Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကလေးကို ပုံသွင်းမယ့် လူကြီး – BurmeseHearts

ကလေးကို ပုံသွင်းမယ့် လူကြီး

0

ကလေး

မွေးကင်းစ ကလေးတစ်ယောက်က မိနစ်ပိုင်းအတွင်း သိခြင်းဆိုတဲ့ အသိတရားကို အလိုအလျောက် ရလာပါတယ်။ သူ့ကို ချီထားတာ အမေဟုတ်တယ်။ အမေမဟုတ်ဘူး။ ကလေးရဲ့ သိတတ်မှုက လူအဖြစ် ရလိုက်ကတည်းက တစ်ပါတည်း ပါလာပြီးသားပါ။

အသက် နှစ်နှစ်သားလောက် ရောက်လာတော့ ပတ်ဝန်းကျင်ကို ကလေးစတင် သတိထားမိ လာပါတယ်။ ကလေးရဲ့အစ်ကို ကျောင်းသွားခါနီး တရှုပ်ရှုပ် ငိုနေတာ။ ကလေးရဲ့ အစ်မကို ကျူရှင်ဆရာမက ဆူပူကြိမ်းမောင်းနေတာ။ အဖေက အစ်ကိုအကြီးဆုံးကို အဆင့်ကျသွားလို့ ကြိမ်လုံးနဲ့ အားရပါးရ ရိုက်နေတာ။ ဒီမြင်ကွင်းတွေက ကလေးကို ကြိုတင်ခြောက်လှန့်နေတဲ့ ကျောင်းမသွားမီ မြင်ကွင်းတွေပါ။ စာမသင် ရသေးဘူး။ ကျောင်းမသွား ရသေးဘူး။ ဒါပေမဲ့ ကလေးစိတ်ထဲ ကလေးအတွေးနဲ့ သိသလောက်၊ ခံစားရသလောက်ဆို စာသင်တာဟာ အရိုက်ခံစရာ၊ စိတ်ညစ်စရာလို့ ယူဆမိပါတော့တယ်။

ကလေးဆိုတာ ပုံစံခွက်ထဲကို ပုံသွင်းခံရမယ့် ဖယောင်းလို့ လူကြီးတွေက ဆိုကြပါတယ်။ အဲဒီ အယူအဆ လွှမ်းမိုးမှုက ကလေးတွေရဲ့ ပင်ကိုဗီဇ၊ အစွမ်းအစ၊ အခွင့်အလမ်းတွေအားလုံး ပိတ်ဆို့ခံလိုက် ရတော့တာပါပဲ။ လူကြီးတွေ ပုံသွင်းသလို ဖြစ်မလာရင် လူကြီးတွေရဲ့ ဒေါသအလျောက် အဆူခံ အရိုက်ခံ ရတော့မှာ ဧကန်ပါ။

လူကြီး

လူကြီးဆိုတာ အသက် (Chronolgical Age) ကြောင့် လူကြီးလို့ ယေဘုယျ သတ်မှတ်ကြတာပါ။ တကယ်ဆို လူကြီးတိုင်း လူကြီးတစ်ယောက်မှာ ရှိသင့်တဲ့ စံချိန်စံညွှန်း (norm) တွေနဲ့ ညီညွတ်ကြတယ်လို့ ကောက်ချက်ချဖို့ရာ ခက်ခဲပါတယ်။ လူကြီးဖြစ်ခြင်းကို ဘာနဲ့တိုင်းတာမလဲ။

အချို့ လူကြီးတွေက အသက်အရွယ်အလိုက် ညီညွတ်စွာ ကြီးပြင်းလာပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အသက် (Physical Age) ကလည်း အသက်နဲ့အညီ ဖွံ့ဖြိုးကြီးထွား လာပါတယ်။

လူကြီးတစ်ယောက်ရဲ့ အရေးအကြီးဆုံး ဖွံ့ဖြိုးမှုက စိတ်သက် (Mental Age) စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု (Psychological Development) ဖြစ်ပါတယ်။ အသက် ၄၀ အရွယ် လူကြီးတစ်ယောက်ဟာ အသက် ၂၀ အရွယ်လို ခံစားနေရင်၊ တွေးတောနေရင် သူ့ကိုအသက် ၂၀ အရွယ်လို့ပဲ သတ်မှတ်ရမှာပါ။ အသက် ၇၀ အရွယ် အဘိုးအို တစ်ယောက်က အသက် ၁၆ နှစ်လို ပြုမှုနေတာကို သူငယ်ပြန်တယ် (dotage) လို့ ဆိုကြပါတယ်။

