Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
The Lady ဇတ်ကားမှ အမှတ်တရ စကားနှစ်ခွန်း – BurmeseHearts

The Lady ဇတ်ကားမှ အမှတ်တရ စကားနှစ်ခွန်း

0

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်လဲဖြစ် ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လမ်းပြကြယ်တစ်ဦးလဲဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ဘဝဇတ်ကြောင်းကို ရိုက်ကူးထားတဲ့ “The Lady” ဇတ်ကားမှ အာရုံထဲစွဲနေသည့် အမှတ်တရ စကားနှစ်ခွန်းအပေါ် ဆက်စပ်တွေးမိတဲ့အကြောင်းအရာအား ရေးသားဖော်ပြလိုက်ပါတယ် ။

ပထမစကားတစ်ခွန်းက ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား Dr. Michael Aris အဖြစ် သရုပ်ဆောင်သူကို အစိုးရအဖွဲ့ဝင်တချို့က ပြည်ပသို့ပြန်ထွက်ခွာဖို့ ၎င်းတို့နှင့် တပါတည်းလိုက်ခဲ့ရန် လာခေါ်တဲ့ ဇတ်ဝင်ခန်းမှာ ၎င်းက အာဏာပိုင်တွေကို ပြန်မေးခဲ့သော  ” Do I have time to pack? ” ဆိုတဲ့ စကားပါ ။

ရုပ်ရှင်မဟုတ်တဲ့အပြင်မှာ ကာယကံရှင် တကယ်ပြောခဲ့ ၊ မပြောခဲ့ဆိုတာ သေချာမသိပေမယ့် ဇတ်ကားထဲ ဒီလိုအချိန် ၊ ဒီလိုအခြေအနေမျိုးမှာ ဒီစကား ရွေးချယ်ပြောထားခဲ့တာကို တန်ဖိုးထားမိတာပါ ။ မရှိတော့တဲ့အချိန်အတွက် စိတ်လှုပ်ရှား ထွေပြားမနေဘဲ ဇနီးဖြစ်သူနဲ့ အတူရှိချိန် ၊ အတူရှိခွင့်အတွက် အချိန်ကို ဆွဲဆန့် အသုံးချသွားခဲ့တဲ့ စကားလေးတစ်ခွန်းလို့ တွေးမိလို့ပါ ။

ကာယကံရှင်သာ အပြင်မှာ ဒီစကားကို တကယ်ပြောခဲ့တယ်ဆိုရင်လို့ တွေးမိတဲ့အခါမှာ သူ့ရဲ့ နောက်ဆုံးအချိန်များအတွက် ပိုလို့ ကိုယ်ချင်းစာ ခံစားမိပြီး စိတ်မကောင်းဖြစ်မိပါတယ် ။

ဘာဝေဒနာမှ မခံစားရခင် ၊ အထီးကျန်ဖြစ်မနေဘဲ ဇနီးနဲ့ အတူ ဇနီးရဲ့အိမ်မှာရှိနေတဲ့ မိနစ်နဲ့ စက္ကန့်တွေကို ဆွဲဆန့်နိုင်ဖို့ ကြိုးစားခဲ့တဲ့ လူတစ်ယောက်ဟာ ဝေဒနာကို အပြင်းအထန်ခံစားရင်း ၊ မိဘနှစ်ဦးလုံး အနားမှာမရှိတော့ဘဲ ကြီးပြင်းရတော့မယ့် သားနှစ်ယောက်အတွက် ပူပန်ရင်း ၊ ဘယ်လိုကြိုးစား ကြိုးစား ဇနီးဖြစ်သူကို မြင်ခွင့်မရဘဲ နောက်ဆုံးနေ့ရက် ၊ လတွေကို ကျော်ဖြတ်သွားရတဲ့ ခင်ပွန်းတစ်ယောက်အနေနဲ့ ၎င်းရဲ့နေရာမှာ ဝင်ခံစားကြည့်မိတဲ့အခါ ရင်နင့်စရာကောင်းလှသည် ။

ကိုယ်တိုင်က ဇနီးသည်ကို တွေ့ချင်လွန်းလှပေမယ့် သားနှစ်ယောက်ရဲ့ ခံစားချက်တွေ မိခင်အပေါ် မခါးသီးရအောင် အားတင်းဟန်ဆောင်ရင်း ၊ မြင်ခွင့်မရတဲ့ ဇနီးသည်ကို နောက်ဆုံးအကြိမ်ဖြစ်ဖြစ် မြင်ခွင့်ရဖို့ တမ်းတရင်း ၎င်းရဲ့ နောက်ဆုံးနေ့ရက်တွေဟာ ဘယ်လောက်များ အထီးကျန်ဆန်နေခဲ့မလဲ ။

