Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ရန်သူကို အမြတ်မကျန်စေနဲ့ – BurmeseHearts

ရန်သူကို အမြတ်မကျန်စေနဲ့

0

အများစုက ရန်သူကို အမြစ်မကျန်ချေမှုန်းရမယ်လို့ လက်ခံထားကြတယ်။ ဒါကတော့ စစ်မြေပြင်မှာပါ။ အစဉ်အလာနဲ့ ပုဂ္ဂလိကရေးရာ ရန်ငြှိုးရှိကြတဲ့သူတွေမှာပါ။ ရန်သူကို အမြစ်ချန်ခဲ့ရင် အဲဒီရန်စကလေးက တချိန်မှာ ရန်မီးတောက်အသွင်ပြောင်းပြီး ကိုယ်အားနည်းချိန် ကိုယ်ပြန်ခံရနိုင်တာမို့ ရန်သူကို အမြစ်ပါမချန် သုတ်သင်ပစ်ဖို့ဆိုခဲ့ကြတာပါ။

အခုတော့ လူနေမှုအဆင့်အတန်းတွေက လူမျိုးတုန်းသတ်ဖြတ်လို့ရတဲ့ အခြေအနေတွေ မရှိတော့ဘူး။ လူ့အခွင့်အရေးဆိုတာ တကြော်ကြော်အော်နေကြတာမို့ ကိုယ့်နယ်နိမိတ်ထဲ အုပ်ချုပ်ခွင့်ရသူတွေအပေါ် အုပ်ချုပ်သူအနေနဲ့ ကိုယ်လုပ်ချင်ရာလုပ်နေလို့မရဘူး။ နောက်လိုက်ရှိတိုင်း ကိုယ်လုပ်ချင်ရာ လုပ်နေလို့မရတာကို ဂဒါဖီတို့ ၊ ဘင်လာဒင်တို့က သက်သေပြခဲ့ပြီမို့ အခုခေတ်မှာ လူမျိုးတုန်းသတ်ဖြတ်လို့မရကြတော့ဘူး။

အခုခေတ်မှာ အုပ်ချုပ်သူတွေကော အုပ်ချုပ်ခံတွေကော ပါးနပ်လာကြပြီ။ နည်းပညာတွေကလည်း ခေတ်မီတိုးတက်နေတော့ အရင်ခေတ်တုန်းကလို စိတ်ထင်တိုင်း လှည့်စားလို့မရကြတော့ဘူး။ ရတဲ့သူတွေတော့ရှိတယ်။ သူတို့တွေက အသေအချာ အစီအစဉ်ချပြီး သတင်းအစအနနဲ့ သက်သေတွေမကျန်အောင် ဖျောက်ဖျက်တတ်ကြသူတွေပါ။

ဇန်နဝါရီ(၂၉)ရက်နေ့ ညနေ(၅)နာရီကျော် ရန်ကုန်လေဆိပ်မှာ ဖြစ်ခဲ့တဲ့အဖြစ်အပျက် – သာမာန်လူတွေက ဒီလိုဖြစ်ပျက်သွားမယ်လို့ ဘယ်ထင်မလဲ။ လုပ်ကြံခံရတဲ့ဘက်ကလည်း ဒီအချိန် ဒီလိုဖြစ်မယ်လို့ ကြိုမသိကြဘူး။ မထင်မှတ်တဲ့အချိန်ဆိုတာကို လုပ်ကြံသူတွေက အသေအချာရွေးချယ်ပြီး ဘယ်အချိန် ၊ ဘာလုပ်မယ်လို့ အတိအကျ အစီအစဉ်ဆွဲထားတာ။

