Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
အလွှမ်းမိုးဆုံးသောအရာသည် စိတ် – BurmeseHearts

အလွှမ်းမိုးဆုံးသောအရာသည် စိတ်

0

choice

တခါတလေ မိမိအတွက် သေရေးရှင်ရေး အရေးကြီးနေသော အရာများက သူများတွေအတွက် အပရိကလေးများဖြစ်နေတတ်တယ်။ တခါတလေ ကိုယ့်စိတ်ထဲက အသေးအမွှားလေးတွေလို့ ထင်ထားတာတွေကလဲ သူများအတွက် အသက်တမျှ အရေးကြီးနေတတ်တယ်။

ဘာတွေကများ မိမိကိုအရေးကြီးတယ်လို့ ခံစားရအောင် ပြုလုပ်ထားပါသလဲ။ မိမိ၏စိတ်က မိမိကို ဒါအရေးကြီးတယ်လို့ သိစေတာပါ။ ဒီလိုသိထားပြီးနောက် ဒီအရာကို လက်လွှတ်ဆုံးရှုံးရပါက စိတ်ဆင်းရဲ၊ စိတ်ဓာတ်ကျလို့ တချို့ဆို နလန်ပြန်ထူမလာဘူး။ အဆုံးစွန်ခံစားမိသူတွေက မိမိကိုယ်မိမိ အဆုံးစီရင်လိုက်ကြတယ်။ ဒါကပဲ သူတို့ရဲ့ ထွက်ပေါက်လို့ သတ်မှတ်လိုက်ကြတယ်။ ဒီကိစ္စက မိမိ၏အသက်ထက် ပိုအရေးကြီးတယ်လို့ ခံစားမိအောင် ဘာက ဖန်တီးခဲ့တာပါလိမ့်။ ဒါဟာ မိမိ၏စိတ်ပါပဲ။

ဒီ့ထက်ပို နက်နက်နဲနဲပြောရရင် ဒီလိုစိတ်ဖြစ်ပေါ်လာအောင်စခဲ့တဲ့ အတွေးပါပဲ။ မိမိ၏အတွေးထဲမှာ ဒါဟာ မိမိအတွက် သိပ်အရေးကြီးတယ်။ ဒါမရလို့မဖြစ်ဘူး။ ဒါမရှိလို့မဖြစ်ဘူး။ ဒါဆုံးရှုံးလို့မဖြစ်ဘူး စသဖြင့် ဒီကိစ္စကို သိပ်အလေးထားလွန်းတဲ့ အတွေးကနေ ဒီအရာဟာမိမိအတွက် မိမိအသက်ထက် ပိုအရေးကြီးတယ်လို့ ခံစားရတဲ့စိတ်ဖြစ်ပေါ်လာပါတယ်။ ဒီစိတ် ထုထည်ကြီးမားလာတာကို သတိမထားမိဘဲ ထိုအရာကို ရုတ်တရက် ဆုံးရှုံးလိုက်ရပါက (သို့မဟုတ်) မိမိမျှော်လင်ထားသည့်အတိုင်း မဖြစ်လာပါက အနည်းနဲ့အများ စိတ်ဓာတ်ကျပြီး အနှေးနဲ့အမြန် ထွက်ပေါက်ရှာကြတော့တယ်။

ဒီအရာ မရမချင်း ရတဲ့နည်းနဲ့၊ မဖြစ်မချင်း ဖြစ်တဲ့နည်းနဲ့ ကြိုးစားတာ။ ဒါမှမဟုတ် မိမိစိတ်မိမိဖြေဖျောက်ကာ ဒီကိစ္စပဲ စဉ်းစားမိနေတဲ့စိတ်အား တခြားကိစ္စကို အာရုံပြောင်းထားလိုက်ပြီး မေ့ထားရင်း မေ့သွားတာ။ ဒါမှမဟုတ်လဲ ဒီအရာမရှိတဲ့ဘ၀၊ ဒီလိုမဖြစ်တဲ့ဘ၀ သေတာမှကောင်းမယ်ဆိုတဲ့စိတ်နဲ့ လောကကြီးထဲက အဆုံးစီရင်ပြီး ထွက်သွားတာ စသဖြင့် ထွက်ပေါက်မျိုးစုံရှိပါတယ်။

