Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ဘယ်သူက ဘယ်သူ့ကိုမှ ပေးဆပ်နေခြင်းမဟုတ်ရပါ – BurmeseHearts

ဘယ်သူက ဘယ်သူ့ကိုမှ ပေးဆပ်နေခြင်းမဟုတ်ရပါ

0

အမျိုးသမီးတွေ အများစုက ပြောကြတယ်။ သူတို့တွေ အိမ်ထောင်ပြုလိုက်ကတည်းက သူတို့ခင်ပွန်းအတွက် သူတို့ကိုယ်ကို ပေးဆပ်လုပ်ကျွေးနေကြရတယ် ၊ ကျွန်တစ်ယောက်လိုပဲ လုပ်နေရတယ် ၊ တခါတလေ ကျွန်ထက်ဆိုးတဲ့ တဘဝစာ လစာမဲ့ပေးဆပ်ခြင်းအဖြစ် သတ်မှတ်နေကြတယ်။

တချို့အမျိုးသားတွေကျပြန်တော့ အိမ်ထောင်ပြုလိုက်ရင် နွားတစ်ကောင်လို ရုန်းရတယ် ၊ တအိမ်လုံးစာရှာကျွေးရတာ လွယ်တဲ့အလုပ်မဟုတ်ဘူး ၊ အိမ်တွင်းကလုပ်ကိုင်စရာတွေဟာ ငါ့အလုပ်မဟုတ်သလို သားသမီးတွေရဲ့ ဝေယျားဝစ္စအလုပ်တွေက သူတို့နဲ့မဆိုင်ဘူး ၊ တအိမ်လုံးစာ လူတန်းစေ့သို့မဟုတ် ဒီ့ထက်မြင့်အောင် ကြိုးစားရှာဖွေကျွေးနေရတာ ငါ့တာဝန်ကျေပြီလို့ သတ်မှတ်ကြပြန်တယ်။

ဒီလိုအတွေးအခေါ်ရှိနေတဲ့ အမျိုးသား ၊ အမျိုးသမီးတွေ မေ့နေတာတခုရှိတယ်။ အဲဒါကတော့ မေတ္တတရားဖြင့် ဝေမျှခြင်းပါပဲ။ ဝေမျှခြင်းဆိုတာ အင်္ဂလိပ်လိုဆို Sharing ပေါ့။ လူနှစ်ယောက် လက်ထပ်ပေါင်းသင်းလိုက်တယ်ဆိုကတည်းက တသက်တာ ၊ တဘဝစာ ဝေမျှနေထိုင်သွားကြမယ်လို့ သဘောတူပြီး အတူနေထိုင်ဖို့ လက်ထပ်စာချုပ်နဲ့ တရားဝင်ပေါင်းသင်းနေထိုင်လိုက်တာပါ။

အဲဒီလို ပေါင်းသင်းလိုက်တဲ့နေ့ကစလို့ သူ့အလုပ်တွေကို ကိုယ်က မျှဝေလုပ်ပေးမယ် ၊ သူ့တာဝန်ဝတ္တရားတွေကို ကိုယ်က ဝေမျှထမ်းပေးမယ် ၊ သူ့ကိုယ်နဲ့ ကိုယ့်ကိုယ်ကိုလည်း ဝေမျှခံစားမယ် ၊ ရှေ့လျှောက် ကြုံလာမယ့် လောကဓံတွေ ၊ အခက်အခဲတွေ ၊ အဆင်မပြေသမျှတွေကို အတူတကွ မျှဝေဖြေရှင်းကြမယ်လို့ သဘောတူပြီး လက်ထပ်ပေါင်းသင်းလိုက်တာပါ။

