Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ပိုးဖလံငယ်ရဲ့ နောင်တ – BurmeseHearts

ပိုးဖလံငယ်ရဲ့ နောင်တ

0

ပွင့်ဖြူ (အမည်လွှဲ)လို့ခေါ်တဲ့ ကျွန်မသူငယ်ချင်းဟာ အသက်မပြည့်ခင့် အိမ်ထောင်ကျသွားတဲ့ အစ်ကိုတစ်ဦး နဲ့ ယောက်ျားစိတ်ပေါက်နေတဲ့ ညီမတစ်ဦးရှိတယ်။ မိဘတွေက အလုပ်အကိုင်ကောင်းလွန်းလို့ တသောသောဝင်လာတဲ့ ပိုက်ဆံတွေ စိစစ် ၊ ထိန်းသိမ်း ၊ ရင်းနှီးပြီး စီးပွားပြိုင်ဖက်တွေထက်သာအောင် အားထုတ်နေရတဲ့အတွက် သားသမီးတွေကို တပည့်တပန်းတွေ ၊ ဆွေမျိုးတွေ ၊ အိမ်အကူတွေနဲ့ အမြဲဆိုသလို လွှတ်ထားတတ်သူတွေဖြစ်တယ်။

ဆယ်တန်းဖြေပြီးတာနဲ့ ဂိုက်နဲ့ခိုးပြေးပြီး အိမ်ထောင်ကျသွားတဲ့ ပွင့်ဖြူအစ်ကို ကို မိဘတွေက သီးသန့်ခွဲနေဖို့ အိမ်တဆောင် ၊ မီးတပြောင်ထားပေးပြီး လုပ်ငန်းမှာ တောက်တိုမယ်ရ ဝင်လုပ်စေတယ်။ အဲဒီအချိန်တုန်းက ကျွန်မသူငယ်ချင်းဟာ ဆယ်တန်းတက်စအရွယ်ပေါ့။

ပွင့်ဖြူ သူ့အစ်ကိုလို ခပ်စောစော အိမ်ထောင်မကျအောင် ၊ စိတ်မလေသွားအောင်ဆိုပြီး ဆယ်တန်းစာမေးပွဲပြီးတာနဲ့ ကွန်ပျူတာသင်တန်းကို မိဘတွေက အပ်နှံပေးလိုက်ပါတယ်။ အဲဒီမှာဇတ်လမ်းစတာပေါ့နော်။ သင်တန်းချိန်ရီကို ကြိုပို့လုပ်ပေးရတဲ့ အိမ်ကကားဒရိုင်ဘာဟာ ပွင့်ဖြူကို ကွန်ပျူတာသင်တန်းပို့ပြီးတာနဲ့ တခြားခိုင်းထားတာတွေ ပြေးလုပ်ရတယ်။ လမ်းမှာ ကားကြပ်တော့ ကွန်ပျူတာသင်တန်းအဆင်း အချိန်မီတဲ့အခါရှိတယ်။ မမီတဲ့အခါရှိတယ်။

အိမ်ကလာကြိုတဲ့ကား အရမ်းနောက်ကျသွားရင် ပွင့်ဖြူက တခါမှတစ်ယောက်တည်း မစီးဖူးတဲ့ တက္ကစီကို စစီးကျင့်ရှိလာတယ်။ တစ်ခါက နှစ်ခါ ငှါးစီးရင်းက ကားကြပ်ကြပ်အချိန်တွေမှာ တက္ကစီ လူငယ်ဒရိုင်ဘာရဲ့ အရွှန်းဖောက်မှုတွေ ၊ ပွင့်ဖြူမသိသေးတဲ့ အကြောင်းအရာတွေ ဖလှယ်ပြောဆိုဖြစ်ရာက ပွင့်ဖြူဟာ သင်တန်းရှေ့မှာ ဂိတ်ထိုးတဲ့ လူငယ် တက္ကစီဒရိုင်ဘာမောင်းတဲ့ကားကိုပဲ အမြဲလိုလို ငှါးစီးဖြစ်တာ ပွင့်ဖြူတို့အိမ်က သတိမထားဖြစ်ခဲ့ဘူး။

ခင်လာတော့ အိမ်က ကားနောက်ကျတာနဲ့ ပွင့်ဖြူက သူငယ်ချင်းတွေနဲ့ပြန်တယ်လို့ အိမ်ကိုညာပြီး တက္ကစီဒရိုင်ဘာလေး အခမဲ့လိုက်ပို့တဲ့ ကစားကွင်းတွေ ၊ ပန်းခြံတွေ ၊ ရောက်တတ်ရာရာတွေကို သွားတတ်လာပြီ။ သုံးလကွန်ပျူတာသင်တန်းပြီးဆုံးသွားတော့ ဇတ်လမ်းဆက်ချင်သေးတာမို့ နောက်တဆင့်ကို ထပ်တက်တယ်။ အဲဒီ ဒုတိယသင်တန်း တစ်လမတိုင်မီမှာတင် ပွင့်ဖြူနဲ့ တက္ကစီဒရိုင်ဘာတို့ ခိုးပြေးသွားပါလေရော။ အဲဒီတော့မှ အိမ်က ပွင့်ဖြူရဲ့ ဇတ်လမ်းကို သိတော့တယ်။ ဒါပေမယ့် နောက်ကျသွားပြီ။

