Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ဆင့်ပွားအတွေးများ – BurmeseHearts

ဆင့်ပွားအတွေးများ

0

အတွေးတစ်စ စလိုက်တာနှင့် ကိုယ်တွေးရင်တွေးသလောက် ထိုဆင့်ပွားအတွေးများက အဆုံးမသတ်နိုင်။ တစ်စပြီးတစ်စ ဆင့်ကာဆင့်ကာ အတွေးများပွားတော့သည်။ ကောင်မလေးလှလှတစ်ယောက် မျက်စိရှေ့မှဖြတ်သွားလျှင် လှလိုက်တဲ့ကောင်မလေးဟု စိတ်ထဲဖြစ်မိသည်။

ဒီအတွေး ဒီတင်ရပ်သွားလားဆိုတော့မဟုတ်။ သူမ၏အလှကို ဆက်တွေးမိပါက ဘယ်နေရာက ဘယ်လိုလှတာ၊ ဒီအ၀တ်နဲ့ ဘယ်လိုလိုက်တာ၊ ဆံပင်ပုံလေးက ဘယ်လို၊ ဖိနပ်ကဘယ်လိုစသဖြင့် တွေးသလောက် အတွေးမဆုံး။ ဒါက သူမအလှအပေါ်ဖြစ်လာသည့် ဆင့်ပွားအတွေးများဖြစ်သည်။

နှစ်သက်စရာ မြင်ရုံဖြင့်ပဲ ဆင့်ပွားအတွေးများ ဖြစ်လာတတ်သလားဆိုတော့ မဟုတ်ပါ။ မနှစ်သက်စရာဆိုလဲ ဆင့်ပွားအတွေးများ ဖြစ်လာတတ်ပါသည်။ မိမိအကြောင်း ပြောတဲ့အတင်းကို ပြန်ကြားရရင် သူကများငါ့ကို ဒီလိုပြောတယ်။ သူကတော့ဖြင့် ဘယ်လို၊ ဘယ်ပုံ စသဖြင့် ဆင့်ပွားအတွေးများ ဖြစ်ပေါ်လာနိုင်ပါသည်။ ဆင့်ပွားအတွေးများသည် အမြင်၊ အကြား၊ အနံ့၊ အရသာ နှင့် အတွေ့အထိ တို့မှတဆင့် ဖြစ်ပေါ်လာတတ်ပါသည်။

မြင်ရင်လဲ ဘယ်လိုနှစ်သက်စရာကောင်းတာ၊ ဘယ်လို မနှစ်သက်စရာကောင်းတာ စသဖြင့် ဆင့်ပွားအတွေးများ တွေးတတ်သည်။ ကြားရင်လဲ ဘယ်လိုနားဝင်ချိုတာ၊ ဘယ်လိုနားကလောတာ စသဖြင့် ဆင့်ပွားတွေးတတ်သည်။ အနံ့ဆိုလဲ ဘယ်လိုမွှေးတာ ဘယ်လိုအော်ဂလီဆန်တာ စသဖြင့် ဆင့်ပွားတွေးတတ်သည်။ အရသာဆိုလဲ ဘယ်လိုစားကောင်းတာ၊ ဘယ်လိုအ၀င်ဆိုးတာ စသဖြင့် ဆင့်ပွားအတွေးများ ဖြစ်လာတတ်ပါသည်။

ထိုဆင့်ပွားအတွေးများ အားကြီးလာလျှင် တွေးနေသည့်စိတ်က တွေးနေသည်ထက် ထိန်းမရတော့ဘဲ နှုတ်ကပါထုတ်ပြောတော့သည်။ ဘယ်လိုလှတာ၊ ဘယ်လိုရုပ်ဆိုးတာ စသဖြင့် ကောင်းတော့လဲ ကောင်းသတင်း၊ မကောင်းတော့လဲ အတင်းရယ်လို့ ဖြစ်လာပါသည်။

ကောင်းတာပြောတာ ပြန်ကြားရလျှင် လူတိုင်းနီးပါး နှစ်သက်ကြပေမယ့် အဆိုးပြန်ကြားလျှင် တစ်ဦးနှင့်တစ်ဦး မိတ်ပျက်လာတတ်ပါသည်။ ဤသို့ဖြစ်ဖန်များလာလျှင် အဆက်အဆံပျက်ပြီး နောက်ဆုံး အရမ်းချစ်ခင်သူတွေ ဖြစ်ခဲ့လင့်ကစား မတွေ့ချင်၊ မမြင်ချင်တဲ့အထိ မုန်းတီးသွားတတ်ကြပါသည်။ အခြေခံမှာ အတွေးတစ်စမှ ဖြစ်လာသော ဆင့်ပွားအတွေးများကြောင့် ဖြစ်သည်။

လှတာမြင်လျှင် လှတယ်ဆိုသည့် အတွေးဖြင့်ရပ်ပြီး ဆက်မတွေးလျှင် ထိုအလှကြောင့် အာရုံဖမ်းစားခြင်း မခံရတော့။ ကြိုက်သည့်ပစ္စည်းတွေ့လျှင် ကြိုက်သည်ဆိုတာနှင့်ရပ်ပြီး ဆက်မတွေးပါက ထိုပစ္စည်းကို ခိုးဝှက်ယူချင်သောစိတ်ဆိုသည်မှာ ဖြစ်လာမည်မဟုတ်။

