Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကိုယ့်ကိုမှ ပိုချစ်လေမလားလို့ – BurmeseHearts

ကိုယ့်ကိုမှ ပိုချစ်လေမလားလို့

0

အမျိုးသမီးအများစုဟာ တခြားမိန်းကလေးတွေထက် ကိုယ်က ဆွဲဆောင်မှုတခု ပိုရှိနေတယ်လို့ ကိုယ့်ကိုယ်ကို သိစိတ်ကဖြစ်ဖြစ်၊မသိစိတ်ကဖြစ်ဖြစ် ယုံကြည်ထင်တတ်ကြတယ်။ ဒီလို မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲတဲ့ မိန်းကလေးတွေက ဆိုးသွမ်းတဲ့အမျိုးသားတွေဟာ သူမနဲ့ချစ်သူဖြစ်ရင် လိမ်မာတဲ့သူအဖြစ် ပြောင်းလဲလာနိုင်တယ်လို့ ယုံကြည်ကြတယ်။ ဒီယုံကြည်မှုဟာ ချစ်သူအဖြစ်မှာတင် အဆုံးမသတ်ရင် သူမနဲ့အိမ်ထောင်ကျပြီးရင် မိန်းမသံယောဇဉ် ၊ သားသမီးသံယောဇဉ်နဲ့ လူဆိုးကြီးပြောင်းလဲလာမှာပါလို့ ယုံကြည်ရင်း အိမ်ထောင်ရေးခြေလှမ်းကျွံ့တတ်ကြတယ်။

ကိုယ်ဟာ တခြားသူထက် တခုခု သာလွန်ထူးကဲနေတယ်ဆိုတဲ့ သိစိတ် ၊ မသိစိတ်ကြောင့် သူများနဲ့မမြဲပေမယ့် ကိုယ်နဲ့မြဲမှာပါ။ သူများပြောတာ နားမထောင်ပေမယ့် ကိုယ်ပြောတာ နားထောင်မှာပါ။ အရင်က ဆိုးပေမယ့် ၊ ရှုပ်ပေမယ့် ကိုယ်နဲ့သာဆို လူကောင်းတစ်ယောက်ဖြစ်လာမှာပါလို့ ယုံကြည်တတ်ကြတယ်။ ဒီယုံကြည်စိတ်ကြောင့်ပဲ အခြားသူတွေအပေါ် ဆိုးနေပေမယ့် ကိုယ်ပြုပြင်ရင် ရမှာပါ။ ကိုယ်ပြောရင် ကိုယ့်ဘက်ပါလာမှာပါလို့ ကိုယ့်ချစ်သူအပေါ် ၊ အိမ်ထောင်ဘက်အပေါ် ထင်တတ်ကြတယ်။

အရင်ဆိုးတယ်ဆိုတဲ့သူတရာမှာ တစ်ယောက်လောက်တော့ ငဲ့ညှာစိတ်နဲ့ ပြန်ကောင်းတတ်ပေမယ့် အဲဒီတစ်ယောက်ဟာ ကိုယ့်လူဖြစ်မယ်လို့ ယုံကြည်နေပြီး ကျန်တဲ့(၉၉)ယောက်ဟာ မပြောင်းလဲတတ်တာကို မေ့နေရင်တော့ မျက်ရည်နဲ့ဒူးသုတ်ရမယ့် (၉၉)ယောက်ထဲမှာ ကိုယ်လည်း တစ်ယောက်အပါအဝင်ဖြစ်နေနိုင်တာပေါ့။ ကျွန်မကတော့ မိမိဘဝနဲ့ မရေရာတဲ့စမ်းသပ်ချက် ကံမစမ်းစေချင်ပါဘူး။

သမီးရည်းစားတွေ ထည်လဲထား ၊ တပြိုင်တည်းထား အရှုပ်ကြီးရှုပ်တဲ့သူတစ်ယောက် ကိုယ်နဲ့တော့ မြဲသွားမှာပါ။ သူခြေငြိမ်သွားပြီလို့ ကိုယ့်ကိုယ်ကိုအထင်တကြီးနဲ့ သူ့ကိုလက်ထပ်ယူခဲ့ပြီးပါမှ ပြန်ဗွေဖောက်လာတဲ့သူတစ်ယောက်အဖြစ် သူ့အပေါ်တသက်လုံးမုန်းတီးသွားလို့ ကိုယ့်ဘဝဟာ သူနဲ့မယူခင်တုန်းကလို အပျိုတစ်ယောက် ပြန်မဖြစ်နိုင်တော့တာ နောက်ကျမှ နောင်တရရင် သူ့အမှားတွေထက် စွန့်စားခဲ့လွန်းတဲ့ ကိုယ့်အမှားက အများကြီးပါတယ်။

