ဇနီးမီးဖွားပြီးစ ကလေးဖခင်များအတွက်

0

မိသားစုအတွင်း နွေးထွေးကြင်နာမှုဟာ ပျော်ရွှင်တဲ့မိသားစုအတွက် မရှိမဖြစ်ပါ။
မိသားစုအတွင်း နွေးထွေးကြင်နာမှုဟာ ပျော်ရွှင်တဲ့မိသားစုအတွက် မရှိမဖြစ်ပါ။

မီးဖွားပြီးစဇနီးရှိတဲ့ ကလေးဖခင်တွေဟာ ဒီအချိန်မှာ ဇနီးကို နားလည်မှု အပေးသင့်ဆုံးအချိန်ဖြစ်ပါတယ်။ ဘာကြောင့် မိမိဇနီးကို ယခုအချိန်မှာ တိုးလို့နားလည် ကြင်နာဂရုစိုက်မှုပေးပြီး အကူအညီပေးသင့်တယ်ဆိုတာ လေ့လာရအောင်နော်။

ဆယ်လတာနီးပါး လွယ်လာတုန်းက တရိပ်ရိပ်ပြောင်းလဲခဲ့တဲ့ ဇနီးရဲ့ကိုယ်တွင်းက ဟော်မုန်းတွေဟာ မီးဖွားပြီးတာနဲ့ တမဟုတ်ချင်းပြောင်းလဲသွားပါတယ်။ ဒါကြောင့်မို့လို့ သူမဟာ စိတ်ပြောင်းလဲမှုတွေ ဖြစ်လာပါမယ်။ မလိုအပ်ဘဲလည်း ဝမ်းနည်းငိုကြွေးနေနိုင်သလို စိတ်ဓါတ်ကျ စိတ်ဖိစီးမှုတွေလည်း ဖြစ်နေနိုင်ပါတယ်။ ဒါဟာ သူမကိုယ်တိုင် ဖြစ်ချင်လို့ဖြစ်နေတာမဟုတ်ဘဲ သူမကိုယ်တွင်း ဟော်မုန်းပြောင်းလဲမှုတွေကြောင့် ထိလွယ်ရှလွယ် ခံစားမှုတွေ ဖြစ်နေတာပါ။ သူမဟာ ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်အပြောင်းအလဲမှာ စိတ်ခက်ထန်ကြမ်းတမ်းမှုတွေလည်း ဖြစ်နေနိုင်ပါတယ်။ သူမရဲ့ စိတ်ပြောင်းလဲ ခံစားမှုတွေကို နားလည်မှုပေးသင့်တယ်။ ပုံမှန်အားဖြင့် မီးဖွားပြီးနောက် စိတ်ပြောင်းလဲခံစားမှုတွေဟာ တစ်လကျော်လာရင် နဂိုပုံမှန်အတိုင်း ပြန်ဖြစ်သွားပါတယ်။ မဖြစ်ရင် တတ်ကျွမ်းနားလည်တဲ့ အထူးကုနဲ့ ပြသပေးဖို့ ဂရုပြုရပါမယ်။

ကလေးမီးဖွားပြီးတဲ့ သူမရဲ့သားအိမ်ဟာ နဂိုကြက်ဥအရွယ်အစားလောက် ပြန်ဖြစ်ဖို့ ဆက်တိုက်အလုပ်လုပ်နေတဲ့အတွက် သူမဟာ ကလေးမွေးပြီးပေမယ့်လည်း ကလေးမီးဖွားတုန်းက ဗိုက်နာတဲ့ခံစားမှုလိုမျိုး ခံစားနေရပါတယ်။ သူမဟာ ဗိုက်ခွဲမွေးခဲ့သူဖြစ်ရင် ၊ မိန်မကိုယ်ညှပ်မွေးခဲ့သူဖြစ်ရင် ဒီဒဏ်ရာတွေက နာကျင်မှုကိုလည်း ခံစားနေရပါမယ်။ နာကျင်မှုတွေကြောင့် အထိုင်ခက် ၊ အထခက် ၊ ကိုယ်အလှည့်အပြောင်းလည်း ခက်နေနိုင်ပါတယ်။ သူမကို ထူကူဖို့ အဆင်သင့်ရှိနိုင်ရင်ဖြင့် သူမဟာ ခင်ပွန်းရဲ့ဂရုစိုက်မှုကြောင့် စိတ်ကျေနပ် ပျော်ရွှင်မှုကို ခံစားရမှာပါ။

