Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
အချစ်ရယ် ….. ခေတ်တွေပြောင်းပြီပေါ့ – BurmeseHearts

အချစ်ရယ် ….. ခေတ်တွေပြောင်းပြီပေါ့

0

ယောကျာ်းတွေ အများကြီးထဲမှာ ယောကျာ်းကောင်းတွေရှားသလို မိန်းမတွေအများကြီးထဲမှာ မိန်းမကောင်းတွေလည်း ရှားနေပါတယ်။ ယောက်ျားကောင်း ၊ မိန်းမကောင်းတွေရှားနေတယ်ပြောလို့ ယောကျာ်းပျက် ၊ မိန်းမပျက်တွေများနေတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ တကယ်များနေတာက ဘဝရေစီးမှာ အလိုက်သင့်မျောနေတဲ့သူတွေ များနေကြတာပါ။ သူတို့တွေက အဆင်ပြေသလို နေထိုင်သွားလာ လှုပ်ရှားနေတဲ့သူတွေဖြစ်ပါတယ်။

ကိုယ့်စည်း ၊ သူ့စည်းရယ်လို့ စောင့်ထိန်းမှုတွေမရှိဘဲ အခွင့်သာရင် အချောင်ပဲနှိုက်ရရ ၊ ဖြတ်ပဲခုတ်ရရ ၊ ချောက်ပဲတွန်းရရ ၊ ခြေပဲထိုးရရ ၊ ဘယ်လို သူများကို နင်းပြီးတက်ရမလဲဆိုတဲ့ စိတ်ဓါတ်တွေကြောင့် အဘက်ဘက်မှာ စည်းတွေပျက်လာတာပါ။ ခုဆို လူမှုရေးတွေမှာလည်း စည်းပျက်နေကြပြီလေ။

ကျွန်မတို့ခေတ်တုန်းက ရည်းစားရှိလျက်နဲ့ ကိုယ့်လာကြူ ရင် စိတ်ဓါတ်ပျက်ပြားတဲ့သူလို့ သတ်မှတ်တယ်။ ဒီလိုလူကို တဏှာရူးလို့သတ်မှတ်ပြီး သူ့အကြောင်းသိတဲ့ ၊ ကြားတဲ့ မိန်းကလေးတွေက ရှောင်ကြတယ်။ ခုခေတ်မှာတော့ သူရည်းစားရှိရုံမကလို့ အိမ်ထောင်ပဲရှိရှိ ၊ သားသမီးတွေ ရှိနေပစေဦး ကိုယ့်လူ ကိုယ်နိုင်အောင်ထိန်းဆိုတဲ့စကားနဲ့ သူများလူကို အမျိုးသမီးတန်မဲ့ မရှက်မကြောက် ကြာခိုနေကြတယ်။ ဒီလူများ ကိုယ့်ဘက်ပါလာပြီဆိုရင် တိုက်ပွဲတရာ အနိုင်ရနေတဲ့ အောင်နိုင်သူကြီးလို မောလို့ကြွားလို့။ တကယ်ဆို သူများအိမ်ထောင်ဖျက်ဆီးလိုက်တဲ့ သူယုတ်မာစိတ်ဓါတ်ရှိတဲ့လူ ၊ သူများအချစ်ရေး ကိုယ့်ကြောင့် ပျက်စီးစေတာ အောင်ပွဲခံတဲ့အထိ စိတ်ဓါတ်ပျက်ပြားနေတဲ့သူ ၊ တကယ်ကို အောက်တန်းကျတဲ့သူဆိုတာ မေ့နေလောက်အောင် မိန်းမကောင်းတွေ ရှားလာတာပါ။

သူများလူကိုယူမှ ယောကျာ်းရမယ်ဆို အပျိုကြီးအဖြစ်ပဲ အရိုးထုတ်တော့မယ် ၊ ကိုယ့်ဂုဏ်သိက္ခာတော့ အထိပါးမခံတော့ဘူးဆိုတဲ့ အမျိုးသမီးကောင်း စိတ်ဓါတ်တွေ ဒီခေတ်ထဲမှာ ရှားလာပြီ။ သူ့မိသားစုကို ကိုယ့်မိသားစုလို သဘောထားပြီး ကိုယ့်ကြောင့် အသိုက်အမြုံလေးပျက်စီးသွားမယ်။ သူအိမ်ထောင်ရှိတာ မသိခဲ့လို့ ငြိတွယ်ခဲ့မိတဲ့နောက် ဘယ်လောက်ပဲချစ်မိပစေ ကိုယ်က တကိုယ်ရည်မို့ အနစ်နာခံပြီး နောက်ဆုတ်လိုက်မယ်။ မိန်းကလေးတို့အရှက်တရား ဦးထိပ်ထားမယ်ဆိုတဲ့ အမျိုးကောင်းသမီးတွေ ရှားလာပြီ။