အရင်ကတည်းက လောင်ကစားမက် ၊ အပျော်အပါးစွက် ၊ အပေါင်းအသင်းဖက်လို့ အသောက်အစားရှိတတ်တဲ့သူကို ကိုယ်နဲ့ရရင်ပြောင်းလဲလာမှာပါလို့ ကိုယ့်ကိုယ်ကိုနဲ့ သူ့စကားတွေယုံပြီး လက်ထပ်ပေါင်းသင်းခဲ့ပြီးတဲ့နောက် သူကမပြောင်းလဲဘဲ ကိုယ့်စိတ်ဓါတ်တွေ အောက်ချပေါင်းသင်းနေရတာ သူမှားခဲ့လို့မဟုတ်ဘူး။ ကိုယ်ဆုံးဖြတ်ချက်မှားခဲ့လို့ပါ။ နဂိုကတည်းက သူဟာ ကျားပါလို့ ကျားမြီးပြခဲ့တာပဲ။ ကိုယ်က ကြောင်ကလေးဖြစ်လာမှာပါလို့ ယုံကြည်မှုတွေ လွန်ကဲခဲ့တာ ကိုယ့်အမှားပေါ့။

ယုံကြည်မှုတွေ လွန်ကဲတယ်ဆိုတာလည်း မှန်မှန်ကန်ကန် မတွေးခေါ်တတ်တဲ့ သူတွေမှာ အဖြစ်များနေတာပါ။ ဥပမာ- ကလေးသူငယ်တွေဟာ မှန်မှန်ကန်ကန် မတွေးခေါ်တတ်သေးတော့ သူများအပြောမှာ မျှော်လင့်တကြီးနဲ့ ယုံကြည်မှုတွေ လွန်ကဲတတ်ကြတယ်။ ဖြစ်နေတတ်တာတွေကို မလေ့လာ ၊ လေ့လာနိုင်စွမ်းလည်းမရှိ ၊ မှန်မှန်ကန်ကန် တွေးခေါ်ဆုံးဖြတ်နိုင်စွမ်းလည်း မရှိတာမို့ သူများပြောသမျှ ယုံနေရတာ။ သူတို့ကမ္ဘာလေးက သေးသေးလေးလေ။ သူတို့အနီးရှိသူတွေသာ သူတို့ကမ္ဘာမို့ သူတို့ပြောသမျှ ယုံကြည်နေတာပေါ့။

တကယ်မှန်မှန်ကန်ကန် တွေးခေါ်စဉ်းစားတတ်တဲ့ အရွယ်ရောက်လာရင်တော့ ယုံတမ်းပုံပြင်တွေလာပြောရင် ကြောင်နေလား ၊ ရူးနေလားဆိုတဲ့ အကြည့်နဲ့ကြည့်ပြီး ငါ့ကို သူငယ်နှပ်စားလေးမှတ်လို့ လာနှပ်နေတာလားလို့ ပြောကြမှာပါ။ ဒါပေမယ့် ယုံကြည်မှုတွေ လွန်ကဲတဲ့သူတွေမှာကျတော့ သူဟာ သူများမတူ တမူထူးနေတဲ့ဆိုတဲ့ ယုံကြည်မှုအခံလေး သိစိတ် ၊ မသိစိတ်မှာရှိနေတာမို့ ဒီလူတွေမှားတဲ့အခါ တဆုံးမှားတတ်ကြတယ်။ ဆိုလိုတာက မှားနေမလားလို့ ကိုယ်တိုင်က သံသယဝင်လာသည့်တိုင် မိမိရဲ့ လွန်ကဲတဲ့ယုံကြည်မှုက အားသာနေတဲ့အခါ ကိုယ်တိုင်သံသယဖြစ်နေတဲ့ အမှားဆိုတာကို အမှန်ဖြစ်နေမလားဆိုပြီး တဆုံးမှားတတ်ကြတယ်။

အသက်ကလည်းငယ်ငယ် ၊ မှန်ကန်စွာ တွေးခေါ်ဆုံးဖြတ်နိုင်စွမ်းလည်းမရှိ ၊ မိမိကိုယ်ကို ယုံကြည်မှုကလည်းလွန်ကဲ ၊ အခြေအနေတွေကလည်း ဖန်လာရင် မှားမှန်းသိခဲ့ ၊ သင်ခဲ့ရတဲ့အရာတွေကိုတောင် အမှန်အဖြစ် လုပ်ကိုင်တတ်ကြတယ်။ ဒီခေတ်ကြီးထဲမှာ မယားငယ်အဖြစ်နေတာ ၊ အငှါးမယားနေတာတွေ ၊ အပျိုစင်ဘဝရောင်းစားတာတွေ ၊ အပျိုမစစ်မှတော့ ကိုရီးယားကားတွေထဲကလို လိုက်လုပ်ရင် ကိုရီးယားမင်းသမီးနေရာ ကိုယ်ရောက်သွားမယ်ဆိုတဲ့ အတွေးလွန်စိတ်တွေနဲ့ ရုပ်ရှင်ထဲကအရာတွေကို အပြင်မှာ သရုပ်ပြလုပ်ဆောင်နေကြတော့ ဘဝဇတ်အိမ်မလှတော့ဘူး။

