Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
အထီးကျန်မှုမှသည် အားသာချက်သို့ ပြောင်းလဲခြင်း – BurmeseHearts

အထီးကျန်မှုမှသည် အားသာချက်သို့ ပြောင်းလဲခြင်း

0

ဘာကြောင့် အထီးကျန်ခံစားရကြသလဲ။ အရိုးရှင်းဆုံးအဖြေက တစ်ဦးတည်း အဖော်မဲ့နေသလို ခံစားရမှုမှာ ထွက်ပေါက်ရှာမတွေ့ ဖြစ်နေလို့ အထီးကျန်တယ်ဆိုပြီး ဖြစ်နေကြတာပါ။ အဲဒီအချိန်မှာ အဖော် အရမ်းလိုအပ်လာတယ်။ ဖြေသိမ့်ပေးမယ့်သူကို တောင့်တတယ်။ အနားရှိစေချင်သူတွေကို တမ်းတတယ်။ စိတ်ပျော်ရာ ပျော်ကြောင်းတွေ လျှောက်လုပ်ကြတယ်။ ဒီအထီးကျန်ခံစားမှုကို ခဏပဲဖြစ်ဖြစ် ၊ လုံးဝပျောက်သွားအောင်ပဲဖြစ်ဖြစ် ကြိုးစားမေ့ဖျောက်တတ်ကြတယ်။

တကယ်လို့များ တစ်ဦးတည်း ဖြစ်နေသလိုလို ၊ ဘက်ပဲ့နေသလိုလို ခံစားရချိန်မှာ ကိုယ့်အတွက် စိတ်ဝင်စားစရာကောင်းမယ့် တခုခုကိုများ အစားထိုးလုပ်ကိုင်နေလိုက်မယ်ဆို ငါအထီးကျန်နေတယ်လို့ တွေးဖို့ အချိန်မရတော့ဘူး။ ငါဘယ်လိုအထီးကျန်ခံစားပြီး ဝမ်းနည်းနေရတယ်လို့ မခံစားဖြစ်ခဲ့ရင် အထီးကျန်တယ်ဆိုတဲ့ စကားလုံးဟာ ကိုယ့်အတွက်ဖြစ်မလာတော့ဘူး။ ဘယ်သူမှလည်း ကိုယ့်အနားမရှိ ၊ ဘာမှလည်း လုပ်စရာမရှိဘူးဆိုပြီး ပျင်းရိနေတာ ၊ အထီးကျန်ခံစားနေတာမျိုးတွေ မဖြစ်တော့ဘူး။

ကျွန်မရဲ့ (၅)နှစ်သမီးလေးက ကျောင်းကအပြန်တနေ့မှာ နှစ်ယောက်တတွဲ တွဲရတဲ့ ကျောင်းဆင်းချိန်မှာ သူ့ကိုတွဲမယ့်သူမရှိဘူး။ သူသိပ်အထီးကျန်ခံစားရတယ်လို့ ပြောလာခဲ့တယ်။ ဒီလိုအဖြစ်မျိုး နှစ်ကြိမ်ကနေ သုံးကြိမ်လောက်ဖြစ်လာတော့ သူ့ကိုနားလည်အောင် ပြောပြဖို့ အချိန်တန်ပြီလို့ ကျွန်မဆုံးဖြတ်လိုက်တယ်။

