိုတာတွေ ဝင်လာပါပြီ။ စုဆောင်းငွေမရှိထားခဲ့ရင် ကြီးမားတဲ့ ကုန်ဈေးနှုန်းတွေအောက်မှာ ဒါတွေအလျင်မီဖို့ဖြည့်ရင်း အချစ်ဆိုတဲ့ခံစားချက်ဟာ တဖြည်းဖြည်း မှေးမှိန်လာသလို ဖြစ်လာကြတယ်။

ဒီကြားထဲက လက်ထပ်ပြီးတာနဲ့ ကလေးယူတာပဲဖြစ်ဖြစ် ၊ ကလေးကိုယ်ဝန်ရှိလို့ လက်ထပ်တာပဲဖြစ်ဖြစ် ဒီလိုစုံတွဲတွေက နှစ်ယောက်စာတောင် အနိုင်နိုင်ဖြစ်နေချိန် ကလေးစားရိတ်နဲ့ ကလေးတာဝန်တွေပါ ထမ်းရပြီဆိုရင် အချစ်ဟာ ဘယ်ဆီဘယ်ဝယ်မှာလဲလို့ ပြန်လိုက်ရှာဖမ်းရမလို ဖြစ်နေတတ်ပါတယ်။ မပြေလည်တဲ့ စီးပွားရေးနဲ့ ရုန်းကန်နေရရင်းကနေ ငွေမလုံမလောက်ဖြစ်လာလေ အိမ်ထောင်တခုကို ဝမ်းဝရုံ ၊ ခါးလှရုံ မဆင်နိုင်တဲ့ ဒီခင်ပွန်းအပေါ် စိတ်ပျက်လေဖြစ်တတ်ပါတယ်။ ခင်ပွန်းကိုယ်တိုင်လည်း မနိုင်တဲ့ အိမ်ထောင်တာဝန်တွေ ပိလာတာကြောင့် ဒီအိမ်ထောင်ရေးကို မသာယာတော့ပါဘူး။

အပျိုတုန်းကလိုလည်း မလွတ်လပ်တော့တဲ့အပြင် အပျိုတုန်းကမှ ကိုယ့်တဝမ်းတခါးစာ ပြေလည်သေး ၊ အိမ်ထောင်ကျပြီးမှ အိမ်ထောင့်လိုအပ်ချက်တွေ ၊ စီးပွားရေးလိုအပ်ချက်တွေ ၊ လူမှုရေးလိုအပ်ချက်တွေ ၊ သားသမီးလိုအပ်ချက်တွေ ၊ လင်မယားဆက်ဆံရေး လိုအပ်ချက်တွေ ၊ အဆင်မပြေမှုတွေကြောင့် ဒီခင်ပွန်း နဲ့ ဒီအိမ်ထောင် ထူထောင်မိတာ ၊ ဒီသားသမီးတွေ တိုးပွားလာတာကိုလည်း သိစိတ်ကဖြစ်ဖြစ် ၊ မသိစိတ်ကဖြစ်ဖြစ် စိတ်ပျက်လာပါတယ်။ အမျိုးသမီးတွေက အိမ်ထောင်ဦးစီးဟာ ဒီအိမ်ထောင်ရဲ့ ကုန်ကျစရိတ်ကိုကာမိတဲ့ ဝင်ငွေရှိတာကိုတော့ လိုလားသူတွေချည်းပါ။ ကိုယ်တိုင်အလုပ်ထွက်လုပ်ရင် ကိုယ့်လုပ်ခလေးကို အပိုစုဆောင်းမိချင်ကြတယ်။

လင်မယားဆက်ဆံရေးအတွက် အဓိကလိုအပ်ချက်ဟာ အချစ်နဲ့ နားလည်ပေးနိုင်မှုဖြစ်သလို အိမ်ထောင်တခု လူတန်းစေ့နေနိုင်ဖို့ဆိုတာ အိမ်ထောင့်ဝင်ငွေက အဓိကကျနေပါတယ်။ စီးပွားရေးအဆင်ပြေတဲ့ ဇနီးမောင်နှံတိုင်း လင်မယားဆက်ဆံပေါင်းသင်းမှု အဆင်ပြေကြတာမဟုတ်ပေမယ့် စီးပွားရေးအဆင်မပြေတဲ့ အိမ်ထောင်ဘက်အများစုဟာ လင်မယားပေါင်းသင်းဆက်ဆံမှုမှာလည်း ပျက်ယွင်းလာတတ်ပါတယ်။ ဒီလိုဆို တအိမ်ထောင်ထူထောင်ဖို့ ဒီအိမ်ထောင်ရဲ့ဝင်ငွေ (စီးပွားရေး)ဟာ ဘယ်လောက်အရေးပါသလဲ မြင်နိုင်လောက်ပါပြီ။