တချို့တွေကျတော့ ငယ်တော့တဲ့အရွယ်တွေလည်း မဟုတ်ပါပဲ မိုက်တွင်းနက်ကြတယ်လို့ ဆိုကြပြန်တယ်။ ကျွန်မအပေါ်မှာ ဆိုခဲ့ပြီးသလို သူတို့ဟာ မှန်မှန်ကန်ကန် တွေးခေါ်ဆုံးဖြတ်နိုင်ခြင်းတွေမရှိတာမို့ ၊ ယုံကြည်မှုတွေဟာလည်း တလွဲတွေမို့ အများအမြင် မိုက်တွင်းနက်သထက် နက်နေတာပါ။ သူတို့မှားတယ်ဆိုတာကို သူတို့လက်မခံသရွေ့ ဘယ်သူပြောပြော သူတို့မမှားဘူးပဲ။ အမှားကို ဝန်မခံချင်လွန်းလို့ မမြင်ရတဲ့ အတိတ်ကံကိုပါ လွှဲချကြသေးတယ်။ အငယ်အနှောင်းဖြစ်ရတာ ကံပါခဲ့လို့ပါပေါ့။ ဒီဘဝအတွက် သူတို့အသိဥာဏ်နဲ့ ဆင်ခြင်စွမ်းအားတွေဟာ ဒီလောက်ပဲပါလာတယ်လို့ လက်ခံလိုက်ရုံပါ။

ဘယ်လောက်တန်ဖိုးကြီးတာကိုပဲရ ရ ကိုယ့်လက်ထဲရောက်သွားရင် အဲဒီပစ္စည်းဟာ မရခင်ကလောက် တန်ဖိုးမရှိတော့ဘူး ဖြစ်သွားတတ်တယ်။ အဲဒါ သက်မဲ့မှာရော ၊ သက်ရှိမှာရောပဲ။ အဲဒီတန်ဖိုးကို ဘယ်အချိန်မှ ပြန်သိသလဲဆို လက်လွတ်ဆုံးရှုံးသွားရပါမှ တမ်းတမိတာပါ။

ကိုယ်နဲ့လက်ထပ်ပေါင်းသင်းနေတဲ့ အိမ်ထောင်ဘက်ရဲ့တန်ဖိုးကို သူနဲ့မပေါင်းသင်းခင်လောက် တန်ဖိုးထားမှု မရှိတော့ဘူးဆိုရင် သူ့ကိုများ ဆုံးရှုံးရခဲ့ရင်ဆိုတဲ့ အတွေးလေးနဲ့ ထိန်းသိမ်းထားပါ။ ဒီလိုဆို စိတ်လွတ်လက်လွတ် ပစ်ပယ်ထားတာမျိုးတွေ မလုပ်ဖြစ်တော့ဘူး။ တဘက်လူမှာလည်း အပယ်ခံတစ်ယောက်လို ၊ ဒီအိမ်ထောင်ထဲတန်ဖိုးမရှိတဲ့သူတစ်ယောက်လို မခံစားရတော့ဘူး။

တန်ဖိုးရှိတဲ့သူတစ်ယောက်ကို ကိုယ့်အနားရှိနေစဉ်မှာ တန်ဖိုးမသိ ၊ တန်ဖိုးမထားဘဲ တပါးသူလက်ထဲရောက်သွားပါမှ ခြံခုန်တဲ့နွားလို့ ဆွေ့ဆွေ့ခုန်နေရင် မကြည့်မရှု ဘာဖြစ်ဖြစ်လို့ ခြံစပ်ပစ်ထားခဲ့တဲ့ ကိုယ်ကပဲမှားလေသလား ၊ သာမယ်ထင်လို့ ခုန်ထွက်သွားသူကပဲ မှားလေသလား သမိုင်းကဆုံးဖြတ်ပေးသွားမှာပါ။ တခါတလေ မစားရတဲ့ စပျစ်သီးကချဉ်တတ်ကြတယ်။ ကိုယ်မှ မစားရဘဲဟာ … ချဉ်တယ်လို့ ယူဆပြောဆိုနေတော့ အရှုံးမကြီးဘူးလို့ ကိုယ့်ဘာသာ ဖြေသိမ့်ပေးသလိုပေါ့။

