Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မြန်မာမိန်းကလေးတွေကို စိတ်လုံခြုံမှု ပေးကြပါစို့ – BurmeseHearts

မြန်မာမိန်းကလေးတွေကို စိတ်လုံခြုံမှု ပေးကြပါစို့

0

မိန်းမသားဘဝ

မြန်မာမိန်းကလေးတွေကို စိတ်လုံခြုံမှု ပေးကြပါစို့လို့ ခေါင်းစဉ်တပ်လိုက်တော့ လက်ရှိ မြန်မာမိန်းကလေးတွေရဲ့ဘဝဟာ စိတ်လုံခြုံမှု မရရှိကြလို့လားလို့ မေးစရာရှိပါတယ်။ တကယ်တော့ မြန်မာမိန်းကလေးတွေဟာ စိတ်လုံခြုံမှု မရရှိခြင်းအပေါ်မှာ အသားကျသွားခဲ့ရတာပါ။ လူနေမှုအဆင့်အတန်းနိမ့်ကျလို့ ၊ ကျယ်ကျယ်ပြန့်ပြန့် ပညာပေးနိုင်မှုမရှိလို့ ၊ ပတ်ဝန်းကျင်အသိုင်းအဝန်းမှာ စိတ်ဓါတ် အောက်တန်းကျသူတွေရှိနေလို့ ၊ နေ့စဉ်လှုပ်ရှားမြင်တွေ့နေတဲ့ ဒီမြင်ကွင်းတွေဟာ ဖြစ်နေကျလို ဖြစ်သွားတဲ့အခါ ကိုယ်တိုင် စိတ်လုံခြုံမှုမရှိမှန်းတောင် မသိနိုင်တော့တဲ့ အခြေအနေကို ရောက်သွားခဲ့တာပါ။

ကျွန်မ ၆နှစ် ၊ ၇နှစ် ဝန်းကျင် အရွယ်လောက်အထိ အိမ်မှာဧည့်သည်လာရင် ၊ သူတို့က ကိုယ့်ကို လာပါဦးဆိုတိုင်း လူကြီးတွက အတင်းသွားခိုင်း ၊ ထိုင်ခိုင်းခဲ့ဖူးတယ်။ အမျိုးသမီးတွေရင်ခွင်ထဲနဲ့ ပေါင်ပေါ်ရောက်နေရင် ဘယ်လိုမှ မခံစားခဲ့ရပေမယ့် အမျိုးသားတွေရဲ့ပေါင်ပေါ်ထိုင်ရမှာ မနှစ်မြို့စိတ်တွေဝင်လို့ ပေကပ်ကပ်လုပ်တိုင်း အဆူခံခဲ့ရဖူးတယ်။ လူကြီးခေါ်ရင်သွားရမှာကို မနာခံလို့ မယဉ်ကျေးတဲ့ ကလေးမအဖြစ်အမြဲဆူခံထိတယ်။ ဆိတ်ခံထိတယ်။ ဒါပေမယ့် ကိုယ့်ပေါင်ပေါ်တင်ထားပြီး သူ့ပေါင်ကြားကဟာ လှုပ်စိလှုပ်စိလုပ်ပြနေပါတယ်လို့ ကျွန်မ ဘယ်သူ့ကိုမှ မပြောရဲဘူး။ ပြောရကောင်းမှန်းလည်း မသိဘူး။ အမျိုးသားတွေရဲ့ပေါင်ပေါ်မထိုင်ချင်တာပဲသိခဲ့တာ။ ဒါတွေရဲ့တရားခံဟာ ဘယ်သူလဲ။

အလယ်တန်းအရွယ်မှာ ကျူရှင်သွားတော့ အိမ်နဲ့သိပ်မဝေးတာမို့ ဒီလိုပဲ သူငယ်ချင်းပါပါ ၊ မပါပါ တစ်ယောက်တည်း အသွား ၊ အပြန် လုပ်ခဲ့ရတာတွေရှိတယ်။ လူသွားလမ်းကြား ခပ်ကျဉ်းကျဉ်းထဲ မီးရောင်မရှိသလောက် ဖြစ်နေချိန်မှာ အစ်မအရွယ်အပျိုတစ်ယောက်ကို လူပျိုတစ်ယောက်က ချစ်လို့ပါ ဒီစာလေးယူသွားပါ ၊ မယူရင် လမ်းမဖယ်ဘူးလို့ အတင်း လမ်းပိတ်ရပ်ပြီး စာပေးတာမြင်ရတော့ ကိုယ်က ငယ်သေးပေမယ့် ဒီအဖြစ်ကြီးကို မနှစ်မြို့လိုက်တာ။