အထက်မှာ ကျွန်မဆိုခဲ့ပြီးဖြစ်သလို မိန်းကလေးတွေဟာ ကိုယ့်ချစ်သူရဲ့ အလိုလိုက်မှု ၊ အကြိုက်ဆောင်ပြီး အမြဲလို အနွံတာခံ ခွင့်လွှတ်ပေးတာတွေကို သာယာခဲ့လို့ ၊ ကိုယ့်ကို တသက်လုံး ဒီလိုချစ်မြတ်နိုးသွားမယ်လို့ ယုံကြည်ခဲ့လို့ လက်ထပ်ပေါင်းသင်းခဲ့ကြတာပါ။ လက်ထပ်ပေါင်းသင်းပြီးတဲ့နောက်မှာ ကိုယ်ပေါင်းသင်းတာ ချစ်သူတစ်ယောက်တည်းမဟုတ်ဘဲ သူ့မိဘ ၊ မောင်နှမ အသိုင်းအဝန်းပါ ပါလာခဲ့ပြီလို့ လက်ထပ်ပြီးမှသိလိုက်ရတဲ့ ဇနီးသည်တွေလည်းရှိမှာပါ။

မတူညီတဲ့သူစိမ်းနှစ်ဦးပေါင်းဖက်မှုမှာ စိတ်သဘောထားချင်း ဆန့်ကျင်ဘက်ဖြစ်တဲ့ အသိုင်းအဝန်းနှစ်ခု ပေါင်းမိသလိုဖြစ်နေရင် နားလည်မှုလွဲမှားတာ ၊ အယူအဆလွဲမှားတာ ၊ အပြုအမူလွဲမှားတာ ၊ အပြောအဆို လွဲမှားတာတွေလည်း ဖြစ်လာပါတယ်။ ဒီအခါ အမျိုးသမီးတွေ မျှော်လင့်တာက ကိုယ်နဲ့ပေါင်းတဲ့ကိုယ့်ခင်ပွန်းဟာ ကိုယ့်ဘက်က မားမားမတ်မတ် ရပ်တည်တာမျိုးပါ။ ဒီလိုမှမဟုတ်ဘဲ သူ့မိသားစုဘက်က ရပ်တည်တဲ့ခင်ပွန်းနဲ့ ပေါင်းဖက်ရပြီဆိုရင် (ကိုယ်တိုင်က မှားမှား ၊ မှန်မှန်) ဒီဇနီးဟာ ဒီအိမ်ထောင်မှာ အပြင်လူတစ်ယောက်အနေနဲ့ ခံစားလာရပါတယ်။

ခင်ပွန်းမိသားစုနဲ့ စိတ်သဘောထား ကွာဟမှုတိုင်းမှာ ခင်ပွန်းက သူ့မိသားစုဘက်ကချည်း ရပ်တည်နေရင်တော့ ဇနီးဟာ ဒီအိမ်ထောင်ရေးနဲ့ ဒီခင်ပွန်းအပေါ် စိတ်နာလာနိုင်ပါတယ်။ မိသားစုလိုက်ပေါင်းပြီး သူမကို အနိုင်ကျင့်နေတယ်လို့လည်း ခံစားလာရပါတယ်။ ခင်ပွန်းမိဘတွေနဲ့ နေ့စဉ်တွေ့မြင်ဆက်ဆံပေါင်းသင်းနေရတဲ့ ဇနီးသည်တွေဟာ ဒီသိမ်ငယ်မှုနဲ့ ဒီခံစားချက်တွေကို ပိုခံစားလာရပါတယ်။ ဒါဟာ ကိုယ်တွေနှစ်ဦးထူထောင်ထားတဲ့အိမ်ထောင်ရေးမှာ ကြားလူ ၊ ကြားစကားတွေဝင်လာလို့ အဆင်မပြေဖြစ်ရတာမျိုးတွေပါ။

အိမ်ထောင်ထူထောင်ပြီးမှ မပြေလည်မှုတွေနဲ့အချစ်က မှေးမှိန်လာရင်း နွေးထွေးမှုတွေ ၊ နားလည်မှုတွေ ၊ ညှိနှိုင်းမှုတွေ အားနည်းတဲ့အခါ မယူခင်ကဆက်ဆံရေးနဲ့ ချစ်မေတ္တာတွေဟာ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ပြီး အပြောအဆို ၊ အပြုအမူ ၊ နေထိုင်ဆက်ဆံမှုနဲ့ ခံယူချက်သဘောထားတွေဟာ မယူခင်ကနဲ့ ပြောင်းပြန်လို နှစ်ဦးကြား အကွာအဝေးဟာ ကွာဟသထက် ကွာဟလာပါတယ်။ ဘယ်သူတွေမှာ တာဝန်အရှိဆုံးလဲဆိုရင် ဒီအိမ်ထောင်ကို ထူထောင်ခဲ့တဲ့ ဇနီးမောင်နှံနှစ်ဦးစလုံးမှာ တာဝန်အရှိဆုံးပါပဲ။

