ကလေးတစ်ဦး၏ဆန္ဒ

0

စာရေးသူ၏သမီးလေး

ကလေးတစ်ယောက်ရဲ့ဆန္ဒကို နားလည်ဖို့ ကျွန်မ ကလေးဘဝကို ပြန်သွားလိုက်တယ်။ ကျွန်မတို့မိသားစုဘဝကလေးက သိပ်အပြည့်စုံကြီးမဟုတ်ပေမယ့် သိပ်အချို့တဲ့ကြီးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကလေးဆန္ဒဆိုတာကို မသိ ၊ နားမလည်တတ်တဲ့ လူကြီးတွေဘေးထားပြီး ကျွန်မအရွယ်ရောက်ကြီးပြင်းလာခဲ့တာပေါ့။ ဒီအတွက် မိဘကို အပြစ်မတင်ပါဘူး။ ကိုယ့်ဘဝကံအကြောင်းပေါ့လေ။ သားသမီးတာဝန်ထဲမှာ မိအို ၊ ဖအိုကို လုပ်ကျွေးပြုစုရမယ့် ဝတ္တရားရှိတာမို့  ကိုယ့်အလှည့်မှာ ဒီလိုမေတ္တာပေးပြုစုရတယ်ဆိုတာ ပြခွင့်ရတာပဲနော်။

ကျွန်မမိဘတွေက အလုပ်များတယ်။ အဖေဆိုအမြဲလိုခရီးထွက်ရတယ်။ အမေဆို နေ့ ၊ ညမရွေး အလုပ်ရှိနေတတ်တယ်။ သူတို့ကိုယ်တိုင် အားချိန် ၊ အနားယူချိန်ရှားနေတော့ သားသမီးအနားမှာ အချိန်ပေးနိုင်မှုမရှိတဲ့ ဒီလိုကလေးဘဝမှာ ကျွန်မဟာ မိဘမေတ္တာကို ငယ်ငယ်ကတည်းက အာသာငမ်းငမ်းတောင့်တတဲ့သူဖြစ်တယ်။

အစ်ကို ၊ အစ်မတွေကို မိခင်နို့အစား နို့ဗူး အလွယ်တကူအစားထိုးလို့ရခဲ့ပေမယ့် မိခင်နို့ကိုပဲ အာသီသထားတဲ့ နို့စို့အရွယ်ကျွန်မဟာ အမေအလုပ်သွားချိန်မှာ အမေ့နို့အစားဘာမှအစားထိုးလို့မရဘဲ တနေကုန်ရေပဲသောက်ခဲ့တယ်လို့ ပြောစမှတ်တွင်ခဲ့တယ်။ အမေနို့ကို အမေပြန်လာမှစို့ခွင့်ရတာပေါ့။ ဒီလိုနဲ့ ကျွန်မနို့မြန်မြန်ပြတ်ခဲ့ပြီး အစောကြီး ဖြည့်စွက်စာစားခဲ့ရတယ်။

ကျွန်မသိနားလည်တတ်စအရွယ်မှာတော့ ငါ့သားသမီးဆိုတာရှိခဲ့ရင် မိခင်နို့တိုက်ကျွေးဖို့ ရည်စူးထားခဲ့တယ်။ ရည်စူးထားခဲ့တဲ့အတိုင်း သမီးလေးကို သူသုံးနှစ်ပြည့်တတ်စအရွယ်အထိ ကလေးအနားမှာပဲ အချိန်ပေးနေလို့ မိခင်နို့တဝတိုက်ကျွေးနိုင်ခဲ့တယ်။ ဒါကြောင့် သမီးကလေးဟာ မိခင်ကို အရမ်းတွယ်တာ ၊ အရမ်းကျန်းမာသန်စွမ်းလို့ အရမ်းလည်း သိနားလည်တတ်တယ်။

ကျွန်မကျောင်းနေတဲ့အရွယ်ရောက်တော့ ကျောင်းမှာလာကြိုတဲ့ တခြားကျောင်းသား/သူရဲ့ မိဘတွေကိုကြည့်ပြီး မိစုံဖစုံရှိတဲ့ကျွန်မတစ်ယောက် ဘာရယ်မဟုတ် စိတ်ထဲမှာ လစ်ဟာချက်တွေနဲ့ ဝမ်းနည်းနေတတ်တယ်။ ကျွန်မလည်း အမေ မဟုတ် အဖေ တစ်ဦးဦးက ကျောင်းလာကြိုတာမျိုး ဖြစ်ချင်ခဲ့တယ်။ ဒါငါ့အဖေ ၊ ဒါငါ့အမေလို့ သူငယ်ချင်းတွေကို အဖေ ၊ အမေ လက်မောင်းကိုင်ပြီး ကြွားဝါချင်ခဲ့တယ်။

