Online courses marketplace in Burmese language. Become a student, become a teacher, learn

ကလေးများအား ထိန်းကွပ်ရလွယ်ကူပြီး သင်ယူလွယ်သော ကလေးများဖြစ်စေခြင်း

0

ကလေးတွေကို ကောင်းမွန်တဲ့အလေ့အကျင့်ရရှိဖို့ ၊ သွန်သင်ပြောဆို ဆုံးမတဲ့ စကားတွေကို အလွယ်တကူ လိုလိုချင်ချင် နာယူလွယ်အောင် ဘယ်အရွယ်က စတင်သင်ပြမလဲ ။ ဘယ်လို သွန်သင်ဆုံးမစေမလဲ။ ဒီကတဆင့် ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိတဲ့ ကလေးငယ်များ ဖြစ်စေဖို့ ၊ လူကြီးမိဘတွေရဲ့ အခြေအနေ ၊ ဖြစ်နေတဲ့ ပတ်ဝန်းကျင်အခြေအနေတွေကို မပြောဘဲ အလိုက်တသိ နားလည်အောင် ဘယ်လိုသင်ကြားပေးမလဲ။ ဒါဟာ လူကြီးမိဘတွေအတွက် ခေါင်းခဲစရာပဲ။

အဖြေက ရိုးရှင်းပါတယ်။ သူ့ကိုလုပ်စေချင်တာ ၊ ပြောစေချင်တာတွေ ကိုယ်တိုင်က အရင်လုပ်ပါ။ ပြောဆိုပါ။ ပြုမူပါ။ ဒါတွေကို သူမွေးကင်းစလသားအရွယ် တစ်လ ၊ နှစ်လဆိုတဲ့ အချိန်ကတည်းက သူ့ရှေ့ အကျင့်ဖြစ်နေအောင် ပြုမူပြောဆိုလုပ်ကိုင်ရမှာပါ။ ကိုယ်တိုင်က မလုပ်ဘဲ သူ့ကို ဒါလုပ်တာကောင်းတယ် ၊ ဒါလုပ်ရမယ်လို့ပြောရင် ကလေးဟာ ရေရှည်မှာ ကိုယ်လုပ်တာကိုပဲ လိုက်လုပ်မှာဖြစ်ပြီး သူ့ကို ကောင်းတယ်လို့ သင်ထားတာတွေကို လိုက်လုပ်ချင်မှ လိုက်လုပ်မှာပါ။

ဥပမာ သူ့ကို အသားတွေပဲနွှာကျွေးရင်တောင် သူဟာ ကိုယ့်ပန်းကန်ထဲက အရိုးတွေကို လှမ်းနှိုက်ရင် နှိုက်နိုင်တယ်လေ။ ဒါကို အပြစ်တင်မစောပါနဲ့။ သူတို့ရဲ့ အသိဥာဏ်က လူကြီးမိဘတွေကို အထင်ကြီးတဲ့ စိတ်အခံရှိတယ်။ လူကြီးမိဘကိုတုပြီး လိုက်ပြုမူလုပ်ကိုင်တတ်တယ်။ လူကြီးမိဘတွေ ပြောဆိုသလို ဟန်ပန်အမူအရာနဲ့တကွ မှတ်သားမိအောင် ၊ လိုက်လုပ်တတ်အောင် အချိန်နဲ့အမျှ သင်ယူနေတယ်။ သူပြောနိုင်သည်ရှိစေ ၊ မပြောနိုင်သည်ရှိစေ ၊ လုပ်ပြနိုင်သည်ရှိစေ ၊ မလုပ်ပြနိုင်သည်ရှိစေ သူ့ပတ်ဝန်းကျင်က သူတွေ့ရာ ၊ မြင်ရာ ၊ သင်ယူနိုင်ရာမှန်သမျှတွေကို အတွေ့အထိ ၊ အမြင် ၊ အကြား ၊ အရသာ ၊ အနံ့တွေကနေ လူကြီးတွေပြောဆို လုပ်ကိုင်တာတွေကတဆင့် သင်ယူနေပါတယ်။

