Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ဆွတ်ပျံ့ဖွယ် နေ့ရက်များ – BurmeseHearts

ဆွတ်ပျံ့ဖွယ် နေ့ရက်များ

0

ဒီနေ့ အိပ်ယာကနိုးလို့ မျက်စိပွင့်ကတည်းက ကိုကို့အကြောင်းပဲ ခေါင်းထဲရောက်နေသည်။ လာမည့်အပတ်တွင် ပြုလုပ်မည့် ကျွန်မ မင်္ဂလာဆောင်ကို ဘယ်လိုလှအောင် ပြင်လိုက်မည်။ ဘာတွေပြင်ဆင်ရမည်ဆိုတာ စိတ်မ၀င်စားနိုင်။ ကိုယ့်ဘာသာ ရွေးချယ်ခဲ့တဲ့ သတို့သားပေမယ့် ထိုသတို့သားအတွက်လဲ အချိန်မပေးချင်။ စိတ်လှုပ်ရှားလို့ ဘာမှမလုပ်ချင်ဘူး။ ကောင်းသလိုသာ စီစဉ်ကြတော့ဟု လုံးဝမျက်နှာလွှဲလိုက်ကာ နှစ်ဘက်မိဘ စီစဉ်သည့် မင်္ဂလာပွဲ ဖြစ်မှန်းမသိဖြစ်နေတော့သည်။

မင်္ဂလာပွဲအတွက် သတို့သားအစ်မကအစ နှစ်ဖက်စလုံးဗျာများနေပေမယ့် သတို့သမီးလုပ်မယ့် ယွန်းသစ္စာကိုယ်တိုင်ကတော့ အိပ်ယာပေါ်မှာပဲ အမြဲလိုလို လဲလျောင်းနေမိသည်။ ဖုန်းလာလျှင်ကိုင်ပြီး သူတို့မေးတာတွေ အလိုက်သင့်ပြန်ဖြေပေး၊ သတို့သားလောင်း၏ဖုန်းအား ချွဲနွဲ့ကျီစယ်ပြောပေး၊ ဒါကလွဲရင် သတို့သမီးလောင်း သစ္စာ တစ်နေကုန် အားနေသည်။ ဒီအချိန်တွေမှာ တခြားသတို့သမီးလောင်းတွေ ဘယ်လိုခံစားရမယ်၊ ဘာတွေ တွေးတောလုပ်ဆောင်နေမယ်ဆိုတာ မသိပေမယ့် သစ္စာကတော့ ရှေးဟောင်းနှောင်းဖြစ်များကိုသာ တွေးနေဖြစ်တော့သည်။

သစ္စာရဲ့သတို့သားမဖြစ်ခဲ့တဲ့ ကိုကိုနဲ့ သစ္စာတို့ အတိတ်မှာ အက်ရာတွေ၊ ဆက်ရာတွေ၊ အပိုင်းအစတွေ အများကြီးပဲ။ ၀မ်းနည်းစရာတွေတွေးပြီး သစ္စာမငိုနေချင်တော့တာမို့ ကိုကိုနဲ့သစ္စာရဲ့ ပျော်ရွှင်ခဲ့တဲ့ အချိန်တွေကိုပဲ သစ္စာတွေးတော့မယ်နော်။ သစ္စာလက်ထပ်တော့မယ်ဆိုတာ ကိုကိုသိနိုင်မလား။ ကိုကိုနဲ့ ပတ်သက်တဲ့သူငယ်ချင်း ဘယ်သူ့ကိုမှသစ္စာမပြောခဲ့တာမို့ သစ္စာသူငယ်ချင်းတွေကို ကိုကိုတကူးတက သစ္စာအကြောင်းမမေးရင် သူတို့က ကိုကို့ကို တခုတ်တရ လာပြောမယ့်သူတွေမဟုတ်လို့ ကိုကို သစ္စာရဲ့ မင်္ဂလာသတင်း ကြားဖို့ခဲယဉ်းနေပါလိမ့်မယ်။

