Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
D ၀သုန်-ပထမအနမ်း – BurmeseHearts

D ၀သုန်-ပထမအနမ်း

0

ကျွန်တော် သူငယ်တန်းတုန်းက မှတ်မှတ်ရရဖြစ်ရတဲ့ ကောင်မလေးတစ်ယောက်ပေါ့ဗျာ။ သူမက ပါးဖောင်းဖောင်း၊ မျက်လုံးဝိုင်းဝိုင်း၊ နှုတ်ခမ်းဝိုင်းဝိုင်းလေး ပိုင်ဆိုင်ပြီး ချစ်စရာကောင်းတယ်ခင်ဗျ။ နဂိုချစ်စရာကောင်းပါသည်ဆိုမှ ပါးကွက်ဝိုင်းဝိုင်းနှင့် ဆာမူရိုင်းဆံပင်ဂုတ်ဝဲကို ခေါင်းစည်းအမျိုးမျိုးဖြင့် နှစ်ဖက်ခွဲစည်းပေးထားတတ်သေးသည်။

သူမကမာနကြီးတာ မဟုတ်လောက်ပေမယ့် အပြောအဆိုနည်းသည်။ ထို့ကြောင့်လဲ အပေါင်းအသင်းနည်းသည်။ သူများကစားလျှင် ၀င်မကစားဘဲ ဘေးကတောင် ရပ်ကြည့်ခဲသူဖြစ်သည်။ ဒါကသူမ၏ ထူးခြားချက်ပင်။

ပထမနေ့ – မုန့်စားဆင်းချိန်တွင် ကောင်မလေးက သူမ၏ထမင်းဗူးဖွင့်စား၍ ပြီးသွားသောအခါ စာသင်ခန်းရှေ့ ဆရာမကျခဲ့သော မြေဖြူအပိုင်းအစများကို လိုက်ကောက်ကာ ဆရာမစားပွဲပေါ် ကောက်တင်ပေးသည်။ အခန်းထဲမှာ ခပ်အေးအေးနှင့် ကုပ်ချောင်းချောင်းနေတတ်သော ကျော်စွာက ကောင်မလေးရှိရာသို့ ပြေးသွားတာ ကျွန်တော်မြင်လိုက်သည်။ သူမက ကြမ်းပေါ်မှဖြေဖြူများ ကောက်နေသည်မို့ စားပွဲပေါ်တွင် မမှီလိုက်သည့်စာများ ထိုင်ကူးနေသည့် ကျွန်တော်က စာသင်ခုံများနှင့် ကွယ်နေသဖြင့် ကျော်စွာ ကောင်မလေးအား ဘာကုန်းလုပ်လိုက်မှန်းတော့ မမြင်လိုက်ပါ။ ကျော်စွာ ၎င်းနေရာသို့ပြန်လာချိန်တွင် ကောင်မလေးက သူမ၏ပါးကိုကိုင်ပြီး ကျော်စွာ့ကျောကို တအံ့တသြငေးလို့။ ခဏနေတော့ သူမနေရာ သူမပြန်ထိုင်သည်။

ဒုတိယနေ့ – ကောင်မလေးက မုန့်စားဆင်းချိန်တွင် ခါတိုင်းနေ့များကလို ထမင်းစားပြီး ဆရာမစားပွဲ ရှင်းပေးနေသည်။ ကျော်စွာက ကောင်မလေးနားပြေးသွားကာ ကောင်မလေးပါးကို အားရပါးရဖက်နမ်းလိုက်တာ အခန်းထဲမှာ မုန့်စားဆင်း ဘောဖျက်ဖို့တာဝန်ကျသည့် ကျွန်တော်သေချာမြင်လိုက်ရသည်။ ကျော်စွာကနမ်းပြီး ဘာမှမဖြစ်လေဟန်လှည့်ထွက်သွားပေမယ့် ကောင်မလေးက ကျွန်တော့်ကိုတလှည့်၊ ကျော်စွာ့ကိုတလှည့်ကြည့်ကာ မျက်လုံးဝိုင်းကြီးက မျက်ရည်တလည်လည်။