သူ့နဲ့ကိုယ်နဲ့ ပေါင်းသင်းပြီးတဲ့နောက်မှာ တိုးပွားလာမယ့် ကိုယ်တွေရဲ့ရင်သွေးတာဝန်တွေကိုလည်း နှစ်ယောက်စလုံးမျှဝေထမ်းကြရမှာပါပဲ။ ခင်ပွန်းဟာငွေရှာပေးရုံနဲ့ အိမ်ထောင့်တာဝန်ကျေသွားတာမဟုတ်သလို ဇနီးမယားဟာလည်း အိမ်အလုပ်တွေ တကုပ်ကုပ်လုပ်နေရုံ ၊ သားသမီးတာဝန်တွေ ကျုံးလုပ်ရုံနဲ့လည်း တာဝန်ကျေတာမဟုတ်ပါဘူး။ အိမ်ထောင်ဦးမှာ ကျင့်သုံးဖို့ သဘောတူထားတဲ့ မျှဝေခြင်းဆိုတာကို ဒီအိမ်ထောင်ထဲ မေ့ပျောက်ထားသမျှ ၊ မကျင့်သုံးနေသရွေ့ ဒီအိမ်ထောင်ထဲမှာ တကယ့်အိမ်ထောင့်ရသဖြစ်တဲ့ အိမ်ထောင့်ပျော်ရွှင်မှုဆိုတာ ဆိတ်သုဉ်းနေမှာဖြစ်ပါတယ်။

ငါဟာ သူ့ကိုပေးဆပ်နေရတယ်ဆိုတဲ့ အတွေးဝင်လာပြီဆိုတာနဲ့ ဒီအိမ်ထောင်ထဲမှာ ငါဟာ မပျော်ပိုက်ဘူးဆိုတာ သေချာလာပါပြီ။ ကိုယ်တိုင်မပျော်ပိုက်တဲ့ ဒီအိမ်ထောင်ရေးထဲမှာ ကိုယ်မဟုတ်တဲ့ သူ့အလုပ်တွေ ၊ သူ့တာဝန်တွေ မျှဝေထမ်းနေရတာကို ပေးဆပ်နေရတာလို့ မြင်လာတာပါပဲ။

ပေးဆပ်နေရတယ်ဆိုတဲ့ အတွေးခိုင်မာလာတဲ့အခါ ကိုယ့်ကိုယ်ကို ဒီအိမ်ထောင်အတွက် ၊ ဒီမိသားစုအတွက် ပေးဆပ်နေရတဲ့သူအဖြစ် ယုံကြည်လာပါတယ်။ ဒီလိုဖြစ်လာတော့ ကိုယ်ထမ်းရတဲ့ဝန်ဟာ အတော်ကြီးလေးတဲ့ဝန်လို့ မြင်လာတဲ့အတွက် ထမ်းနေကျတာဝန်ထက် ပိုမလုပ်လိုတော့ဘူး။ ဒီ့ထက်ပိုဆိုးလာရင် ထမ်းနေကျတာဝန်တောင် မထမ်းချင်တော့ဘူး။ အဆိုးဆုံးမှာတော့ ဒီအိမ်ထောင်ထဲက လွတ်မြောက်လိုတာပါပဲ။ ဒီမိသားစုကြီးရဲ့အဝေး ထွက်သွားပြီး တကိုယ်ရည်တကာယ ပြန်နေချင်တာလိုမျိုး ၊ ဒီ့ထက်ကောင်းမယ်ထင်တဲ့ နောက်တယောက်နဲ့တွဲပြီး နောက်အိမ်ထောင် ထူထောင်လိုတာမျိုးတွေ ဖြစ်လာတာပါပဲ။

ဒါတွေဘာကြောင့်ဖြစ်ရသလဲဆိုရင် ဒီမိသားစုထဲမှာ မေတ္တာတွေ ခမ်းလာလို့ပါ။ စေတနာတွေ ပါးလာလို့ပါ။ စာနာစိတ်တွေ လျော့လာလို့ပါ။ ကိုယ်ချင်းစာတရား မဲ့လာလို့ပါ။ ဝေမျှလိုစိတ် လုံးဝမရှိတော့လို့ပါ။ ဒါကြောင့်မို့လည်း ဘယ်သူ့မျက်နှာမှ မကြည့်တော့ဘဲ မိမိလုပ်ချင်ရာကို ဇွတ်လုပ်သွားတော့တာပဲ။ ဒါတွေရဲ့တရားခံဟာ သူပဲလား။

လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ အသံမြည်လာတာပါ။ လူနှစ်ဦးပေါင်းသင်းလက်ထပ်ဖို့ဆိုတာ ဒီလူနှစ်ဦးမကြည်ဖြူဘဲ လရှည် ၊ နှစ်ရှည် လက်တွဲမမြဲနိုင်ပါဘူး။ ဒီလူနှစ်ဦးကွဲဖို့ဆိုပြန်ရင်လည်း အဆုံးကိုချည်းမကြည့်ဘဲ အစကနေအလယ် ၊ ပြီးရင် ဆုံးခါနီးအထိ ပြန်သုံးသပ်ရမှာပါ။ သူဒီလိုပြောင်းလဲသွားစေဖို့ တွန်းအားတွေကို ကိုယ်က ဖြစ်စေခဲ့လေသလားလို့ ပြန်တွေးရမှာပါ။

သူဒီလိုမိသားစုကို မစာနာနိုင်တော့တဲ့အထိ ပစ်ခွါချင်လောက်အောင် ကိုယ်က သူ့ဆန္ဒတွေ ၊ သူ့ခံစားမှုတွေ ၊ သူ့ပျော်ရွှင်မှုတွေကို ပစ်ပယ်ခဲ့မိလေသလားလို့ ပြန်တွေးကြည့်ပါ။ တလင်တမယားစနစ်နဲ့ လူ့ကျင့်ဝတ်တွေကို ထိန်းရမယ်ဆိုပေမယ့် ကိုယ်တိုင်က ကိုယ့်ကျင့်ဝတ်ကို မကျေပွန်ဘဲ သူ့ကိုလျစ်လျူရှုမိခဲ့တာတွေ များလာမယ်ဆိုရင် သူကလည်း ကိုယ့်ကိုလျစ်လျူရှုချင်လာမှာဖြစ်ပါတယ်။

ဒီနေရာမှာ ကိုယ်တိုင်က အမျိုးသမီးဖြစ်တာမို့ ဆန်ရင်းနာနာဖွပ်တဲ့အနေနဲ့ အမျိုးသမီးတွေကိုပဲ ကျွန်မဦးစားပေးပြောရမှာပါ။ ကျွန်မတို့ အမျိုးသမီးအများစုဟာ အိမ်ထောင်ကျသွားပြီဆိုရင် အပျိုတုန်းကလို လှလှပပ ပြင်ပြင်ဆင်ဆင် ၊ သပ်သပ်ရပ်ရပ်လေး အိမ်ထဲအိမ်ပြင်မှာ နေထိုင်သွားဖို့ အိမ်ထောင်သက်ကြာလာလေ မလိုတော့ဘူးထင်လေ ဖြစ်နေတတ်တယ်။ အထူးသဖြင့် ကလေးရသွားရင် အိမ်မှုကိစ္စ ၊ ကလေးဝေယျာဝစ္စ ၊ အလုပ်ကိစ္စ စသဖြင့်တွေနဲ့ မအားလပ်လေတော့ ကိုယ်တိုင်ပြင်ပြင်ဆင်ဆင် သပ်သပ်ရပ်ရပ်နေထိုင်ပြီး ခင်ပွန်းကို ဂရုစိုက်မှုလေးတွေ ၊ ယုယမှုလေးတွေ ၊ စိတ်ကျေနပ်မှု ပေးဖို့တွေမှာ ပျက်ကွက်လာတတ်ကြတယ်။

အဲဒီကစတာပဲလို့ ပြောပါရစေ။ အမျိုးသမီးတွေဟာ အိမ်ထောင်ကျပြီးရင် ဒီအိမ်ထောင်နဲ့ ဒီခင်ပွန်းအပေါ် ပိုတွယ်တာလာတယ်။ ကလေးတွေရလာရင်တော့ ဒီအိမ်ထောင်ဟာ ပြည့်စုံခိုင်မြဲသွားပြီ ၊ ကိုယ်ကဇနီးဝတ်ကျေမယ် ၊ မိခင်ဝတ်ကျေမယ်ဆိုရင် ပြီးပြီလို့တွေးကြတယ်။ သူတို့အများစု ယုံကြည်လက်ခံထားတဲ့ ဇနီးဝတ် ၊ မိခင်ဝတ်ဆိုတာ ခင်ပွန်းအဝတ်တွေ လျှော်ဖွပ်ပြီး သားသမီးအတွက် လိုအပ်တာတွေ ၊ ဒီအိမ်တွင်းမှာ လိုအပ်နေတာတွေ ဖြည့်ဆည်းပေးမယ် ၊ ဒါဟာ အိမ်ထောင်ရှင်မရဲ့တာဝန်တွေလို့ ယုံကြည်လက်ခံထားကြတာပါ။

