Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ရင့်ကျက်စွာရင်ဆိုင်နိုင်ဖို့ အခက်ခဲဆုံးသောအရာ – BurmeseHearts

ရင့်ကျက်စွာရင်ဆိုင်နိုင်ဖို့ အခက်ခဲဆုံးသောအရာ

0

ဘဝမှာ ဘယ်လိုအခက်အခဲကိုပဲတွေ့တွေ့ ၊ ဘယ်လိုဆုံးရှုံးမှုတွေကိုပဲကြုံကြုံ အသက်နဲ့ခန္ဓာမြဲနေသမျှ ပျော်ပျော် ၊ မပျော်ပျော် ဘဝမှာ ရှေ့ဆက်ရဦးမယ်။ ရှေ့ဆက်ရန်မရှိအောင် ဆုံးရှုံးသွားရတယ်ဆိုတဲ့အရာဟာ အသက်နဲ့ခန္ဓာ မမြဲတော့တဲ့ကိစ္စပါပဲ။ ဆိုလိုတာက သေခြင်းတရားပေါ့။

လူတွေဟာ တနေ့သေမှာသိကြပေမယ့် သေစကားဒီနေ့ပြောကြည့် မပြောကောင်း ၊ မဆိုကောင်းလို့ ပြောကြလိမ့်မယ်။   နိမိတ်မရှိ ၊ နမာမရှိလို့ သတ်မှတ်ရင်းစွဲတွေကြောင့် သေမယ့်အရေးဟာ ဘယ်တော့မှ မတွေးကြည့်သင့်တဲ့ကိစ္စတခုလို ၊ ဘုန်းကြီးတရားဟောချိန်လောက် မှတ်သားနာယူဖွယ် ကိစ္စတခုလို ၊ အခါအခွင့်သင့်လို့ သံဝေဂ ခဏတာရသွားလောက်တဲ့ ကိစ္စလေးတခုလိုပဲ သဘောထားကြတာများတယ်။

ဒီလိုကျင့်သားရနေတဲ့ စိတ်တွေ ၊ အယူတွေကြောင့် တကယ်ပဲ သေရမယ့်ရောဂါကြီးရှိနေမှန်း သိလိုက်ရတဲ့အခါ ၊ သေဘေးနဲ့မျက်မြင်ကြုံကြိုက်တဲ့အခါမှာ မလုပ်ရသေးတဲ့ကိစ္စတွေရယ်၊ စီစဉ်စရာရှိတဲ့ကိစ္စတွေရယ် ၊ ဖြတ်စရာရှိနေတဲ့ကိစ္စတွေရယ် ၊ ပြောစရာစကားတွေရယ်ကြောင့် ကိုယ်လုပ်ခဲ့တဲ့ကုသိုလ်တရားတွေကို နောက်ဆုံးချိန်မှာ သတိပွားရမယ့်အစား အကုသိုလ်စိတ်ကလေး ကပ်ငြိသွားလို့ မရောက်သင့်တဲ့နေရာ ရောက်သွားရတဲ့သူတွေလည်း ရှိပါတယ်။

နှစ်ဆယ်ကျော်အရွယ်မှာ ကျွန်မ တရားထိုင်တော့ ဘုရား ၊ တရားနဲ့ သံဃာဂုဏ်တွေမြင်လို့ သံသယရှင်း ဒိဠိလည်း ပယ်ပြီ ၊ အကြောင်းကြောင့် အကျိုးဖြစ်နေတယ်ဆိုတာနဲ့ ဖြစ်ပျက်ဆိုတာကို သိမြင်ပြီး အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ တွေလည်း သိမြင်ပြီ ၊ အရှိန်ဆိုတဲ့သဘောတရားနဲ့ အလျဉ်ရဲ့ အနက်ကိုလည်း သိနေပြီ ၊ အနတ္တဆိုတာကောင်းကောင်း သိနားလည်သွားပြီးတဲ့နောက်မှာ ဖြစ်ချင်တိုင်းမဖြစ် ၊ မဖြစ်ချင်ရင်လည်း ဖြစ်နေတာကို ကောင်းကောင်း သိသွားခဲ့ပြီလေ။ ဒီတော့ ဖြစ်ချင်တာတွေအတွက် သိပ်စိတ်ပူပင်မှုတွေမရှိဘူး။ မဖြစ်ချင်တာတွေ ဖြစ်လာတာကိုလည်း သိပ်ပူပင်မနေတော့ဘူး။ လုပ်နေသမျှကိုသာ အကောင်းဆုံးစိတ်ထား ၊ အကောင်းဆုံးလုပ်ကိုင်ဆောင်ရွက်ပြီး နေထိုင်သွားဖို့ ဆုံးဖြတ်လိုက်တယ်။