နှစ်ဦးနှစ်ဘက်ဆက်ဆံရေး အရင်တုန်းကလို သာသာယာယာဖြစ်ချင်တယ်လို့ စိတ်ကူးရှိနေတဲ့ ဇနီးမောင်နှံနှစ်ဦးစလုံးဟာ ကိုယ့်တစ်ဦးအမြင် ၊ ခံစားမှုနဲ့ပဲ တဖက်သားအပေါ် တွေးမြင်ယူဆတာတွေ လုံးဝဖျောက်ပစ်လိုက်ရပါမယ်။ ပြီးရင် သူ့ဘက်ကခံစားမှု ၊ သူ့ဘက်ကအမြင်နဲ့ တွေးခေါ်ယူဆမှုတွေကို (ကိုယ်သဘောတူတူ ၊ မတူတူ) နားထောင်ပေးလိုက်ပါ။ တခါတလေမှာ သူ့ဘက်က ခံစားချက်တွေဟာလည်း မမှားတာတွေ (တခါတလေ ကိုယ်တိုင်မရည်ရွယ်ဘဲ လုပ်လိုက်မိတာလေးတွေက သူဒီလို ခံစားသွားရဖို့ဖြစ်နေတာတွေ)ကိုပါ ကိုယ်သိမြင်လာနိုင်ပါတယ်။ ဒီတော့ ပြောလိုက်ရတဲ့သူလည်း ရင်ထဲပေါ့သွားမှာဖြစ်သလို နားထောင်ရတဲ့သူမှာလည်း သူ မတွေးမြင်မိခဲ့တဲ့ ရှုထောင့်က အတွေးအမြင်နဲ့ ခံစားချက်တွေကို သိမြင်လာရပါတယ်။

အကြောင်းကြောင်းကြောင့် လမ်းခွဲဖို့ မဖြစ်ဘူး ၊ လမ်းမခွဲလိုဘူးဆိုရင် ပျော်ရွှင်စွာဆက်ပေါင်းဖို့ အားထုတ်ရမှာပေါ့။ နှစ်ယောက်ထူထောင်ခဲ့တဲ့ အိမ်ထောင်ရေးမှာ တဖက်သတ်မမြင် ၊ တဖက်သတ်အတွေး ၊ တဖက်သတ်ဆုံးဖြတ်ချက် ၊ တဖက်သတ်လုပ်ရပ်တွေနဲ့ လုပ်ကိုင်နေရင် မှန်ပါ့မလား ။ ကိုယ်ဟာ မျှတသူတစ်ယောက် ဖြစ်ပါ့မလား။

နှစ်ယောက်ထူထောင်ခဲ့တဲ့ အိမ်ထောင်ရေးမှာ နှစ်ဘက်အမြင်ကို လက်ခံလိုပါမှ ၊ နှစ်ဦးနှစ်ဖက်စလုံးက ပြေလည်လိုစိတ်ရှိပါမှ ပြေလည်တဲ့ အိမ်ထောင်ရေးဖြစ်မှာပါ။ လက်ခုပ်ဆိုတာ တဘက်တည်းတီးလို့ မမြည်ဘူးဆိုတာ ဒီလိုလည်း ဆိုလိုပါတယ်။ အပျက်ဘက်ကိုချည်းမကြည့်ပါနဲ့။

ပေါင်းတုန်းကလည်း ဒီနှစ်ယောက် ၊ စိတ်ချင်းနီးလည်းဒီနှစ်ယောက် ၊ စိတ်ချင်းဝေးလည်းဒီနှစ်ယောက် ၊ ကွဲမယ်ဆိုရင်တော့ ဒီနှစ်ယောက်အပြင် သားသမီးတွေပါ အဆစ်ပါလာတော့မှာပေါ့။

အိမ်ထောင်ရေးသာယာမှုကို အိမ်ထောင်သက်တလျောက် ခံစားရဖို့ဆိုတာမှာ နှလုံးသားဆန္ဒတခုတည်းနောက်မလိုက်ဘဲ ဦးနှောက်ပါ ကူသုံးခဲ့တဲ့ အိမ်ထောင်ဘက်တွေ ၊ နားလည်မှုပေးလိုတဲ့ အိမ်ထောင်ဘက်တွေ ၊ အပေးအယူမျှတတဲ့ အိမ်ထောင်ဘက်တွေ ၊ ကိုယ့်တာဝန်ကိုယ်သိပြီး ကိုယ့်တာဝန်ကိုယ် ပိုင်နိုင်အောင်ယူတဲ့ အိမ်ထောင်ဘက်တွေ ၊ တယောက်ကိုတယောက် အပြန်အလှန် ငဲ့ညှာထောက်ထားလိုတဲ့ အိမ်ထောင်ဘက်တွေမှ အိမ်ထောင့်သာယာမှုဆိုတာကို သူတို့အိမ်ထောင်သက်တလျောက် ခံစားရတာပါ။

ရတု (Burmesehearts.com)

You might also like