တကယ်တော့ ကျွန်မတို့ အသက်ထက် ကျွန်မတို့ကြုံနေရတဲ့ ဆုံးရှုံးမှုတွေ၊ ပြဿနာတွေက အရေးမကြီးပါဘူး။ အသက်ရှင်နေသေးသမျှ ကြိုးစားဖို့အခွင့်အလမ်း ရှိနိုင်ပါသေးတယ်။ ဒီကိစ္စမှာ မအောင်မြင်တဲ့သူဟာ နောက်ဘာလုပ်လုပ် မအောင်မြင်နိုင်ဘူးလို့ ဘယ်သူမှ တပ်အပ်မပြောနိုင်ပါဘူး။ ဒီတစ်ခေါက်ဆုံးရှုံးသွားလို့ နောက်ဘာလုပ်လုပ် ဆုံးရှုံးမှာပဲလို့ ယူဆလို့မရပါဘူး။ ဒါတွေက ပစ္စည်းတွေ၊ အကြောင်းကိစ္စတွေအပေါ်မူတည်ပြီး ဆုံးရှုံးရမှုတွေပါ။

တခါတလေ အစားထိုးမရဘူးထင်တဲ့ ဆုံးရှုံးရမှုတွေလဲ ရှိတတ်ပါတယ်။ မိဘဆွေမျိုး အားကိုးရာသူများ ဆုံးရှုံးရတာမျိုး၊ ဇနီး ခင်ပွန်း ဆုံးရှုံးရတာမျိုး၊ သားသမီး ဆုံးရှုံးရတာမျိုး၊ မိမိ အရမ်းသံယောဇဉ် ဖြစ်မိသူတစ်ယောက် ဆုံးရှုံးရတာမျိုးတွေမှာ တချို့က တကယ် အစားထိုးလို့မရတဲ့ ဆုံးရှုံးမှုတွေပါ။ တစ်ချို့ကျတော့ အစားထိုးရင်း မေ့ပျောက်ဖို့ နည်းလမ်းရှာကြတယ်။ ဒါတွေက နောက်အိမ်ထောင်ပြုရင်း ဘ၀သစ်ပြန်စလိုက်တာ။ အရွယ်မလွန်သေးရင် နောက်ထပ်သားသမီး ထပ်ယူလိုက်တာ၊ ချစ်သူအသစ်ထပ်ရှာလိုက်တာ စသဖြင့်ကို ဆိုလိုပါတယ်။ မိမိခံစားမှုအပေါ်မူတည်ပြီး မိမိရဲ့ သတိကြီးကြီးနဲ့ ပါးနပ်စွာ ရွေးချယ်မှုအပေါ်မူတည်ပါတယ်။ မေ့ပြီးရော၊ အစားထိုးရပြီးရောဆိုတဲ့သူတွေအတွက် ရွေးချယ်မှုမှားပါက ထပ်ခါထပ်ခါ ခံစားရတတ်ပါတယ်။

ဒီလို ထပ်ခါထပ်ခါ ခံစားရလွန်းတော့ နောက်တဖန် ကြိုးစားဖို့ ကြောက်သွားနိုင်ပါတယ်။ ခံစားချက်နက်ရှိုင်းလွန်းသူတွေကတော့ အစားလဲမထိုးနိုင်၊ မေ့လဲမမေ့နိုင် စားစား၊ သွားသွား၊ ဘာလုပ်လုပ်ဒီစိတ်နဲ့ ဘာမှမလုပ်နိုင်တော့ပဲ နောက်ဆုံး အဆုံးစီရင် သွားရင်သွား၊ ဒါမှမဟုတ် ဘ၀ဆိုတာကြီးကို ဖြစ်သလိုနေသွားကြသူတွေ ရှိပါတယ်။ ဒီလို ဖြစ်သလိုနေသွားကြသူတွေထဲမှာ လူတော်တွေလဲ အများကြီးပါပါတယ်။ မိမိစိတ်ဓာတ်ကျနေချိန်မှာ မိမိထက်သာတဲ့သူတွေကိုပဲ သတိထားကြည့်မိရင် ပိုစိတ်ဓာတ်ကျတတ်ပါတယ်။