ကျောင်းလာတဲ့ မိဘချင်းအတူတူတောင် ဆံပင်ဖရိုဖရဲ ၊ အဝတ်ဖိုသီဖတ်သီနဲ့လာတဲ့ ခပ်နွမ်းနွမ်း ချို့တဲ့တဲ့မိခင်ရဲ့ကလေးကို အတန်းထဲမှာ သူငယ်ချင်းတွေက နှိမ်ပြီးစနောက်လှောင်လို့ အတန်းဖော် ရှက်နေတာမြင်တိုင်း စတဲ့သူတွေကို ကျွန်မ အမြဲရန်လုပ်လေ့ရှိခဲ့တယ်။ အဲဒီကောင်မလေးရဲ့မျက်ဝန်းတွေက သူမရဲ့သိမ်ငယ်မှုကို ဖော်ပြနေတာမို့ နင့်မှာထမင်းချိုင့်ပူပူနွေးနွေးလာပို့တဲ့အမေရှိသေးတယ်လို့ အားပေးခဲ့ဖူးတယ်။

ကျောင်းဆင်းရင် သပ်သပ်ရပ်ရပ် ခန့်ခန့်ထည်ထည်ကြီး သားကို ကျောင်းလာကြိုတဲ့ သူငယ်ချင်းမိခင်ကိုလည်း အားကျခဲ့ဖူးတယ်။ ကျောင်းတက် ၊ ကျောင်းဆင်း သူ့သားကို တကူးတက လာကြိုပို့တဲ့ သူမဟာ အိမ်မှာနေပုံက ဒီလောက်မသပ်ရပ်ပေမယ့် သားကျောင်းလာကြိုချိန် ဆံပင်ဖီးသင် ၊ သနပ်ခါးအဖွေးသားနဲ့ သပ်သပ်ရပ်ရပ်နေထိုင်ပြီး အပြုံးတွေနဲ့ လာကြိုပို့တတ်တဲ့သူမကိုမြင်တိုင်း ကျွန်မမျက်စိထဲ အေးနေတာပဲ။

တချိန်မှာ ငါ့ကြောင့် ငါ့သားသမီးဟာ ဂုဏ်တက်စေရမယ်။ ငါ့ကြောင့် ဂုဏ်မတက်ရင်တောင် ငါ့ကြောင့်တော့ အတန်းထဲမှာ အနှိမ်ခံ လှောင်ပြောင်စရာ မဖြစ်စေရဘူးလို့လည်း ဆုံးဖြတ်ခဲ့ဖူးတယ်။ 

ကျွန်မဘယ်လောက်ကြိုးစား ကြိုးစား အိမ်မှာ ကျွန်မကို ချီးမြှောက်မယ့်သူမရှိတဲ့အခါ ကြိုးစားခြင်းရဲ့ရလဒ်ဟာ တန်ဖိုးမရှိဘူးလို့ ခံစားလာစေတယ်။ 

ကြိုးစားတယ်ဆိုတာ ရေလိုက်ငါးလိုက်ကလေး လုပ်နေတာလောက် မလွယ်ဘဲ ပင်ပန်းလှတာမို့ ငါ့သားသမီးဆိုတာရှိလာခဲ့ရင် ငါ့စိတ်ဆန္ဒတွေနဲ့ သူ့ကို စိတ်မဖိစီးစေရဘူးလို့ ဆုံးဖြတ်ထားခဲ့တယ်။ တကယ်လို့များ သူတပဲလောက်ကြိုးစားရင် ဒီရလဒ်ကို ငါက ဂုဏ်ယူဝင့်ကြွားစွာချီးမြှောက်လို့ သူ့ကို ဒီ့ထက် ပိုကြိုးစားချင်အောင် ၊ ငွေကြေး ၊ ပစ္စည်းနဲ့ နည်းပညာတွေ ပံ့ပိုးပေးနိုင်အောင် ကြိုးစားမယ်လို့ သန္ဓိဌာန်ချထားခဲ့တယ်။

