Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ဆန္ဒနှင့်ဘဝ – BurmeseHearts

ဆန္ဒနှင့်ဘဝ

0

ဆန္ဒနှင့်ဘ၀ ရောထွေးနေထိုင်နေရသော လူ့လောကကြီးတွင် တစ်ခါတစ်လေ ဘ၀ပေးအခြေအနေအရ ဆန္ဒကို စွန့်လွှတ်လိုက်ကြရသူတွေ ရှိသလို၊ တစ်ခါတစ်လေ ဆန္ဒနောက်လိုက်ပြီး ရေစုန်မျှောလိုက်ကြသူတွေလည်းရှိသည်။ တစ်ချို့ကျတော့ ဆန္ဒနှင့်ဘ၀ ထပ်တူကျအောင် ဆွဲညှိရင်း ရွဲ့လိုက်၊ တည့်လိုက် ဘ၀ကြီးထဲ အစုန်အဆန် ရုန်းကန်နေကြသူတွေလည်းရှိသည်။

ဆန္ဒနှင့်ဘ၀ အမြဲထပ်တူကျဖို့ဆိုတာတော့ ရှားသည်။ ဆန္ဒကများပြီး ဘ၀က ဆန္ဒအတိုင်း ဖြစ်မလာသေးသူများက လောကကြီးတွင် အရေအတွက် ပိုများသည်။ ဆန္ဒကပြင်းပြပြီး ဖြစ်နေတဲ့ဘ၀က ဆန္ဒအတိုင်း ဖြစ်လာနိုင်ချေနည်းလျှင် (သို့မဟုတ်) ဆန္ဒနှင့် ဆန့်ကျင်ဘက်သို့ ရောက်နေလျှင် စိတ်ဓာတ်ကျလာတော့သည်။

စိတ်ဓာတ်ကျလာပါက နေ့စဉ်ကျင်လည်နေရသော နေ့တဓူဝကိစ္စတွေဝယ် မလွှဲမရှောင်သာ၍သာ လုပ်နေရသည်။ မိမိစိတ်ဝယ် စိတ်ကျေနပ်ပျော်ရွှင်မှုဆိုတာ ရှားနေတတ်သည်။ စိတ်ဆတ်သည်။ အပြစ်မြင်လွယ်သည်။ အပြစ်တင်လွယ်သည်။ အခက်အခဲများအား အရှုံးပေးလွယ်သည်။ စိတ်ဓာတ်ကျလွန်းပါက အရာရာကို အနှုတ်လက္ခဏာ(မကောင်းသည့်ဘက်က) မြင်တတ်သည်။ အဆိုးပဲတွေးနေတတ်သည်။ ယုံကြည်မှုအားနည်းနေတတ်သည်။

နောက်ပိုင်း စိတ်ဓာတ်ကျရောဂါဟူ၍ပင် စိတ်ရောဂါကုဆရာဝန်နှင့် ကုရသည့်အခြေအထိဖြစ်လာရတတ်သည်။ အကြောင်းအရင်းစစ်လိုက်လျှင် ပိုမိုမြင့်မားလိုသောဆန္ဒကြောင့် ဖြစ်ပေါ်လာသော စိတ်ဓာတ်ကျခြင်းသည် ဆန္ဒနှင့် ဘ၀ထပ်တူမကျခြင်း၊ မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာခြင်း၊ ကြိုးစားထားသလောက် အရာမထင်ခြင်း စသဖြင့် အကြောင်းအရင်းစုံလှသည်။ စိတ်ကြောင့်ဖြစ်တဲ့ရောဂါကို အလွယ်ကူဆုံး စိတ်ဖြင့်ပဲကု၍ရသည်။

