Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မယူဘူး တွဲကြည့်ရုံပါ – BurmeseHearts

မယူဘူး တွဲကြည့်ရုံပါ

0

ခုခေတ် အရွယ်ရောက်လို့ ရည်းစားသနာထားတဲ့သူတွေ အများစု ဆိုတဲ့စကားက “တွဲကြည့်ရုံ”ဆိုတာ အပြောများလာတယ်။ ဒီ့ထက် ပေါ့တန်တဲ့စိတ်ထားရှိသူတွေက “မယူဘူး …. တွဲကြည့်ရုံ” လို့ ပြောကြပြန်တယ်။ တချို့ကျတော့ အဖော်ရရုံ အပျော်တွဲကြတယ်။ တချို့တွေက ထည်လဲတွဲကြတယ်။ ဒီလို ပေါ့ပေါ့တန်တန်စိတ်ထားတွေကို မြို့ကြီးပြကြီးမှာ တော်တော်တွေ့လာတယ်။ ခေတ်မီလေ စိတ်ဓါတ်တွေပျက်ပြားလာလေလား မပြောတတ်တော့ပါဘူး။ တိုးတက်လာတဲ့ ခေတ်ကြီးမှာ စိတ်ဓါတ်တွေ ထိုးကျသွားလေသလား။

ကျွန်မတို့ခေတ်တုန်းက ချစ်သူရည်းစားရှိသူအများစုဟာ ကိုယ်တွဲတဲ့သူကို အနာဂါတ်မှာ ရည်ရွယ်လက်တွဲသွားမယ်ဆိုတဲ့စိတ်နဲ့ လေးလေးနက်နက် တွဲကြတာပါ။ တွဲရင်းနဲ့မှ စိတ်သဘောထားချင်း ၊ ခံယူချက်ချင်း မတိုက်ဆိုင်တာ ၊ ညှိလို့မရတာတွေ များသထက်များလာတော့မှ လမ်းခွဲကြတာပါ။ တွဲကြည့်ရုံပဲဆိုတဲ့စိတ်ထားကို ကျွန်မတို့မိန်းမသားတွေ အဲဒီခေတ်က မထားခဲ့ကြဘူး။ ဒီစိတ်ထားနဲ့ ရည်းစားများခဲ့တဲ့သူတွေ အဲဒီခေတ်ထဲ ရှိကောင်းရှိမယ်။ ဒါပေမယ့် နည်းမှာပါ။

အခုတော့ အမျိုးသမီးကလေးတွေကလည်း တွဲကြည့်ရုံဆိုတာကို ပြောလာသလို အမျိုးသားလေးတွေကလည်း တွဲကြည့်ရုံဆိုတာကို ပေါ့ပေါ့လေးပြောလာတယ်။ ခုခေတ်ကြီးက ခြေမြန်လက်မြန်ခေတ်ကြီးဆိုတော့ အဲဒီတွဲကြည့်ရုံဆိုတဲ့စကားဟာ ကြောက်စရာကောင်းနေသလိုပဲ။ အမျိုးသမီးကလေးတွေဟာ သူတို့တွဲတဲ့သူဦးရေများလေ သူတို့ရဲ့ အပျိုရည်ဂုဏ်သိက္ခာ ပွန်းပဲ့လေဆိုတာ မသိလေရော့သလား။

ချစ်သူများနေ့ဆို တွဲကြည့်ရုံဆိုတဲ့စုံတွဲလေးတွေ ၊ သင်္ကြန်ဆို တွဲကြည့်ရုံဆိုတဲ့ စုံတွဲလေးတွေ ဘယ်ခရီးရောက်လေမလဲ။ စိတ်မထိန်းနိုင်ရင် မထိန်းနိုင်သလောက် လွန်ကျူးမိကြတဲ့အခါ တွဲကြည့်ရုံဆိုတဲ့စကားလုံးဟာ ကိုယ့်ဂုဏ်သိက္ခာ ကိုယ်ဖဲ့ချနေသလိုပါပဲ။ တွဲတာများလေ အပျိုဂုဏ်သိက္ခာ ပဲ့ကျလေပါပဲ။ ခုခေတ်ကြီးထဲမှာ ရည်းစားသနာ အတွဲများလွန်း ၊ ရှုပ်ထွေးလွန်းတဲ့ အမျိုးသမီးကလေးကို အပျိုစစ်စစ်ပါလို့ အမျိုးကောင်းသားတွေက မယုံတော့ပါဘူး။ ကိုယ့်သိက္ခာနဲ့ ကိုယ့်ဘာသာကျိန်ပြောလည်း ခေတ်ကြီးကို မြင်တွေ့လက်ခံနေကြတဲ့ သူတို့တွေက ဘယ်လောက်ကျိန်ပြောပြော မယုံတော့ဘူး။

