Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကိုယ်ချင်းစာစိတ်ကလေးများ မေ့နေရင် – BurmeseHearts

ကိုယ်ချင်းစာစိတ်ကလေးများ မေ့နေရင်

0

 

ကျွန်မကတော့လေ ဘယ်နိုင်ငံကပဲဖြစ်နေနေ ၊ ဘာလူမျိုးပဲဖြစ်ဖြစ် ၊ ဘယ်ဘာသာပဲ ကိုးကွယ် ကိုးကွယ် ၊ ဘယ်ဘာသာစကားပဲပြောပြော ကိုယ်ချင်းစာစိတ်မရှိရင် လူမပီသဘူးလို့ ထင်မြင်မိတာပဲ။ ကိုယ်တိုင်ကလည်း ကိုယ်ချင်းစာစိတ်ကို အမြဲလက်ကိုင်ထား သုံးနှုန်းပြောဆို လုပ်ကိုင်တွေးပေးလေ့ရှိတယ်။

ကိုယ့်သားသမီးရလာတော့လည်း ဒီစိတ်ကလေးကိုပဲ အမြဲလေ့ကျင့်ပေးတယ်။ ဘာပဲလုပ်လုပ် ၊ ဘာပဲပြောပြော ၊ ဘာပဲတွေးတွေး ကိုယ်ချင်းစာစိတ်ကလေးကို ဦးစားပေးဖြစ်အောင် လေ့ကျင့်ပေးတာပါ။ ကလေးကို သူစကားမပြောတတ်ခင်ကတည်းက ကိုယ်ချင်းစာတတ်ဖို့ ပြောဆိုလေ့ကျင့်ပေးခဲ့တာ။

ကိုယ့်ကိုဒီလိုပြောရင်ကြိုက်သလား ၊ မကြိုက်ရင် သူများကိုလည်း မပြောနဲ့။ ကိုယ့်ကိုဒီလိုလုပ်ရင်ကြိုက်သလား ၊ မကြိုက်ရင် သူများကိုဒီလိုမလုပ်နဲ့။ သူများလည်းကြိုက်မှာမဟုတ်ဘူးလို့ အထပ်ထပ်အခါခါ လေ့ကျင့်သင်ကြားပေးခဲ့တာပါ။

ကလေးဆိုတော့ မနာဖူးရင် နာတယ်ဆိုတာဘာမှန်းမသိဘူး။ ဒီလိုလုပ်လိုက်ရင် သူများ ဘယ်လောက်နာသွားသလဲဆိုတာ မနာဖူးတော့ ကိုယ်ချင်းမစာတတ်ဘူးလေ။ လသားကလေးတိုင်း သူများ ဆံပင်ကို လှမ်းဆွဲတတ်တဲ့ အကျင့်ရှိတယ်။ အားကြီးရင်ကြီးသလောက် သူများမှာ အတော်ခံစားရတာလေ။ သူကတော့ နာပါစေရယ်လို့ တမင်ရည်ရွယ်ဆွဲတာမဟုတ်ဘူး။ သူများနာသွားတာကိုတောင် သဘောတကျ တခစ်ခစ်ရယ်နေရင် ရယ်ဦးမှာ။ သူမှ ဒီလိုနာတတ်မှန်းမသိပဲလေ။

အဲဒီလိုလသားအရွယ်လေးကတည်းက ကိုယ်ချင်းစာစိတ်ဆိုတာကို သန္ဓေကျအောင် လေ့ကျင့်ပေးခဲ့ရမှာ။ တခါတလေ သင်ပေးတဲ့မိဘဆရာတွေဟာ မလုပ်ချင်လည်း တပါးသူ သိနားလည်သွားဖို့ လေ့ကျင့်သင်ကြားပေးခဲ့ရမှာတွေရှိတယ်။ ဒါဟာ ရက်ရက်စက်စက်လုပ်ရက်တာမျိုးမဟုတ်ဘူး။ အတိုင်းအတာတခုအထိ သင်ယူသူ တကယ်နားလည်သွားဖို့ သင်ပေးရတာတွေရှိတယ်။ နာမှန်းမသိတဲ့ကလေးကို သူနာရုံလောက်လေး ပြန်လုပ်လိုက်ရုံနဲ့ သြော်ဒီလိုနာတာပါလားလို့ သိသွားမှာပါ။ ဒီလောက်လေး ဖော့ဖော့လုပ်တာတောင် နာပြီးငိုတယ်ဆို အားနဲ့လုပ်တာခံရတဲ့ တပါးသူမှာ ဘယ်လောက်နာလိုက်မလဲဆိုပြီး ချော့ရင်းရှင်းပြခဲ့ရတာပေါ့။