ဒီလိုစိတ်နဲ့ ဆက်တရားထိုင်နေရင်း တနေ့မှာ ဝေဒနာလည်းမပြ ၊ မှတ်စရာကလည်း မှတ်သိစိတ်ကလေးပဲရှိနေတဲ့ အချိန်အတော်ကြာတော့ စိတ်ကူးတခုပေါက်တယ်။ ဒါကတော့ မိမိကိုယ်မိမိ သေခါနီးလူအဖြစ်သတ်မှတ်လို့ တရားမှတ်ကြည့်မယ်ဆိုတဲ့ စိတ်ကူးပါပဲ။

နောက်ဆုံးအချိန်ကို ဖြတ်သန်းနေတဲ့ သေခါနီးလူတစ်ယောက် (အသက်ငွေ့ငွေ့လေးပဲကျန်တဲ့သူတစ်ယောက်)ဟာ မျက်စိလည်းမဖွင့်နိုင်ဘူး။ စကားလည်းမပြောနိုင်ဘူး။ မလှုပ်ရှားနိုင်ဘူး။ မတုန့်ပြန်နိုင်တော့ဘူး။ အချိန်နဲ့အမျှ သူဟာ နောက်ဆုံးမိနစ် ၊ နောက်ဆုံးစက္ကန့်ဆိုတာကို အသိတခုတည်းနဲ့ ဖြတ်ကျော်နေရတာ။ အဲဒီအသိက ငါအသက်ရှင်သေးတယ်ဆိုတဲ့ အသိကလေးပါပဲ။

ဒီလိုသေလူတစ်ယောက်လို တရားကျင့်တော့မယ်လို့ သေချာသွားတော့ အခုကစ ဘာပဲဖြစ်ဖြစ် ငါမတုန့်ပြန်ဘဲ ဒီသေခြင်းဆိုတဲ့ဝေဒနာကို သေလူတစ်ယောက်လို ဖြတ်သန်းရင်းတရားမှတ်မယ်။ တကယ်ကတော့ သေခါနီးဝေဒနာကို မသေခင် တရားအမှတ်နဲ့ရင်ဆိုင်မယ်ပေါ့။

သေတယ်ဆိုတာ ဒီရုပ်ကြီးက အဆိုးရွားဆုံးသောဝေဒနာကို မခံစားနိုင်တော့တဲ့အဆုံး ပျက်သွားရတာပါ။ အသက်နဲ့ခန္ဓာ ကွဲသွားတာပေါ့။ တကယ်တော့ အသက်ဆိုတာ ဒီခန္ဓာ ငါ့ခန္ဓာ ၊ ငါဆိုတဲ့ အသိစိတ် နာမ်နဲ့ ရုပ်တွဲလျက်ရှိနေမှ ရှင်သန်ခြင်းမည်တာပါ။ ရုပ်နဲ့နာမ်တွဲလျက်မရှိတော့ဘဲ လုံးဝပျက်ပြယ်သွားပြီဆိုရင်တော့ ဒီခန္ဓာကြီးပဲ အသေကောင်အဖြစ် ကျန်ခဲ့တာပေါ့။ ဒါကိုလည်း ဒီလိုတရားထိုင်ခဲ့ပြီးမှ သေခြင်းသဘောတရားကို လက်တွေ့သိခဲ့တာပါ။