ကျွန်မ လသားလေးအရွယ်မရောက်တရောက်မှာ အဆုတ်ထဲရေဝင်လို့ဆိုပြီး အတော်ကုခဲ့ရတယ်လို့ မိသားစုဝင်တွေက ပြောကြတယ်။ အဲဒီကုသမှု အကင်းသေလား ၊ မသေလား ကျွန်မလည်း ဆေးလောကသားမဟုတ်တော့ နားမလည်ဘူး။ ဒါပေမယ့် ကျွန်မဟာ အသက်(၁၀)နှစ်လောက်အထိ အမြဲလို တရှောင်ရှောင်ဖျားနာနေတာ အနွေးထည် ကင်းကင်းလွတ်တဲ့ရက်ဆိုတာရှားတယ်။ ချောင်းမဆိုးတဲ့ရက်ဆိုတာလည်းရှားတယ်။ နှာမစီးတဲ့ရက်ဆိုတာလည်းရှားတယ်။ နွေခေါင်ခေါင် ဖျားတာယူမလား ။ မိုးအေးလို့ဖျားတာယူမလား ။ ဆောင်းတွင်းမို့ဖျားတာယူမလား။ လေစိမ်းတိုက်လို့ဖျားတာယူမလား ။

အိမ်မှာနေလည်းဖျား ၊ ခရီးထွက်လည်းဖျား ၊ တံတားပေါ်က မြစ်တွေချောင်းတွေဖြတ်လည်းဖျား ၊ ပင်လယ်လေခံလည်းဖျား ၊ အပူအအေး မမျှလည်းဖျား ၊ နာက်ဆုံး ရာသီဥတုအပြောင်းအလဲ မိုးလေဝသမကြည့်နဲ့ ကျွန်မသာကြည့်လို့ လူကြီးတွေ နောက်ကြတဲ့အထိ ကျန်းမာရေးမကောင်းတဲ့ ခန္ဓာကိုယ်က အမြဲလိုလို ဖျားနာနေတော့တာပဲ။ ခြင်ကိုက်တာကနေအစ ကိုယ်လက်ဖူးယောင်တာအဆုံး ဘာဖြစ်ဖြစ် ဖျားဖို့ ၊ အိပ်ရာထဲလဲဖို့ပဲ တာဆူနေခဲ့တဲ့ကျွန်မ တခါဖျားရင် အနည်းဆုံးတပတ် နလန်မထူပြန်ဘူး။

ဒီလို လူမမာကလေးဘဝမှာ အဖျားတွေနဲ့ပဲ အဖော်ပြုခဲ့ရတော့ သူငယ်ချင်းတွေနဲ့ ပြေးလွှားကစားရတာမျိုးရှားတယ်။ လူကအဖျားရှိန် နဲ့ ကိုယ်ခံးအားနည်းလို့ ၊ နှလုံးအားနည်းပြီး အမောမခံနိုင်လို့ စတာတွေနဲ့ ကစားတိုင်း ကိုယ်က ပစားပေးအဆင့်ပဲဝင်ရတယ်။

မပြေးနိုင်တဲ့ကိုယ့်ကို ဘယ်သူမှ လိုက်ဖမ်းမယ့်သူလည်းမရှိ ၊ ကိုယ်လိုက်ဖမ်းလှည့်ဆိုပြန်ရင်လည်း သူငယ်ချင်းတွေလောက် မပြေးနိုင်တဲ့ကိုယ်ဟာ ဘယ်သူ့မှ ဖမ်းမမိဘဲ ကစားပွဲဟာ ပျော်စရာမကောင်းတာကြောင့် သူငယ်ချင်းတွေက ကိုယ့်ကို ပြေးချင်ပြေး ၊ မပြေးချင်နေဆိုပြီး ပစားပေးထားခဲ့တာ။ ဒီတာ့ ကိုယ်ဝင်ကစားခွင့်ရသည့်တိုင် ကစားပွဲတိုင်းမှာ လိုက်ဖမ်းမယ့်သူမရှိတဲ့ကိုယ်ဟာ သူတို့ကသပ်သပ် ကိုယ်သပ်သပ်လို ခံစားနေရပြီး ဘေးကနေပဲ တခြားသူတွေကစားတာ ထိုင်ကြည့်ဖြစ်တော့တယ်။