ဒီကနေတဆင့် ကောင်းတာ ၊ ဆိုးတာ ၊ ခါးတာ ၊ ချိုတာ ၊ ချဉ်တာ ၊ ဖန်တာ စသဖြင့်နဲ့တကွ သူ့ပတ်ဝန်းကျင်က အရာခပ်သိမ်းသောအရာတွေကို သင်ယူမိအောင် သူအားထုတ်နေပါတယ်။ ဒါကြောင့် ကလေးကို လိမ္မာယဉ်ကျေးစေချင်ရင် မိုက်ရိုင်းဆဲဆိုတတ်သူတွေနဲ့ မွေးကင်းစအရွယ်ကတည်းက အတူမရှိအောင် ကြိုးစားရမှာပါ။ ကလေးကို ယုံကြည်မှုရှိတဲ့ ကလေးအဖြစ် ကြီးပြင်းစေချင်ရင် ကိုယ်တိုင်က ယုံကြည်မှုစတင်ပေးရမယ်။ ကိုယ့်အားကိုယ်ကိုးစိတ် ရှိစေချင်ရင် ကိုယ့်အားကိုယ်ကိုးဖွင့် ဖန်တီးပေးရမယ်။ ကောင်းမွန်သောစကားတွေ ဆိုစေချင်ရင် ကောင်းမွန်သောစကားတွေ ကိုယ်တိုင်က စပြောဆိုပေးရပါမယ်။

တခြားမိဘတွေ ဖြစ်စေချင်သလို ကျွန်မကလေးကို သွန်သင်ဆုံးမရလွယ်သူ ၊ နားလည်သင်ယူလွယ်သူ ၊ သိတတ်တဲ့ကလေး ၊ ကိုယ့်အားကိုယ်ကိုးတဲ့ကလေး ၊ စိတ်ဓါတ်ကြံ့ခိုင်တဲ့ကလေး ၊ ယုံကြည်မှုပြည့်ဝတဲ့ကလေး ဖြစ်စေချင်ပါတယ်။ ဒီအတွက် ကျွန်မကလေးကို ကျွန်မသွန်သင်ဆုံးမခဲ့တာတွေကို ပြန်ဝေမျှပေးပါစေ။

ကျွန်မဟာ မိုးလင်းကနေ မိုးချုပ် ကျွန်မကလေးနဲ့ အမြဲဆိုသလို အချိန်ကုန်ဆုံးလေ့ရှိပါတယ်။ သူစပြီး လိုက်ဆွဲတတ်နေပြီဖြစ်တဲ့ သုံး ၊ လေးလအရွယ်မှာ သူ့လက်ထဲရောက်သွားတဲ့ ပစ္စည်းကို သူ့အောင်မြင်မှုအဖြစ် “Good” လို့ လက်မထောင် ချီးကျူးလေ့ရှိပါတယ်။ဒါဟာ သူများရဲ့ ကြိုးစားအားထုတ်မှု ၊ အောင်မြင်မှုကို ချီးကျူးဂုဏ်ပြုရမယ် ။ ကောင်းတာလုပ်ရင် ချီးကျူးခံရမယ်လို့ ဒီအရွယ်ကတည်းက သင်ပေးလိုက်တာပါ။ အခုအချိန်အထိ သူကောင်းတာလုပ်တိုင်း “Good” လို့  ချီးကျူးလေ့ရှိပြီး မကောင်းတာလုပ်ရင် “Not good” လို့ ရှုံချလေ့ရှိပါတယ်။