သေလူတစ်ယောက်လို တုန့်ပြန်မှုကင်းတဲ့စိတ်ဓါတ်မျိုးနဲ့ တရားစထိုင်မယ်လို့ သန္ဓိဌာန်ချပြီး တရားစထိုင်တော့ အရင်ထိုင်နေကျတုန်းကပေါ်တဲ့ဝေဒနာလိုမျိုး ခြေဖျားကစပြီး ပူလာတယ် ၊ ကျင်လာတယ်။ ဒါကို ကျဉ်ရင်ကျဉ်တယ် ၊ ပူရင်ပူတယ်လို့ စိတ်သွားတိုင်းမှတ်ရင်း ဝင်သက်ထွက်သက်မှတ်ရင်းက ထူးခြားတဲ့ခံစားမှုစလာတယ်။  ခြေဖျားက ပူတာကျဉ်တာတွေ ခြေသလုံးတက်လာတော့ ခြေဖျားတွေက အေးစက်ပြီး လေးကျန်ခဲ့တာပါပဲ။ စိတ်ထဲမှာတော့ ဟာ …. အရင်နဲ့မတူ ထူးဆန်းတယ်ပေါ့နော်။ ဒီ့ထက်ပိုဆက်မတွေးဘဲ အပေါ်ကိုတက်လာတဲ့ အဲဒီပူတာ ၊ ကျဉ်တာကိုမှတ်လိုက် ဝင်သက်ထွက်သက်ကို မှတ်လိုက်နဲ့ စိတ်ရောက်တိုင်း အမှတ်မြဲနေအောင်မှတ်ခဲ့တယ်။

ပူတယ်ကျဉ်တယ်ဆိုတဲ့ဝေဒနာဟာ ပေါင်ရင်းနားတက်လာတော့ ဒူးခေါင်းအောက်ပိုင်းဟာ အေးစက်ပြီး လေးကျန်ခဲ့တယ်။ ဒီလိုနဲ့မှတ်သိစိတ်ကလေး စိတ်စိတ်ကပ်ပြီး မှတ်လာလိုက်တာ ပူတယ်ကျဉ်တယ်ဆိုတဲ့ဝေဒနာ ပေါင်ရင်းဖြတ်ကျော်ပြီး ခါးပိုင်းတက်လာချိန်မှာ ခြေထောက်တွေ အကြောဆတ်ဆတ်တုန်နေတာကို ခံစားသိလိုက်ရတယ်။ အဲဒီတော့မှ ဒါဟာ ကိုယ်တပိုင်း သေသွားခဲ့တာမို့ အကြောဆွဲသလို ဆတ်ဆတ်တုန်နေတာပါလားလို့ ကိုယ်တွေ့သိလိုက်ရတာပါ။ အဲဒီအချိန်အထိ ကျွန်မရှေ့မှာ လူသေသွားတယ်ဆိုတာမမြင်ခဲ့ဖူးသလို ရုပ်ရှင်တွေထဲမှာတောင် မကြည့်ခဲ့ဖူးတဲ့ သေခြင်းဆိုတဲ့ဝေဒနာကို တရားထိုင်ရင်းနဲ့ ကိုယ်တွေ့ ခံစားနေရပြီလေ။

အကြောတွေ တဆတ်ဆတ်တုန်ပြီး ခါးအာက်ပိုင်း ကိုယ်တပိုင်းလုံး အေးစက်စက် လေးပြီးကျန်ခဲ့တာ အောက်ပိုင်းတခုလုံး အလုပ်မလုပ်တော့တဲ့သဘောပေါ့။ ဒါလည်း ကျွန်မသိစိတ်တခုတည်းနဲ့ ဖြစ်ပျက်နေတာအားလုံးကို အမှတ်စိတ်စိတ်ကလေး ကပ်ပြီးတော့ပဲမှတ်တယ်။ ဘာတွေပေါ်ပေါ် ဒါတွေဟာ သေခါနီးဝေဒနာတခု ၊ ဖြစ်ပြီးပျက်သွားမယ့်အရာတခုအဖြစ် နာသမျှ ၊ ပေါ်သမျှတွေကို မှတ်စိတ်ကလေးပဲ ကပ်ထားတယ်။ ဘာဆိုဘာမှ ဆက်မတွေးဘူး။ ဒီလိုနဲ့ ပူတဲ့ ၊ ကျဉ်တဲ့ဝေဒနာဟာ ဝမ်းဗိုက်ထဲကနေ တဖြည်းဖြည်းတက်လာတော့ ဝေဒနာတွေဟာ ပိုသည်းလာတယ်။ ချွေးသီး ၊ ချွေးပေါက်တွေလည်းကျလာတယ်။