အိမ်ထောင်ရေးမှာ အပျိုစစ် မစစ် အရေးမပါတော့ဘူးလို့ လက်ခံထားကြတဲ့သူတွေရှိသလို ကိုယ့်ဇနီးမယား သူတပါးနဲ့အတူအိပ်ဖူးတာ လုံးဝလက်မခံနိုင်တဲ့ အမျိုးသားတွေလည်းရှိပါတယ်။ နောက်ဆုံး အရင်ရည်းစားနဲ့ အတူအိပ်ဖူးတဲ့ အမျိုးသားကို ချစ်လျက်နဲ့ မယုံရဲတော့လို့ ပြတ်စဲလိုက်တယ်ဆိုတဲ့ အမျိုးကောင်းသမီးတွေလည်း သူတို့လုပ်ရပ် မှန် ၊ မမှန် ကျွန်မကို အကြံဥာဏ် တောင်းခံနေတုန်းပဲ။

ကျွန်မအကြံပြုနိုင်တာကတော့ အတိတ်ဟာ အနာဂါတ်မဟုတ်ပါဘူး။ ကိုယ်နဲ့မဆုံမီဖြစ်ပျက်ခဲ့တဲ့ သူ့အတိတ်မှာ ကိုယ်မပါဝင်သေးတာမို့ ဒီကိစ္စရပ်ကြီးဟာ သူကိုယ့်ကို ဖောက်ပြန်ခြင်း မဟုတ်ပါဘူး။ လက်ရှိပစ္စုပ္ပန်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာ ၊ သူ့စိတ်ထား ၊ သူ့အချစ်နဲ့ သူ့အပြုအမူတွေကိုသာ အနာဂါတ်မှာ သူနဲ့လက်တွဲသွားဖို့ သင့်မသင့် ပြန်သုံးသပ်ဆုံးဖြတ်ရမှာပါ။

အတိတ်ကို ကျွန်မတို့ပြင်လို့မရဘူး။ သင်ခန်းစာယူလို့ပဲရတယ်။ ဒါပေမယ့် လက်ရှိပစ္စုပ္ပန်မှာ ကျွန်မတို့ အကောင်းဆုံးလုပ်ကိုင်နိုင်သေးတယ်။ နေ့စဉ်ဒီလိုလုပ်ကိုင်ဆောင်ရွက်သွားမယ်ဆိုရင် ကျွန်မတို့ရဲ့အနာဂါတ်ဟာ ပိုမိုကောင်းမွန်လာမှာပဲ။ အတိတ်ကိုပဲ ပြန်တူးဆွရန်လုပ်နေလို့ ပစ္စုပ္ပန်မှာလည်း မပျော်နိုင် ၊ အနာဂါတ်မှာလည်း စိတ်မချမ်းသာနိုင်ဆိုတဲ့ အခြေအနေမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ဖြစ်နိုင်ရင် ချစ်သူရည်းစားထားတဲ့အခါ တကယ်ချစ်လို့ ၊ သူနဲ့လက်တွဲချင်လို့ သူ့ကို ချစ်သူအဖြစ် ရွေးချယ်တာမျိုးဖြစ်သင့်တယ်။ ချစ်သူတွေဖြစ်လာပြီးတဲ့နောက်မှာ ကိုယ်မပါဝင်ခဲ့သေးတဲ့ သူ့အတိတ်ကို သူ့ကိုချစ်တဲ့စိတ်နဲ့ မေ့ပစ်ထားနိုင်အောင် ကြိုးစားပါ။ လက်ရှိပစ္စုပ္ပန်မှာ ကိုယ်ချစ်တဲ့သူ့ကို အကောင်းဆုံးနားလည်မှုပေးလို့ ယုံကြည်မှုတည်ဆောက်ပါ။ အတိတ်မှာလည်းမကောင်းခဲ့ ၊ ပစ္စုပ္ပန်မှာလည်း မကောင်းနိုင်တဲ့သူကို ကိုယ့်အနာဂါတ်ထဲ ဆွဲခေါ်မလာပါနဲ့။ ဒီလိုလူကို ကိုယ့်အနာဂါတ်ထဲဆွဲခေါ်လာရင် လာမယ့်နှစ် ၊ လ ၊ ရက်တွေထဲ ကိုယ်ဟာ စိတ်ဆင်းရဲနေရမှာပါ။

