Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မိမိက မပြောင်းလဲချင်သရွေ့ ဘယ်သူမှ မိမိအား မပြောင်းလဲနိုင်ပါ – BurmeseHearts

မိမိက မပြောင်းလဲချင်သရွေ့ ဘယ်သူမှ မိမိအား မပြောင်းလဲနိုင်ပါ

0

ဂရုစိုက်တတ်အောင် သင်ယူလို့ရပါတယ်။ ဂရုစိုက်ချင်စိတ်ပဲ လိုတာပါ။
ဂရုစိုက်တတ်အောင် သင်ယူလို့ရပါတယ်။ ဂရုစိုက်ချင်စိတ်ပဲ လိုတာပါ။

မိခင်ကပဲ သားသမီးကို စောင့်ရှောက်သွားရမယ်ဆိုတဲ့ အတွေအခေါ်ကြီးဟာ ရာနှုန်းပြည့်မှန်တယ်ရယ်လို့ မဟုတ်ပါဘူး ။ မိသားစု စားဝတ်နေရေးအတွက် ဘယ်သူ့ဝင်ငွေဟာ ပိုအရေးပါနေသလဲ။ ဥပမာ- မိခင်ရဲ့ဝင်ငွေက ဖခင်ရဲ့ဝင်ငွေထက် များနေပါတယ်ဆိုပါစို့ ။ အဲဒီအိမ်ထောင်က ရခဲ့တဲ့ကလေးကို အနီးကပ်ပြုစုစောင့်ရှောက်ဖို့ ကလေးထိန်းလည်းငှါးဖို့ မတတ်နိုင်တဲ့အခြေအနေမှာ ကလေးကို ဖခင်ကအနီးကပ် ပြုစုစောင့်ရှောက်တာ ပိုမသင့်တော်ဘူးလား။ (နို့တိုက်ဖို့ကို မိခင်က အလုပ်သွားချိန်ကလွဲပြီး တာဝန်ယူမယ်ဆိုရင်ပေါ့။)

မိမိတို့သားသမီး ကိုယ်တိုင်ပြုစုစောင့်ရှောက်ကြဖို့အတွက် မိဘကိုယ်တိုင်က ပြုစုစောင့်ရှောက်ချင်စိတ် ရှိရမယ့်အပြင် အစိုးရက အလုပ်လုပ်ကိုင်သော မိဘတွေရသင့်တဲ့ ကလေးမီးဖွားခွင့်ကြာကြာ ပေးထားခြင်း ၊ အလုပ်ချိန်ကို ညှိနှိုင်းပေးခြင်း ၊ ကလေးမီးဖွားခွင့်ရက်ပြည့်လို့ အလုပ်ကိုပြန်လာလုပ်ရင်လဲ ကိုယ့်ရာထူး နေရာနဲ့ လစာကို ကိုယ်ပြန်ရဖို ဥပဒေအရ တင်းတင်းကြပ်ကြပ် ပြဌာန်းထားဖို့လည်း လိုပါတယ်။

ပိုက်ဆံနဲ့ ဝယ်ယူလို့ရတဲ့ အရာတွေထက် ဘဝကို ပိုအသက်ဝင်စွာ နေထိုင်သွားခြင်းဆိုတာတွေလဲ ရှိပါတယ်။ ဆိုလိုတာက ပိုက်ဆံနဲ့ ပေးငှါး ၊ ပေးဝယ် လိုက်တဲ့အရာတိုင်းဟာ ဘဝကို ပိုအသက်ဝင်စွာ ပြီးပြည့်စုံတယ်လို့ ခံစားစေမှာမဟုတ်ပါဘူး။ ပိုက်ဆံနဲ့ ဝယ်ယူလို့မရဘဲ ဘဝကို ပြီးပြည့်စုံတယ်လို့ ခံစားစေတဲ့အရာဟာ မေတ္တာပါ။

သင့်သားသမီးတွေ (အထူးသဖြင့် အသက်နှစ်နှစ်အောက် ကလေးငယ်များ)ဟာ မိဘဖြစ်တဲ့ သင့်ရဲ့မေတ္တာနဲ့ ဂရုတစိုက် ကြည့်ရှုစောင့်ရှောက်ကို လိုအပ်ပါတယ်။ အိမ်အကူတွေနဲ့ ထားခြင်းခံရတဲ့ ကလေးတွေရဲ့ စိတ်အခြေအနေ နဲ့ အိမ်အကူတွေရဲ့ အခက်အခဲကို နောက်ပိုင်းမှာ ပို့စ်သတ်သတ် ရေးသားပေးသွားမှာပါ။