စီးပွားလည်းရှာ ၊ အိမ်ထောင်ရှင်မလည်း ပီသအောင် နေထိုင်လုပ်ကိုင်ရတဲ့ ဇနီးမယားတွေမှာ စိတ်ဖိစီးမှုတွေများလွန်းတော့ ခင်ပွန်းကို ယုယကြင်နာမှုတွေပေးဖို့ဆိုတာ ထူးပြီးမလိုအပ်တော့ဘူးလို့ ထင်ကြတယ်။ သုံးဆယ်တော်တော်ကျော်လာတဲ့ အိမ်ထောင်ရှင်မတွေက ဒီလိုပိုပြီး ယုံကြည်လက်ခံလို့ ကျင့်သုံးနေထိုင်ကြတယ်။ ဒါဟာ မှားပါတယ်။ ဒီအိမ်ထောင်ပေါ်မှာ မေတ္တာ ၊ စေတနာတွေ ပါးလျလာတဲ့ ခင်ပွန်းဟာ ဘယ်ကနေစလို့ ဒီဇနီးနဲ့ ဒီအိမ်ထောင်အပေါ် တွယ်တာမှု ကင်းလာသလဲဆိုရင် ဒီကနေ စတာပါပဲ။

ဇနီးကိုယ်တိုင်က ဝေမျှလိုမှုမှာ အိမ်ထောင်ဦးကလို တက်ကြွမှုမရှိတော့ဘူး။ ဘာဝေမျှလိုမှုလဲဆိုရင် ခန္ဓာကိုယ်ချင်း ဝေမျှလိုမှုပါ။ ဗိုက်ဆာရင် စားလိုက်မှ ဗိုက်ဝတဲ့ခံစားချက်လိုမျိုး ……. ဆန္ဒရှိနေချိန်မှာ ဇနီးက အလိုက်တသိ အတူနေပေးမယ် ၊ နှိုးဆွမှုတွေပေးမယ်ဆိုရင် ခင်ပွန်းဟာ စိတ်ကျေနပ်မှု အပြည့်အဝရမှာပါ။ ကိုယ်ဗိုက်ဆာနေတဲ့အချိန် ကိုယ်ကြိုက်တတ်တဲ့ ဖွယ်ဖွယ်ရာရာလေးတွေ အလိုက်တသိပြင်ဆင်ပြီး စောင့်ကြိုနေတတ်တဲ့ ဇနီးကြောင့် ဆာဆာနဲ့ စားမြိန်လိုက်တဲ့ ခံစားမှုဟာ အဆာပြေရုံ ရှိတာလေးနဲ့ တင်းတိမ်လိုက်ရတဲ့ ခံစားမှုနဲ့ အကွာကြီးကွာတယ်လေ။

ဘယ်အချိန်မဆို ခင်ပွန်းအပေါ် အလိုက်တသိ နားလည်လုပ်ကိုင်နေထိုင်ပေးတတ်တဲ့ ဇနီးမယားကြောင့် ဒီဇနီးမယားအပေါ်ချစ်စိတ်နဲ့ ဒီဇနီးမယားရှိနေတဲ့ ဒီအိမ်ထောင်အပေါ် အချိန်နဲ့အမျှ တွယ်တာရစ်နှောင်တဲ့ ခံစားချက်တွေဟာ ခင်ပွန်းမှာ ဖြစ်ပေါ်လာစေပါတယ်။ တာဝန်ကျေရုံ ၊ ခင်ပွန်းဆန္ဒပြည့်ရုံ မနေချင်နေချင် အတူနေတတ်တဲ့ ဇနီးမယားထက် ခန္ဓာချင်းဝေမျှမှုဟာ ခင်ပွန်းအပေါ် အမြဲလိုအလိုက်တသိ စွဲမက်မှုတွေ ပေးမြဲပေးတတ်တဲ့ ဇနီးမယားက ခင်ပွန်းကို ပိုစွဲမက်စေပါတယ်။ ဒါကြောင့်လည်း အိမ်ထောင်ထိန်းသိမ်းမှုမှာ ဇနီးမယားက အခရာဆိုတဲ့ စကားနဲ့ အမေပြောတလ မယားပြောတညဆိုတဲ့ စကားတွေ ပေါ်ထွက်လာတာပါ။