သူများမျက်ရည်တွေနဲ့တော့ ထမင်းမစားဘူး ။ ဆားနဲ့ပဲစားရ ၊ စားရ ကိုယ့်စိတ်လုံအောင် နေထိုင်ပြီး ကိုယ့်ဂုဏ်သိက္ခာထိန်းသိမ်းမယ်ဆိုတဲ့ အမျိုးသား ၊ အမျိုးသမီးတွေ ရှားလာပြီ။ ကျွန်မတွေးမိတယ်။ တကယ်လို့များသာ အမျိုးသမီးထုအားလုံးက ကျွန်မတို့ခေတ်တုန်းကလို ၊ ကျွန်မတို့ မိဘနဲ့ ဘိုးဘွားခေတ်တုန်းကလို အရှက်တရားကိုကာကွယ်ပြီး စိတ်ဓါတ် နဲ့ ကိုယ်ကျင့်တရားကို အကောင်းဆုံး စောင့်ထိန်းမယ်ဆိုရင် ဖောက်ပြန်လိုတဲ့ယောကျာ်းတွေလည်း ဖောက်ပြန်ခွင့်မသာတော့ဘူး။ သူတို့နဲ့ ပျော်ပျော်ပါးပါးကြီး လိုက်ဖောက်ပြန်မယ့် မိန်းမမှမရှိတာကိုး ။ သူတို့မနေနိုင်လှ ငွေပေးအိပ်လို့ရတဲ့ ပြည့်တန်ဆာတွေနဲ့ပဲ နှစ်ပါးသွားရမှာ။ ခုခေတ်မှာတော့ မိန်းမပျက်စိတ်ဓါတ်တွေများလာလို့ သူများရည်းစား ၊ သူများလင်ကို ကိုယ့်ရည်းစား ၊ ကိုယ့်လင်အဖြစ် လုယူသိမ်းပိုက်ပြီး အဲဒီလို သိမ်းပိုက်နိုင်တာကို ကိုယ့်အစွမ်းအစအဖြစ် တလွဲဂုဏ်ယူနေကြတာ ရှက်စရာ။

ကြုံတုန်း ကျွန်မသူငယ်ချင်းတစ်ယောက်ရဲ့ အိမ်ထောင်ရေးကို ဖောက်သည်ချရဦးမယ်။ ကျွန်မသူငယ်ချင်းက သူ့ဘာသာရပ်တည်နိုင်တဲ့ အလုပ်အကိုင်လေးနဲ့ အခြေကျနေပြီး ရွေးချယ်စရာအများကြီးရှိနေပေမယ့် သူကိုယ်တိုင်ရိုးသားတဲ့သူမို့ သူ့ကို တသက်တာ သစ္စာရှိရှိ ပေါင်းဖက်သွားပြီး တိုးပွားလာမယ့် သားသမီးတွေကို ငဲ့ညှာမယ့်သူကိုပဲ အလိုရှိခဲ့တာ။ ဒီဆန္ဒကြောင့်ပဲ မိဘမဲ့မပြည့်စုံတဲ့ ဈေးဗန်းလွယ်ပြီး ပစ္စည်းအတိုအထွာလေးတွေလိုက်ရောင်းတဲ့ ရွယ်တူကောင်လေးတစ်ယောက်နဲ့ ချစ်ကြိုက်မိတယ်။ သူ့အထင်ကတော့ ဒီကောင်လေးဟာ မိဘမဲ့မို့ ဒီဝမ်းနည်းမှုကို ခံစားခဲ့ရပြီးသား ၊ သူ့သားသမီးတွေကိုတော့ ဖခင်မဲ့အဖြစ် ကြီးပြင်းစေမှာမဟုတ်ဘူး။ ပင်ပင်ပန်းပန်းရှာဖွေခဲ့ရလို့ ဘဝနာပြီး ပိုကြိုးစားမယ် ၊ မိသားစုကို ပိုတန်ဖိုးထားမယ်လို့ ထင်ခဲ့တာပါ။

