Down syndrome အကြောင်း သိကောင်းစရာ

0

Down Syndrome

ကျွန်မရဲ့ အယူအဆကတော့လေ ကျွန်မရဲ့ရင်သွေးလေးကို လူအများအလယ် မျက်နှာငယ်ငယ် မကြီးပြင်းစေချင်ဘူး ။ သူများထက် မချောမလှရင်နေ ခန္ဓကိုယ်အစိတ်အပိုင်း ပြည့်ပြည့်စုံစုံ ၊ကျန်းကျန်းမာမာ ၊ ဥာဏ်ရည်ပြည့်မီစွာနဲ့ လူ့လောကထဲ လျှောက်စေ့ချင်တယ်။

သူများ လမ်းလျှောက်နိုင်ရင် သူ့ကိုလည်း လျှောက်နိုင်စေ့ချင်တယ် ။ သူများမြင်နိုင် ၊ ကြားနိုင်ရင် သူ့ကိုလည်း မြင်နိုင် ၊ ကြားနိုင်စေချင်တယ်။ သူများထက် ထူးချွန်တာ ၊ မထူးချွန်တာက သူ့ကြိုးစားမှုအပိုင်းပါ။ သာမန်ကလေးနဲ့ တန်းတူ ၊ ဥာဏ်ရည်တူ မွေးဖွားလာဖို့က ကလေးကံနဲ့ ကျွန်မတို့ မိသားစု ကံတရားလို့ ယုံကြည်ပါတယ်။

သာမန်ကလေးမဟုတ်ဘဲ မွေးဖွားလာမယ်ဆိုရင်ရော …. ဒါကို Down syndrome စမ်းသပ်ချက်မှာ သိနိုင်ပါတယ်။ အဲဒီစမ်းသပ်ချက်မှာ ကလေးရဲ့လိင်အမျိုးအစားကိုလည်း ကျွန်မ သိခွင့်ရခဲ့ပါတယ်။

ဆေးပညာတိုးတက်တဲ့ နေရာတွေမှာ Down syndrome ကို ကိုယ်ဝန် (၁၁)ပတ် ကနေ (၁၃)ပတ် ၊ (၁၄)ပတ်အတွင်း စစ်ဆေးနိုင်ပါတယ်။။ အားသာချက်ကတော့ မိမိလွယ်ထားသော ကလေးဟာ ပုံမှန် ဟုတ်မဟုတ် Down syndrome ရှိ ၊ မရှိ ကြိုတင် သိနိုင်တာပါပဲ။

Down syndrome စစ်ဆေးတဲ့အခါ Screening tests နဲ့ Diagnostic tests ဆိုပြီး နှစ်မျိုးရှိပါတယ်။ Screening tests က ရာနှုန်းပြည့်မတိကျဘူးပေါ့။ Diagnostic tests ကတော့ CVS နဲ့ amniocentesis နှစ်ခုလုံး စစ်တာကြောင့် ရာနှုန်းပြည့်မှန်ကန်ပါတယ်။ ဒါပေမယ့် Diagnostic tests က ကိုယ်ဝန်ပျက်ကျနိုင်တဲ့ အန္တရာယ်ရှိတာတော့ သတိပြုသင့်ပါတယ်။

Down syndrome လက္ခဏာရှိတဲ့ ကလေးငယ်များဟာ ပုံမှန်မဟုတ်တဲ့အတွက် သူ့သက်တမ်းတလျောက် အထူးပြုစု  ဂရုစိုက်ကြရပါတယ်။

ကဲ … ဒီရောဂါလက္ခဏာရှိတဲ့ သန္ဓေသား လွယ်ထားရပြီ ဆိုပါစို့ ။ သင်ဟာ … ဒီသန္ဓေသားကို မွေးဖွားမလား ၊ သားဖျက်မလားဆိုတာ မိဘတွေရဲ့ ဆုံးဖြတ်ချက်ပါ။ ဒီအချိန်မှာ ကလေးဟာ ရွေးချယ်ပိုင်ခွင့်မရှိပါဘူး ။ သင်မွေးရင် အသက်ဝင်ပြီး သင်မမွေးရင် သေရမယ့် ကလေးပါ။

မွေးဖို့ ၊ မမွေးဖို့ ဆိုတာကလည်း ခဏတာကို မကြည့်ဘဲ ရေရှည် ကြည့်ကြရမှာပါ။ ဥာဏ်ရည်မပြည့်တဲ့ကလေးဟာ သူ့ကိုယ်ခန္ဓာ နဲ့ အသက် ဘယ်အရွယ်ရောက်ရောက် ဥာဏ်ရည်မီလာမှာ မဟုတ်ပါဘူး ။ ဒီအရွယ်ကြီးအထိ သင်စိတ်ရှည်ရှည် ပြုစု စောင့်ရှောက်သွားနိုင်ပါ့မလား။

သင်ကပြုစုသွားနိုင်တယ်ထားဦး ။ သင်တိမ်းပါးသွားခဲ့တဲ့နောက်ပိုင်း ဒီကလေးကို ဘယ်သူက သင့်လို စိတ်ရှည်စွာ ပြုစုစောင့်ရှောက်သွားနိုင်ပါ့မလဲ ။ ထိုဥာဏ်ရည်မမီသော ကလေးဟာ မိန်းကလေးများ ဖြစ်နေခဲ့ရင် …. မတော်သူတွေ စော်ကားပြီး ရလာမယ့်ကိုယ်ဝန်နဲ့ မွေးဖွားလာမယ့်ကလေး …. အင်း တွေးနိုင်သမျှတွေးရင် မဆုံးဘူးပေါ့။ ရင်လေးစရာတွေလည်း တပုံတပင်နဲ့ပါ။

အစစ ကြိုတွေးထားတာ မမှားဘူးပေါ့။ တွေးနိုင်လေ ကြိုပြင်ဆင်နိုင်လေပါပဲ ။ ဒီကိစ္စမျိုးမှာ အတွေးခေါင်တယ်လို့ ဆိုလို့မရပါဘူး ။ လူတစ်ဦးရဲ့ ဘဝ ၊ တစ်မိသားစုလုံးရဲ့ အနာဂါတ်နဲ့ ရေရှည် တွက်ထားရမယ့် ကိစ္စတွေပါ။

ရတု (Burmesehearts.com)

You might also like