ပြင်းထန်တဲ့ဝေဒနာကို ကိုယ်ဘာမှလုပ်လို့မရတဲ့ အနတ္တသဘော ၊ ဒီကိုယ်ကြီးရှိနေလို့ ဒီဝေဒနာပေါ်လာရတဲ့ ဒုက္ခသဘော ၊ ပူတာကျဉ်တာ စတဲ့ ဝေဒနာတွေဟာ ဖြစ်ပြီးပျက်သွားတတ်တဲ့ အနိစ္စသဘောအဖြစ် အမှတ်စိပ်စိပ် မှတ်သွားနိုင်ဖို့ဆိုတာ ခန္တီစသည်းခံခြင်းဆိုတာကို အခြေခံထားရပါတယ်။ ဖြစ်ပျက်နေသမျှကို သည်းခံတဲ့စိတ်နဲ့ ဖြတ်သန်းသွားရမှာပါ။ အဲဒီမှာ ဘုရားဟောခဲ့တဲ့ သည်းခံခြင်းဟာ အောင်မြင်ခြင်းဆိုတဲ့ အနက်အဓိပ္ပါယ်ကို လေးလေးနက်နက် သိခဲ့တာပေါ့။

ဝေဒနာတွေဟာ ကိုယ့်ကိုနှိပ်စက်နေပြီ။ ကိုယ်ဟာသေလူအဖြစ်အဖြစ် ဘာမှမလုပ်နိုင်တော့တဲ့အခါ ဖြစ်ပျက်နေသမျှသဘောတရားကို သည်းခံတဲ့စိတ်ကလေးနဲ့ ကြည့်မှတ်နေရုံပါပဲ။ ဒါပဲတတ်နိုင်တယ်လေ။ ဒါ့အပြင်ဘာမှမလုပ်နိုင်တော့ဘူး။ ကိုယ်ကသေလူဖြစ်နေတာကိုး။ ဒီလိုမှတ်နေတုန်း တရားထိုင်တဲ့အချိန်ပြည့်သွားတယ်။ တရားဖြုတ်ဖို့ခေါင်းလောင်းတီးတယ်။ အဲဒီအချိန်က ဆွမ်းစားဆင်းချိန်ဖြစ်နေတယ်။ ဒါပေမယ့် ကိုယ်ကဒီမှာ အမှတ်ကောင်းတုန်း။ ဆွမ်းငတ်ရင် ငတ်ပစေ မှတ်လက်စဆက်မှတ်မယ်။ တရားမဖြုတ်ဘူးဆိုပြီး ဆက်မှတ်တယ်။

ကိုယ်ကဒီလိုစိတ်နဲ့ သေခါနီးပေါ်သမျှ အဆိုးရွားဆုံးသော နာကျင်ခြင်းဝေဒနာတွေကို ချွေးတလုံးလုံးနဲ့ တရားမှတ်နေချိန်မှာ တကယ့်ကို တကိုယ်လုံးအသေနာကျင်နေတာပါ။ အဲဒီနာကျင်မှုဟာ ဘယ်လိုမှ ခိုင်နှိုင်းမရဘူး။ အသေနာတယ်ဆိုတဲ့စကားရဲ့အဓိပ္ပါယ်ကို အဲဒီတော့မှ ကောင်းကောင်းသဘောပေါက်တယ်။ တကယ့်ကို အသေနာတာပါ။ ဒီလိုကိုယ်က ဝေဒနာတွေရဲ့နှိပ်စက်မှုကို မှတ်စိတ်ကလေးနဲ့ ကြံ့ကြံ့ခိုင်မှတ်ရင်း ရင်ဆိုင်သွားဖို့ ကြိုးစားနေတုန်း ဘေးက ယောဂီတစ်ယောက်က ထမင်းစားဖြုတ်ပြီဆိုတာကို စေတနာနဲ့ လက်တို့ သတိပေးလာတယ်။