လူကြီးတစ်ယောက်ရဲ့ စိတ်သက်ဟာ ရင့်ကျက်မှု (maturity)၊ တွေးတောဆင်ခြင်မှု (thinking power) ဆုံးဖြတ်ချက် ချနိုင်မှု (decision making) စသည်တို့နဲ့ ဆက်စပ်နေပါတယ်။

လူကြီးတိုင်း ကလေးကို ပုံသွင်းနိုင်သလား

ကလေးဟာ ဖယောင်းနဲ့ တူတယ်။ ငယ်ရွယ်တုန်း လိုသလို ပုံသွင်းရတယ်။ ဒါကြောင့် ပုံသွင်းကြ။ ဟုတ်မလိုလိုပါပဲ။ ဒါပေမဲ့ မဟုတ်ပါဘူး။

ပုံသွင်းတယ်ဆိုတာ mould လုပ်ပြီး ကိုယ်ဖြစ်စေချင်တဲ့ပုံစံ ထွက်လာအောင် လုပ်ကြတာပါ။ သက်မဲ့ ပစ္စည်းအတွက် တုံ့ပြန်မှု မရှိလို့ ပုံသွင်းရ လွယ်ကူသော်လည်း သက်ရှိလူသားတွေအတွက် ကိုယ်ပိုင်အရည် အသွေးအလိုက် တုံ့ပြန်မှုတွေ ရှိနေတာကြောင့် ပုံသွင်းဖို့ မလွယ်ပါဘူး။

ဘယ်သန်မွေးလာတဲ့ ကလေးကို ညာလက်နဲ့ စာရေးခိုင်းတာဟာ လွယ်ကူတဲ့အလုပ် မဟုတ်ပါဘူး။ လူကြီးရဲ့ အတင်းအဓမ္မ ပုံသွင်းပေးမှုကြောင့် ညာလက်နဲ့ စာရေးတတ်ကောင်း တတ်သွားပါမယ်။ ဘယ်လက်နဲ့ ရေးသလောက် လှပမယ်။ သေသပ်မယ်၊ မြန်ဆန်မယ်လို့ တထစ်ချ ယူဆလို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လက်နဲ့ ကလေးရေးချင်သလို ရေးခွင့်မရခဲ့လို့ ကလေးဆီက ရလဒ် (outcome) က အကောင်းဆုံးလို့ မျှော်မှန်းလို့ မရပါဘူး။

ဆိုလိုချင်တာက ကလေးဆိုတာ လူကြီးကြိုက်သလို ပုံသွင်းလို့ ရတယ်လို့ တထစ်ချ ယူဆထားတဲ့ အယူအဆက ကလေးများရဲ့ အရည်အချင်း အစွမ်းအစ အမှန်ကို မရနိုင်ကြောင်းပါ။

တကယ် စဉ်းစားရမှာက ပုံသွင်းခံမယ့် ကလေးထက် ကလေးကို ပုံသွင်းချင်တဲ့လူကြီး ဖြစ်ပါတယ်။ လူကြီးက ကလေးကို ဘယ်လိုပုံသွင်း ချင်တာလဲ။ လူကြီးရဲ့ မပြည့်စုံတဲ့ အတတ်ပညာ ဗဟုသုတနဲ့ ပုံသွင်းမလို့လား။ လူကြီးရဲ့ အမြင်မကျယ်မှုနဲ့ ပုံသွင်းမလို့လား။ လူကြီးရဲ့ အတ္တကို ပုံသွင်းမလို့လား။ လူကြီးရဲ့ ကလဲ့စားကို ပုံသွင်းမလို့လား။

ဘာကိုပုံသွင်းမှာလဲ။ ရည်ရွယ်ချက် ဘယ်လိုရှိလဲ။ အနာဂတ်အတွက် တစ်နည်းပြောရရင် ကလေးသက်တမ်းတစ်လျှောက် ဘယ်လောက်အထောက်အကူ ပြုမှာလဲ။ အဲဒီလို ပုံသွင်းမှုဟာ ဘယ်လောက်ထိ စိတ်ချရမှာလဲ။