အစ်မကြီးမျက်နှာက စိတ်ရှုပ်ပြီး အားကိုးရာမဲ့နေသလို ကိုယ့်နောက်ကအတင်းလိုက်ပြီး ပိတ်နေသူကိုဖယ်ခွါ ခရီးဆက်ဖို့ကြိုးစားပေမယ့် တဘက်အမျိုးသားက အတင်းလက်မောင်းဆွဲထားတာမြင်တော့ အဲဒီလူကို လွယ်အိတ်နဲ့ ထုရိုက်ချင်စိတ်တွေ တဖွားဖွားဖြစ်လို့လာခဲ့ဖူးတယ်။ ဒါပေမယ့် မလုပ်ရဲခဲ့ဘူး ၊ လူကြီးတွေကို ကြောက်တတ်တဲ့ စိတ်အခံလေးကရှိနေခဲ့တော့ သွားချင်သူနဲ့ အတင်းတားပြီး ရည်းစားစာပေးနေသူကို ကိုယ်နဲ့မဆိုင်သလိုထားခဲ့လိုက်ရတာ။ စိတ်ထဲမှာတော့ အခုထိ ဒီအဖြစ်အပျက်လေး မြင်ယောင်နေတုန်း။

အဖော်မပါဘဲ အပြင်သွားတဲ့ အစ်မကြီးအပြစ်လို့ တခြားသူတွေဆိုနိုင်ပေမယ့် ည(၈)နာရီဝန်းကျင်ဆိုတဲ့အချိန်ဟာ အလယ်တန်းအရွယ်မှသည် အရွယ်ရောက်သူတိုင်း အဖော်မပါဘဲအပြင်ထွက်တာ မထူးဆန်းဘူးလို့ နိုင်ငံရပ်ခြားရောက်မှ သိလာတယ်။ ထူးဆန်းနေတာက မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ မှောင်ရီပျိုးပျအချိန် အပြင်ထွက်ရင် ၊ ည(၉)နာရီ (၁၀)နာရီကျော် ညဥ့်နက်ချိန်လို့  အများသတ်မှတ်ချိန် အပြင်မှာရှိနေရင် မဟုတ်တဲ့မိန်းကလေးအဖြစ် ကြည့်မြင်တွေးထင်နေတာပါပဲ။

ညခင်းမပြောနဲ့ နေ့လည်ခင်းတွေမှာလည်း သမီးချင်း ၊ နှမချင်းမစာနာတဲ့သူတွေက မသိနားမလည်တဲ့ အပျိုပေါက်အရွယ်တွေကို ပစ်မှတ်ထားတယ်ဆိုတာ ကိုယ်တွေ့နဲ့ရင်း ပြောရဦးမယ်။ မနက်တိုင်း ဆွမ်းခံတဲ့ကိုယ်တော်တွေကို ဆွမ်းလောင်းရမယ့်တာဝန် ကျောင်းပိတ်ရက်တိုင်း ကျွန်မ ယူရတယ်။ အိမ်ရှေ့ရပ်ဆွမ်းခံတဲ့ကိုယ်တော်တွေကို ဆွမ်းလောင်းရတာပါ။ အိမ်ထဲထိတော့ ဝင်ဆွမ်းခံတာမျိုးမရှိပါဘူး။ တခြားကိုယ်တော်တွေ ဆွမ်းလောင်းရတာ ကြည်နူးပေမယ့် ဆွမ်းလောင်းတိုင်း ငှက်ပျောသီးတစ်လုံးကို သင်္ကန်းအတွင်းဖက်က နှိုက်နှိုက်ထုတ်ပေးတဲ့ သက်တော်ငါးဆယ်ဝန်းကျင်ဘုန်းကြီးကို စိတ်ထဲသိပ်ဘဝင်မတွေ့ခဲ့ဘူး။

တခါတလေ ဆွမ်းခွက်တွေကမ်းပေးတဲ့ ကိုယ့်လက်ကို မတော်တဆထိသလိုလိုနဲ့ တို့တို့ထိထိ လုပ်တတ်သေးတယ်။ ငှက်ပျောသီးမကြိုက်လို့ မယူပါရစေနဲ့ပြောလည်း အတင်းပေးတတ်တယ်။ သူ့ကျောင်းကဘယ်မှာ ၊ အတင်းလာလည်ပါ ၊ တယောက်တည်းလာခဲ့ပါလို့လည်း လူလစ်ရင်မိန့်တတ်သေးတယ်။ အိမ်ကိုပြန်ပြောပေမယ့် လူကြီးတွေက တဟားဟားပွဲကျလို့ ကိုယ့်ပြန်နောက်ခံထိသေးတယ်။ အနားမှာအမြဲမရှိတဲ့ ကိုယ့်မိဘကိုတော့ မပြောရဲခဲ့ဘူးလေ။