တိုးတက်ခေတ်မီနေသောနိုင်ငံများနှင့် လူနေမှုအဆင့်အတန်းမြင့်မားသောနိုင်ငံများ၊ ချွတ်ချုံကျသောနိုင်ငံများနှင့် လူနေမှုအဆင့်အတန်း နိမ့်ပါးလွန်းသောနိုင်ငံများတွင် စိတ်ဓာတ်ကျဆင်းနေသူများ အများအပြား တွေ့ရသည်။

တိုးတက်ခေတ်မီနေသော နိုင်ငံများတွင် တိုးတက်နေသောခေတ်နှင့်အမီ ရင်ဘောင်တန်းနေထိုင်ရသောကြောင့် အလုပ်တွင်၊ ပညာရေးတွင်၊ လူနေမှုဝန်းကျင်တွေ နောက်ကောက်မကျရအောင် တိုးတက်နေသော ခေတ်နှင့်အမှီလိုက်နေရင်း စိတ်ဖိစီးမှုများကာ ဆီခမ်းသွားသည့် မီးခွက်လို စိတ်အင်အားများခမ်းခြောက်လာကာ စိတ်ဓာတ်ကျရောဂါ ရလာတတ်သည်။

လူနေမှုအဆင့်အတန်း မြင့်မားသောနိုင်ငံများတွင် မြင့်မားသော လူနေမှုအဆင့်အတန်းတွင် ၀င်ဆံ့အောင်၊ အများတန်းတူ နေထိုင်နိုင်အောင် မိမိအတွက်၊ အိမ်ထောင်ဖက်အတွက်၊ သားသမီးအတွက်၊ မိသားစုအတွက် ကြိုးစားရင်း မြင့်သထက်မြင့်မားလာသော လူနေမှုစရိတ်အဆင့်အတန်းအတွက် ၀န်ပိလာကာ စိတ်ဖိစီးပြီး စိတ်ဓာတ်ကျရောဂါ ဖြစ်လာတတ်သည်။

ချွတ်ခြုံကျသောနိုင်ငံများတွင် နေထိုင်ရသူများကလည်း တစ်နေ့တာစားဝတ်နေရေး ရုန်းကန်ရင်းကပဲ စားမလောက်မှန်းသိလာလေ လောကကြီးမှာ အသက်ရှင်နေရတာ အဓိပ္ပါယ်မရှိသလို ခံစားလာရကာ ဒီ့ထက်လဲမရုန်းကန်နိုင်တော့တဲ့ အခြေအနေတွင် စိတ်ဓာတ်ကျရောဂါ စွဲလာရတော့သည်။

လူနေမှုအဆင့်အတန်း နိမ့်ပါးလွန်းသောနိုင်ငံများတွင် နေထိုင်ရသူများကလည်း လူရယ်ဟုသိတတ်သည့် အရွယ်မှစ၍ မိမိ၏ထမင်းတစ်နပ်စာအတွက် ရရာဝင်ရောက်လုပ်ကိုင်ရင်း ရသမျှနှင့် မ၀ရေစာ ခြိုးခြံနေထိုင်စားသောက်ရခြင်း၊ ယခုလက်ရှိအနေအထား၏ တစ်ဆင့်ထက်တစ်ဆင့် မြင့်တက်သွားနိုင်မည့် ရေရာသည့်အနာဂတ်လဲမရှိ၊ ဘ၀အသက်ရှင်ခြင်းသည် တစ်နေ့တာစားသောက်နေထိုင်ဖို့ တပင်တပန်းလုပ်ကိုင်ရခြင်း ဖြစ်နေသောအခါ ထိုသို့အသက်ရှင် နေထိုင်ရခြင်းကို စိတ်ဓာတ်ကျလာတတ်သည်။