အကျိုးရလဒ်အနေနဲ့ ကျွန်မရဲ့သမီးဟာ ယခုအချိန်အထိ တပါးသူကို ဆံပင်ဆွဲတာ ၊ ဆိတ်ဆွဲတာ ၊ တွန်းချတာ ၊ ကုန်းကိုက်တာမျိုးတွေ တခါမှ မလုပ်ခဲ့ဖူးဘူး။ အဲဒါတွေအကုန် ကျွန်မကို သူအရင်လုပ်ခဲ့တာ။ အသည်းခိုက်အောင် နာသွားတိုင်း အပြင်မှာ ဆော့ကစားရင်း စိတ်တိုင်းမကျလို့ သူများကလေးကို သူသွားလုပ်ခဲ့ရင်လို့ ကျွန်မတွေးရင်း မိဘချင်း ကိုယ်ချင်းစာတာမို့ အဲဒီလိုတွေမဖြစ်အောင် သူနာရုံလေး ပြန်လုပ်ပြီး ဒီလိုလုပ်ရင် တပါးသူမှာ ဒီလိုပဲခံစားရတယ်။ ကိုယ့်လုပ်တာမကြိုက်ရင် သူများကိုလည်း မလုပ်ရဘူးလို့ သင်ပေးခဲ့တယ်။ ကိုယ့်သားသမီးကို တခြားကလေး လာလုပ်ရင်လည်း ကိုယ်ကြိုက်မှာမဟုတ်ဘူးလေ။

ဒီလိုတွေ လေ့ကျင့်သင်ပေးလာခဲ့တာ လူတွေအပေါ်မှမဟုတ်ဘူး။ တရိစ္ဆာန်လေးတွေလည်း နာကျင်ခံစားတတ်တာမို့ သူတို့တွေကိုလည်း မနှိပ်စက်ရဘူးဆိုတာ သင်ပေးခဲ့တယ်။ သဘာဝဆိုတာ သဘာဝအတိုင်းလှပနေတာမို့ သဘာဝဆိုတာ မဖျက်စီးသင့်ဘူး။ အပင်တွေ ၊ အရွက်တွေကို မဖျက်စီးသင့်ဘူး။ သူတို့အလှအပကို ထိန်းသိမ်းပေးထားမှ ဒီလူ့ပတ်ဝန်းကျင်ဟာနေလို့ ပိုကောင်းမှာ ၊ ပိုလှပသာယာနေမှာဆိုတာမျိုးတွေလည်း သင်ပေးခဲ့တယ်။

ဒီလိုသင်ပေးဖို့ဆိုတာ မိဘနဲ့သားသမီး အချိန်များများပေးပြီး နားဝင်အောင် အကြိမ်ကြိမ် ပြောဆိုလေ့ကျင့်သင်ကြားပေးပါမှ ဒီကိုယ်ချင်းစာစိတ်လေး အသားကျနေမှာ။ ကလေးအနားမှာရှိတဲ့ လူကြီးမိဘတွေကိုယ်တိုင်ကလည်း ဒီကိုယ်ချင်းစာစိတ်လေး လက်ကိုင်ထားပြောဆိုလုပ်ကိုင်တဲ့သူတွေ ဖြစ်ရမှာပေါ့။ ကလေးဆိုတာမျိုးက အတုမြင်အတတ်သင်တာ အရမ်းလွယ်တယ်။ တတ်သွားတဲ့အကျင့်ဆိုးကို ဖျောက်ဖျက်ဖို့သာ ခက်နေတာ။ အကျင့်ဆိုးတွေ ကလေးမှာကူးသွားရင် အတော်အချိန်ယူ ဖျောက်ဖျက်ရတာ။ ကလေးကဆင်ခြေပေးမှာပေါ့ သူတို့ကျလုပ်ပြီး ကိုယ့်တော့ မလုပ်နဲ့ပြောဆိုရိုက်နှက်နေတာကိုး။