ကိုကို့ထက် ငယ်ရွယ်နုနယ်တဲ့ သစ္စာကို ကိုကိုပစ်သွားတဲ့နောက်ပိုင်း သစ္စာထက်ငယ်တဲ့ သူတစ်ယောက်ကို လက်ထပ်ပေါင်းသင်းဖို့ သစ္စာသဘောတူခဲ့ပါတယ်။ ကိုကို့ကိုပဲတစ်ဖက်သတ်လိုလို ချစ်ခဲ့ရတဲ့သစ္စာကို တစ်ဖက်သတ်ချစ်နေတဲ့သူ ရှိနေနိုင်တာ သစ္စာမေ့နေခဲ့တယ်။ ကိုကို့ကို သစ္စာက အမြဲဦးစားပေး စဉ်းစားပေးခဲ့သလို သစ္စာကို အမြဲအလျှော့ပေးချစ်သွားမယ့်သူကို သစ္စာရခဲ့ပါပြီ။ ကိုကို့အတ္တအောက် သစ္စာမှောက်ကျခဲ့ရသလို သူ့အပေါ်သစ္စာ အတ္တမကြီးဖြစ်အောင် ကြိုးစားနေပါတယ်။ လူဆိုတာ ကိုယ်ချင်းစာစိတ်ရှိရမယ်လေ။ အချစ်ကြောင့်နာကျင်မှုဒဏ် အလူးအလဲ သစ္စာခံစားဖူးတော့ သူ့ကိုသစ္စာခံစားခဲ့ရသလို မခံစားစေချင်ပါဘူး။

ညိုညက်တဲ့သူ့အသားအရေနဲ့ ဖြူနုတဲ့သစ္စာရဲ့အသားအရောင်က သစ္စာကို အလိုလို တစ်ပန်းသာစေပေမယ့် ဘယ်သူပိုဖြူတယ်လို့ အမြဲပြိုင်ခဲ့ရတဲ့ ကိုကို့ခြေဖမိုးတွေကို သစ္စာလွမ်းပါတယ်။ သူ့ရင်ခွင်ထဲသစ္စာမှီနေပေမယ့် ကိုကိုနဲ့အတူ စာဖတ်ရင်းစားပွဲခုံအောက်က ခိုးထိရတဲ့ ခြေချောင်းအထိတွေ့လောက် သစ္စာကိုရင်မခုန်စေခဲ့ပါဘူး။ သူနဲ့အတူ ကမ်းခြေမှာ ရေဆင်းကစားနေပေမယ့် ကိုကို့ကို လကဆေးကန်ကရေနဲ့ ချောင်းပြီးပက်ရသလောက် သစ္စာလွတ်လပ်စွာ မပျော်ရွှင်ခဲ့ဘူး။

ဝမ်းနည်းအားငယ်တတ်တဲ့ သစ္စာကိုအမြဲအားပေးတတ်တဲ့ သူ့အစား ကိုကိုသာ သစ္စာကို စိတ်နာအောင်မပြောခဲ့ရင်၊ ကိုကိုသာသစ္စာကို အတ္တကြီးကြီးနဲ့ ပစ်မသွားခဲ့ရင်ဆိုပြီး သစ္စာအပေါ် အနိုင်ယူခဲ့တဲ့ ကိုကို့ကို အမြဲစိတ်ရောက်နေမိတယ်။ သစ္စာကို ဘယ်လိုချောတယ်လို့ တသသပြောပြီး အနားမှာ အမြဲချစ်ပြတတ်တဲ့သူ့အစား သစ္စာရဲ့အားနည်းချက်ကို ရှာကြံအပြစ်တင် ရှုံ့ချတတ်တဲ့ကိုကို့ကို သစ္စာလွမ်းနေမိတယ်လို့ သူများတွေကိုပြောရင် သစ္စာကိုရူးနေလားလို့ မေးကြရော့မယ်။