နေမကောင်းတိုင်း အိပ်ယာထဲကမထနိုင်လို့ ကျောင်းပျက် ၊ အတန်းမမှန်တော့ စာမရ ၊ စာမရတဲ့လူမမာကို အဖက်မလုပ်ကြတဲ့ ဒီစာသင်ခန်းထဲမှာ ကျွန်မအတော် အထီးကျန်ခံစားခဲ့ဖူးတယ်။ အဲဒီ အထီးကျန်မှုဆိုတဲ့အရာကို ဘယ်သူ့တိုက်တွန်းအကြံပေးမှုတွေမှ မရခဲ့ဘဲ ကျွန်မတွန်းလှန်ခဲ့ပုံကို သမီးလေးကို ပြန်ပြောပြဖြစ်ခဲ့တယ်။

အထီးကျန်တယ်လို့ ကျွန်မခံစားရတိုင်း ကျောင်းသင်ခန်းစာတွေကို ကျွန်မ အစကနေ ပြန်လှန်ကြည့်တယ်။ တမျက်နှာပြီးတမျက်နှာ နားလည်သထက် နားလည်အောင် အပြန်ပြန်အလှန်လှန်ဖတ်တယ်။ လေ့ကျင့်တယ်။ ကျက်မှတ်တယ်။ နေမကောင်းရင် အိပ်ယာထဲမှာပေါ့။ ကျောင်းမုန့်စားကျောင်းဆင်းချိန်ဆို အတန်းထဲမှာပေါ့။

သူများတွေ အနားယူချိန် ၊ ကစားချိန်တွေမှာ ကျွန်မက အထီးကျန်မှုကို တိုက်ဖျက်ပြီး စာတွေ ပိုလုပ်ဖြစ်တယ်။ ကျောင်းစာတွေ အကုန်ညက်တော့ ပြင်ပဗဟုသုတရစရာစာအုပ်တွေကို အဖေ့စာအုပ်စင်တွေထဲက ရှာယူဖတ်မှတ်ဖြစ်ပြန်ရော။ ဒီလိုနဲ့ ကျွန်မဟာ ဗဟုသုတ အတော်စုံလာခဲ့တယ်။ ဗဟုသုတဆုံတော့ ကိုယ်နဲ့မတည့်တာတွေကဘာ ၊ ဘာကိုရှောင်လို့ ဘာကိုဆောင်ရမလဲ ၊ ကျန်းမာအောင် ဘယ်လိုနေထိုင်စားသောက်ရမလဲစတာတွေကို ဖတ်မိသိရှိလာတယ်။ အဲဒီအတိုင်းနေထိုင်စားသောက်တော့ ပိုကျန်းမာလာတယ်။ ကျန်းမာလာတဲ့ အဲဒီအချိန်မှာ အတန်းထဲ အဆင့် (၁)၊ (၂) ၊ အနိမ့်ဆုံး(၃)နေရာ အမြဲရပ်တည်နေနိုင်ခဲ့တယ်။

အရင်က ကျောင်းမမှန် ၊ စာမရတဲ့လူမမာကို အဖက်မလုပ်တဲ့ အတန်းဖော်တွေ ဒီသင်္ချာအပုဒ်ကို ဘယ်လိုတွက်သလဲလာမေးကြတယ် ၊ ဒီအင်္ဂလိပ်စာမေးခွန်းအဖြေမှန် ဘယ်လိုလဲ လာမေးကြတယ်။ ဒါနားမလည်လို့ ၊ ဟိုဟာနားမလည်လို့ လာမေးသမျှ ကျွန်မဒိုင်ခံ ဖြေပေးတော့ သူငယ်ချင်းတွေများလာတယ်။ နေမကောင်းလို့ ကျောင်းမလာဖြစ်တဲ့ သူငယ်ချင်းတွေရဲ့အိမ်ကိုသွား ကျောင်းမှာသင်တဲ့စာတွေကို သူ့စာအုပ်ထဲကူးပေးဖို့ အိမ်ယူလာ ၊ နောက်တနေ့ ကျောင်းမှာ ပြန်ရှင်းပြနဲ့ ကျွန်မမှာ သူငယ်ချင်းများလာတယ်။ ဗဟုသုတစုံတော့ English Essay နဲ့ မြန်မာစာစီစာကုံးတွေဆို မကျက် ၊ မမှတ်ရဘဲ လက်တန်းစပ်စိုပြီး အကိုးအကားတွေပါသုံးလို့ ရေးနိုင်လာတာ အလယ်တန်းကျောင်းသူဘဝကတည်းကပဲ။

