ကိုယ်ရွေးတဲ့ဇတ်ရုပ်ဟာ ကိုယ့်သမိုင်း

0

လောကဘ၀ဇတ်ခုံပေါ်မှာ ကိုယ့်သမိုင်းဆိုတဲ့ဇတ်လမ်းကို မကမဖြစ် ကိုယ်တိုင်ကမှရမယ့်အခါ ဘယ်အခန်းကဏ္ဍကနေ ၀င်ကချင်ပါသလဲ။

တခါတလေ ကိုယ့်သမိုင်းကိုယ်ရေးဖို့တောင် ကိုယ့်မှာရွေးချယ်ခွင့်ရယ်လို့ မရှိတဲ့အခါတွေလဲ ကြုံရမှာပါ။ ဒီလိုရွေးချယ်ခွင့်မရှိဘူးလို့ ဆုံးဖြတ်လက်လျှော့၊ အားလျှော့ပြီး မထူးဇတ်ကနေတဲ့သူတွေလဲ တပုံတပင်ရှိပါတယ်။

ကိုယ့်သမိုင်းလို့ အမည်တပ်ပြီး သူများလိုသလို ကနေကြသူတွေလဲ ရှိပါတယ်။ ကိုယ့်သိစိတ်ထဲမှာဖြစ်ချင်တဲ့ဇတ်ပုံစံကတစ်မျိုး၊ ကနေတဲ့ ဇတ်ကတစ်မျိုးလဲ ဖြစ်နေနိုင်ပါတယ်။

ဘယ်သူ့ကြောင့်ပဲ ဘယ်လိုဇတ်မျိုးကရ ကရ ဇတ်နာမည်က ကိုယ့်သမိုင်းမို့ အဆုံးမှာ ဒါဟာ ကိုယ့်သမိုင်း ဖြစ်သွားမှာပါပဲ။

ဇတ်တစ်ဇတ်မှာ ဇတ်ပို့၊ ဇတ်ရံတွေ၊ လူကြမ်းတွေရဲ့ အရေအတွက်များဟာ  အဓိကဇတ်ဆောင်တွေရဲ့ အရေအတွက်နဲ့ယှဉ်ရင် အလွန်များပြားလှပါတယ်။ လူ့လောကကြီးမှာလဲ ခေါင်းဆောင်ဆိုတဲ့ လူအရေအတွက်ဟာ အလွန်ရှားပြီး ဒီခေါင်းဆောင်တွေကို ပံပိုးသူ၊ ဖျက်ဆီးလိုသူတွေ့၊ နောက်လိုက်တွေနဲ့ ပရိသတ်အရေအတွက်က ပိုများပါတယ်။

ဇတ်ပို့၊ ဇတ်ရံ၊ လူကြမ်းတွေဟာ အဓိကဇတ်ဆောင်တွေကို တနည်းအားဖြင့်ပံပိုးပြီး ဇတ်နာအောင်၊ ဇတ်သာအောင် လုပ်ပေးသလို ပံ့ပိုးသူ၊ ဖျက်ဆီးလိုသူတွေ၊ နောက်လိုက်တွေနဲ့ ပရိသတ်တွေဟာလဲ ခေါင်းဆောင်တစ်ယောက်ရဲ့ စိတ်ဓါတ်၊ ခံနိုင်ရည်၊ ဖြတ်ထိုးဥာဏ်၊ ပြဿနာဖြေရှင်းမှု စတာတွေကို ပိုမိုထွန်းပြောင်စေဖို့ တနည်းအားဖြင့် ပံပိုးကူညီနေကြသူတွေပါ။

ဒီလိုလူတွေသာမရှိရင် ဒီလူတွေရဲ့ ပံပိုးမှု၊ ဖျက်ဆီးမှုတွေဟာ မရှိလာနိုင်ပါဘူး။ ဖျက်ဆီးသူတွေ ၊ ထောက်ခံသူတွေမရှိဘဲ ရလာတဲ့ အောင်မြင်မှုဟာ  ပေါ့ရွှတ်ရွှတ်ကြီး ဖြစ်နေမှာပေါ့။

အခက်အခဲတွေကိုသာ မဖြေရှင်းနိုင်ခဲ့ရင် နောက်လိုက်တွေက ခေါင်းဆောင်ရယ်လို့ အသိအမှတ်ပြုမှာမဟုတ်သလို ထင်ရှားအောင်မြင်တဲ့ခေါင်းဆောင် တစ်ယောက်အဖြစ်လဲ ကြာရှည်မမြဲနိုင်ပါဘူး။