ယူပြီးသိပ်မကြာ စုမိဆောင်းမိလေးနဲ့ အဆက်အသွယ်လေးကောင်းပြီး စိးပွားရေးကောင်းလာတော့ သိန်းထောင်ချီတဲ့ငွေတွေနဲ့ တိုးတက်ချမ်းသာလာခဲ့တယ်။ ဒီ့မတိုင်မီ ကျွန်မသူငယ်ချင်း မျှော်လင့်တွက်ချက်ထားတာတွေ မှန်ပါတယ်။ ငွေရှိလာတော့ မမှန်တော့ဘူး။ သူ့အမျိုးသားအနားမှာ အမျိုးသမီးတွေ အတင်းကပ်တော့တာပဲ။ မိန်းမနဲ့သားသမီးတွေ ရှိနေမှန်းသိရက်နဲ့ ကပ်လာတဲ့ အမျိုးသမီးတွေဟာ မစောင့်ထိန်းတတ်တဲ့ အမျိုးသမီးတွေပဲ။ မရှက်မကြောက် သူများအိမ်ထောင်ကို ဖြိုခွဲပြီးမှ ကိုယ့်အိမ်ထောင် ထူထောင်လိုကြသူတွေပါ။ ဒီလိုအမျိုးသမီးတွေထဲကမှ အဆိုးဆုံးအမျိုးသမီးတစ်ယောက်ကို ကျွန်မကြားသိခဲ့ရတယ်။

သူမကတော့ ကလေးနှစ်ယောက်အမေပါ။ သူ့ယောကျာ်းကလည်း သူ့ကိုထားခဲ့ပြီး ဖောက်ပြန်သွားခဲ့တာပါ။ ကိုယ်တိုင် ဒီခံစားမှုကို ရင်စီးခံခဲ့ရလို့ တဖက်သား ဘယ်လိုခံစားရမယ်ဆိုတာ နားလည်နိုင်ရက်နဲ့ အဆုံးစွန်အထိ စိတ်ယုတ်မာရှိတဲ့သူပေါ့။ ကျွန်မတဖက်သားကို ဒီလောက်အထိ မပြောတတ်ဘူး။ ဘာကြောင့်ပြောရသလဲဆိုတာ ဆက်ပြောပါမယ်။ အဲဒီအမျိုးသမီးက ဒီအမျိုးသားနဲ့ရည်းစားဟောင်းဖြစ်ခဲ့ဖူးတယ်။ ဈေးဗန်းရွက်တဲ့ကောင်လေးကိုပစ်လို့ အိမ်ကသဘောတူလို့ပါဆိုပြီး ပိုသာတဲ့ အမျိုးသားတစ်ယောက်နဲ့ လက်ထပ်ခဲ့သူပါ။ သူမအိမ်ထောင်ပျက်ခဲ့ပြီး ငွေရှိလာတဲ့ရည်းစားဟောင်းကို အတင်းပြန်ပတ်သက် ၊ အိမ်ထောင်နဲ့ကလေးတွေရှိမှန်းသိလည်း အတင်းဝင်ရော ၊ နောက်ဆုံးမတော့ သူများယောက်ျားကို သူ့ယောက်ျားလုပ်တော့တာပါပဲ။

ငွေရှိတော့ အမျိုးစောင့်ဥပဒေ အသက်မဝင်ခင်ကာလကတည်းက လက်ထပ်ထားတယ်လုပ်လိုလုပ် ၊ မိန်းမနဲ့ ဇနီးဆီ ပြန်ကြည့်တဲ့သူများခင်ပွန်း (မကွာရသေးတာ)ကို တားလိုတား ၊ နောက်ဆုံးမှာ မယားကြီးနဲ့သားသမီးတွေကို ပုံမှန်ထောက်ပံ့ငွေပေးတာကို ထောက်ပံ့စရာမလိုဘူးဆိုပြီး သွေးထိုး ၊ တဏှာနဲ့ညု ၊ အီစီကလီတွေလုပ်ပြတော့ ကျန်နဲ့မယားကြီးနဲ့ကလေးတွေမှာ ဖခင်ကိုတမျှော်မျှော် …. မျှော်ပေမယ့်လည်း ပေါ်မလာတော့ဘူးလေ။