ဇနီးဟာ သားဦးမီးဖွားတဲ့ မိခင်တစ်ဦးဖြစ်နေမယ်ဆိုရင် ပထမဆုံး နို့တိုက်တဲ့ အတွေ့အကြုံကြောင့် စိတ်ပင်ပန်းမှု ၊ ကိုယ်ပင်ပန်းမှုအပြင် နို့အုံယောင်ရမ်းနာတွေကြောင့် အဖျားပါဝင်လာနိုင်တယ်။ ကလေး နို့တိုက်ဖို့တာဝန်လောက်ကိုပဲ သူမကိုပေးပြီး ကျန်တဲ့တာဝန်တွေကို မိမိ (သို့မဟုတ်) အကူတစ်ယောက်ကို ကလေးမိခင်ကူဖို့ ရှိနေသင့်တယ်မဟုတ်လား။

သူမဟာ အချိန်မှန်မှန်နဲ့ အာဟာရပြည့်ပြည့်ဝဝစားပါမှ နို့ထွက်ကောင်းပြီး ကလေးရော မိခင်ပါ ကျန်းကျန်းမာမာရှိမှာမို့ အာဟာရပြည့်တဲ့အစာတွေ အချိန်မှန်မှန် ကလေးမိခင်စားဖြစ်အောင် ၊ စားနိုင်အောင် စီစဉ်ပေးသင့်ပါတယ်။

နှစ်ယောက်အတူဆန္ဒနဲ့ ကလေးယူလာခဲ့ပြီးမှ ကလေးပြုစုဂရုစိုက်ဖို့တာဝန်ဟာ မိခင်တာဝန်လို့ သတ်မှတ်လိုက်ရင် တရားပါရဲ့လား။ ကလေးမိခင် ထူထူထောင်ထောင်မဖြစ်သေးတဲ့ ယခုအချိန်ကစပြီး ကလေးပစ္စည်းတွေကို သူ့နေရာနဲ့သူ ထားသို အသုံးပြုတတ်အောင် ၊ ကလေးဂရုစိုက်ရမယ့်တာဝန်တွေကို သိနားလည်အောင် လေ့ကျင့်ထားရင် ဘာအရှုံးရှိသွားမှာလဲ။ ကလေးဟာ မိခင်နဲ့တန်းတူ ဖခင်ကို တွယ်တာ ချစ်မြတ်နိုးတဲ့ အမြတ်ကိုတောင် ရလိုက်ဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ယခုအချိန်ကတည်းက မိမိရဲ့ မွေးကင်းစကလေးကို မေတ္တာအခြေခံနဲ့ ဂရုစိုက်ပြုစုပေးနိုင်အောင် အချိန်ပေးပြီး လုပ်ကိုင်သင့်ပါတယ်။ ဒီအချက်တွေ အကုန်လုံးသာ လုပ်ကိုင်ပေးနိုင်ရင်ဖြင့် သင်ဟာ ကလေးအတွက် ဖခင်ကောင်းတစ်ဦးဖြစ်သလို ဇနီးအတွက်လည်း ခင်ပွန်းကောင်းတစ်ယောက်ပါ။ သာယာပျော်ရွှင် တဲ့ အိမ်ထောင်ရေးလောက် မိသားစုအတွင်း ပြည့်စုံတာမရှိတော့ဘူးပေါ့။

ရတု (Burmesehearts.com)

 

 

You might also like

Leave A Reply

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.