ခေါင်းဆောင်များပြီး နောက်လိုက်မရှိရင်လဲ ဘယ်လိုဖြစ်နေမှာပါလိမ့်။  ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ အရင်ဆုံး နောက်လိုက်လိုပါတယ်။ သူ့ကိုထောက်ခံမယ့် ပရိသတ် တနည်းအားဖြင့် နောက်လိုက် အနည်းနဲ့အများရှိမှ ဖြစ်မှာပါ။ နောက်လိုက်များပြီး ခေါင်းဆောင်ပေါ်မလာရင်လဲ ဘယ်လိုပြီးမြောက်နိုင်ပ့ါမလဲ။

ကိုယ့်ကိုယ်ကို ခေါင်းဆောင်လို့ သတ်မှတ်ထားသူတွေဟာ ကိုယ့်ကို အတိုက်အခံလုပ်တဲ့သူတွေဟာ တနည်းအားဖြင့် ကိုယ့်ကို ပံပိုးသူနေသူတွေလို့ စိတ်ထားနိုင်ရင်၊ ကိုယ့်နောက်လိုက်တွေဟာ ကိုယ့်ကိုပံ့ပိုးထောက်ခံနေသူတွေလို့သိပြီး နည်းမှန်လမ်းမှန်ကိုသာ ဦးဆောင်ဖြည့်ဆည်းပေးနိုင်ရင် ဒီခေါင်းဆောင်မျိုး ဦးဆောင်တဲ့ အဖွဲ့အစည်း၊ ကုမ္ပဏီ၊ မြို့၊ ရွာ၊ တိုင်း၊ နိုင်ငံဟာ အလွန်တိုးတက်နေမှာပါ။

တချို့က ခေါင်းဆောင်အရည်အချင်းမရှိပေမယ့် ပံ့ပိုးသူတွေရှိနေသမျှ ခေါင်းဆောင်လုပ်နေဦးမှာပဲ ထောက်ခံသူတွေ ရှိနေသမျှ ခေါင်းဆောင်နေရာ ယူထားဦးမှာပဲ။

ခေါင်းဆောင်တိုင်းဟာ ခေါင်းဆောင်ကောင်းတော့ မဟုတ်ကြပါဘူး။ ခေါင်းဆောင်အရည်အချင်း ရှိသူတိုင်းဟာလဲ ခေါင်းဆောင်တွေ မဟုတ်ကြသေးပါဘူး။အကောင်း၊ အဆိုးဒွန်တွဲနေတဲ့ လောကသဘာဝအရ အကောင်းရဲ့ဂုဏ်ပေါ်ဖို့ အဆိုးဆိုတာလည်း အမြဲရှိနေမှာပါပဲ။ အမှားတွေသာမရှိရင် အမှန်ရဲ့ရလဒ်က သိပ်တန်ဖိုးမရှိသလို ဖြစ်နေမှာပါ။ ဒါကြောင့် အမှားတွေထဲကမှ အမှန်ဆိုတာ ရအောင်ခက်ခက်ခဲခဲ လုပ်ယူရတာပါ။