ဒီအမျိုးသမီးပြောခဲ့တဲ့စကားတွေထဲမှာ နာစရာအကောင်းဆုံးက မယားကြီးကမွေးထားတဲ့ကလေးကမှ ဒီအမျိုးသားရဲ့ကလေးမဟုတ်ဘဲ တခြားမိန်းမတွေနဲ့ မွေးရင်လည်း သူ့ကလေးပါ။ သူမကိုယ်တိုင် မွေးပေးပါ့မယ်ဆိုပြီး ကိုယ်ဝန်ဆောင်နေလေရဲ့။ သူပိုင်းထားတဲ့ ယောကျာ်းကိုတော့ ဟိုမယားကြီးဆီ မသွားခိုင်းတော့ဘူးလေ။ ဒီလိုအမျိုးသမီးမျိုး ဒီခေတ်ထဲမှာ ရှိနေပါလားလို့ ကျွန်မသြချမိပါတယ်။ စိတ်ဓါတ်တွေ အောက်တန်းကျလိုက်တာ။

ခုမယားကြီးမှာ တရားစွဲဖို့လည်း ငွေမနိုင် ၊ အမှုတွေချိန်းခဲ့ရင် ကလေးတဖက် စားသောက်ဖို့လုပ်ကိုင်ရတာတဖက်နဲ့ လူသွားနိုင်မှာမဟုတ်တာတွေကြောင့် တရားမစွဲဖြစ်ဘူး။ ကွာရှင်းခွင့်တောင်းလာတဲ့ခင်ပွန်းဘက်က ဘယ်လိုစိတ်နာအောင်ပြောပြော ကလေးတွေမှာ တရားဝင်အဖေရှိစေရမယ်ဆိုတဲ့စိတ်ကလေးနဲ့ မကွာပေးဘူး။ ကိုယ့်ဘာသာရှာစားရင်း ကိုယ့်သားသမီးတွေကို တနိုင်အားလေးနဲ့ ပံ့ပိုးနေရတယ်။

ဒီအဖြစ်အပျက်မှာ ဖောက်ပြန်သွားတဲ့ယောကျာ်းက အပြစ်များသလား ၊ ခင်ပွန်းဖောက်ပြန်လောက်အောင် မထိန်းသိမ်းနိုင်တဲ့ မယားကြီးက အပြစ်ရှိလေသလား ၊ သူများအိမ်ထောင်ဖြိုခွဲရုံမက သူများသားသမီးနဲ့ဖခင် ရှင်ကွဲ ကွဲအောင်ခွဲပြီး သူများယောကျာ်းကို ကိုယ့်ယောကျာ်းလုပ် ၊ သူများစီးပွားကို ကိုယ့်စီးပွားလုပ်သွားတဲ့သူက အမှားကြီးမှားလေသလား။

ကျွန်မကတော့ ဒီလိုစိတ်ဓါတ်မျိုးရှိတဲ့ အမျိုးသမီးသာမပေါ်ခဲ့ရင် ဖောက်ပြန်တဲ့ယောကျာ်းလည်း အပြင်မှာဖောက်ပြန်ပေမယ့် သည်းခံတဲ့မိန်းမဆီ ပြန်လာဦးမှာပဲ ၊ သူ့ကလေးတွေ ဖခင်မဲ့အဖြစ် မကြီးပြင်းစေဖို့ ရပ်တည်ပေးဦးမှာလို့ ယုံကြည်မိပါတယ်။ လက်ဝါးနှစ်ဖက်စလုံးရိုက်မှ အသံထွက်တယ်ဆိုပေမယ့် အတင်ပြေးလာရိုက်တဲ့လက်ဝါးကြောင့် မထင်မှတ်ဘဲ အိမ်ထောင်တခုပြိုကွဲရပြီ ။ ဒီမိသားစုထဲမှာ ခံစားရသူတွေရဲ့ စိတ်ဓါတ်တွေ နာကျင်ကြရပြီ ။ ဒီဇနီးနဲ့ကလေးတွေမှာ စိတ်ဒဏ်ရာတွေ ရကုန်ကြပြီ။ ဖန်တီးလုပ်ကြံခဲ့သူတွေ ဘဝတသက်လုံး ပျော်ရွှင်နိုင်ကြပါစေလို့ ကျွန်မသူငယ်ချင်းကိုယ်စား ကျွန်မ မေတ္တာပို့ပေးတယ်။ သူစိတ်ဓါတ်ပျက်ပြားတိုင်း ကိုယ်စိတ်ဓါတ်မပျက်ပြားစေနဲ့လေ။

ရတု (Burmesehearts.com)

You might also like