အလယ်တန်းကျောင်းသူဘဝတုန်းက အိမ်နားကဈေးကို နေ့ခင်းဘက် အိမ်ကခိုင်းတဲ့မုန့်သွားဝယ်ချိန် ရပ်နေတဲ့အမျိုးသားနှစ်ယောက်ထဲက တစ်ယောက် ကျွန်မအနားကပ်လာခဲ့ပြီး ညီမတစ်ခုလောက် ကူညီနိုင်မလားလို့ ကောင်းကောင်းမွန်မွန်မေးလာတော့ ဘာကူညီရမှာလဲပေါ့။ အစ်ကို့ညီမက အစ်ကို့ကို ဈေးထဲကပစ္စည်းမှာလိုက်လို့ အဲဒါ ဘယ်အရွယ်အစားဝယ်ရမှန်းမသိဖြစ်နေတာတဲ့။ မရိုမသေ ညီမအတွင်းခံဆိုဒ်နံပါတ်က ဘယ်လောက်လဲတဲ့။ အစ်ကို့ညီမက ညီမနဲ့အရွယ်မတိမ်းမယိမ်းမို့ပါတဲ့။ စိတ်ထဲ အဲလိုလာမေးရမလား ရှက်သွားပေမယ့် ဆိုင်ကို ကိုယ့်ညီမအသက်ပြောပြီး မေးဝယ်လိုက်ပါလို့ပြောတော့ မဟုတ်ဘူး ညီမရဲ့ဆိုဒ်လောက်ရှိလို့ လက်နဲ့တိုင်းကြည့်လို့ရမလားဆိုပြီးလက်ရှေ့တိုးလာတော့ ကျွန်မ ချာခနဲလှည့်ပြေးတော့တာပေါ့။ အိမ်ရောက်မှအသက်ကောင်းကောင်းရှူ ရဲတယ်။ ရှက်လို့ အိမ်ကိုတော့ ပြန်မပြောပြဖြစ်တော့ဘူး။

ကိုယ်ပိုင်ကားပေါ်ကမဆင်းဖူးတဲ့ အမျိုးသမီးလေးတွေကလွဲရင် ဘတ်စ်ကားကြပ်ကြပ်တိုးဖူးတဲ့ မြို့နေမိန်းကလေးတွေ ၊ အမျိုးသမီးတွေ ကားပေါ်က ထောက်လှမ်းရေးနဲ့တော့ ကြုံဖူးကြမှာပဲ။ ကျွန်မ ခုနှစ်တန်းကျောင်းသူအရွယ်က (အဲဒီတုန်းက ခုနှစ်တန်းကျောင်းသူတွေက ထုပ်ဆီးတိုးလို့ကောင်းတုန်း ၊ ယောကျာ်းလေးတွေနဲ့ ဘောလုံးဝိုင်းကန်တုန်းအရွယ်ပါ။ ခုခေတ်လို ဟိုအကြောင်း ၊ ဒီအကြောင်းတွေ စိတ်ဝင်စားရမှန်း မသိသေးတဲ့ ဟိုဘက်ခေတ် အပျိုပေါက်အရွယ်ပါ။)

ကျောင်းကားနဲ့မပြန်ရတဲ့တနေ့ အိမ်နားရောက်မယ့် (ဗိုက်ပူ)ဘတ်စ်ကားပေါ်မှာမတ်တပ်ရပ်စီးလာရင်း ပြတင်းပေါက်နားရောက်လာတော့ ခါးလေးကုန်း ပြတင်းပေါက်အပြင်ဘက် ခေါင်းထုတ်လို့ ဘာမှအာရုံမထားမိဘဲ ပတ်ဝန်းကျင်ငေးကောင်းနေတုန်း ကိုယ့်နောက်ဘက်နားက မာမာကြီးကို တယောက်ယောက်ရဲ့ လက်ကိုင်ထီးလို့ပဲ ထင်မိခဲ့တာ။