သူကတော့ လက်ချောင်းကလေးနဲ့တို့ပြီးပြောတာပဲ။ ဒီမှာက ကိုယ့်ဝေဒနာနဲ့ကိုယ် အသည်းအသန် အလူးအလဲနာကျင်နေရတော့ ပထမဆုံး စေတနာနဲ့ လက်တို့လာပြောသူကို ဒေါသထွက်သွားမိတယ်။ မှတ်စိတ်က စိပ်နေတော့ သူလက်တို့လို့ အဲဒီအတို့ခံရတဲ့နေရာက ဆထက်တပိုး ပိုနာကျင်ခံစားသွားရတဲ့ ဝေဒနာရယ်၊ ကိုယ့်ကိုဒီလိုနာကျင်အောင် လုပ်ရကောင်းလားဆိုတဲ့ လက်တို့သူကိုဖြစ်ပေါ်လာတဲ့ ဒေါသစိတ်ကလေးရယ်ကို မှတ်နေရင်းကသိနေတာပါ။

အဲဒီယောဂီကလည်း ကိုယ်မထမချင်း လက်ချည်းတို့ပြောနေတော့တာပဲ။ လက်တို့လို့ မျက်လုံးမဖွင့်တော့ ကိုယ့်ပုခုံးတဖက်ကိုင်ပြီး လှုပ်ပြောပြန်တယ်။ ဒီမှာက မခံမရပ်နိုင်လောက်အောင် ဆထက်တပိုးနာကျင်နေပြီမို့ သူ့ကိုဒီလိုမလုပ်ဖို့ပြောချင်စိတ် ၊ သူပြောတာကိုယ်သိတယ်လို့ မျက်စိဖွင့် အသိပေးလိုစိတ်နဲ့ အားယူပြီး မျက်လုံးဖွင့်ဖို့ကြိုးစားတယ်။ အားကုန်ကြိုးစားပြီး မျက်လုံးဖွင့်ပေမယ့် မျက်သားတွင်းမှာပဲလှုပ်တုတ်တုတ်နဲ့ မျက်လုံးကတော့ ပွင့်မလာဘူး။ ဒါပေမယ့် အားအလွန်ကုန်သွားတာတော့ ခံစားရတယ်။

အဲဒီမှာ ဘာဆင်ခြင်မိသလဲဆိုတော့ သေခါနီးလူမမာတွေ မျက်ဖြူလန်တယ်ဆိုတဲ့စကားကို နားလည်လာတာပါ။ ကိုယ်လည်း သူတို့လို အစွမ်းကုန်ကြိုးစားပြီး မျက်စိအတင်းဖွင့်ကြည့်ရင်ဖြင့် မျက်ဖြူလန်နေမလားပဲလို့ သိလာတယ်။ ပုခုံးကိုဆက်လှုပ်ခါအသိပေးနေတဲ့ ဒီယောဂီကို ကိုယ်သိကြောင်း ခေါင်းငြိတ်ပြောမယ်ဆိုပြီးလှုပ်ကြည့်တော့ လူကလုံးဝလှုပ်မရဘူး။ သိတယ်လို့ ပါးစပ်ကပြောမယ်ဆိုပြီး ကြိုးစားတော့ ပါးစပ်ပွင့်ဖို့ကို အတော်အားယူရတာ ပွင့်သွားပြန်တော့ လေသံဖွဖွလေးပဲ ညည်းသံလိုလို ထွက်လာတယ်။