ကိုယ်မကြိုက်တဲ့ပစ္စည်း သူ့လက်ထဲရောက်သွားရင် အတင်းဆွဲလုတာမျိုး ၊ လှမ်းဆွဲယူရကောင်းလား ဆူပူငေါက်ငမ်းတာမျိုး ၊ လက်ထဲကပစ္စည်း လုယူခံလိုက်ရလို့ ငိုသွားတဲ့ကလေးကို ရိုက်တာမျိုးမလုပ်ဘဲ သူစိတ်ဝင်စားလေ့ရှိတဲ့ တခြားပစ္စည်းတခုခုနဲ့ ဖလှယ်ရယူလေ့ရှိပါတယ်။ တပါးသူလက်ထဲက လုယူခြင်းဟာ မကောင်းတဲ့အကျင့်မို့ သူ့လက်ထဲက ပစ္စည်းတွေကိုတောင် မိဘဖြစ်တဲ့ ကျွန်မတို့ဟာ လုယူလေ့မရှိပါဘူး။ အန္တရာယ်ရှိရင် ၊ အရမ်းအရေးကြီးပြီး တန်ဖိုးကြီးတဲ့ပစ္စည်းနဲ့ စာရွက်စာတမ်းတွေဆိုရင် ကလေးမမှီအောင် ၊ မယူနိုင်အောင် အမြင့်တနေရာမှာ ထားလေ့ရှိပါတယ်။

တခါတလေ လဲယူလို့မရဘူးဆိုရင်ကိုယ့်မျက်စိရှေ့ သူကစားခွင့် ခဏတာပေးလိုက်တယ်။ ကလေးဆိုတာ ခဏပဲ ဘာရယ်လို့ စိတ်ဝင်စားစိတ်နဲ့ စူးစမ်းကြည့်တာဖြစ်ပြီး တပါးသူ သို့မဟုတ် လူကြီးမိဘကဆွဲလုရင် ဒါဟာ သူ့အတွက် ပိုစိတ်ဝင်စားစရာ ဖြစ်သွားပါတယ်။ ဒီလိုမဖြစ်ရအောင် သူ့လက်ထဲကပစ္စည်းဟာ ဘယ်လောက်ကိုယ့်အတွက် အရေးကြီးနေပါစေ ကိုယ်က ဘာမှအရေးမကြီးသလို ဟန်ဆောင်သင့်ပါတယ်။ သူ့လက်ထဲရလာတဲ့ပစ္စည်းဟာ ဘာမှစိတ်ဝင်စားစရာမကောင်းဘူးလို့ သူထင်မြင်တာနဲ့ အဲဒါကို တွေ့တဲ့နေရာ ချထားခဲ့နိုင်ပါတယ်။ ဒါကြောင့် သူ့အနီးအနားမှာ သူချတာနဲ့ သူမမြင်အောင်ဖွက်လိုက်နိုင်ဖို့ အသင့်နေခဲ့ပါတယ်။

ငါးလ ၊ ခြောက်လဝန်းကျင် ထိုင်ဖို့ကြိုးစားချိန် ၊ ခုနှစ်လ ၊ ရှစ်လ မတ်တပ်ရပ်ဖို့ကြိုးစားချိန် ၊ ဆယ်လ ၊ ဆယ့်တစ်လ လမ်းလျှောက်ဖို့ ကြိုးစားချိန်တွေမှာ အလဲလဲအပြို ခဏခဏ သူကျခဲ့ဖူးတယ်။ အမြဲသူ့အနား မျက်ခြည်မပြတ် ရှိနေတာမို့ သူကျသွားရင် မျက်စလေးလှမ်းပစ်ပြီး “You, ok?” လို့ လှမ်းမေးတယ်။ ပြန်မဖြေနိုင်သေးပေမယ့် အမေဟာ သူ့ကို မျက်ခြည်မပြတ်ရှိပါလားလို့ သူသိသွားတယ်။ သူ့ဘာသာသူ ထနိုင်လား ဆက်စောင့်ကြည့်တယ်။ အစကတည်းက လဲကျရင် မနာတဲ့ ပတ်ဝန်းကျင်မျိုး ဖန်တီးပေးထားတာမို့ သူအကျနာစရာတော့ မရှိဘူးလေ။ လာထူတဲ့သူမရှိဘူးဆိုရင် သူ့ဘာသာသူ ထဖို့ကြိုးစားပါတယ်။ မထနိုင်ဘူးဆိုရင်တော့ ငိုမယ်လေ။ အဲဒီအခါ ထနည်းကို တခါတည်း တဆင့်ချင်းပြရင်း “လဲရင်ပြန်ထ လူ့ဘဝလို့” သင်ပေးပါတယ်။