တခါတလေမှာ ကိုယ့်လက်က လွတ်ထွက်သွားတဲ့သူဟာ သူမကောင်းလို့မဟုတ်ဘဲ ကိုယ့်စောင့်ရှောက်မှု ညံ့ဖျင်းလို့ ၊ ကိုယ့်ထိန်းသိမ်းမှု ပေါ့လျော့လို့ ၊ ကိုယ့်ရဲ့လက်လွတ်စပယ်နိုင်မှုနဲ့ တန်ဖိုးမထားမှုတွေကြောင့်ဆိုတာကို ကိုယ်တိုင်က ဝန်မခံလိုဘဲ သူ့အမှားချည်းပါလို့ အရပ်တကာလှည့် ကြွေးကြော်နေရင် သူ့အမှားကနေ ကိုယ့်အမှားအဖြစ် လူပြောစရာ ဖြစ်လာမှာပါ။ အမှားတွေကို ထပ်ခါ ထပ်ခါ လုပ်တတ်သူတွေက အမှားချည်း ကြုံရလေ့ရှိတယ်။

ဒီတစ်အိမ်ထောင်နဲ့ မမြဲဘဲ ဖောက်လဲဖောက်ပြန် လုပ်တတ်သူက နောက်တစ်အိမ်ထောင်နဲ့လည်း မြဲမှာမဟုတ်ဘူး။ ဖောက်လဲဖောက်ပြန်လုပ်လာမှာပဲ။ ကိုယ့်လက်ထဲတော့ မမြဲဘူး ၊ သူ့လက်ထဲမှာ မြဲနေတယ်ဆိုရင်တော့ သူ့တန်ဖိုးသိတဲ့သူလက်မှာ သူမြဲနေတာပါပဲ။ ဟိုက တသသနဲ့ ထားနေတယ်ဆိုရင် သက်မဲ့ဆိုလည်း တောက်တောက်ပြောင်ပြောင် ဖြစ်နေမှာပါ။ သက်ရှိဆိုလည်း သူ့ဘဝသူ ကျေနပ်နေမှာပဲလေ။ ငါဒီသူနဲ့ ဒီအိမ်ထောင်ထူထောင်ခဲ့တာ မှန်လှချည့်လို့ သူ့ဆုံးဖြတ်ချက်သူ ကျေနပ်နေမှာကိုပြောတာ။

ကိုယ့်လက်ထဲမှာ မမြဲဘူး။ သူ့လက်ထဲမှာ မြဲနေတယ်ဆိုရင် အကောင်းဆုံးစိတ်ထားလေးနဲ့ ငြိမ်းချမ်းနေဖို့ မုဒိတာပွားလိုက်ပါ။ ကိုယ်မပေးနိုင်တဲ့အရာတွေကို လိုချင်တဲ့သူနဲ့ ပေးနိုင်တဲ့သူ မြဲနေတာကို မုဒိတာပွါးခိုင်းတာပါ။ ဒီလိုမှ မုဒိတာမပွားနိုင်ရင် လွတ်တဲ့ငါးက ပိုကြီးပြီး စိတ်တွေဖိစီးလို့ အပူတွေ ပိုကြီးတော့မှာပါ။

မစမ်းကောင်းတဲ့ အရာတွေထဲမှာ မမြဲတဲ့အိမ်ထောင်သည်တွေနဲ့ ပေါင်းဖက်ခြင်းဟာလည်း အပါအဝင်ဖြစ်ပါတယ်။ ဆိုးသွမ်းသောသူတွေနဲ့ ပေါင်းဖက်ခြင်းဟာလည်း အပါအဝင်ဖြစ်ပါတယ်။ မပေါင်းဖက်သင့်သူနဲ့ ပေါင်းဖက်ခြင်းဟာလည်း အပါအဝင်ဖြစ်ပါတယ်။ အဆိပ်ကို မသုံးစွဲသင့်မှန်းသိပါလျက် သုံးစွဲပြီးပါမှ အဆိပ်သင့်လို့နောင်တရသလိုမျိုး မပေါင်းဖက်သင့်သူကို မရှောင်ကြဉ်ဘဲ ကိုယ့်မှပိုချစ်လေမလားလို့ ပေါင်းဖက်မိပါမှ မှန်းချက်နဲ့ နှမ်းတွက်မကိုက်ဘဲ ဘဝမဆုံးစေချင်တာ ၊ ပျော်ရွှင်မှုတွေ မဆုံးရှုံးစေချင်တာကလည်း ကျွန်မစေတနာဖြစ်ပါတယ်။ အိမ်ထောင်ရှင်တိုင်း သာယာတဲ့မိသားစုဘဝလေးနဲ့ ပျော်ရွှင်ကြပါစေ။

ရတု (Burmesehearts.com)

You might also like