အိမ်အကူတွေနဲ့နေတဲ့ ကလေးအများစုမှာ အကျင့်ဆိုးတစ်ခု ကူးသွားတတ်တယ်။ ဒါဟာ အင်မတန်ဖျောက်ဖို့ခဲယဉ်းတဲ့ တန်အောင်ခိုင်းရမယ်ဆိုတဲ့စိတ်ပဲ။ မိဘတွေကိုယ်တိုင်က ဒီလိုစိတ်မျိုးရှိနေရင် ပိုဆိုးတာပေါ့။ အိမ်အကူဟာလည်း လူပဲ။ အရွယ်အလိုက် လေးစားသမှုရှိရမယ် ၊ ကိုယ်လုပ်နိုင်တာ ကိုယ့်တာဝန်ကိုယ်ယူရမယ် ၊ အစစအရာရာ အိမ်အကူလိုက်လုပ်ပေးဖို့တာဝန်ရှိတယ်ဆိုတဲ့စိတ်မျိုးမထားသင့်ဘူးဆိုတာတွေဟာ မိဘတွေက သင်ပေးမှရမှာ။

မိဘတွေကိုယ်တိုင်က ကလေးတခုခုမှောက်သွားရင် အိမ်အကူသွားရှင်း ၊ ကလေးအလုပ် အိမ်အလုပ်မှန်သမျှ အိမ်အကူလုပ် ၊ နောက်ဆုံးအိတ်လွယ် ဖိနပ်စီးပေးတာတွေကအစ ကလေးလုပ်နိုင်နေပေမယ့် ပေးမလုပ်ဘဲ အိမ်အကူသာ လုပ်စေမယ်ဆို ဒီကလေးဟာ ရေသာခိုတဲ့စိတ်နဲ့ တန်အောင်ခိုင်းရမယ်ဆိုတဲ့ စိတ်ကလေး သူ့စိတ်မှာ ကိန်းအောင်းသွားပြီ။ ဒီစိတ်ကြီး အမြစ်တွယ် ကြီးပြင်းသွားခဲ့မယ်ဆိုရင် မကောင်းဘူးပေါ့။

ကြုံလို့ဝေမျှဦးမယ်။ ကျွန်မသမီးကို သူ့ဘာသာ ဖိနပ်စီးတတ်ဖို့ ခပ်လွယ်လွယ်စီးလို့ရမယ့် ကပ်ခွါဖိနပ်လေးတွေကို သုံးနှစ်လောက်အရွယ်ကတည်းက ပေးစီးခဲ့တယ်။ ဘယ်ညာမှားစီးတတ်ပေမယ့် သူ့ဘာသာ စီးတတ်တဲ့အကျင့်ကို အဲဒီအရွယ်ကတည်းက လေ့ကျင့်ပေးခဲ့တာ။ မှားရင် ဘယ်နဲ့ညာ ဘယ်လိုခွဲခြားစီးရတယ်လို့ သင်ပြပြောဆိုပြီး ပြန်စီးပေးတယ်။ ဒါပေမယ့် သူ့ဘာသာသူ အရင်စီးတတ်အောင်ကို အဲဒီအရွယ်ကတည်းက လေ့ကျင့်ပေးခဲ့တာ။ ထိုနည်းလည်းကောင်း ခေါင်းစွတ်ဝတ်ကလေးတွေ သရေကြိုးဘောင်းဘီတွေဆိုရင်လည်း ကောက်စွပ်တတ်အောင် လေ့ကျင့်ပေးခဲ့တယ်။ သူကိုယ်တိုင်ထည့်တဲ့ သူ့ကစားစရာအိတ်သေးလေးဆိုရင်လည်း သူ့ဘာသာသူ လွယ်စေတာပဲ။ တအားလေးနေမှ ဒါမှမဟုတ်လဲ ခရီးဝေးပါမှ ကိုယ်က ကူသယ်တာ။ တကယ်က သူ့အားသူကိုးတဲ့စိတ်ကလေးကို လေ့ကျင့်ပေးတာပါ။