ဒီအရသာကောင်းတာကို ကောင်းသည်ဆိုသည့် အတွေးဖြင့်ရပ်ထားလျှင် သူများမကျွေးချင်သည့် ဒီအရသာအား ခိုးစားချင်စိတ် ဖြစ်လာတော့မည်မဟုတ်။ ထိုနည်းတူစွာ မကောင်းဘူးဟု မိမိထင်သည့် အတွေးတစ်စ စိတ်ထဲဝင်လာပါက ဆက်တွေးတာ မကောင်းဘူးဟုထင်လျှင် ထိုအတွေးစ ရောက်တဲ့နေရာတွင် ဖြတ်ထားသင့်သည်။

ဖြတ်ထားသင့်သည့် အတွေးစကို ဖြတ်မထားဘဲ ဆက်တွေး၍ ဖြစ်ပေါ်လာသော ဆင့်ပွားအတွေးများကြောင့် ကျွန်မတို့တွင် မမှားသင့်သော အမှားများ ဖြစ်ပေါ်လာရတော့သည်။ မသင့်ဘူးထင်လျှင် ဤအတွေးစ အင်အားမကြီးခင် ဖြတ်ထားလိုက်မှကောင်းသည်။

အကောင်းနှင့်အဆိုး ဒွန်တွဲနေသည့် လောကကြီးထဲ ဆင့်ပွားအတွေးတိုင်း မကောင်းဘူးဟု ပြော၍မရပါ။ ပြဿနာတစ်ခုကို အဖြေရှာလိုပါက ဆင့်ကာဆင့်ကာ တွေးတောသုံးသပ်ပါမှ နက်နဲသည့် အဖြေမှန်ကို တွေ့ရမည်။

ကြုံဖူးသော အမှားကို ဆင့်ကာဆင့်ကာ တွေးတောသုံးသပ်၍ မိမိအမှားကို ရှာတွေ့မှ နောင်တွင် အမှန်ဖြစ်နိုင်မည်။ သို့မဟုတ်ပါက မိမိအမှားမိမိ သတိမထားမိဘဲ ဆက်ကာဆက်ကာ အမှားများ ဆက်လုပ်ပြီး မှားပြီးရင်းမှားနေတတ်သည်။ ထိုကဲ့သို့သော ကိစ္စများတွင် အတွေးတစ်စကို ဆင့်ပွားတွေးတောသုံးသပ်ပါမှ အမှားများ ထပ်ခါထပ်ခါ မလုပ်မိမှာဖြစ်သည်။

ဤကိစ္စ သင့်သည်၊ မသင့်သည်ကို ဥာဏ်ကူမှသိမည်။ ဥာဏ်နည်းသူများက မတွေးသင့်သည်များကိုတွေး၊ မလုပ်သင့်သည်များကိုလုပ်၊ မမှားသင့်သည်များကို အထပ်ထပ်အခါခါမှားရင်း ဘ၀ကို မထူးဇတ်ခင်းနေကြသည်။ ဖြစ်ပေါ်လာသည့် အတွေးတစ်စကို သင့်မသင့် မဆုံးဖြတ်ဘဲ စိတ်ပျော်သလိုတွေး၊ စိတ်ပျော်ရာလုပ်ရင်း နောက်ဆုံး မပျော်နိုင်သော ဘ၀နိဂုံးဖြင့် အဆုံးသတ်ရသည်။

အတွေးတစ်စ အာရုံထဲဝင်လာသည်နှင့် ဤအတွေးသည် မိမိကိုအကျိုးတကယ်ပြုလား၊ သူများကို အကျိုးယုတ်စေသလား၊ ဆက်တွေးလို့ ဘာအကျိုးရှိနိုင်သလဲ သေချာသုံးသပ်ပြီးမှ ဆင့်ပွားတွေးကျင့်ရလာလျှင်ဖြင့် မိမိ၏စိတ်မှာ နဂိုရှင်းလင်းနေပေလိမ့်မည်။သူများအကျိုးမရှိတာ အတွေးဖြင့်တောင် မလုပ်တဲ့အတွက် မိမိကိုယ်ကို ပိုလေးစားလာသည်။

သူများလဲ အကျိုးမယုတ်၊ မိမိလဲအကျိုးရှိသည့်အတွေးမှန်လျှင် ဆက်တွေးပါ။ ဤဆင့်ပွားအတွေးများသည် အရေးမကြီးသလိုနှင့် ဘဝတွင်အရေးကြီးလှသည်။ မိမိဥာဏ် အနိမ့်အမြင့်ပေါ်မူတည်၍ လိုသလို အသုံးချ၍ရသည်။

လေ့လာသုံးသပ်ဆင်ခြင်ဥာဏ်ဆိုတာ ဆင့်ပွားအတွေးများမှ အခြေခံလာခြင်းဖြစ်သည်။ လူသတ်မှုလိုမျိုး ရာဇဝတ်မှုတွေဟာလည်း ထိုဆင့်ပွားအတွေးများကို အခြေခံ၍ စိတ်နောက်ကိုယ်ပါ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဆင့်ပွားအတွေးများမှ ဖြစ်ပေါ်လာသည့် အဆိပ်အတောက်များ ကင်းဝေး၍ ဆေးအဖြစ် ဥာဏ်မီသလို အသုံးချနိုင်စေဖို့ ဆန္ဒပြုလျက်……

အမှုန် (Burmesehearts.com)

You might also like