အဲဒီမှာဘာသိလာလဲဆိုတော့ သေခါနီးလူတွေ ညည်းသံထွက်လာတတ်တယ်ဆိုတာ သူတို့ အရမ်းနာကျင်နေတယ်ဆိုတာရယ် ၊ သူတို့ပြောချင်တဲ့စကားတွေ အားယူပြောဖို့ကြိုးစားရင်းနဲ့ ထွက်လာတာက သည်းသံဖြစ်လို့သွားတယ်ဆိုတာကို သိလာတယ်။ ကိုယ်ကြိုးစားသမျှ အရာမထင်တဲ့နောက်မှာ သူပုခုံးလှုပ်တာနေတာကို လှုပ်တယ်လို့မှတ်လိုက်ပြီး ပေါ်လာသမျှ ထပ်တိုးဝေဒနာတွေကိုလည်း နာတယ်ပဲမှတ်လိုက်တယ်။ ကိုယ့်ဘက်က ဘာမှတုန့်ပြန်ဖို့ မကြိုးစားတော့ဘူး။ ဒီယောဂီအမြင်မှာ ကိုယ်က တုံ့တုံ့မလှုပ်လို့ထင်တယ်။ ဆက်မပြောတော့ဘဲထွက်သွားတယ်။ အဲဒီတော့မှကိုယ်လည်း သူလှုပ်လို့ ပိုနာတဲ့ဝေဒနာ သက်သာသွားတော့တယ်။

အဲဒီမှာ ဘာအသိရခဲ့သလဲဆိုတော့ သေခါနီးသူတွေဟာ သူတို့ကို နှိပ်စက်နေတဲ့ သေခါနီးဝေဒနာအထွေထွေတွေကြောင့် သူတို့ဟာ တကိုယ်လုံး အထိမခံနိုင်လောက်အောင် နာကျင်ပြီးသားဖြစ်နေပြီ။ အဲဒီအချိန်မှာ လှည့်တဲ့ ဆရာဝန်တွေ စမ်းသပ်တာတမျိုး ၊ နာရီဝက်တခါ ကိုယ်လက်လှည့်ခံရတာကတမျိုး ၊ လူနာစောင့်က ဟိုထိဒီကိုင် ဟိုလုပ်ဒီလုပ်ခံရတာတမျိုး ၊ ဘေးမှာ စိတ်တွေဟိုဒီရောက်အောင် လုပ်နေ ၊ ပြောနေသူတွေကြောင့် သူတို့ဟာ ဘယ်လောက်ထိ ဝေဒနာတွေတိုးခံစားရမယ် ၊ စိတ်တွေ ဟိုရောက်ဒီရောက်ဖြစ်သွားတတ်တယ်ဆိုတဲ့ သဘောကိုလည်း ဆင်ခြင်မိခဲ့တယ်။ အရင်က ဘယ်လောက်ကောင်းအောင် လုပ်ခဲ့လုပ်ခဲ့ သေခါနီး ဟိုရောက် ၊ ဒီရောက်စိတ်တွေကြောင့် မဟုတ်တဲ့နေရာ ရောက်သွားတတ်တယ်ဆိုတာကို သိခဲ့တာပေါ့။

ဒီလိုနဲ့ အမှတ်စိတ်စိတ်လေးနဲ့ဆက်မှတ်တုန်း ဝမ်းဗိုက်ကြီးကလည်း လေးပြီးအေးသွားတယ်။ လက်ဖျား ၊ လက်မောင်းတွေဆိုတာလည်း တဆတ်ဆတ်တုန်လို့ လေးပြီးအေးသွားတယ်။ အဲဒီမှာ အကျယ်ဆုံးလို့ထင်ရတဲ့ နှလုံးခုန်သံဟာ နာကျင်မှုဝေဒနာတွေနဲ့ တဖြည်းဖြည်းတိုးဖွပြီး နှလုံးရပ်သွားတော့မယ်လို့ သိတဲ့အချိန်မှာ ငါတကယ်သေသွားတော့မှာလားဆိုတဲ့ အသိကနှိပ်စက်လာတယ်။ အစတုန်းက ကိုယ်က သေခါနီးဝေဒနာကို သေလူတစ်ယောက်လို တရားနဲ့ကြံ့ကြံ့ခိုင်မှတ်ရင်း ဖြတ်သွားမယ်ဆိုတဲ့အသိပဲရှိခဲ့တာ။ ဒီလိုစမ်းမှတ်ရင်း တကယ်သေသွားလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ဒါပေမယ့် အခုလို နှလုံးတကယ်ရပ်သွားမယ်ဆို ကိုယ်ရောတကယ်သေသွားမလားလို့ တွေးပူလာခဲ့တယ်။