ဒါပေမယ့် သမီးလေးထက် (၆)လလောက်ပိုကြီးတဲ့ သမီးသူငယ်ချင်း ကောင်မလေးတစ်ယောက်ဟာ သူ့ဖိနပ်သူကိုယ်တိုင်မစီးဘဲ သမီးလေးကို ဝတ်ပေးဖို့ အမြဲခိုင်းလေ့ရှိတယ်။ ကိုယ့်သမီးဟာ စိတ်ထဲဘာမှ ကောက်ကက်ပြီး တွေးတတ်သူမျိုးမဟုတ်ဘဲ အရှင်းအတိုင်းပဲ ပြုမူလုပ်ကိုင်တတ်သူမို့ သူချစ်တဲ့သူငယ်ချင်းကို ကူညီတဲ့အနေနဲ့ သူ့ဖိနပ်သူကိုယ်တိုင်စီးပြီးတိုင်း သူငယ်ချင်းဖိနပ်ကိုလည်း စီးပေးလေ့ရှိတယ်။ စီးခိုင်းတဲ့ကောင်းမလေးကတော့ ကျွန်မသမီးလေး သူ့ကိုဖိနပ်စီးပေးတာကို ကျေနပ်လို့ပေါ့။

ပထမ တစ်ကြိမ် ၊ နှစ်ကြိမ်ကတော့ ကျွန်မ မျက်နှာလွှဲထားလိုက်တယ်။ ကလေးချင်းပဲလေလို့ ။ ဒါပေမယ့် ကလေးမိခင်တွေကတော့ ကလေးတွေ ဘေးမှာပေါ့။ သုံးလေးငါးကြိမ်ကျော်လာတော့ ကျွန်မရင်ထဲမကောင်းတော့ဘူး။ အကြောကြီးနဲ့ အမြဲလို ဖိနပ်စီးခိုင်းတဲ့သူများကို ဖိနပ်စီးပေးနေရတဲ့ မြင်ကွင်းဟာ မိခင်ဖြစ်တဲ့ကျွန်မအတွက်တော့ ရင်ထဲမကောင်းဘူး။ သူ့အမေတစ်ယောက်လုံးရှိပါရက် အမြဲလိုလို ကိုယ့်သမီးက စီးပေးနေရတာရယ် ၊ သူ့ထက်ငယ်တဲ့ ကိုယ့်သမီးတောင် သူ့ဘာသာသူစီးဝတ်ရက်နဲ့ သူကတော့ စီးခိုင်းမြဲစီးခိုင်းနေတာရယ်က မျက်စိထဲကန့်လန့် ၊ ရင်ထဲကန့်လန့်ဖြစ်လာတယ်။

တနေ့တော့ သမီးကို ကျွန်မဒီကိစ္စစကားစလိုက်တယ် ဘာလို့သူ့ဖိနပ်ကိုအမြဲစီးပေးရတာလဲပေါ့။ ကိုယ့်သမီးကလည်း စိတ်ရှင်းရှင်းနဲ့ပြန်ဖြေတယ် သူချစ်တဲ့သူငယ်ချင်းက သူ့ကို ကူပြီးစီးခိုင်းတာမို့ သူငယ်ချင်းကိုကူပြီးစီးပေးတာပေါ့။ ဒါပေမယ့် အဲဒီလိုအမြဲစီးပေးနေရတာ အမေ့ရင်ထဲမကောင်းဘူးလို့ သမီးကိုပြောလိုက်တယ်။ သမီးအဲလို စီးပေးနေတာ အမေတွေ့ရင် အမေ့ရင်ထဲ အလိုလိုဝမ်းနည်းတယ်။ ဒါကြောင့် နောက်တခါသူစီးခိုင်းရင် ငါလည်းငါ့ဖိနပ်ငါစီးတယ် ၊ နင်လည်းနင့်ဖိနပ်နင်စီးလို့ ပြောကြည့်ပါလားလို့ မေးမိတယ်။ သမီးက ကောင်းပြီ ၊ အမေဝမ်းမနည်းပါနဲ့ ၊ သူမစီးပေးတော့ဘူး ၊ အဲလိုပြောလိုက်မယ်တဲ့။ နောက်တခေါက်ဖိနပ်စီးခိုင်းတော့ သမီးကအဲလိုပြောပြီး သူ့ဖိနပ်သူစီးပြေးထွက်သွားတော့ အဲဒီကလေးမလေး သူ့ဘာသာသူစီးတယ်။