ဒါမှမဟုတ်ဘူး ဆက်ငိုနေဦးမယ်ဆိုရင်တော့ ပထမဆုံးအတွေ့အကြုံတွေမို့ ကျင့်သားမရသေးတဲ့သူဟာ ကြောက်လန့်ငိုတာလေ။ ဒီတော့ သူ့ကိုထွေးဖက်ပြီ။ “Pain? Sorry. It’s ok. I am here with you. It’s fine.” လို့ သူ့ကိုကျောလေးပွတ် မျက်ရည်လေးသုတ်ပြီး ပြောလေ့ရှိပါတယ်။ ဒီ့ထက်ပိုလာရင် နို့တိုက်ချော့မော့လိုက်တာပေါ့။ နောက်ပိုင်း ကျင့်သားရလာလို့ သူလဲတယ်။ “You, ok?” လို့ လှမ်းမေးရုံနဲ့ ဆက်ချော့စရာမလိုဘဲ သူ့ဘာသာ ကုန်းထတာမျိုးလုပ်ရင် “Very good” လို့ လက်မထောင် ချီးကျူးလေ့ရှိပါတယ်။

BurmeseHearts Blog

တခါတလေ သူ့ဘာသာ စိတ်တိုလို့ပဲဖြစ်ဖြစ် တခုခုနဲ့ရိုက်တာ ၊ ဆောင့်တာလည်း လုပ်နိုင်ပါသေးတယ်။ ဒီလိုဆိုရင်တော့ ဒီလိုနာအောင် ဘယ်သူလုပ်တာလဲ ၊ မေမေလုပ်သလား ၊ သမီးဘာသာလုပ်တာမဟုတ်ဘူးလား ၊ ကိုယ့်ဘာသာ နာအောင်လုပ်ရင် ကိုယ့်တာဝန်ကိုယ်ယူရတယ် ၊ အော်ငိုနေလို့ အနာမသက်သာလာဘူးဆိုပြီး ကိုယ့်တာဝန်ကိုယ်ယူတတ်ဖို့ သင်ပေးပါတယ်။

သူဆိုးတာမျိုး ၊ မကောင်းတဲ့အကျင့် လုပ်လာတာမျိုးကို စမြင်မြင်ချင်းမှာတင် ဒါဟာ မကောင်းတဲ့အကျင့် ၊ အမေက သမီးလေး ဒီအကျင့်လုပ်တာမကြိုက်ဘူး။ ဒါဟာ ဆိုးတဲ့ကလေးတွေမှလုပ်တာ ၊ မေ့မေ့သမီးက အရမ်းနားလည် သိတတ်လိမ္မာတဲ့ကလေး ဒီအကျင့်နဲ့ မလိုက်ဖက်ဘူးလို့ သူ့ကို နားလည်အောင်ပြောတဲ့အခါ အလွန်ဆုံး နှစ်ခါ ၊ သုံးခါလောက်ပဲ ပြောရတယ်။ ဒီအကျင့်ပျောက်သွားပါတယ်။