မကိုခင်မှ ဥကိုမင်တာဆိုတဲ့စကားဟာလည်း အလကားဖြစ်လာတာမဟုတ်ဘူး။ ဒီလိုအလိုက်သိတဲ့ ဇနီးမယားအပေါ် ချစ်ခင်တွယ်တာမှုတွေ သက်ဝင်နေတော့ ဒီဇနီးမယားက မွေးလာတဲ့ ကိုယ့်သွေးသားတွေအပေါ်လည်း ချစ်ခင်တွယ်တာမှုတွေ ဖြစ်နေရော။ တချို့အမျိုးသားတွေကျတော့ တာဝန်သိတာရယ် ၊ သစ္စာရှိတာရယ် ၊ ကိုယ့်သွေးသားတွေ မျက်နှာမငယ်စေချင်တာရယ်ပေါင်းပြီး ဇနီးမယားနဲ့ အဆင်မပြေပေမယ့် ကလေးမျက်နှာငဲ့ပြီး ဒီလိုမပျော်တဲ့အိမ်ထောင်ထဲ ဆက်ပေါင်းသင်းနေထိုင်သွားတာတွေရှိပါတယ်။ ဒါကြောင့် ဇနီးမယားတွေကချည်း ကလေးမျက်နှာငဲ့ကြည့်ကြတယ်လို့ မထင်စေချင်ပါဘူး။

ခင်ပွန်းတွေ ဒီအိမ်ထောင်အတွက် ရှာဖွေကျွေးရတယ်ဆိုတာလည်း ပေးဆပ်နေတာမဟုတ်ပါဘူး။ ဒီလိုနေထိုင်လုပ်ကိုင်သွားချင်လို့ ဒီအိမ်ထောင်ကို ဒီဇနီးမယားနဲ့အတူ ထူထောင်ခဲ့တာပဲလေ။ ဒီအိမ်ထောင်တခု လူတန်းစေ့နေထိုင်ရပ်တည်နိုင်ဖို့ဆိုတာ အိမ်ထောင်ဦးစီးရဲ့ ရှာဖွေကျွေးမွေးနိုင်မှု အရည်အချင်းနဲ့ အိမ်ထောင်ရှင်မရဲ့အိမ်ထောင်ထိန်းသိမ်းနိုင်မှုအရည်အချင်းပေါ်မူတည်နေပါတယ်။

ဒီအိမ်ထောင်တခု ပျော်ရွှင်စွာမြဲမြံဖို့ဆိုတာကတော့ ဒီအိမ်ထောင်စုထဲမှာ အဓိကနေရာက ဦးဆောင်နေတဲ့ အိမ်ထောင်ဦးစီးနဲ့ အိမ်ရှင်မနှစ်ဦးစလုံးရဲ့ ကြိုးပမ်းစွမ်းဆောင်မှုအပေါ်မှာ မူတည်နေပါတယ်။ ဇနီးမောင်နှံနှစ်ဦးစလုံးက ဒီအိမ်ထောင်ထဲမှာ ဘာလုပ်လုပ် တာဝန်ကျေရုံ လုပ်လိုက်တာထက် မေတ္တာ ၊ စေတနာလေး အရင်းခံပြီး လုပ်နေဖြစ်မယ်ဆိုရင် ဒီအိမ်ထောင်ဟာ ပျော်ရွှင်စွာမြဲမြံနေမှာဖြစ်ပါတယ်။ ဒီအိမ်ထောင်ထဲမှာ ဘယ်သူက ဘယ်သူ့ကိုမှ ပေးဆပ်နေခြင်းမဟုတ်ရပါ။

ရတု (Burmesehearts.com)

You might also like