တကယ်ဆို သစ္စာကို လက်ထပ်ခွင့်တောင်းလာမယ့်သူဟာ ကိုကိုပဲ ဖြစ်စေချင်ခဲ့တာ။ သစ္စာကိုကို့ကို ဘယ်လောက်ချစ်လဲ မြင်ခဲ့အောင် သစ္စာရင်ကို ဟင်းလင်းဖွင့်ပြထားခဲ့တာ။ ဒါပေမယ့် သစ္စာမြင်ရတာက ကိုကို့နောက်ကျောပဲ။ ကိုကိုအမြဲ သစ္စာကို ကျောခိုင်းထားခဲ့ရက်တယ်။ သစ္စာစောင့်ခဲ့ပါတယ်။ မျှော်လင့်ချက်ကြီးကြီးနဲ့ပေါ့။ ကိုကိုသစ္စာဆီကို လုံးဝပြန်မလာတော့တာ သေချာတော့မှ သစ္စာရဲ့မခံချင်စိတ်မာနက ဒီမင်္ဂလာပွဲ ဖြစ်စေခဲ့တယ်။

သစ္စာကို သမီးအရင်းလိုဖေးမတဲ့ သူ့မိဘတွေကိုတွေ့တော့ နှိမ်ချချအကြည့်တွေနဲ့ ကြည့်တတ်တဲ့ ကိုကို့မိဘနဲ့ညီမတွေကို သစ္စာသတိရမိတယ်။ ဒီလိုနွေးထွေးစွာ ကြိုနေတဲ့မိသားစုရယ်၊ နွေးထွေးလုံခြုံတဲ့ရင်ခွင်တစ်ခု သစ္စာကိုဖိတ်ခေါ်နေတာ သစ္စာဝမ်းသာရမှာပေါ့။ သစ္စာကိုယ်တိုင်လဲ အမြဲပြုံးနေပါတယ်။ တစ်ခါတစ်လေ ဟာသတွေပြောပြီး ရယ်တောင်ရယ်နေဖြစ်သေးတယ်။ ဒါတွေက လူတွေရှေ့မှာပေါ့။

သစ္စာတစ်ယောက်တည်း နေဖြစ်တဲ့အချိန်တွေကို သစ္စာပိုင်တယ်မဟုတ်လား။ သစ္စာတမင်တကာရယ်လို့တော့ ကိုကို့အကြောင်း လုပ်ယူတွေးမနေပါဘူး။ ဒီအတွေးတွေဝင်လာတိုင်း ပင်ပန်းလွန်းလို့လေ။ ဒါပေမယ့် သူ့ဘာသာသူခေါင်းထဲ ဒီအတွေးတွေဝင်လာရင်တော့ သစ္စာမတားဆီးချင်ဘူး။ တစ်ခုခုရှာကြံလုပ်ရင်း ဒီအတွေးတွေကို ဖျက်စီးလိုက်ပါတယ်။ သစ္စာကို ဘာကောင်းကျိုးမှ ပေးမှာမဟုတ်လို့ပါ။

သစ္စာမင်္ဂလာဆောင်ပြီးရင် သစ္စာမှာ အိမ်ထောင့်တာဝန်ဆိုတာ ရှိလာမယ်။ အဲဒီကတဆင့် မိဘတာဝန်ဆိုတာ ဖြစ်လာမယ်။ ဒီများမြောင်လှတဲ့တာဝန်တွေကြားမှာ ကိုကိုဆိုတဲ့ကဏ္ဍ မှိန်ဖျော့သွားပါစေလေ။ သူများတွေပြောကြသလို အချိန်က ကုစားသွားမှာပါ။ ကိုကိုတောင်မှ သစ္စာဆိုတာကို မေ့လျော့နေရင် သစ္စာက ကိုကို့ကို အချိန်နဲ့အမျှ မေ့ပစ်သွားဖို့ ဘာလို့မကြိုးစားနိုင်ရမှာလဲ။ ဒီလိုအားတင်းရင်းနဲ့ သစ္စာကိုကို့ကို မေ့ပစ်သွားပါ့မယ်။ ပြီးတော့ သစ္စာရဲ့ ခင်ပွန်းကို ချစ်နိုင်အောင်ကြိုးစားရဦးမယ်လေ။

ဥသြမေ (Burmesehearts.com)

You might also like