တကယ်ဆို ခိုးရာလိုက်ပြေးတယ်ဆိုတာထက် ပွင့်ဖြူနဲ့ အီစီကလီဖြစ်နေတဲ့ တက္ကစီဒရိုင်ဘာက ပွင့်ဖြူကို ကားတင်ပြေးသွားခဲ့တယ်ဆို ပိုမှန်လေမလား။ ပွင့်ဖြူဟာ သင်တန်းကအပြန် ဟို ၊ ဒီ လိုက်ပို့တဲ့ ကားသမားနဲ့ အတူသွားရင်း မြို့စွန်မှာ ခရီးလွန်သွားခဲ့တာ။ မိုးချုပ်လို့ အိမ်မပြန်ရဲတော့တဲ့အတူတူ မထူးဘူးဆိုပြီး သူ့ကို “ကလေး ” လို့ တိုးတိုးဖွဖွခေါ်ပြီး ယုယုယယ ပြုမူတတ်တဲ့ အဲဒီဒရိုင်ဘာလက် သူမဘဝကို ပုံအပ်ခဲ့တာ။ အဲဒီအချိန်မှာ ပွင့်ဖြူဟာ (၁၀)တန်းအောင်စာရင်းထွက်ပြီးစအချိန်ဆို ဘယ်လောက်ငယ်လိုက်ဦးမလဲနော်။

ပွင့်ဖြူကြောင့် မိဘတွေက ဒေါသူပုန်ထပြီး မခေါ် ၊ မပြော ပစ်ထားတာပေါ့။ ပွင့်ဖြူတို့နှစ်ဦးကလည်း တစ်လလုံးလုံးကို ပါလာတဲ့လက်ဝတ်လက်စားတွေ ထုခွဲရောင်းချပြီး စားသောက်ပျော်ပါးကြတာ ဟန်းနီမွန်းကို ဖြစ်လို့နေတာပေါ့။ ပွင့်ဖြူအပြောအရတော့ အဲဒီကာလဟာ ဘဝမှာ သူ့အတွက် အပျော်ရွှင်ရဆုံးအချိန်တွေပါတဲ့။

BurmeseHearts Blog

လက်ဝတ်လက်စားကုန်သွားတော့ ပါသွားတဲ့ ကိုယ်ပိုင်တက္ကစီကို အဲဒီတက္ကစီဒရိုင်ဘာက ထုခွဲရောင်းချပါတယ်။ သူက ပွင့်ဖြူထက် (၆)နှစ်ကြီးပြီး နိုင်ငံခြားက ပြန်လာတာ မကြာသေးဘူးလို့ သိရပါတယ်။ ဟိုမှာအလုပ်လုပ် ၊ စုဆောင်းလို့ရတဲ့ငွေနဲ့ ကားဝယ်ပြီး တက္ကစီဆွဲတာလေ။ အဲဒီဝင်ငွေနဲ့ သူ့မိသားစုတွေဟာ မှီခိုနေရတာလို့ သိရပါတယ်။

ကားရောင်းပြီးတော့ ဒဂုံမြို့သစ်က တိုက်ခန်းခပ်မြင်မြင့်တနေရာမှာ နှစ်ယောက် ငှါးနေတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ မချက်တတ် ၊ မပြုတ်တတ် ၊ ဘာမှမလုပ်တတ်တဲ့ ပွင့်ဖြူဟာ အဲဒီကစပြီး မိဘတန်ဖိုးသိလို့ မိဘအိမ်ကို လွမ်းလာပါပြီ။ ကားရောင်းလိုက်တော့ ခင်ပွန်းကလည်း အလုပ်မရှိဘူးလေ။ ယူထားတာ တစ်နှစ်လောက်ရှိလာတော့ သမီးရယ်လို့ တစ်ဦးတည်း ဖြစ်ဖြစ်မြောက်မြောက်ရှိတဲ့ ပွင့်ဖြူကို မိဘနဲ့ အစ်ကိုက မပြတ်နိုင်ပါဘူး။ နောက်တစ်ဦးက သမီးဖြစ်ပေမယ့် သိတတ်ကတည်းက ယောကျာ်းစိတ်ပေါက်နေခဲ့တာကိုး။

