
ကလေးကို ဂလူးကို့စ်တိုက်လို့ အားပိုဖြစ်သလား?
ကလေးကို ဂလူးကို့စ်တိုက်လို့ အားပိုဖြစ်မယ်လို့ထင်ရင် မှားပါတယ်။ ဂလူးကို့စ်ဟာ အားဆေးမဟုတ်ပါ။ ဂလူးကို့စ်ဟာ သကြားဖြစ်ပြီး သကြား ၊ ကြံသကာ ၊ ထန်းလျက် ဘာစားစား လူ့ခန္ဓာကိုယ်ထဲ ရောက်သွားရင် ဂလူးကို့စ် ဖြစ်သွားတာပါ။ ဂလူးကို့စ်သောက်သူဟာ အခြား သကြား ၊ ကြံသကာ ၊ ထန်းလျက်စားသူတွေများနည်းတူ အင်အားဓါတ်ရရှိပါတယ်။ အဲဒါတွေထက် ထူးပြီး အင်အား မဖြစ်ပါ။
ဒါပေမယ့် ကလေးအားရှိမယ်ထင်ပြီး ဂလူးကို့စ်ကိုမှ ရေရှည်တိုက်သူတွေဟာ ဂလူးကို့စ်ကို တာရှည်ထားလို့ လိုလာပါတယ်။ ဒီလိုတာရှည်ထားတဲ့အခါမှာ လေမသလပ်ဖို့ ၊ ရေငွေ့မထိဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ရင် ဂလူးကို့စ်ဟာ ဓါတ်ပြောင်းလဲပြီး သောက်မိသူကို ဝမ်းသွားစေပါတယ်။ ဒါ့အပြင် ဂလူးကို့စ်အမှုန့်ကို ရေဖျော်ပြီး သန့်သန့်ထားပေမယ့် တပတ်လောက်ထားခဲ့ရင်လည်း ဒီအရည်သောက်တဲ့ ကလေးဟာ ဝမ်းသွားပါတယ်။
အထူးသဖြင့် မိုးတွင်းမှာ ဂလူးကို့စ်ကို ရေငွေ့မထိအောင် ၊ လေမသပ်အောင်ထားဖို့ ခက်ခဲတဲ့အပြင် ဂလူးကို့စ်ဖျော်တဲ့သူက သူ့အချိုးအစားအတိုင်း မဖျော်ရင်လည်း သောက်မိသူကို ဝမ်းသွားစေပါတယ်။ ရေ တစ်ရာစီစီမှာ ဂလူးကို့စ် ငါးရာခိုင်နှုန်းထည့်ရတာကို စေတနာပိုပြီး (၁၀)ရာခိုင်နှုန်းကျော်ကျော် ထည့်ရင်လည်း သောက်မိသူကို ဝမ်းသွားစေပါတယ်။
ဒါကြောင့် ကလေးအားဖြစ်စေချင်တယ်ဆို အထားအသို ၊ အဖျော်အချိုးအစား မလွယ်ကူလှတဲ့ ဂလူးကို့စ်အစား လွယ်လွယ်ကူကူဖြစ်တဲ့ အချိုရည်နဲ့ သကြား ၊ ကြံသကာ ၊ ထန်းလျက် စတဲ့ အချိုတွေကို ကျွေးနိုင်ပါတယ်။ ဒါတွေ မစားနိုင်တဲ့ လူမမာ ၊ ကလေးငယ်တွေမို့ ဆရာဝန်က ညွှန်ကြားလို့ဆိုရင်တော့ တမျိုးပေါ့။