လူအများစုက မိမိခံစားရမှ နာတတ်ကြတယ်။ မိမိအတ္တကြောင့် မိမိအခက်အခဲကမှ သေရေးရှင်ရေးလို့ ထင်တတ်ကြတယ်။ မိမိအတ္တက ဖုံးနေတော့ သူများတွေလဲ မိမိလိုပဲ အခက်အခဲ မရှိနိုင်ဘူးလားလို့ မတွေးမိတော့ဘူး။

အတ္တကလဲဖုံး၊ ခံစားချက်ကလဲ ဖုံးထားတော့ တကယ့် အမှန်တရားကို တော်ရုံမမြင်ရဘူး။ တကယ်ကြည့်ရင် မြင်ပါတယ်။ ကြည့်ချင်တဲ့စိတ်ပဲလိုတာပါ။ ဘေးဘီကိုကြည့်၊ ပတ်ဝန်းကျင်ကိုကြည့်၊ တစ်နိုင်ငံလုံးကိုကြည့်၊ တကမ္ဘာလုံးကိုကြည့်၊ ဘယ်ကိုကြည့်ကြည့် မိမိနဲ့ အဖြစ်ချင်း၊ အခြေအနေချင်းတူတဲ့သူတွေ ဒုနဲ့ဒေးပါ။

ဒါတွေအကုန်မြင်လာရင်တော့ ဆုံးရှုံးမှုတွေကြုံနေရတဲ့ မိမိနဲ့ဘ၀တူတွေ အများကြီးပဲလို့ မြင်လာပါလိမ့်မယ်။ မိမိထက် ဆိုရွားတဲ့ဘ၀တွေလဲ အများကြီးပဲ။ ကိုယ်တစ်ယောက်တည်း မဟုတ်ပါလားလို့ သိလာရတော့ သိပ်စိတ်ဓာတ်မကျတော့ဘူး။ ကျလက်စ စိတ်ဓာတ်က ခဏရပ်သွားတတ်ပါတယ်။ အဲဒီအချိန်မှာ ဒီလိုအခက်အခဲကြားထဲက သူတို့ဘယ်လို လွတ်မြောက်အောင် ရုန်းထွက်ကြလဲဆိုတာကို သိချင်စိတ်၊ နည်းနာယူချင်စိတ်ရှိရင် ကျနေတဲ့စိတ်ဓာတ် ပြန်တက်လာဖို့ အခွင့်အရေးပါပဲ။ ဒီလိုနည်းနာယူ ဖြေသိမ့်ရင်း၊ လုပ်သင့်တာလုပ်ရင်း ဘ၀ဆိုတာကို အဓိပ္ပါယ်ရှိရှိ ပြန်ဖြတ်သန်းလို့ ရသွားတယ်။ ဒီလိုလုပ်သင့်တာလုပ်ရင်း ဘ၀အောင်မြင်မှု အခွင့်အလမ်းတွေ ပြန်မြင်တွေ့ ကြိုးစားရင်း အောင်မြင်တဲ့ဘ၀ပိုင်ဆိုင်ပြီး ပျော်ရွှင်တဲ့လူတစ်ယောက် ပြန်ဖြစ်လာနိုင်ပါတယ်။