အရင်ခေတ်က သစ္စာခံထားတဲ့သူအပေါ် သစ္စာမဖောက်ဘူးဆိုပြီး သုံ့ပန်းအဖြစ် ဖမ်းမိသည့်တိုင် လျှာကိုက်အသေခံကြတယ်။ ဒီခေတ်က ပါးနပ်လာတယ်။ အခုလူသတ်သမားကို ဖမ်းမိသည့်တိုင် အမှန်တော့ ဘယ်တော့မှ မပေါ်စေရဘူး။ မမိအောင်ပြေး ၊ မိရင်ဘာပြော ၊ ပြောပြီးခဲ့ရင် အစဖျောက်မယ်ဆိုတာ သူတို့ကြံစည် ဇတ်တိုက်ထားပြီးသား။ မန္တလေးကပါလို့ မှတ်ပုံတင်မှာပါတဲ့အတိုင်း လိုက်ရှာ အဖြေဟာ မန္တလေးက မဟုတ်ဘူးတဲ့။

လက်ရမဖမ်းမိခဲ့ရင် မဘသလိုလို ၊ ပုဂ္ဂိုလ်ရေးရန်ငြှိုးလိုလိုနဲ့ ဇတ်တိုက်ထားကြတာ ၊ ဇတ်တိုက်ထားတဲ့အတိုင်း ကွန်မန့်တွေမှာပြောဆိုကြတာတွေ အထင်းသားမြင်နေရတာ ဒီအခြေအနေမှာ ဒီလိုပြောဆိုကြလို့ သင်ထားတဲ့အတိုင်းပဲ။ လက်နက်ကိုင်သူတွေလို့ စွပ်စွဲကြရအောင်ကလည်း လက်နက်ကိုင်သူပုန်တွေက လုပ်ကြံရင် ခေါင်ကိုပဲထိအောင်ပစ်မှာ။ ဒါပေမယ့် မပစ်ရဲဘူး။ ဘာလို့လဲဆို ဆိုးတဲ့သူတွေ တက်လာနိုင်တယ်ဆိုတာသိနေလို့။

ပစ်တဲ့သူသာဖမ်းမမိခဲ့ရင် သို့လောသို့လော ပွက်လောရိုက်လိုက်မယ့်ကိစ္စ။ ဘယ်လိုပဲအကွက်လှည့်လှည့်  ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက်မှန်း လူတိုင်းသိကြပါတယ်။ သက်သေမပြနိုင်ကြလို့သာ နေကြရတာ။ ဘာသာရေးနဲ့ အဓိကရုဏ်းတွေဖြစ်အောင် ၊ ဒီကိစ္စအရင်းပြုလို့ လူစုလူဝေးနဲ့ ဆူပူမှုတွေဖြစ်အောင် ဇတ်တိုက်ဖန်တီးထားပြီးသား။ သတိရှိကြဖို့ပဲလိုတာ။

နောက်ကွယ်ကကြိုးကိုင်သူတွေဟာ ခေါင်ကိုထိအောင်ပစ်နိုင်ကြပါတယ်။ ဒါဟာသူတို့အတွက် မခက်ခဲပါဘူး။ ခေါင်စည်းက ဒီလောက်မှမလုံဘဲလေ။ ပြည်သူတွေထဲလည်းသွားတယ်။ ဘယ်သွားသွား လူတစည်စည်ရှိနေတော့ လူထုခေါင်းဆောင်ကိုလုပ်ကြံချင်ရင် လူထုယောင်ဆောင်ပြီး လူထုထဲက ထုရုံပဲ။ ထုလည်းထုခဲ့ဖူးတယ်။ အကြံမအောင်တော့ အတော်ရုပ်ပျက်သွားခဲ့ဖူးတယ်။