ကလေး ဒီလိုမကောင်းတဲ့အကျင့်မျိုး ထပ်လုပ်နေမယ်ဆို သူဒီလိုလုပ်ချိန်မှာ ထပ်ခါ ၊ ထပ်ခါ သူနားလည်တဲ့အထိ နူးညံ့စွာ အကောင်းဘက်က ပြောဆို ဆုံးမရမှာပါ။ အတင်းမလုပ်ရ ၊ မကိုင်ရ ၊ လုပ်ရင် ဆူမယ် ၊ ရိုက်မယ် ဆိုရင် ထပ်ခါထပ်ခါ လုပ်ရင်း သင်ယူတတ်တဲ့ ကလေးတွေဟာ နူးညံ့စွာ သွန်သင်ဆုံးမခြင်းတွေနဲ့ အသားမကျတော့ဘဲ ရိုင်းစိုင်းတတ်လာတယ်လေ။ နောက်ပိုင်း ဆိုဆုံးမရ ပိုခက်ခဲလာတယ်။

ကလေးအမှားလုပ်တိုင်း အပြစ်တင်ပြောဆိုတာမျိုး ၊ ရှက်အောင်ပြောဆိုတာမျိုး ၊ လှောင်သလိုရယ်မောတာမျိုး မလုပ်သင့်ပါဘူး။ တခါတလေ သူဒီလိုအမှားလုပ်တာဟာ ကိုယ့်အတွက် ရယ်စရာဟာသဖြစ်သွားပေမယ့်လို့ ကိုယ်ရယ်ရင် သူ့မှာ အားငယ်စိတ် ဝင်လာတတ်တာ ၊ ရှက်တတ်တာတွေ ဖြစ်ပြီး တပါးသူဒုက္ခရောက်တာ ရယ်သွမ်းသွေးတတ်တဲ့အကျင့် ဖြစ်မသွားရအောင် ရယ်ချင်ပေမယ့်လည်း မရယ်ဘဲ အောင့်အီးခဲ့ရတာတွေ အများကြီးပါ။ တအားရယ်ချင်တယ်ဆို ပါးစပ်ပိတ် ၊ ဆံပင်နဲ့ကွယ်ပြီး တဖက်လှည့်လို့ အသံမထွက်အောင် ကျိတ်ရယ်ခဲ့ရတာတွေလည်းရှိတယ်။ ဆိုလိုတာက အမှားလုပ်မိ ၊ ပြောမိတဲ့ကလေးရှေ့ ဟာသလုပ်ရယ်တာမျိုး ရှောင်ရပါမယ်။ အမှားကို ထောက်ပြရယ်ဖို့ထက် အမှန်ကို သူနားလည်အောင် ပြောဆိုဆုံးမသွန်သင်ရမှာပါ။

ဖိတ်သွားတဲ့ဟာတွေအတွက် နောင်မဖြစ်ဖို့ ၊ သတိထားဖို့ သူ့ကိုပြောဆိုရင်း မေမေ သမီးကြောင့် အလုပ်ပိုသွားပြီ ၊ ရပါတယ် မေမေသန့်ရှင်းလိုက်ပါ့မယ်။ မေမေငယ်ငယ်တုန်းကလည်း သမီးလိုပဲ ဖိတ်ခဲ့ဖူးတယ် ။ နောက်သတိထားလိုက်တော့ မဖိတ်တော့ဘူး။ သမီးရောသတိထားကြည့်ပါလား ဖိတ်မှာမဟုတ်တော့ဘူးလို့ ပြောဆိုတာများတဲ့အခါ ကလေးဟာ မဖိတ်အောင် သတိထားရကောင်းမှန်း သိလာတယ်။ မတော်တဆ သူ့ကြောင့် ဖိတ်သွားခဲ့ရင် ကျွန်မက သန့်ရှင်းဖို့လုံးဝမပြောဆိုခဲ့ပေမယ့် အမေလုပ်တာကို သင်ယူနေတတ်တဲ့ကလေးသဘာဝ သူ့ဘာသာသူ အဝတ်တခုယူပြီး သန့်ရှင်းတာ ၊ ဖိတ်သွားတာတွေ ပြန်ကောက်ပြီးပစ်တာမျိုး လုပ်လာပါတယ်။ ဘယ်အရွယ်ကတည်းကစလဲဆို တစ်နှစ်ခွဲဆိုတဲ့ အရွယ်ဝန်းကျင်ကတည်းက ဒီလိုလုပ်တတ်ခဲ့တာပါ။ နောင်သတိထားဖို့ပဲ ကျွန်မက သင်ပေးခဲ့ပေမယ့် အမေသူ့ကြောင့် အလုပ်များသွားတယ်လို့ သိတတ်နားလည်မှု ၊ ကိုယ်ချင်းစာကူညီမှုတွေကို မသင်ဘဲရလိုက်တာဟာ သူ့ကို ကောင်းမွန်စွာ သွန်သင်ဆုံးမခြင်းရဲ့ ရလဒ်ကောင်းတွေပါ။