သင့်ရဲ့ ဆုံးရှုံးမှုက သင့်အသက်ပါ စတေးရလောက်အောင် တန်ရဲ့လား။ ဒီလိုစတေးလိုက်ရုံနဲ့ အရာရာဟာ ဖြေရှင်းပြီးသွားရောလား။ စာမေးပွဲကျလို့ စိတ်ဓာတ်ကျသူတွေအတွက် သင်ဟာတစ်ကမ္ဘာလုံးမှာ ပထမဦးဆုံး စာမေးပွဲကျဖူးတဲ့လူလား။ အမှတ်မကောင်းလို့ စိတ်ဓာတ်ကျသူတွေအတွက် ဒီအမှတ်မကောင်းတဲ့ရလာဒ်ကြောင့် စိတ်ဓာတ်ကျနေမယ့်အစား နောင်တကွ့မှာ သူများထက်သာအောင် ဘာနဲ့အနိုင်ယူပြနိုင်မလဲဆိုတာ စဉ်းစားလုပ်ကိုင်သွားရင် မကောင်းဘူးလား။

အလုပ်အကိုင်မကောင်းလို့ စိတ်ဓာတ်ကျနေရင် မကောင်းတဲ့အလုပ်အကိုင်က ပိုမကောင်းရုံပဲရှိနေမှာပါ။ သူများအလုပ်ထဲဝင်နေရင် ကိုယ့်ရဲ့အရည်အသွေး ပိုထူးချွန်အောင် စာတွေဖတ်၊ အချိန်လုပြီးသင်တန်းတက်၊ အိပ်ချိန်ထဲကဖဲ့ပြီး နောက်ထပ်အလုပ်အကိုင်တွေ လျှောက်ရင်ဖြင့် အနှေးနဲ့အမြန်ဆိုသလို ကိုယ့်အရည်အချင်းနဲ့ သင့်တော်ပြီး ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေရလာမှာပါ။

စီးပွားရေးမကောင်းတဲ့သူတွေက စီးပွားရေးမကောင်းလို့ စိတ်ဓာတ်ကျနေမယ့်အစား ဈေးကွက်ကိုလေ့လာ၊ ဒီဟာလုပ်လို့မကောင်းရင် ဈေးကွက်က ဘာလိုအပ်နေလဲ၊ စားသုံးသူတွေရဲ့ လိုအပ်ချက်ကဘာလဲ၊ ကိုယ်က ဒီစီးပွားရေးအပြင်ဘာကို စိတ်ဝင်စားလဲ၊ ကျွမ်းကျင်သလဲ။ ဒါတွေကို သေချာစဉ်းစားရင် ကိုယ်လုပ်သင့်တဲ့ စီးပွားရေးလုပ်ကွက်တွေမြင်လာပြီး အောင်မြင်တဲ့စီးပွားရေးကို ပြန်ရရှိနိုင်ပါတယ်။

အချစ်ရေးကြောင့် စိတ်ဓာတ်ကျသူတွေ၊ အိမ်ထောင်ရေးကြောင့် စိတ်ဓာတ်ကျသူတွေ၊ သားသမီးကြောင့် စိတ်ဓာတ်ကျသူတွေ ဒါတွေက ခံစားချက်ပိုင်းကို အခြေခံပြီးရင်းခံနေတာမို့ မိမိ၏စိတ်ကိုသာ မိမိကောင်းမွန်ရာဘက် ပဲ့မကိုင်ရင် မိမိ၏ဘ၀ သုံးမရတဲ့အထိ ရေစုန်မျောသွားနိုင်ပါတယ်။ ဒီလူတွေအတွက်ကျတော့ မိမိစိတ်ကို မိမိဘာသာ ဖြေတဲ့ဆေး၊ မိမိနဲ့တည့်တဲ့ဆေး မိမိဘာသာဖော်သောက်ရမှာပါပဲ။