အဲဒီခေတ်ကတောင် သတင်းလုံအောင်မဖုံးနိုင်ရင် ဒီခေတ်မှာ ပိုဆိုးမယ်။ သူတို့တက်လာသည့်တိုင်အောင် ယခင်ကထက်ပိုဆိုးတဲ့အခြေအနေနဲ့ ကမ္ဘာ့အလယ်မှာ ရုပ်ပျက်ဆင်းပျက် လူတောမတိုး မျက်နှာငယ်ရမှာ သူတို့ကြောက်တယ်။ ပက်ပက်စက်စက်သာ ရက်စက်ချင်တာ လူရာသွင်းတာလည်း ခံချင်သေးတော့ ဒေါက်တိုင်တွေကို အရင်ဖြုတ်မယ်ဆိုတဲ့သဘော။ အကိုင်းတွေကို လူမသိအောင် တတိတိချိုးရင်း အမြစ်ခုတ်မယ့်သူပေါ်လာတာမျိုး ၊ သူ့ဘာသာ အပင်သေသွားတာမျိုးဆို အမြစ်မလှန်ရဘဲ ကိစ္စပြတ်သွားမယ့်ကိစ္စ သူတို့ဖန်တီးနေတာ။

ဒီလုပ်ကြံမှုကနေ သူတို့က ကျွန်မတို့ပြည်သူတွေကြောက်အောင် ကျွန်မတို့ရင်ထဲ အကြောက်တရားထည့်ပေးလိုက်တာ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားကိုးရတဲ့ဒေါက်တိုင်တွေကို ဒီလိုငါတို့လုပ်နိုင်တယ် ၊ နင်တို့ရှေ့ဆက်ပံ့ပိုးနေရင် နင်တို့လည်း ဒီလမ်းသွားရမယ်လို့ လူထုခေါင်းဆောင်အပါအဝင် ခေါင်းကြီးပိုင်းတွေကိုလည်း ခြောက်လိုက်တာ။ ကြောက်ပြီးမလုပ်ရဲရင် အကြောက်တရားမရှိတဲ့ လက်နက်ကိုင်သူတို့အဖွဲ့က စီစဉ်ထားတဲ့ အကွက်တွေအတိုင်း တဆင့်ချင်း သူတို့လိုရာဖော်ဆောင်သွားကြမှာပါ။

ရန်သူကို အမြတ်မကျန်စေနဲ့လို့ဆိုလိုတာက သူတို့ဖြစ်စေချင်တာကို ကျွန်မတို့မလုပ်မိဖို့လိုတယ်။ သူတို့ကြောက်စေချင်ပေမယ့် ကျွန်မတို့ အမှန်တရားဘက်ကရပ်တည်ဖို့ မကြောက်ကြပါနဲ့။ ဘာသာရေးနဲ့သွေးထိုးနေရင် တူညီတဲ့ပန်းရောင်နိုင်ငံသားအောက်က ဘာသာမတူသူတွေအားလုံး ဒီမိုကရေစီတဘက်တည်းမှာ စုစည်းကြဖို့ပဲလိုတယ်။ ကျွန်မတို့တိုက်နေတာ ဘာသာရေးတိုက်ပွဲမဟုတ်ဘူး။ အာဏာရှင်အမြစ်ပြတ်စေမယ့် ဒီမိုကရေစီတိုက်ပွဲမို့ ဒါကို ရှင်းရှင်းလင်းလင်းသိဖို့ပဲလိုပါတယ်။

အားလုံးသတိလက်လွတ်လို့ မေ့မေ့ပျောက်ပျောက် ဖြစ်သွားချိန်မှာ နောက်ထပ် လုပ်ကြံဦးမှာပါ။ သူတို့ကဘယ်ပြပြီး ညာနဲ့အရှိုက်ကိုထိုးမှာမို့ ဘယ်ပြတိုင်း ဘယ်မယောင်မိဖို့လိုတယ်။ သူတို့ရဲ့ လှည့်ကွက်တိုင်းကို သတိရှိကြဖို့ပဲလိုတယ်။ သူတို့လှည့်ကွက်တိုင်းမှာ သူတို့ဖြစ်စေချင်သလို လိုက်လုပ်မိရင်သူတို့အမြတ်ထွက်သွားပြီလေ။