လက်ရှိမှာမကောင်းတဲ့သူဟာ အနာဂါတ်မှာ ကောင်းလာလိမ့်မယ်လို့ ဘယ်အရာက အာမခံပေးနိုင်မလဲ။ ပစ္စုပ္ပန်ဟာ သုံးသပ်ဖို့အကောင်းဆုံးအချိန်ပဲ။ ပစ္စုပ္ပန်မှာ ကောင်းနေမှ အနာဂါတ်မှာ ကောင်းမယ်လို့ ခန့်မှန်းတွက်ချက်နိုင်တာပါ။ ပစ္စုပ္ပန်မှာ မကောင်းရင် အနာဂါတ်မှာ ကောင်းလာလိမ့်ဆိုတဲ့ထင်ကြေးဟာ မရေရာဘူးလေ။ ကိုယ့်ဘဝနဲ့ လောင်းကြေးထပ်ပြီး ကံမစမ်းချင်ပါနဲ့။ ကံဆိုးရင် တခုလပ် ၊ တလင်ကွာဆိုတဲ့ နာမည်နဲ့ ဘဝခရီးဆက်ရမှာ။ ဒီ့ထက်ပိုကံဆိုးရင် ကိုယ့်သားသမီးတွေပါ မိတကွဲ ၊ ဖတကွဲ ၊ အိမ်ထောင်ကွဲနေရနိုင်တယ်။

ကိုယ့်မနက်ဖန်တွေကို အလေးထားရင် လက်ရှိမှာလည်း ကိုယ့်ပစ္စုပ္ပန်ကို အလေးထားပါ။ ပေါ့တန်တဲ့စိတ်ထားတွေနဲ့ အပျော်တွဲကြည့်ရုံဆိုတာတွေ မလုပ်ပါနဲ့။ တွဲရင်း ကွဲရင်း အတွဲများလာရင် ကိုယ်တကယ်ချစ်တဲ့သူက ကိုယ့်အချစ်ကို မယုံကြည်တဲ့ အနေအထား ကိုယ်တိုင်ဖန်တီးသလိုဖြစ်နေမယ်။ သူမယုံကြည်တာ သူ့အပြစ်မဟုတ်ဘဲ သူယုံကြည်နိုင်လောက်အောင် မစွမ်းဆောင်နိုင်ခဲ့တာက ကိုယ့်အပြစ်ဖြစ်နေမှာပါ။ ကိုယ်တိုင်က လေးနက်တဲ့စိတ်ထားနဲ့ ချစ်တတ်မယ်ဆိုရင် ရည်းစားများစရာမလိုသလို ချစ်တဲ့သူကလည်း သံသယပွားစရာမလိုတော့ဘူးပေါ့။

ချစ်တဲ့သူတိုင်းညားပြီး ညားတဲ့သူတိုင်းလည်း ချစ်စေချင်တယ်။ ပျော်ရွှင်တဲ့အချစ်ရေး ၊ သာယာတဲ့အိမ်ထောင်နဲ့ ပျော်ရွှင်သာယာတဲ့ မိသားစုဘဝကို ပိုင်ဆိုင်စေချင်တယ်။ မိဘတွေပျော်ရွှင်နေမှ သားသမီးတွေ ပျော်ရွှင်နိုင်မှာပါ။ အနာဂါတ်ကို အရှည်ကြီးမျှော်တွေးမယ်ဆို အပျော်တွဲရုံ တွဲကြည့်တာဆိုတဲ့ စိတ်ထားတွေ ပါးလျလာပြီး လေးနက်တဲ့မေတ္တာတရားကို ယုံကြည်လာမှာပါ။ လေးနက်စွာချစ်ပြီး လေးနက်စွာခံစားလို့ လေးနက်တဲ့အိမ်ထောင်ရေးကို ချစ်တဲ့သူနဲ့ ပျော်ပျော်ရွှင်ရွှင် ထူထောင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်ပါ။

ရတု (Burmesehearts.com)

You might also like