သူဆော့တဲ့အရုပ်ကလေးတွေ သူပစ်လိုက်တယ်ဆို ကိုယ်ချင်းစာတတ်ဖို့ ကျွန်မသင်ပေးပါတယ်။ သူလဲကျရင် ဘယ်လောက်နာသလဲ အခု သမီးပစ်လိုက်လို့ အရုပ်ကလေးနာသွားပြီ။ သနားပါတယ်။ မေမေချော့သလို သမီးသွားချော့လိုက်ပါဦးလို့ ကျွန်မကအရုပ်ကလေးသွားချော့ပြီး ပြောဖန်များတဲ့အခါ နောင်မှာ ကျွန်မချော့သလိုမျိုး သူချော့တတ်လာတယ်။ အကြမ်းပတမ်းလုပ်ရင် တပါးသူနာတတ်တယ် ၊ ကိုယ်မကြိုက်တာ တပါးသူကို မလုပ်ရဘူးလို့ သူ့ကိုဒီလိုသင်ပေးခဲ့ပါတယ်။

သူ့အရွယ်နဲ့မတန်သေးဘူးဆိုပေမယ့် သူလုပ်ချင်တာလေးတွေကို အတတ်နိုင်ဆုံး ကိုယ့်မျက်စိရှေ့မှာ သူလုပ်ကိုင်ချင်တဲ့အချိန် လုပ်ခွင့်ပေးတာမျိုး ၊ လုပ်တတ်အောင် သင်ပေးတာမျိုးတွေ အခါခါ လုပ်ပေးတဲ့အခါ သူ့ကြိုးစားမှုနဲ့ အရွယ်မတိုင်ခင် တတ်မြောက်လာတဲ့ အတတ်ကလေးတွေလည်း ရှိလာပါတယ်။ ဒီတော့ သူလုပ်ချင်ရာ လုပ်ခွင့်ပေးတဲ့ မိဘအပေါ် နားလည်သိတတ်စိတ် ၊ သူလုပ်ခွင့်ရအောင် နားလည်သည်အထိ သင်ကြားပြသတဲ့ မိဘအပေါ် ယုံကြည်ကိုးစားစိတ် ၊ ဒီကတဆင့် ကိုယ်တိုင်ကြိုးစားရင်း လုပ်ကိုင်ပြီး လုပ်ကိုင်တတ်လာတဲ့ အောင်မြင်မှုအပေါ် ရရှိတဲ့ပီတိပျော်ရွှင်မှုနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုဆိုတာကို ကလေးရသွားတယ်လေ။ ဘာတွေ ဘယ်လို သင်ပေးခဲ့သလဲဆိုတာတော့ ကလေးတစ်ဦးနဲ့တစ်ဦး စိတ်ဝင်စားမှုချင်း မတူနိုင်တာမို့ မဝေမျှတော့ဘူးနော်။ ကိုယ့်ကလေး စိတ်ဝင်စားတာ ၊ လုပ်ကိုင်ချင်တာကို သူလုပ်ကိုင်တတ်ဖို့ သူနားလည်တဲ့အထိ သင်ကြားပြသရင်း လုပ်ကိုင်ခွင့်ပေးဖို့ပဲလိုတာပါ။