သားသမီးကို ကိုယ်တိုင်ဂရုစိုက်ပြုစုစောင့်ရှောက်လိုစိတ် မမွေးမြူနိုင်တဲ့ တချို့မိဘတွေကတော့ ဒီလိုရေးထားတာ ဖတ်ရတဲ့အတွက် စိတ်ဆိုးဒေါသဖြစ်ကြမှာပါ။ အထူးသဖြင့် သားသမီးငယ်ငယ်လေးတွေကို ကိုယ်တိုင်ကြည့်ရှုစောင့်ရှောက်ရမယ့်အစား မိဘ ၊ မောင်နှမတွေနဲ့ ထားခဲ့တာ ၊ အိမ်ဖော်နဲ့ ထားခဲ့တာ ၊ နေ့ကလေးထိန်းကျောင်းတွေ ပို့ထားပြီး စီးပွားရေးဆိုတဲ့ သံသရာကြီးမှာ ပိတ်မိနေသူတွေကတော့ စိတ်ဆိုးဒေါသဖြစ်ကြမှာပါ။

ကိုယ့်သားသမီးကို ကိုယ်တိုင်ကိုယ်ကျ မပြုစု ၊ မစောင့်ရှောက်လိုတဲ့ မိဘတွေဟာ သူတို့ကိုယ်တိုင်ကလွဲလို့ ဘယ်သူမှ သူတို့ကို ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရွေးချယ်မှုကိုက ကလေးကို ကိုယ်တိုင်ပြုစုစောင့်ရှောက်ဖို့ထက် တခြားဟာ ဖြစ်နေလို့ပါပဲ။

ဒါပေမယ့် ငါ့သားသမီး တခုခုတော့ မှားနေပြီဆိုသလိုမျိုး ၊ ငါတို့မိသားစုဘဝလေး ဒီ့ထက်နူးညံ့တဲ့ ဆက်ဆံရေးမျိုးနဲ့ စိုစိုပြေပြေဖြစ်ချင်တယ် ၊ အချစ်တွေ ပျော်ရွှင်မှုတွေ စုနေတဲ့ မိသားစုကလေး ဖြစ်ချင်တယ်ဆိုတဲ့ မိဘမျိုးတွေအတွက်တော့ ဒီပို့စ်က အထောက်အကူဖြစ်မှာပါ။ ကိုယ့်သားသမီးကို ကိုယ်တိုင်ပြုစုစောင့်ရှောက်လို့ ရလာတဲ့ပီတိလောက် ဘယ်အရာမှ မပြည့်စုံစေပါဘူး။

အချိန်တွေဆိုတာ ပြန်မရဘူး။ ကြီးပြင်းလာတဲ့ သားသမီးတွေရဲ့ ငယ်ဘဝကိုလည်း ပြန်ယူလို့မရဘူး။ သားသမီးကြီးလာမှ သားသမီးငယ်ငယ်တုန်းက ကိုယ်တိုင်ပြုစုစောင့်ရှောက်လို့ရတဲ့ပီတိမျိုး ပြန်ယူချင်တယ်ဆိုလို့ မရဘူး။ အဲဒီအချိန်က ရှာခဲ့တဲ့ ငွေတွေနဲ့လဲ ပြန်ဝယ်လို့မရဘူး။ သားသမီးနဲ့ကိုယ့်ကြားက စိမ်းသက်သက် ဆက်ဆံရေးကို အဲဒီငွေတွေနဲ့ ပြန်ဝယ်မယ်ဆိုလို့လည်း ငွေကြောင့်ဟန်ဆောင်ခဏ ရရှိမှာဖြစ်ပြီး ရင်ထဲကလာတဲ့ နွေးထွေးမှုမျိုးကိုတော့ ပြန်ရရှိတော့မှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆို ကိုယ်တိုင်က နွေးထွေးတဲ့ဆက်ဆံရေး ၊ ပူးပူးကပ်ကပ်ထိတွေ့ နားလည်မှုပေးခြင်းဆိုတာတွေကို မလုပ်ခဲ့လိုပါပဲ။

ရတု (Burmesehearts.com)

You might also like