တတိယနေ့ – ကျွန်တော်က ကောင်မလေးနှင့် ကျော်စွာ့ကို စိတ်ဝင်စားသွားပြီမို့ ဒီနေ့ကော ကျော်စွာ ကောင်မလေးကို ဘာလုပ်မှာလဲဟုတွေးကာ မုန့်စားဆင်းချိန်တွင် အတန်းထဲ၌် ၎င်းတို့နှစ်ယောက်အခြေအနေကို တမင်စောင့်ကြည့်နေသည်။ ဒီနေ့တော့ ကောင်မလေးမှာ ထမင်းစားပြီးကတည်းက တုပ်တုပ်မှမလှုပ်ဘဲ ကျောင်းစာအုပ်များကို လှန်လှောရင်း တစ်ယောက်တည်း ကစားနေသည်။ ကျော်စွာက ကောင်မလေးအနားသို့ ဖျတ်ခနဲဘယ်နေရာက ပြေးလာလဲမသိ။ ကောင်မလေးကို ဖက်နမ်းလိုက်ပြန်သည်။ ဒီတစ်ခါတော့ ကောင်မလေးက လန့်သွားတာလား၊ ဘာလားတော့မသိ ငိုပြီး ဆရာမများနားနေခန်းသို့ ပြေးသွားတော့သည်။

မကြာပါ။ အတန်းပိုင်ဆရာမက ကောင်မလေးရယ်၊ ကျော်စွာရယ်၊ ကျွန်တော့်ရယ်ကို ဆင့်ခေါ်ကာ ကျော်စွာကောင်မလေးကိုနမ်း၊ မနမ်း မေးတော့သည်။ ကျွန်တော်မထောက်ခံကတည်းက ကျော်စွာက ဆရာမကို ကောင်မလေးကိုသူနမ်းကြောင်း ၀န်ခံသည်။ ကောင်မလေးကို သူအရမ်းချစ်လို့နမ်းတာပါတဲ့။ ကောင်မလေးက ဆရာမများရှေ့မို့ ရှက်ပြီးပိုငိုသည်။ ဆရာမတွေကလဲ ကလေးအချင်းချင်း ဖြစ်သည့် ပြဿနာအသေးအမွှားမို့ ကျော်စွာ့ကိုလဲခြောက်၊ သူမကိုလဲချော့ဖြင့် ပြဿနာဖြေရှင်းလိုက်သည်။

ဆရာမက နောက်တစ်ခါနမ်းလျှင် မိဘရုံးခန်းခေါ်ရမည်ဟု ကျော်စွာ့ကိုခြောက်ရာ၊ ကျော်စွာက မိဘတွေကို သားကဖွင့်ပြောပြပြီးသားဟုပြောသဖြင့် ဆရာမတွေမှာ ခွီးကနဲ ရယ်မိမတတ်ဖြစ်သွားသေး။ ကောင်မလေးက ထိုစကားကြားတော့ ပြန်ငိုပါလေရော။ ထိုနေ့ကစ၍ ကျော်စွာကောင်မလေးကို ထပ်နမ်း၊ မနမ်းတော့ ကျွန်တော်မသိတော့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အတန်းသားတွေ ကောင်မလေးကို အခွင့်အရေးရတိုင်း နေရာမရွေး နေ့စဉ် နမ်းဖြစ်သည်မှာ ပါးကွက်ပျက်သည်အထိပင်။ အဲဒီထဲ ကျွန်တော်လဲပါတာပေါ့။ ကလေးပဲ ဘယ်သိမှာလဲ သူများတွေနဲ့ လုပြီးလုပ်ရတာ အဲဒီတုန်းက ပျော်စရာကြီးပဲ။

ကောင်မလေးက ကျော်စွာ တစ်ယောက်တည်းတုန်းက ဆရာမကိုတိုင်ပေမယ့် အများနှင့်မို့လားမသိ။ ကျွန်တော်တို့နမ်းတာ ဆရာမကိုမတိုင်ပါ။ ဒါပေမယ့် ရက်အနည်းငယ်နေတော့ ကောင်မလေးကျောင်းမလာတော့။ ကျောင်းပြောင်းသွားသည်တဲ့။ ရက်စက်လိုက်လေ။ အဲဒီကစလို့ ပါးကွက်ဝိုင်းလေးနဲ့ ကျွန်တော်တို့ ဝေးခဲ့တာ အခုထိပါဘဲ။ ပြန်ကိုမတွေ့တော့ဘူး။ အခု ကျွန်တော့်ရှေ့တော့ ပါးကွက်ဝိုင်းဝိုင်းလေး ကွက်မထားနဲ့နော်။ ပထမအနမ်းကို သတိရပြီးပြေးနမ်းလိုက်မှာ…….ကျွန်တော့် ချစ်သူဆိုရင်ပြောပါတယ်။

D ၀သုန်(Burmesehearts.com)

You might also like