အဲဒီမှာလာပါပြီ ….  ဇောသုံးတန်ဆိုတာလေ။ တလျှောက်လုံးအမှတ်စိပ်စိပ် မှတ်လာခဲ့တဲ့ကိုယ့်အာရုံမှာ အားကိုးမဲ့မျက်နှာသွင်ပြင်နဲ့ ပေါ်လာတဲ့ အမေ့ပုံ ၊ ကိုယ်လုပ်စရာရှိတာတွေ ၊ ပြောစရာရှိတာတွေ ၊ ဖြတ်စရာရှိတဲ့ကိစ္စတွေပေါ်လာတယ်။ ဒါပေမယ့် အခုတောင် နှလုံးခုန်ရပ်မှတော့ အရမ်းနောက်ကျသွားပြီဆိုတဲ့အသိနဲ့ ဇောအထွေထွေကို လက်လျှော့ရင်း ပေါ်လာသမျှမှတ်လို့ တကယ်သေမယ်ဆိုလည်း ဒီလောကကြီးက ထွက်သွားတော့မယ်လို့ စိတ်ဒုံးဒုံးချလိုက်တော့ နှလုံးခုန်ဟာရပ်သွားရင်း အသက်လို့သတ်မှတ်မလား ၊ ဝိဥာဉ်လို့သတ်မှတ်မလားမသိတဲ့အရာက လည်မြိုနားရောက်လာပြီလေ။

အဲဒီအချိန်မှာ အလိုလိုနေရင်း ကိုယ့်ရဲ့ကိုယ်ဟာ အနောက်ကို တဖြည်းဖြည်း လန်ကျနေတာ ကိုယ်သိတယ်။ ဒီလိုပဲ လဲကျ(လန်ကျ)နေတာ သိတယ်ဆိုတဲ့အသိရယ် ၊ နာကျင်မှုတွေရယ်ကိုပဲ ခပ်စိပ်စိပ်ဆက်မှတ်နေတုန်း နာကျင်မှုတွေဟာ နှာသီးဖျားနားရောက်လာတယ်။ အဲဒီကနေ မှတ်စိတ်တွေလုပ်ဆောင်နေတဲ့ ဦးနှောက်ဟာ မှတ်စိတ်ကလေးပဲရှိတော့တာ။ နောက်လန်နေတဲ့ကိုယ့် ခေါင်းဟာ ကြမ်းနဲ့ထိသွားတာတွေ  ပြီးတော့ အရာရာပြီးပျောက်မှောင်သွားသလိုဖြစ်သွားတာ ၊ အားလုံးအမှတ်ကလေးနဲ့ပဲနေခဲ့တယ်။