ဘယ်သူမဆို ကိုယ့်မိသားစုကို တွယ်တာကြတာမှန်ပေမယ့် နိုင်ငံရေးလုပ်တဲ့သူတိုင်းဟာ စစ်မြေပြင်မှာ တိုက်ပွဲဝင်နေကြတယ်လို့ ကိုယ့်ကိုယ်ကို သတိရှိထားကြဖို့လိုတယ်။ စစ်မြေပြင်က စစ်ကြေငြာလို့ စတိုက်ပြီဆိုကတည်းက တဘက် လုံးဝကျဆုံးသွားတဲ့အထိ သူတပြန် ၊ ကိုယ်တပြန် အတိအလင်း တိုက်ပွဲဝင်သုတ်သင်လို့ရတယ်။ နိုင်ငံရေးစားပွဲမှာတော့ သတိရှိရှိ ပါးနပ်ရတယ်။ ဖြစ်နိုင်တာတွေကော ၊ မဖြစ်နိုင်တာတွေကော သတိရှိရှိ ကြိုတွက်ထားတာတောင် ကိုယ်မထင်တဲ့အချိန် ကိုယ်မထင်တဲ့ထောင့်ကနေ အလစ်ဝင်တွယ်တာ ခံရနိုင်သေးတယ်။

စစ်မြေပြင်မှာ အလံဖြူထောင်ပြီး ပစ်တာတွေလည်းရှိတယ်။ နိုင်ငံရေးစားပွဲဝိုင်းမှာ အတွင်းစည်းထဲဝင်ပြီး လုပ်ကြံတာတွေလည်းရှိတယ်။ စစ်မြေပြင်မှာ ရန်သူကို သနားနေရင် ကိုယ်ကျဆုံးဖို့များတယ်။ နိုင်ငံရေးလုပ်တဲ့သူတွေ ရိုးသားမှုချည်းရှေ့တန်းတင်နေရင် ကိုယ့်ဘက်တော်သားတွေ အနာကြီးနာလိမ့်မယ်။ စစ်မြေပြင်မှာ ဗျူဟာတွေသုံးသလိုမျိုး နိုင်ငံရေးမှာ လှည့်ကွက်တွေ ၊ ပရိယာယ်တွေသုံးပြီး အကွက်ကျကျ စီစဉ်ရတာ။ ရိုးသားသူနဲ့ ကောက်ကျစ်တဲ့သူတွေတဲ့အခါ အချင်းမလှဖြစ်တတ်တာက ရိုးသားတဲ့သူပါ။ အားကြီးတဲ့သူ စားစတမ်းမို့ ကိုယ်တိုင်က အင်အားကြီးနေဖို့အဓိကပဲ။

အစီအစဉ်တကျ အကွက်ချဖို့လိုတယ်ဆိုတဲ့အထဲမှာ Plan A ၊ Plan B ၊ Plan C ကနေ Plan Z ဒီလိုဖြစ်မလာရင် ဟိုလိုဖြစ်အောင်လုပ်မယ်။ ဒီလူကျ ဟိုလူတက်မယ်စသဖြင့် အကွက်ချထားရမှာ။ ခေါင်တစ်ဦးတည်း တည်ထားရင် ခေါင်ထိ အကုန်စား လုပ်သွားလိမ့်မယ်။ သင်သေသွားသော်ဆိုတဲ့ ဆရာဇော်ဂျီရေးသားခဲ့တဲ့ ကဗျာထဲကလို ပညာရှိတွေဟာ နောင်ရေးဆိုတာ ကြိုတွေး ၊ ကြိုရေးပြီး ၊ ကြိုပြင်ဆင်လေ့ရှိကြပါတယ်။

သေချာတာကတော့ ဦးကိုနီဆုံးသွားလို့ NLD ရဲ့ ဥပဒေအသက်ဝင်ဖို့ ပုံဖော်နေတာတွေ ၊ ၂၀၀၈ဖွဲ့စည်းပုံပြင်ဖို့ဆိုတာတွေ ရပ်တန့်သွားမှာတော့ မဟုတ်ပါဘူး။ ဒါကို ဒင်းတို့သိသင့်တယ်။