ကိုယ်အင်္ဂါချို့တဲ့သွားသူတွေ၊ ကိုယ်လက်အင်္ဂါ ပျက်စီးသွားသူတွေ၊ ဘ၀မှာ ရှင်ရုံလေးပါလို့ ခံစားရသူတွေအတွက် ဒီလိုအသက်ရှင်နေတာကိုပဲ ကံကောင်းခြင်းအဖြစ် ယူဆကြရင်မကောင်းဘူးလား။ အသက်ရှင်နေသမျှ ဒီခန္ဓာဟာ သုံးတတ်ရင် အသုံးကျပါတယ်။ ကာလရှည်ကြာစွာ သတိလစ် မေ့မျောနေသူတွေကိုတော့ မဆိုလိုပါဘူး။ အသိရှိစွာ အသက်ရှင်နေသူတွေကို ဆိုလိုပါတယ်။ နောက်ဆုံး သေသွားရင်တောင် ကိုယ့်ခန္ဓာက ကောင်းတဲ့ အစိတ်အပိုင်းတွေကို အသုံးလိုတဲ့သူ လှူလို့ရပါသေးတယ်။

မျက်စိမမြင်ဘဲ၊ ခြေလက်မရှိဘဲ၊ ဒီရုပ်ပျက်ဆင်းပျက် ခန္ဓာကြီးနဲ့ပဲ ဘ၀ဆိုတဲ့တိုက်ပွဲ ဆက်လက်ဝင်နေကြသူတွေ၊ အောင်ပွဲဆင်နေကြသူတွေ အများကြီးရှိပါတယ်။ မိမိအနားမှာမရှိရင် အင်တာနက်တွေ၊ စာအုပ်တွေထဲက ရှာပါ။ အများကြီးရှိပါတယ်။ သူတို့တောင် ဒီလိုနေ့တွေ ဖြတ်သန်းသွားနိုင်ရင် ကိုယ်က ဘာကြောင့်လက်မြှောက် အရှုံးပေးသွားမှာလဲ။

နာတာရှည်တွေ၊ ကုမရတဲ့ရောဂါခံစားနေရသူတွေ၊ သေမယ့်ရက် စောင့်နေရသူတွေ ဒီကမ္ဘာကြီးမှာ အများကြီးပါ။ ဒီလိုလူတွေထဲကမှ သွားလာနိုင်တုန်း၊ ထိုင်နိုင်ထနိုင်တုန်း သူတပါးကောင်းကျိုးအတွက် နောက်ဆုံးလုပ်နိုင်တဲ့အချိန်အထိ လုပ်သွားတဲ့သူတွေလဲ အများကြီးပါပဲ။ ဒီလို သေရမယ်ဆိုတဲ့ကိစ္စကို သိနေရက်နဲ့ စိတ်ဓာတ်မကျဘဲ သူတပါးကောင်းကျိုး ဘယ်လိုစိတ်မျိုးနဲ့ ဆောင်ရွက်သွားနိုင်ပါသလဲ။ သူတို့တွေက သူတို့စွမ်းသရွေ့ နောက်ဆုံးအချိန်အထိ ဘ၀ကို ကောင်းကောင်း အသုံးချသွားသူတွေပါ။

သူတို့တွေတောင် ဒီလိုဘ၀ကို အကျိုးရှိရှိအသုံးချပြီး အများကောင်းကျိုး၊ မိမိကောင်းကျိုး ဆောင်ရွက်သွားနိုင်ရင် မိမိတို့က အသုံးချတတ်ရင် ကောင်းကောင်း အသုံးဝင်သေးတဲ့ ဘ၀ကို ဘာကြောင့် အဆုံးစီရင်လိုက်ရမှာလဲ။ မှားယွင်းတဲ့အတွေးအခေါ်၊ မရင့်ကျက်သေးတဲ့ ခံစားမှု၊ မိမိဘ၀လောက် အရေးမကြီးသော အရာတွေကြောင့် မိမိဘ၀ ဘာမှမဟုတ်ဘဲ ဒီအတိုင်းဆုံးရှုံးသွားရမှာ မတန်လိုက်တာ။ မိမိ၏ဘ၀ကို မိမိ၏မှန်ကန်သော ဆုံးဖြတ်ချက်ဖြင့် တန်ဖိုးရှိရှိ အသုံးချနိုင်ပါစေဟု ဆန္ဒပြုရင်း …………

အမှုန် (Burmesehearts.com)

You might also like