မိဘနဲ့သားသမီးကြား ယုံကြည်မှုတည်ဆောက်တဲ့အနေနဲ့ နေ့စဉ် အခါအခွင့်သင့်တိုင်း ၊ သူအိပ်ရာဝင်ချိန်တိုင်း ကလေးကို မေမေ ဘယ်လောက်ချစ်တယ် ၊ သမီးလေးဟာ ဘယ်လိုလိမ္မာလို့ မေမေချစ်တယ် ၊ ဒီလိုလိမ်မာတဲ့အတွက် ကျေးဇူးပါလို့ ကျွန်မအမြဲ ပြောပြလေ့ရှိပါတယ်။ တခါတရံ သူလုပ်ချင်တာ ကျွန်မလုပ်ခွင့်မပေးနိုင်တဲ့ အခြေအနေတွေမှာ မေမေ့သမီးကို မေမေသိပ်ချစ်တာလေ ၊ သမီးကို မေမေက စိတ်ချမ်းသာစေချင်တာပေါ့ ၊ ဘာကြောင့် ဒီလိုငိုစေမှာလဲ ၊ သမီးအတွက် ဘယ်လို အန္တရာယ်ရှိနေလို့ ဒါကိုလုပ်ခွင့် မပေးရတာပါဆိုတာလည်း နားလည်အောင် ရှင်းပြလေ့ရှိပါတယ်။

မိဘဟာ သူ့အပေါ် တကယ်ချစ်တယ်လို့ ခံစားရပြီး မိဘရဲ့အချစ်အပေါ် ယုံကြည်မှုရှိတဲ့ကလေးဟာ သူလိုချင်တာ ၊ လုပ်ချင်တာတွေ မရရှိသည့်တိုင် မိဘက ဒီလိုမျိုးနားလည်အောင်ရှင်းပြရင် အမေပြောတာ ဟုတ်တာပဲ။ ဒါဟာ ငါ့အတွက် အန္တရာယ်ရှိလို့နေမှာ ၊ မေမေကငါ့ကို အမြဲလို လုပ်ကိုင်ခွင့်ပေးခဲ့ဖူးတာပဲလို့ ဘာသာဖြေသိမ့်တတ်ပါတယ်။ ဒီလိုဖြေသိမ့်တတ်အောင်လည်း ကိုယ်က ကောင်းမွန်စွာ ပြောဆိုဆုံးမတတ်ဖို့ လိုတယ်လေ။ ဒါဟာ ဆူပူရိုက်နှက် တားဆီးတာထက် ရလဒ် ပိုကောင်းပါတယ်။ ကလေးဟာ နောင်မှာ ကိုယ့်ရှေ့ရော ၊ ကွယ်ရာမှာပါ ကိုယ်မလုပ်စေချင်တာ မလုပ်တော့ဘူးလေ။

လုပ်ချင်တဲ့ဟာ အမေ့ကို အရင်ပြော သမီးအတွက်သင့်တယ်ဆို ဘယ်လိုအခြေအနေဖြစ်ဖြစ် အမေရအောင် လုပ်ပေးမယ်လို့ ကလေးနဲ့ ယုံကြည်မှု တည်ဆောက်ခဲ့ပါတယ်။ စကားမပြောတတ်သေးတဲ့ တစ်နှစ်ဆိုတဲ့အရွယ်ကတည်းက သမီးဟာ သူလိုချင်တာကို လက်ညှိုးထိုးပြတာ ၊ ကျွန်မလက်ဆွဲပြီး အဲဒီဟာပေါ်တင်ပေးတာ စသဖြင့် အမေ့ကို သူဆန္ဒရှိတာကိုသိဖို့ ပြတတ်နေပြီလေ။ သူလိုချင်တဲ့ပူဖောင်းဟာ သူများလက်ထဲက ပူဖောင်းဖြစ်နေမယ်ဆို ကိုယ့်အိတ်ထဲအဆင်သင့်ဆောင်ထားတတ်တဲ့ ပူဖောင်းလေးမှုတ်ပြီး တုတ်တပ်လို့ သူ့လက်ထဲထည့်ပေးလိုက်ရင်း သူများပိုင်ပစ္စည်းကို မတောင်းယူကောင်းဘူး ၊ လူဆိုတာ ကိုယ့်မှာရှိတာနဲ့ ကျေနပ်တတ်ရတယ်လို့ သင်ပေးခဲ့ပါတယ်။