ဒီလိုပဲ ကောင်းတယ်ဆိုတဲ့လုပ်ရပ် ပိုဂုဏ်ပေါ်စေဖို့ မကောင်းတဲ့သူတွေရှိနေတာပါ။ သန့်ရှင်းမှုဂုဏ်ကိုဖော်စေဖို့ ညစ်ပေမှုတွေက ၀န်းရံနေတာပါ။
တကယ်လို့များသာ ကိုယ်ကိုယ်တိုင် ရေးခွင့်ရတဲ့သမိုင်းမှာ ကိုယ်ကိုယ်တိုင် ၀င်သရုပ်ဆောင် ကပြနေရတဲ့နေ့တွေထဲ ဘယ်နေရာက ရွေးချယ်ပြီး ကိုယ့်သမိုင်းကိုယ်ရေးမှာလဲ။ ဇတ်ပို့လား၊ ဇတ်ရံလား ခေါင်းဆောင်ခန်းကလား။
လူတိုင်း လူတော်လူကောင်း ဖြစ်နိုင်ကြပါတယ်။ကောင်းတဲ့ အရည်အချင်းတွေနဲ့ ထူးချွန်တဲ့ လူတော်တစ်ယောက် ဖြစ်အောင် လုပ်ချင်စိတ်ရှိပြီး တကယ်လုပ်မှလဲ လူတော်လူကောင်းဖြစ်လာနိုင်တာပါ။
လူတိုင်း ခေါင်းဆောင်ကောင်း ဖြစ်နိုင်ကြပါတယ်။ ခေါင်းဆောင်နိုင်တဲ့ အရည်အချင်းနဲ့ မှန်ကန်တဲ့ဦးဆောင်မှုတွေရှိမှ ခေါင်းဆောင်တစ်ယောက်ရယ်လို့ အများလက်ခံပြီး နောက်လိုက်တွေ၊ ပံ့ပိုးသူတွေ ခြံရံလာမှာပါ။ အဲဒီမှာ အတိုက်အခံ၊ အဖျက်အဆီးဆိုတာလည်း ရှိလာမှာပါ။
လူတိုင်းဟာ သူ့ထောင့်နေရာကနေ သူ့အခန်းကဏ္ဍကို သူရွေးချယ်ထားသလို လုပ်နေကြတာပါ။ တခါတလေ ဇတ်အစမှာ လူကြမ်းဖြစ်ပေမယ့် ဇတ်အဆုံးမှာ ပေးဆပ်မှုအမြောက်အမြားနဲ့ ပရိသတ်တွေရဲ့ စိတ်နှလုံး၊ သနားကြင်နာမှုတွေ သိမ်းကြုံးယူသွားတတ်တဲ့ ဇတ်တွေလဲ ရှိကြပါတယ်။
ကိုယ်လုပ်နေတဲ့အလုပ်ဟာ ကိုယ်ဖြစ်ချင်တဲ့ပုံစံမဟုတ်ဘူးလို့ ခံစားရလာရင် ကိုယ်လုပ်နေတာ အမှားလား၊ အမှန်လားလို့ ပြန်ဆန်းစစ်တတ်ရပါမယ်။ လူတိုင်းနီးပါးဟာ အကောင်းကို ခံစားချင်ကြတာပါ။ အမှန်ကိုပဲ လိုချင်ကြတယ်။ အောင်မြင်မှုပဲ ရချင်ကြတယ်။ ကိုယ်ရနေတာက ကိုယ်လိုချင်တာမဟုတ်ရင် တစ်ခုခုတော့ လွဲနေပါပြီ။
ကိုယ့်သမိုင်းမှာ အတိတ်ရယ်လို့ ဖြစ်သွားမယ့် ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်တွေ၊ အဖြစ်တွေဟာ ဒီနေ့ဒီရက်မှာ ကိုယ့်ကိုနောင်တမဲ့စွာ ပျော်ရွှင်မှု အစစ်အမှန်ပေးနိုင်ပါရဲ့လား။
နောင်မလာသေးတဲ့ အနာဂါတ်အတွက် အခုပစ္စုပ္ပန်မှာ ပူပင်နေရင်၊ အတိတ်အတွက် ငါမှားခဲ့ပြီလား၊ ငါမှားသွားပြီလားလို့ တွေးပြီးနောင်တရနေရင် ………  သေချာပါတယ်။ ဒါဟာ ကိုယ်အခုလုပ်နေတဲ့ လုပ်ရပ်ကိုပြန်ဆန်းစစ်ပြီး ပြင်သင့်ပြင်ရပါတော့မယ်။
ကိုယ့်သမိုင်းရယ်လို့ ဖြစ်လာမယ့် ယနေ့အချိန်တွေကို နောင်တချိန်မှာ ကိုယ့်နာမည်ဆိုးကြောင့် မျိုးဆက်တွေ ခေါင်းမဖော်နိုင်အောင် လုပ်မလား။ ကိုယ့်နာမည်ကောင်းသတင်းကြောင့် မျိုးဆက်တွေ ခေါင်းမော့ဂုဏ်ယူနေစေမလား။ လူမသိသူမသိ ရောသောပေါသောပဲ နေပြီးသေသွားမလား။ အားလုံးကိုယ့်ကြမ္မာ ကိုယ်ရေးခွင့်ရှိကြပါတယ်။
ကိုယ့်သမိုင်းကိုယ်ဖန်တီးခွင့်ရှိကြတာမို့ လူတိုင်း လူတိုင်းဟာ နောင်တချိန်မှာ ကိုယ့်သမိုင်းကို လှနေစေချင်ရင် အကျိုးကောင်းကောင်း ရဖို့အတွက် အကြောင်းကောင်းကောင်း ဖန်တီးရပါမယ်။ လူတိုင်း လူတိုင်း သမိုင်းကြောင်း ကောင်းစေဖို့ ရည်စူးလျက်…..
အမှုန် (Burmesehearts.com)
You might also like