မိဘတပည့်တပန်းတွေ တစုတဝေးနဲ့ ခြေမွှေးမီးမလောင် ၊ လက်မွှေးမီးမလောင် သိုင်းသိုင်းဝန်းဝန်း နေခဲ့ရတဲ့ဘဝကိုလည်း ပွင့်ဖြူက လွမ်းလှပြီပေါ့။ နောက်ဆုံး ပွင့်ဖြူတို့လင်မယားကို အိမ်ပြန်ခေါ် သူတို့နေဖို့ တစ်ထပ်တိုက်လေးကို မြေဝယ်ပြီး ပွင့်ဖြူစိတ်ကြိုက်ဆောက်ပေး ၊ အင်္ဂလိပ်စာကျွမ်းကျင်တဲ့ ပွင့်ဖြူအမျိုးသားကိုလည်း  သွင်းကုန်ထုတ်ကုန် ကုမ္ပဏီထောင်ပေးနဲ့ ပွင့်ဖြူမိဘတွေက ဝတ္တရားကျေခဲ့ပါတယ်။

အဲဒီကာလတုန်းက အောက်ထစ် သိန်းငါးဆယ်ရှိတဲ့ လက်ကိုင်ဖုန်းတစ်လုံး ၊ အဆင့်မြင့်မြင့် ကားတစ်စီး ၊ လုပ်ငန်းသုံးကားတစ်စီး ၊ ကုမ္ပဏီပိုင် ၊ အိမ်ပိုင်နဲ့ နေရတဲ့ ပွင့်ဖြူအမျိုးသားဟာ ကိုယ်ဝန်ရှိလာတဲ့ ပွင့်ဖြူကို သိပ်ကြင်နာတဲ့သူလို့ ပွင့်ဖြူက ကျွန်မကို ပြောခဲ့ဖူးပါတယ်။ မွေးလာတဲ့ သမီးကလေးကိုလည်း သူက သဲသဲလှုပ်လို့ပေါ့။ အဲဒါတွေဟာ ပွင့်ဖြူရှေ့မှာနဲ့ ပွင့်ဖြူရဲ့ အမျိုးတွေရှေ့မှာပဲဆိုတာတော့ နောက်ပိုင်းရတဲ့ သတင်းတွေအရ သိရပါတယ်။

ကိုယ်ပိုင်သီးသန့်တိုက်နဲ့နေပေမယ့် သိုင်းသိုင်းဝန်းဝန်းနေရတာပျော်တဲ့ပွင့်ဖြူ ၊ ကိုယ့်ရင်သွေးကိုလည်း ကောင်းကောင်း မထိန်းကျောင်းတတ်သေးတဲ့ အရွယ်မရောက် ကလေးအမေ ပွင့်ဖြူကို သူ့အမျိုးသားက မနက်မိုးလင်းတာနဲ့ သူ့အမေအိမ်ကို ကလေးနဲ့အတူပို့ပြီး သူကတော့ ကုမ္ပဏီသွားပါတယ်။ ကုမ္ပဏီကအပြန် (တခါတလေစော ၊ တခါတလေမိုးချုပ်) ပွင့်ဖြူနဲ့ကလေးကို ဝင်ကြိုပြီး သူတို့အိမ်ပြန်အိပ်ကြပါတယ်။

နောက်ပိုင်းမှာ ပွင့်ဖြူအမျိုးသားကားပေါ်မှာ မိန်းကလေးထည်လဲ တွေ့နေရတာကို ပွင့်ဖြူအသိုင်းအဝန်းက ပြန်ကြားရတယ်။ ပွင့်ဖြူသူငယ်ချင်းတွေက ပြန်ပြောကြတယ်။ ကျွန်မကိုယ်တိုင်လည်း မြင်တွေ့ခဲ့ဖူးပေမယ့် နာကျင်စွာ ငိုကြွေးရင်ဖွင့်လာခဲ့တဲ့ ပွင့်ဖြူကြောင့် ပြန်မပြောပြဖြစ်ခဲ့ဘူး။ ပွင့်ဖြူမှာ ကိုယ့်ရှေ့ ယုယကြင်နာပြတဲ့ ကိုယ်ထက်လဲ အသက်အရွယ် အတွေ့အကြုံရင့်ကျက်တဲ့ ယောက်ျားကို သူနာကျင်တာတွေ ပြန်မပြောရဲဘူး။ သမီးလေးမျက်နှာလည်း ရှိသေးတယ်လေ။