တဗိုလ်ကျ တဗိုလ်တက်စနစ်ကို ကျင့်သုံးရင်း လေ့ကျင့်မှု အားနည်းနေသေးတဲ့ ဒီမိုကရေစီဘက်တော်သားတွေ အားမနည်းကြဖို့ အခြေအနေက လိုအပ်လာရင် ပြည်သူတွေ မကြောက်မရွံ့အင်အားပြကြဖို့ပဲလိုတာ။ စတင်အသက်ဝင်စ ဒီမိုကရေစီဘက်က ကျားကုပ်ကျားခဲ ရပ်တည်ကြဖို့ပဲလိုတာ။ ကျွန်မတို့ပြည်သူတွေ တက်နေတဲ့အစိုးရ လိုအပ်ချက်လေးတွေ ရှိနေသေးပေမယ့် သူတို့ဘက်က ပံ့ပိုးတာ ၊ သူတို့ဘက်က ဖာထေးတာ ၊ သူတို့ဘက်ကရပ်တည်တာ တူညီတဲ့ဆန္ဒ တခုတည်းအောက်ကပါ။ ကျွန်မတို့တွေ ဒီမိုကရေစီစနစ် မြဲမြံအသက်ဝင်စေချင်တာ။ အာဏာရှင်စနစ် လုံးဝ ကျဆုံးသွားစေချင်တာ။ ပြည်သူ့အစိုးရ လုံးဝပေါ်ထွန်းသွားစေချင်တာ။ လွှတ်တော်ထဲကအစိတ်သား လုံးဝပပျောက်သွားစေချင်တာပါ။ ဒါကြောင့် အုပ်ချုပ်သက်နုသေးလို့ မှားယွင်းမှုလေးတွေ ရှိနေနိုင်တာကို သူတို့စေတနာ နဲ့ အနစ်နာခံခဲ့တာတွေ အသိအမှတ်ပြုလို့ တညီတညွတ်တည်း ခွင့်လွှတ်ကြတယ်။ အားပေးကြတယ်။ နောင်လည်း အားပေးဦးမှာပဲ။ အာဏာရှင်စနစ် လုံးဝကျဆုံးစေရမယ်လေ။

မြန်မာပြည်သူတွေ သွေးမကြောင်ပါဘူး။ ဘယ်အချိန်မှာ ဘာလုပ်ရမလဲသူတို့သိလို့ ဒီမိုကရေစီအရပ်သားအစိုးရ တက်လာတာပေါ့။ ပြောမယ့်သူတွေရှိနေသေးလို့ သိတဲ့သူတွေက မသိချင်ယောင်ဆောင်နေကြတာ။ မြန်မာပြည်က အစွမ်းအစရှိတဲ့ပညာတတ်တိုင်း သုတ်သင်မယ်လို့ တွေးထားတဲ့ အုန်းကြောင်တွေရေ … စင်ပေါ်တက်မှ ပညာရှိလို့ သတ်မှတ်ကြရင်တော့ ခက်ရချည်ရဲ့။

ပြည်သူတွေထဲမှာ ဘယ်ဟာအမှန် ၊ အမှား ခွဲခြားလို့ ဘယ်အခြေအနေမှာ ဘယ်ဘက်ကရပ်တည်ရမယ်ဆိုတာ နိုင်ငံရေးရာဇဝင်မရှိဖူးတဲ့ သာမာန်ယာဉ်မောင်း ကိုနေဝင်းက သက်သေပြသွားခဲ့တယ်လေ။သေနတ်ကိုင်တိုင်း မကြောက်တတ်ကြဘူးလို့ လက်နက်ကိုင်လူသတ်သမားလိုက်ဖမ်းတဲ့ လူအုပ်ကြီး သက်သေပြသွားခဲ့တယ်လေ။ မောင်းတင်အုပ်ချုပ်မယ်ဆိုတဲ့အိမ်မက်ကနေ နိုးထပါတော့ … ပြည်သူတွေက သင့်ကိုအလိုမရှိဘူး။

ပုံရိပ် (Burmesehearts.com)

 

You might also like