စာတော်တဲ့ကျွန်မနဲ့ သူတို့သားသမီး အတူစာကျက် ဆွေးနွေးခွင့်ရဖို့ ဖက်လှဲတကင်း အိမ်ဖိတ်ခေါ်တဲ့ သူငယ်ချင်းမိခင်တွေရှိခဲ့တယ်။ တချို့သူငယ်ချင်းတွေအိမ်မှာ စာစုကျက်ကြတဲ့အခါ ကျွန်မတို့စားဖို့ မုန့်တွေ ၊ အချိုရည်တွေ ၊ ရေပူရေအေးတွေကို သူ့အချိန်နဲ့သူ ဖွယ်ဖွယ်ရာရာ ပြုလုပ်စီစဉ်ပေးတတ်တဲ့ သူငယ်ချင်းမိခင်နဲ့ ဆုံတဲ့အခါတိုင်း သူမကို အားကျမိတယ်။ ဒီခံစားချက်ရဲ့ နွေးထွေးမှုကို ခံစားဖူးသူမှသိတာမို့ ငါ့သားသမီးရှိလာတဲ့အခါ အပြင်မှာသွားပြီး ဂလေရိုက်နေတာထက် အိမ်မှာပဲဆော့ဆော့ ၊ အိမ်မှာပဲစာလုပ်လုပ် သူ့သူငယ်ချင်းတွေကိုပါဖိတ်ခေါ်ပြီး မုန့်လုပ်ကျွေးမယ်။ ငါအားကျခဲ့တဲ့ သူငယ်ချင်းမိခင်လို ငါကိုယ်တိုင်ဖြစ်အောင် ကြိုးစားမယ်လို့လည်း ဆုံးဖြတ်ထားတယ်။

ကုန်သွားတဲ့အချိန်ဆိုတာ နောက်ပြန်လှည့်ယူလို့မရဘူးနော်။ ဒီအချိန်တွေကို ဘယ်လိုအသုံးချမလဲဆိုတာ လူတစ်ဦးချင်းစီရဲ့ လိုလားချက် ၊ ဆုံးဖြတ်ချက် ၊ လုပ်ကိုင်ဆောင်ရွက်မှုတွေနဲ့ပဲ တိုက်ရိုက်သက်ဆိုင်နေတာ။

ကျွန်မကို ပညာတွေတတ်ပြီး ထက်မြက်နေရက်နဲ့ အိမ်မှာကုပ်ပြီး အိမ်ဖော်အလုပ် ၊ ကလေးထိန်းအလုပ် (တကယ်ဆိုအိမ်ရှင်မအလုပ်)ပဲ လုပ်နေတယ်လို့ ပြောဆိုနေတဲ့သူတွေရှိပေမယ့် နာရီတွေကို နောက်ဆုတ်လို့ရရင်ပဲဖြစ်ဖြစ် ၊ ကုဋေချီဝင်တဲ့ လုပ်ငန်းကြီးရှိရင်ပဲဖြစ်ဖြစ် ကျွန်မရဲ့အချိန်ကို ကျွန်မမိသားစုနဲ့အတူပဲ ကုန်ဆုံးချင်တာပါ။

အထူးသဖြင့် ကျွန်မရဲ့သားသမီး အသက်သုံးနှစ်အောက်အရွယ်မှာ သူတို့အနား (၂၄)နာရီအချိန်ပြည့်ရှိနိုင်ဖို့ ရှာဖွေစုဆောင်းပြီးချိန်မှပဲ ကလေးယူခဲ့တာ။ ကလေးကျောင်းတက်ချိန် မိဘတွေရဲ့လစ်ဟာချက်ကြောင့် ပညာရေးမှာ ပေါ့လျော့စိတ်လေသွားတယ်မဖြစ်ရအောင် သူထူးချွန်တဲ့ဘက် ပံ့ပိုးပေးဖို့လည်း စိတ်အင်အားရော ၊ ငွေအင်အားရော ၊ လူအင်အားပါ ပြင်ဆင်ထားတယ်။

အချိန်နဲ့အမျှဝင်ငွေတွေ လုပ်ယူလို့ရတဲ့ အလုပ်အကိုင်ကောင်းရှိနေခဲ့ရင်တောင် ကျွန်မသားသမီးရဲ့ အတိတ်မှာ အတူပြန်နေပေးချင်လို့ ကုန်ခဲ့တဲ့အချိန်တွေ ဒီငွေတွေနဲ့  ပြန်ဝယ်လို့မရဘူးဆိုတာ ကျွန်မကောင်းကောင်းသိတယ်။

ဒီငွေတွေနဲ့ သားအမိအကြားက ခိုင်မြဲတဲ့ချစ်ခြင်းမေတ္တာတွေ ၊ သံယောဇဉ်တွေ ၊ အားကိုးမှုတွေ ၊ ယုံကြည်မှုတွေ ၊ အင်အားတွေ ရရှိအောင် ပြန်ဝယ်လို့မရဘူးဆိုတာလည်း ကျွန်မကောင်းကောင်း သိတယ်။