ဒီအကြောင်းကို သမီးကိုပြောပြပြီး သမီးဟာ တခါတရံမှ တစ်ယောက်တည်း အထီးကျန်သလို ခံစာရတာဖြစ်ပြီး ဘယ်သူမှ သမီးကို တမင်ဖယ်ချန်ထားခဲ့တာမျိုးမဟုတ်ကြောင်း ၊ အမေ့လို အပယ်ခံ လူမမာဘဝကနေတောင် ထူးချွန်ပြီး သူငယ်ချင်းတွေအများကြီး ချစ်ခင်အားကိုးမှုခံရအောင် ဘယ်လိုကြိုးစားနေခဲ့ရတယ်ဆိုတာမျိုးကို ရှင်းပြခဲ့တော့ သမီးလေး နားလည်သွားတယ်။ ကျွန်မရဲ့စကားအဆုံးမှာ သူဟာ ပျင်းနေသလိုခံစားရရင် တစ်ယောက်တည်းနေပျော်တတ်အောင်နဲ့ အထီးကျန်သလိုခံစားနေရချိန်မှာ လေ့လာအားထုတ်မှု ပိုလုပ်မယ်လို့ ပြောလာတယ်။

စိတ်ခံစားမှုတွေကို စိတ်စွမ်းအားအဖြစ် ပြောင်းလဲပစ်လိုက်နိုင်ရင် အကောင်းဆုံးပဲ။

အဆိုးဆုံးဆိုတဲ့ အခြေအနေတွေထဲကမှ အကောင်းဆုံးတွေဖြစ်လာအောင် လုပ်နိုင်တဲ့သူဟာ ဘယ်လိုအခြေအနေဆိုးကိုမှ ကြောက်မနေတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ မှန်ကန်တဲ့ထွက်ပေါက်ဆိုတာကို ဘယ်လိုအခြေအနေမျိုးမှာမဆို ရှာဖွေလုပ်ကိုင်တတ်ကြလို့ဖြစ်တယ်။

အထီးကျန်တယ်ဆိုတဲ့အတွေးနဲ့  အားငယ်စိတ်တွေဝင်ပြီး ခံစားရတာလည်း ကိုယ်ပါပဲ။ ဒီခံစားမှုကို တွန်းလှန်ပြီး တိုးတက်အောင် ကြိုးစားအားထုတ်နိုင်တာလည်း ကိုယ်ပါပဲ။

မိမိအတွက် ကိုယ်ကသာ အရှင်သခင် ၊ ကိုယ်ကသာ အဓိက ကြိုးကိုင်နိုင်သူဖြစ်ပြီး မိမိစိတ်ကို တကယ်ခိုင်းစေနေတာ မိမိပါပဲလို့ နားလည်သွားတဲ့တနေ့ တယောက်တည်းလည်း ပျော်ပျော်ရွှင်ရွှင် အောင်အောင်မြင်မြင် ရပ်တည်နေထိုင်နိုင်ပါတယ်။ အဖော်မဲ့မှာလည်းမကြောက် အထီးကျန်မှာလည်း မမှုတော့ဘူးပေါ့။ ဘယ်အခြေအနေမှာမဆို ဒေါင်ကျကျ ပြားကျကျ ရုန်းကန်နေထိုင်သွားနိုင်ပြီလေ။ အဓိက က စိတ်ပါပဲ။

ရတု (Burmesehearts.com)

You might also like