ကလေးနားလည်လာတာနဲ့အမျှ ပိုနားလည်သထက် နားလည်အောင် ပြောဆိုသင်ပြပေးရမှာပါ။ A,B,C,D,1,2,3,4 က၊ ခ၊ဂ၊၁၊၂၊၃ စတဲ့ စကားလုံး ၊အက္ခရာအခြေခံတွေကို သူကျောင်းနေတဲ့အခါ သင်ချင်ချင် ၊ မသင်ချင်ချင်သင်ယူရမှာပါ။ ဒါပေမယ့် လူမှုကျင့်ဝတ် အသေးစိတ်တွေကိုတော့ အိမ်ဆိုတဲ့ကျောင်းကနေ လက်ဦးဆရာ မိနဲ့ဘတွေဆီက သင်ယူရတာပါ။ လက်ဦးဆရာကောင်းရင် ကလေးအကျင့်ကောင်းမယ် ၊ စာရိတ္တကောင်းမယ် ၊ လိမ္မာယဉ်ကျေးမယ် ၊ သိတတ်နားလည်မယ် ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိမယ်လေ။ ကလေးဆိုတာ မိဘရဲ့ ကြေးမုံလိုပဲ။ ဒါကြောင့် သားသမီးမကောင်း မိဘခေါင်းလို့ ဆိုတတ်တာပါ။ မိဘက သားသမီးကို ဘယ်လိုသွန်သင်ဆုံးမတယ်အပေါ် အဓိကမူတည်ပြီး ကလေးတွေဟာ အသိဥာဏ်ကွဲပြားလာတာပါ။ မျိုးရိုးဗီဇလည်းပါတယ်လေ။ ဖြူစင်တဲ့ကလေးတိုင်း အဆိပ်အတောက်ကင်းတာမို့ ကလေးတိုင်းကို ယဉ်ကျေးပျော်ရွှင်စွာ ကြီးပြင်းစေလိုပါတယ်။

(မှတ်ချက်။  ။ ကလေးကိုကျွန်မက ဘာလို့ မြန်မာလိုမပြောဘဲ အင်္ဂလိပ်ပြောတာလဲလို့ တွေးနေမိတယ်ဆို ကျွန်မဟာ စင်္ကာပူနိုင်ငံမှာနေသူမို့ ကျွန်မကလေးကို အခြေအနေ တရပ်တည်းမှာ မြန်မာလိုရော ၊ အင်္ဂလိပ်လိုပါ နားလည်အောင် နှစ်ဘာသာပြောလေ့ရှိတဲ့သူလို့ ရှင်းလင်းပါရစေ။ ဒါကြောင့် ကျွန်မကလေးဟာ စကားမပြောတတ်ခင်ကတည်းက နှစ်ဘာသာကို ကောင်းကောင်းနားလည်နေပြီလေ။ ကျွန်မဟာ ဘူးယို ဘိုရူးတော့ မဟုတ်ပါဘူးလို့။ အားလုံး အကောင်းမြင်လို့ နားလည်နိုင်ပါစေ။)

ရတု (Burmesehearts.com)

BurmeseApp on Google Play

You might also like