မှတ်မှတ်ရရဖြစ်တဲ့ နောက် စကားတစ်ခွန်းကတော့ မိခင်နဲ့ ဖုန်းပြောပြီး ဆေးရုံခုတင်ပေါ် လဲနေတဲ့ ဖခင်ရဲ့ မျှော်တလင့်လင့်အကြည့်ကို ဖခင် ၎င်းတို့အား ပြောလေ့ရှိတဲ့ စကားတစ်ခွန်းနဲ့ “Mom sends us love.” လို့ ဖခင်ကိုနှစ်သိမ့်ရင်း ခပ်ထေ့ထေ့ပြောလိုက်တဲ့ ကိုထိန်လင်းတဖြစ်လဲ Kim အဖြစ် သရုပ်ဆောင်သူရဲ့ စကားတစ်ခွန်းပါ ။

ကောင်းကောင်း သိတတ်စပြုနေတဲ့  Kim ရဲ့ (၁၁)နှစ်အရွယ်မှာ တစ်ပတ် ၊ နှစ်ပတ် သွားခြင်းလို့ ပြောပြီးထွက်သွားတဲ့နောက် မိမိတို့နေအိမ်သို့ ပြန်ရောက်မလာခဲ့တဲ့ မိခင်အပေါ် ထားရှိတဲ့ခံစားမှု ၊ ဖခင်အသည်းအသန် ဖြစ်နေချိန်မှာတောင် မိသားစုအနား ပြန်မလာခဲ့တဲ့ မိခင်အပေါ် ခံစားမှု ၊ မိခင်ဆီက ဖုန်းလာတာနဲ့ ကြုံလေတိုင်း ဖခင်က “Your Mom sends us love.” ဆိုတဲ့စကားကို ပြန်ပြောင်းသတိရပြီး မိခင်ကို တမျှော်မျှော် ဖြစ်နေတဲ့ ဖခင်အား ၎င်းတို့နေရာက ပြန်ခံစားစေလိုစိတ် ပါကောင်းပါနိုင်သော ၊ တဖက်ကလဲ မျှော်နေတဲ့ ဖခင်ကို အားပေးနှစ်သိမ့်လိုသောစိတ်နဲ့ ပြောခဲ့တဲ့ စကားအဖြစ် ခံစားကြည့်မိတဲ့အခါ သူ့ခံစားချက်ကို ကိုယ်ချင်းစာကြည့်ချင်လာတယ် ။

ကာယကံရှင်ဟာ ဒီစကားကို အပြင်မှာ တကယ်ပြောခဲ့သလားဆိုတာ သေချာမသိပေမယ့် ဒီစကားကို ဒီဇတ်ဝင်ခန်းမှာ ရွေးပြောခဲ့လို့ မှတ်မှတ်ရရဖြစ်ပြီး အတွေးများစွာကို ဆက်ဖြစ်ကျန်ရစ်စေပါတယ် ။

မိခင်ထွက်သွားပြီးနောက် မချက်တတ် ချက်တတ် ကြိုးစား ချက်ပြုတ်ကျွေးခဲ့သော ဖခင်ရဲ့ အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းခဲ့ရပြီး မိခင်နဲ့ အနေနီးတတ်တဲ့ သားတစ်ယောက်ရဲ့ မိခင်ကို လွမ်းဆွတ်မှုခံစားချက်ကို ၎င်းကိုယ်တိုင်ပဲ ခံစားသိနိုင်ပေမည် ။

သေဆုံးတော့မယ့် ဝေဒနာသည်ဖခင်ကို ဆုံးရှုံးရတော့မယ့် ခံစားမှု ၊ ဖခင်ရဲ့ နောက်ဆုံးအချိန်မှာတောင် မိသားစုကို ပြန်လာမကြည့်နိုင်တဲ့ မိခင်ရဲ့ ပြတ်သားမှုကို ဘယ်လောက်ခံရခက်ပြီး ကြေကွဲခဲ့လေမလဲ ။ (ဒီနေရာတွင် ဖခင်နဲ့ မိခင်ကြား ဘယ်လိုသဘောတူညီချက် ရှိတာကို ၎င်းတို့သိဟန်မတူ ။)

ဒေါ်အောင်ဆန်းစုကြည်၏ သားကြီး Alexander Aris ရဲ့ ခံစားမှု ထည့်မပြောတာဟာ ဒေါ်အောင်ဆန်းစုကြည် မိသားစုနေအိမ်မှ ထွက်ခွါသွားချိန်တွင် ၎င်း၏အသက်ဟာ (၁၅)နှစ် ရှိနေခဲ့ပြီး ဖခင်ရဲ့ အုပ်ထိန်းမှု ဆက်လက်ခံယူရသူမို့ အသက်(၁၁)နှစ်အရွယ်နှင့် မိခင်ရင်ငွေ့ မခံစားရတော့တဲ့ Kim ရဲ့ခံစားမှုကို ပိုအသားပေး ကိုယ်ချင်းစာမိခဲ့တာပါ ။