ကိုယ်က မိဘတစ်ယောက်အနေနဲ့ သားသမီးအနားမှာ ကြပ်မတ်မှုမပေးနိုင်လို့ သူတို့ မတော်တရော် ချွတ်ချော်တိမ်းပါးမှု ဖြစ်သွားရင် ဒီငွေတွေပုံပေးလို့ ကိုယ့်သားသမီးကို ပကတိအကောင်းအတိုင်း ပြန်မရနိုင်ဘူးဆိုတာလည်းသိတယ်။

ကျောင်းနေတဲ့အရွယ်မရောက်သေးတဲ့ သမီးကလေးရဲ့အမေ ကျွန်မဟာ သမီးတက္ကသိုလ်တက်ဖို့ ရည်စူးလို့ ငွေပင်ငွေရင်း ခိုင်ခိုင်မာမာတည်ပြီး နှစ်ရှည်(တိုးရင်းပေါင်း)စုထားပြီးပြီ။ နိုင်ငံရပ်ခြားမှာမွေး ၊ နိုင်ငံရပ်ခြားမှာ ကျောင်းတက်ပြီး ကြီးပြင်းလာဖို့ ရည်စူးထားတဲ့ သမီးလေးဟာ အထက်တန်းအောင်လို့မှ လိုရာလမ်းကြောင်းကို ဆက်ဆည်းပူးဖို့ ငွေမရှိတဲ့အဖြစ်မျိုး မဖြစ်စေရဘူးလေ။ မိဘက မပံ့ပိုးပေးနိုင်လို့ သူ့ပညာရေး အမြီးမပြတ်စေရဘူးလို့ ဆုံးဖြတ်ထားတယ်။

လူဆိုတာ ငယ်တုန်း ၊ လုပ်နိုင်ကိုင်နိုင်တုန်း လုပ်နေမှ ဇရာထောင်းရင် နားနိုင်မှာမို့ ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း တနိုင်လုပ်ထားတယ်။ မှန်ကန်စွာကြိုးစားရင် ရေရှည်မှာ တိုးပွားလေ့ရှိတဲ့သဘောကို ယုံကြည်တာမို့ ကိုယ်မလုပ်နိုင် ၊ မကိုင်နိုင်တဲ့အချိန်မှာ ရှိထားတဲ့လုပ်ငန်းလေးက ပုံမှန်လည်ပတ်နေတာလေးနဲ့ ကိုယ့်မိသားစုကို ပံ့ပိုးနိုင်အောင် ၊ ကိုယ့်ကိုယ်ကိုလည်း ပံ့ပိုးနိုင်အောင် ရေရှည်ရည်ရွယ်ထားတယ်။

ဘဝဆိုတာ အမြဲတသမတ်တည်းမရှိတာမို့ ရေရှည်ဆိုတာကို တွေးခေါ်မြော်မြင်ပြီး ကြိုးစားအစီအစဉ်ဆွဲထားတာတောင် ရင်လောက်မှန်းမှ ဒူးလောက်ကျန်တာလေ။ သားသမီးအပေါ်ထားတဲ့ မိဘမေတ္တာနဲ့ မှန်ကန်စွာ ကြိုးစားအားထုတ်မှုတွေကြောင့် သမီးကလေး မျက်နှာမငယ်ရင် တော်ပါပြီဆိုတဲ့စိတ် (ကိုယ့်အားကိုယ်ကိုးပြီး သုံညဘဝကစခဲ့တဲ့) ကျွန်မတို့ ဇနီးမောင်နှံနှစ်ဦးစလုံးမှာရှိတယ်။

မိဘတိုင်းက သားသမီးအနာဂါတ်အတွက် ၊ ကိုယ့်အနာဂါတ်အတွက် ကြိုတင်တွေးခေါ်မြော်မြင်ပြီး အစီအစဉ်ဆွဲလုပ်ကိုင်မယ်ဆို ဒီလိုမိဘတွေရဲ့ သားသမီးတွေဟာ စိတ်ချမ်းသာမှုတွေ ၊ မိမိကိုယ်ကို ယုံကြည်မှုတွေ ၊ အနာဂါတ်အတွက် အားမာန်တွေနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေထိုင်နိုင်ပြီလေ။ သားသမီးတိုင်း မိဘကြောင့် ပျော်ရွှင်ရသလို မိဘတိုင်းလည်း သားသမီးကြောင့် ပျော်ရွှင်ရပါစေ။

ရတု (Burmesehearts.com)

You might also like