သေရင်လည်း သေပစေလို့ စိတ်ဒုံးဒုံးချမှတ်ခဲ့တဲ့ ကိုယ့်စိတ်ဟာ ခေါင်းနဲ့ကြမ်းထိပြီး ခဏအကြာ မျက်စိပြန်ပွင့်လာတယ်။ ကိုယ်တကယ်မသေဘူးဆိုတာ မြင်နေရတဲ့ မျက်နှာကြက်က သက်သေထူနိုင်ခဲ့တယ်။ ဘေးကအသံတွေကိုလည်း ကြားလာတယ်။ ဒါပေမယ့် တရားထိုင်လျက်ကိုယ်က နောက်လှန်ချလှဲနေသလိုဖြစ်တဲ့ အနေအထားကို ပြန်မပြင်နိုင်သေးဘူး။ ငါမသေဘူးဆိုတဲ့အသိကလေးနဲ့ ဒီကိုယ်ကြီးပြန်မတ်ဖို့ကိုလည်း မှတ်စိတ်ကပ်ပြီးတော့ပဲ တဖြည်းဖြည်းပြန်ထိုင်လို့ ၊ ခပ်ဖြည်းဖြည်းထရင်း ဆင်ခြင်မိတာက ရှင်သန်ခြင်းဆိုတာ ဒီရုပ်ကြီးက ဝင်သက်ထွက်သက်နဲ့ လှုပ်ရှားလုပ်ဆောင်ပြောဆိုသမျှတွေကို သိတဲ့နာမ်လေး ကပ်နေတာရယ်ပါ။ ရုပ်နဲ့နာမ်သာ တွဲလျက်မရှိရင် ကျွန်မတို့ဟာ အသေကောင်အတိုင်းပါပဲ။

သေခါနီးဝေဒနာဆိုတာ ကြောက်စရာကြီးဆိုတာထက် ရင့်ကျက်စွာရင်ဆိုင်နိုင်ဖို့ အခက်ခဲဆုံးအရာလို့ ကျွန်မပြောပါရစေ။ ကိုယ့်မှာအပူတွေများလေလေ ၊ တွယ်တာစရာတွေများလေလေ ၊ သေခြင်းတရားဆိုတာကို လက်မခံနိုင်လေလေ ဒီသေခြင်းတရားကို လက်တွေ့ကျကျ ရင်ဆိုင်ဖြတ်သန်းသွားဖို့ ခက်လေလေပါပဲ။ တကယ်ရင်ဆိုင်တဲ့အခါမှာ ကျွန်မတို့ဟာ အသိဆိုတဲ့အရာလေးတခုနဲ့ပဲ ရင်ဆိုင်သွားရတာပါ။ ဘယ်လောက်ပဲချမ်းသာသာ ၊ ဘယ်လောက်ပဲရာထူးကြီးကြီး အသိဆိုတဲ့အရာထက် ပိုပါသွားတာဘာမှမရှိပါဘူး။ လာတုန်းကလည်းလက်ဗလာ ၊ ပြန်တော့လည်း လက်ဗလာပါပဲ။

ကျွန်မအတွက်တော့ လူ့ဘဝဆိုတာ လှေကားထစ်တွေပါပဲ။ ပိုရှင်းအောင်ပြောရရင် ကိုယ့်နေ့ရက်တွက ကိုယ့်လှေကားထစ်တွေပါ။ ကိုယ်ဘယ်နေ့ရက်တွေကို ဖြတ်သန်းခဲ့တယ် ၊ ဘယ်လောက်ချိုမြိန်ခဲ့တယ် ၊ ဘယ်လောက်ခါးသီးခဲ့တယ်ဆိုတာကို တမြုံ့မြုံ့ပြန်တွေးပြီး ခံစားနေရင်ဖြင့် ဆက်တက်ရမယ့်အချိန်တွေ နှောင့်နှေးရော့မယ်။ ဒီလိုပဲ ဆက်တက်ရမယ့်လှေကားထစ်တွေကို ကြိုရေတွက်နေရင်လည်း ဆက်တက်ရမယ့်အချိန်တွေ နှောင့်နှေးရော့မယ်။ ဘယ်နှစ်ထစ်တက်ခဲ့ပြီးပြီး ၊ ဘယ်နှစ်ထစ်ဆက်တက်ရမယ်ဆိုတာကို ကျွန်မစိတ်မဝင်စားပါဘူး။ အချိန်နဲ့အမျှ မှန်မှန်လေးဆက်တက်သွားဖို့ပဲ ကျွန်မစိတ်ဝင်စားတယ်။ လက်ရှိအချိန်ဟာ ဘဝမှာ ရှင်သန်ခြင်းအတွက် တန်ဖိုးအရှိဆုံးအချိန်တွေပါပဲ။

သြကာသ (Burmesehearts.com)

You might also like