ဒီလိုခံစားခဲ့ရင်းကပဲ စိတ်ခံစားမှု အခြေခံနဲ့ လမ်းလွဲ ၊ လမ်းမှား ရောက်မသွားခဲ့ဘဲ သမာအာဇီဝ လုပ်ကိုင်စားသောက်နေခဲ့သော ၊ မိခင်ရဲ့ပါတီတံဆိပ်ကို လက်မောင်းမှာ Tattoo ထိုးထားခဲ့သော ၊ ယက်တောရဲ့ နှောင့်ယှက်မှု မိခင် ခံခဲ့ရပြီးနောက် မိခင်ကို အကာအကွယ်ပေးဖို့ ၎င်းပေးနိုင်တဲ့ တိုင်ချီဒိုအမည်ရ ခွေးကလေးကို လက်ဆောင်ပေးပြီး မိခင်ကို စောင့်ရှောက်စေခဲ့သော သားတစ်ယောက်အနေဖြင့် ခံစားကြည့်မိတဲ့အခါ ကိုထိန်လင်းကို လေးစားမိပါတယ် ။

“The Lady” ဇတ်ကားဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုချစ်ခြင်းမေတ္တာနဲ့ နိုင်ငံရေး ရွေးချယ်မှုကို အသားပေး တင်ပြထားပေမယ့် ဇတ်ကားကြောင့် ဒေါ်အောင်ဆန်းကြည်၏ အမျိုးသား Dr. Michael Aris ၏ ပေးဆပ်ခဲ့မှု တစိတ်တဒေသကို ပရိသတ်သိအောင် မီးမောင်းထိုးပြနိုင်ခဲ့ပါတယ် ။ သို့ပေမယ့် စိတ်မကောင်းစရာက ယခုအချိန်ဝယ် ၎င်းက သေဆုံးသွားခဲ့ပြီ ။ ချီးမွမ်း ၊ ကဲ့ရဲ့မှုတွေကို ခံစားယူနိုင်စွမ်းလဲ မရှိတော့ပြီ ။

ဒါဆို ရှိနေသေးတဲ့ ကိုထိန်လင်းတဖြစ်လဲ Kim ကို စာနာ နားလည်ပေးကြပါစို့လား ။ မိခင်နဲ့တွေ့ဖို့ အဝေးကနေ ပြန်လာတွေ့တတ်တဲ့ သူ့ရင်ထဲက ချစ်ခြင်းမေတ္တာနဲ့ တချိန်က သူ့ခံစားချက်တွေကို ဒီ့ထက်ပို နားလည်ပေးကြပါစို့လား ။ ယခုလိုအချိန်ဝယ် နှစ်နှစ်ဆယ်ကျော် ကြိုးစားမှုရလဒ်အဖြစ် ကျွန်ုပ်တို့ တစ်ခုခုရရှိအောင် တချိန်က မိခင်ရင်ငွေ့ ဆုံးရှုံးခဲ့ရတဲ့ သူ့ကို စာနာ နားလည်ပေးကြပါစို့လား ။

အကယ်၍ မိခင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်သာ မခွဲမခွာ မိသားစုထဲရှိပြီး မိခင်ရဲ့ သွန်သင်ဆုံးမ လမ်းပြမှုအောက် ကိုထိန်လင်း ကြီးပြင်းလာခဲ့ရပါလျှင် ၎င်း ယခု လုပ်ကိုင်နေသော အလုပ်အကိုင် ၊ ရရှိနေသော အဆင့်အတန်းထက် သာလွန်ပြီး ယုံကြည်မှုပြည့်ဝ ပျော်ရွှင်စွာ ကြီးပြင်းလာသူတစ်ယောက် ဖြစ်လာမည်ကိုတော့ အသေအချာ ယုံကြည်မိရင်း   Kim ရဲ့ တချိန်က ခံစားမှုကို ဝင်ခံစားကြည့်ကာ ဤဆောင်းပါးကို အဆုံးသတ်လိုက်ပါသည် ။

(The Lady ကားစရုံတင်ချိန်တွင် ရေးသားထားခဲ့သည့် ဆောင်းပါးဖြစ်ပြီး မနက်ဖန်တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ နှစ်(၇၀)ပြည့်မြောက်မွေးနေ့ဝယ် ၎င်း၏မိသားစုဝင်များ ပေးဆပ်ခဲ့မှုကို သိရှိခံစားနိုင်ရန် ပြန်လည်ဖော်ပြလိုက်ခြင်းဖြစ်သည်။)

ပုံရိပ် (Burmesehearts.com)

You might also like