ထိုစိတ်ဓာတ်ကျရောဂါများ ဖြစ်ရခြင်းအား သုံးသပ်လိုက်ပါက မိမိရှိနေသောအရပ်၊ ရနေသောအနေအထား၊ ဖြစ်နေသောအဆင့်အတန်းနှင့် မကျေနပ်နိုင်ဘဲ ဒီ့ထက်ပိုမို မြင့်မားလိုသည့် စိတ်ဆန္ဒကစသည်။ ယခုထက်ပိုမိုကောင်းမွန်စွာ နေထိုင်လိုတာ လူ့သဘာဝပါ။ ကောင်းသည်ထက်ကောင်းချင်သည်။ ရသည်ထက်ရချင်သည်။ ကောင်းလာလျှင်၊ ရလာလျှင် အဆင်ပြေပျော်ရွှင်ပေမယ့် မကောင်းလာလျှင်၊ မရလာလျှင် စိတ်ဓာတ်ကျလာတော့သည်။

ထိုဖြစ်ချင်သော စိတ်ဆန္ဒကို ဆန္ဒမှန်းသိပြီး လက်တွေ့ဘ၀ကို ဒါဟာမိမိရရှိနေသောဘ၀ဟု သတိထားကြည့်တတ်သည့် စိတ်လိုသည်။ ဆန္ဒကို အကောင်အထည်ဖော်ရင်း မိမိ၏လက်ရှိဘ၀၀ယ် ကျေနပ်စွာ နေတတ်ဖို့လိုသည်။ ရနေတာဖြင့် ပျော်ရွှင်အောင် နေတတ်သည့်စိတ်လိုသည်။ လက်ရှိဖြစ်တည်နေသော ဘ၀အခြေအနေ၀ယ် ရရာဖြင့် ပျော်အောင်နေရင်း မိမိဖြစ်ချင်သောဆန္ဒလဲ တစ်ဖက်က အကောင်အထည်ဖော်နေပါက နေရတာ စိတ်ချမ်းသာသည်။ မိမိ၏ဆန္ဒဖြစ်မလာလဲ လက်ရှိရနေတာနှင့် အဆင်ပြေအောင် ကျေနပ်တတ်ပါက ပိုမိုမြင့်မားလိုသောဆန္ဒကြောင့် စိတ်ဓာတ်ကျရောဂါ မစွဲကပ်နိုင်ပါ။

မိမိ၏ စိတ်ကပဲ မိမိ၏စိတ်ကို ပြန်လည်စစ်ထုတ်ကာ ဆန္ဒသည် ဆန္ဒ၊ လက်ရှိဖြစ်တည်နေတာသည် ဘ၀ဟု သပ်သပ်စီ သိနေဖို့လိုသည်။ ဥပမာအားဖြင့်-တိုက်အိမ်နှင့်နေချင်တာသည် ဆန္ဒဖြစ်ပြီး တဲအိမ်သာသာနေနေရခြင်းသည် ဘ၀ဖြစ်သည်။ ထိုတဲကို တိုက်ပြန်ဆောက်နိုင်အောင်ကြိုးစားရင်း တဲအိမ်၏အရိပ်ကိုလဲ တန်ဖိုးထားတတ်ဖို့လိုသည်။ ထိုအရိပ်ဝယ် ပျော်ရွှင်စွာ အိပ်စက်တတ်မှ တိုက်အိမ်ဖြင့်နေချင်သည့် စိတ်ဖိစီးမှုမှ ကင်းဝေးမည်။

တကယ်ဆို ကျွန်မတို့၏စိတ်သည် တွေးလျှင်တွေးသလောက် အနက်အဓိပ္ပါယ်ပေါ်ပါသည်။ စဉ်းစားလျှင် စဉ်းစားသလောက် အဖြေရပါသည်။ ကြံစည်လျှင် ကြံစည်သလောက် စိတ်ကူးပေါ်ပါသည်။ ဥာဏ်ရှိလျှင် ရှိသလောက် အသုံးတည့်လှတာမို့ ဥာဏ်ရှိသလို အသုံးချရင်း စိတ်ဓာတ်ကျခြင်းကင်းပါစေဟု ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

အမှုန် (Burmesehearts.com)

You might also like