ကလေးကို ပုံမသွင်းမီ လူကြီးကိုယ်တိုင် ပြင်ဆင်ပါ

လူကြီးတွေဟာ အသက်ကြီးလို့ လူကြီးဖြစ်လာတာနဲ့ ကလေးကို ပုံသွင်းဖို့ ကြိုးစားကြပါတယ်။ အဲဒီလို ပုံသွင်းဖို့ ကြိုးစားကြတာ။ ဘယ်လိုပုံစံကို ပုံသွင်းမှာလဲဆိုတာ လူကြီးတွေ စိတ်ထဲမှာ ပိုင်းပိုင်းဖြတ်ဖြတ် မရှိပါဘူး။  “ငါ့စကားနွားရ”၊ “ငါပြောတာလုပ် ပြန်မပြောနဲ့” နောက် ရှိပါသေးတယ်။ “ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့” ဆိုတော့ လူကြီးတွေဟာ ကိုယ့်အတ္တ၊ ကိုယ့်ဗဟုသုတ၊ ကိုယ့်အတွေ့အကြုံ၊ ကိုယ့်ခံစားချက်တွေနဲ့ ကလေးတွေကို ပုံသွင်းတော့တာပါပဲ။

မိန်းမကို စိတ်နာပြီး မိန်းမကို မုန်းတဲ့သူက သူ့သားကို မိန်းမမုန်းခိုင်းတာမျိုး။ ယောက်ျားကို စိတ်နာပြီး တွေ့သမျှ ယောက်ျားတွေကို မုန်းခိုင်းတာမျိုး။ ဒီလိုမျိုး စိတ်ခံစားချက်တွေနဲ့ ကလေးကို ပုံသွင်းတာကြောင့် ကလေးတွေ ဘ၀မှာ စိတ်အမာရွတ်တွေ ဖြစ်ထွန်းလာပြီး တလွဲလမ်းချော် ကုန်ကြတာတွေ အများကြီးပါ။ မိဘဟာ သားသမီးတွေရဲ့ ရှေ့ဆောင်လမ်းပြပါ။ ဆရာဟာ တပည့်တွေရဲ့ စံနမူနာပြ ပုဂ္ဂိုလ်ပါ။ နိုင်ငံခေါင်းဆောင်များဟာ ပြည်သူတွေရဲ့ အတုယူစရာ ပုဂ္ဂိုလ်ကြီးပါ။

ဒီလိုမျိုး ဦးဆောင်လမ်းပြ စံပြပုဂ္ဂိုလ်တွေဟာ အမှန်တကယ် မိဘနေရာနဲ့ ထိုက်တန်ရဲ့လား။ ဆရာတစ်ဆူနှယ် ကျင့်နိုင်ရဲ့လား။ တိုင်းပြည်ခေါင်းဆောင်နေရာ ထိုက်ထိုက်တန်တန် ရရှိထားတာ ဟုတ်ရဲ့လား။ မိဘဘ၀ ရောက်နေပြီး မိမိဘ၀ဟာ မိဘနဲ့ မထိုက်တန်ရင် ဦးစွာမိဘ (လူကြီး)နေရာ ထိုက်တန်အောင် ပြင်ဆင်ပါ။ ဖြည့်ဆည်းပါ။ ကျင့်သုံးပါ။ ကလေးကို ပုံသွင်းချင်သလောက် လူကြီးက မိမိကိုယ်ကို ပြုပြင်ပြီး ဖြစ်ရပါမယ်။ ကိုယ်က လူကြီးဖြစ်လာပြီလေ။ ထို့အတူ နိုင်ငံခေါင်းဆောင် တစ်ယောက် ဖြစ်လာပြီဆိုရင် ပြည်သူရဲ့ စံပြပုဂ္ဂိုလ်၊ ပြည်သူ့အားကိုး ခံထိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်အောင် ကျင့်ကြံရပါမယ်။

ကလေးကို ပုံသွင်းလိုတဲ့ လူကြီးများ မိမိကိုယ်တိုင် ကလေးကို အနာဂတ်အတွက် ရုပ်ထွက်လှလှ၊ စိတ်သက်လှလှဖြစ်အောင် အမှန်တကယ် ပုံသွင်းနိုင်မှ၊ ပုံသွင်းတတ်မှ ပုံသွင်းကြဖို့ တိုက်တွန်းအပ်ပါတယ်။ ပုံသွင်းတိုင်း ကောင်း၊ မကောင်း သုံးသပ်ကြည့်စေလိုပါတယ်။

Eleven Media တွင် ဖော်ပြခဲ့သော ဆောင်းပါးအား ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။

ပုံရိပ်(burmesehearts.com)

You might also like