အဲဒီကလေးမလေး မိဘနှစ်ယောက်စလုံးဟာ အလုပ်လုပ်ပြီး ကလေးဟာ အိမ်အကူနဲ့အချိန်အများစုကို ကုန်ဆုံးသူဖြစ်ပါတယ်။ အိမ်အကူဟာ ကလေးကို ကလေးနဲ့အတူရှိတဲ့အချိန်တိုင်း အစစအရာရာတာဝန်ယူလုပ်ပေးရတာ အိမ်ထဲကော အိမ်ပြင်ကောပါပဲ။ သူများကိုခိုင်းတာ အလေ့အကျင့်တခုဖြစ်နေတော့ ကိုယ်ဒီလိုလုပ်ခိုင်းရင် ကိုယ့်အိမ်အကူမဟုတ်တဲ့ တပါးသူ ဘယ်လိုခံစားရမလဲ ၊ သူ့မိဘဘယ်လိုခံစားရမလဲ ကလေးကော ကလေးမိဘပါ တွေးတတ်တဲ့ အလေ့အကျင့် မရှိလေလို့များလားလို့ ကျွန်မတွေးမိတယ်။ ကိုယ့်သားသမီးကို ဒီလိုခိုင်းရင်ရော ကိုယ်တိုင်က ဘယ်လိုခံစားရမလဲဆိုတဲ့ ကိုယ်ချင်းစာစိတ်ကလေးများရှိခဲ့ရင်လို့လည်း တွေးမိတယ်။ ကလေးမိဘတွေဟာ မြန်မာလူမျိုး ၊ ကိုးကွယ်တာ ဗုဒ္ဓဘာသာပါပဲ။ ဒါကြောင့် ဘယ်နိုင်ငံမှာနေနေ ၊ ဘယ်လူမျိုးဖြစ်ဖြစ် ၊ ဘယ်ဘာသာစကားပဲပြောပြော ၊ ဘယ်ဘာသာပဲကိုးကွယ်ကိုးကွယ် ကိုယ့်ပတ်ဝန်းကျင်ကလူတွေဟာ ကိုယ်ချင်းစာစိတ်ကလေးများ လက်ကိုင်ထားပြီး တွေးခေါ်ပြောဆိုလုပ်ကိုင်တာမျိုး အလေ့အကျင့်မရှိရင် ပိုမိုကောင်းမွန်တဲ့ လူ့ပတ်ဝန်းကျင်ဆိုတာကို ဖန်တီးထိန်းသိမ်းသွားဖို့ဆိုတာ အချိန်ယူရလိမ့်ဦးမယ်။

သားသမီးချင်းကိုယ်ချင်းမစာဘဲ နှိပ်စက်အနိုင်ကျင့်တာ ၊ အဓမ္မပြုကျင့်တာ ၊ ဖျက်ဆီးတာ ၊ လူအချင်းချင်းဒုက္ခပေးရုံမက သတ္တဝါတွေနဲ့ ပတ်ဝန်းကျင်ကိုပါ ဒုက္ခပေးတာ ၊ ရက်စက်စွာပြုကျင့် သတ်ဖြတ်ကြတာတွေရဲ့ အရင်းခံဟာ ကိုယ်ချင်းစာစိတ်မဲ့နေလို့ဆိုရင် မမှားဘူးနော်။

ရတု (Burmesehearts.com)

You might also like