ပွင့်ဖြူမိဘတွေခမျာလည်း သမီးမျက်နှာ ၊ လူလားမမြောက်သေးတဲ့ ကလေးမျက်နှာတွေကြည့်ပြီး ပြောချင်တဲ့စကားလုံးတွေကို အကြိမ်ကြိမ် မြိုချထားတယ်လို့ ပွင့်ဖြူက ကျွန်မကိုရင်ဖွင့်ခဲ့တယ်။ နောက်ဆုံး ကလေးကို ပွင့်ဖြူမိဘတွေအိမ်မှာ အပ်ခဲ့ပြီး ခင်ပွန်းနဲ့ အချိန်များများအတူရှိနိုင်ဖို့ ပွင့်ဖြူ ကြိုးစားပေမယ့် သူနားမလည်တဲ့ လုပ်ငန်းကိစ္စတွေ ၊ ပေါင်းသင်းဆက်ဆံရေးပွဲလမ်းတွေမှာတော့ ပွင့်ဖြူနောက်ရောက်သွားခဲ့ပါပြီ။

နောက်ကွယ်မှာ မိန်းကလေးတွေနဲ့ တွဲနေတဲ့ခင်ပွန်း ကိုယ်ရှေ့ ကိုယ့်ကိုယုတာ ၊ သမီးလေးကို ကြင်နာပြတာတွေနဲ့ ချေထားတယ်လို့ ပွင့်ဖြူကဆိုပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှာ ကိုယ့်ရှေ့အတည်တွဲမလဲ။ ဘယ်တော့ လမ်းခွဲမလဲဆိုတာတော့ ပွင့်ဖြူကို ခြောက်လှန့်လို့ နေပါတယ်တဲ့။ တကယ်ဆို ပွင့်ဖြူဟာ မြင်ရုံနဲ့ အပြစ်ကင်းစင်ပြီး ရိုးသားတဲ့ ချစ်စဖွယ် နုနုငယ်ငယ် မိန်းကလေးပါ။ သူမရဲ့အိမ်ထောင်ရေးက သူမကို ဘူးသီးအမွေးသပ်ဖြစ်စေတယ်ဆိုရင် မှားမလားနော်။ အဝေးရောက်ဘွဲ့တစ်ခုယူပြီးတဲ့အချိန်မှာ ကလေးက မူကြိုတောင် တက်လို့နေပြီလေ။ ဆုပ်လဲဆူး စားလဲရူးပေါ့။

ကျွန်မကို ပွင့်ဖြူ ငိုပြီးပြောလေ့ရှိတဲ့ စကားတစ်ခွန်းက သူနောင်တရတယ်တဲ့။ စိတ်နောက်ကိုယ်ပါ တချက်ကလေးမှားခဲ့တဲ့ အဲဒီရွေးချယ်မှုကို ဘဝထဲက ဖြတ်ထုတ်လို့ရရင် ဖြတ်ထုတ်လိုက်ချင်တယ်လို့လည်းဆိုဖူးတယ်။ သူဟာ သူ့ခင်ပွန်းနဲ့ရခဲ့တဲ့ သူ့သမီးကို ချစ်လွန်းတော့ အဲဒီသမီးလေးကို ဘဝထဲက မပစ်ပယ်နိုင်သရွေ့ ဟန်ဆောင်ကောင်းတဲ့ခင်ပွန်းကို ပေါင်းသွားမယ်လို့ ဆုံးဖြတ်ထားတယ်လို့လည်း ဆိုခဲ့တယ်။

ဒါဟာ ကျွန်မသူငယ်ချင်းရဲ့ တကယ့်ဖြစ်ရပ်မှန်ပါ။ ဘဝမှာ ခြေတလှမ်းမှားသွားခဲ့လို့ တဘဝလုံး ပုံပေးဆပ်နေရတဲ့ ပွင့်ဖြူလိုမိန်းကလေးတွေ ဘယ်လောက်များ ရှိနေမလဲနော်။

တကယ်ဆို မိဘတွေက အလုပ်များတာလည်း များတာပေါ့။ ကိုယ့်သားသမီးကို လုံးဝမျက်ခြေပြတ်သွားတဲ့အထိတော့ မဖြစ်သင့်ဘူးလို့ ကျွန်မအကြံပေးလိုပါတယ်။ အတွေ့အကြုံမရှိတဲ့ ဆယ်ကျော်သက်အရွယ်က ပိုမှားလွယ်တယ်လေ။ ငွေဆိုတာ လွတ်သွားရင် ပြန်ရှာလို့ရပါတယ်။ သားသမီးရဲ့ဘဝကတော့ ပျက်သွားပြီဆိုရင် အသစ်ပြန်လဲပေးလို့ မရတော့ဘူးနော်။ အနာအဆာကို ငွေနဲ့ ဖုံးအုပ်ထားလို့ပဲရမယ်။ အသစ်တော့ ပြန်ဖြစ်လာမှာမဟုတ်တော့ဘူး။

ရတု (Burmesehearts.com)

You might also like