“မင်း နှမသားချင်းမစာနာ ကျောင်းသူလေးကို ထောက်နေရလား ၊ ငါလုပ်လို့သေတော့မယ်” လို့ ဒေါသတွေရှူးရှူးရှဲရှဲထွက်နေတဲ့ ဦးလေးကြီးက ကျွန်မနောက်မှာရပ်နေတဲ့ မျက်နှာခပ်နီနီ အမျိုးသားတစ်ယောက်ကို အော်တော့မှ ကျွန်မလည်း ဘာဖြစ်တာလဲလို့ လှည့်ကြည့်လိုက်တာ အနီးဝန်းကျင်က မျက်လုံးတွေက ကျွန်မဆီမှာ ဘာလို့ကြည့်နေကြမှန်းတောင် ချက်ချင်းမသိနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒီအကြည့်တွေကိုတော့ ရှက်မိခဲ့တယ်။ ရှက်ရှက်နဲ့သေချာစဉ်းစားမိတော့မှ ငါကိုယ်တိုင် အနောက်က ထောက်ခံထိခဲ့တာပါလားလို့ လူကြီးတွေပြောစကား အမှတ်တမဲ့ကြားဖူးတာနဲ့ လက်တွေ့ကြုံရတာ ဆက်စပ်မိတော့တယ်။

ဒီလူကတော့ ရပ်တဲ့မှတ်တိုင်မှာ ဒရောသောပါးဆင်းသွားပေမယ့် ကျွန်မက ဆင်းလည်းမဆင်းရဲ ၊ ဒီမျက်ဝန်းတွေအောက်ကလည်း လွတ်ချင်ချင်နဲ့ ငိုချင်စိတ်တွေကြီးစိုးရင်း အိမ်ရောက်လာခဲ့ဖူးတယ်။ မသိနားမလည်လို့ အနေမတတ်ခဲ့တဲ့ အလယ်တန်းအကျောင်းသူအရွယ် ကျွန်မကမှားသလား ၊ နှမသားချင်းမစာနာ ထောက်နေတဲ့သူကမှားသလား ။ အဲတုန်းက ကျွန်မ မဝေခွဲတတ်ခဲ့ဘူး။

အသက် နှစ်ဆယ်ကျော်အရွယ်လောက်မှာ အလုပ်ဆင်းနေပြီ။ အလုပ်က ကားဖယ်ရီရှိတယ်။ တနေ့ အလုပ်တွေတအားကျလို့ အချိန်ပိုဆင်းခဲ့ရတာ ည(၁၀)နာရီကျော်မှ အလုပ်ကကားနဲ့ ကိုယ့်တစ်ယောက်တည်း အိမ်ပြန်ပို့ပေးတယ်။ ဖြစ်ချင်တော့ သမိုင်းလမ်းဆုံနားမှာ ကားပျက်တယ်။ ကားပြင်နေတာ ကားထဲထိုင်စောင့်ရင်း ည(၁၁)နာရီနီးပါးရောက်လာတော့ ကားကဘယ်အချိန်မှ ပြန်ရမယ်မသိ ၊ ကားဒရိုင်ဘာနဲ့ ကိုယ်နှစ်ယောက်တည်းလည်း ဖြစ်မနေချင် ၊ အရမ်းညဥ့်နက်သွားမှာလည်းစိုး ၊ ကိုယ်တစ်ယောက်တည်းနဲ့ တက္ကစီငှါးပြီးတော့လည်း မပြန်ရဲနဲ့ အတော်ဒုက္ခတွေ့တုန်း ကုမ္ပဏီကားဒရိုင်ဘာက နီးနီးနားနား သမိုင်းလမ်းဆုံအထိ သူခြေလျင်လိုက်ပို့ပေးခဲ့တယ်။

အများနဲ့ အများသုံးကားပေါ်စီးတာပဲ။ တခုခုဆို အော်လိုက်မယ်လို့ အရဲကိုးရင်း သမိုင်းလမ်းဆုံကားဂိတ်မှာ ကားစောင့်နေတုန်း နင်ရွာက အေးဘုံမဟုတ်လား ၊ ညဥ့်နက်သန်းခေါင် ဘာလုပ်နေတာလဲ ၊ နင့်အမေနဲ့တိုင်မယ် ၊ လာအိမ်ပြန်လိုက်ခဲ့ဆိုပြီး ကိုယ့်ကို ဆုံးမသလိုလိုနဲ့ ဦးလေးကြီးတစ်ယောက်က ကျွန်မလက်ကို အတင်းဆွဲပြီး ကားဂိတ်ကဝေးရာကို ဆွဲခေါ်ပါရော။ ကျွန်မလည်း အတော်လန့်သွားခဲ့ပြီး သူဆွဲတဲ့နောက် ယက်ကန်ယက်ကန်ဖြစ်နေတဲ့ ကျွန်မက သူဆွဲနေတဲ့လက်တွေကို အတင်းဖြုတ်ဖို့ကြိုးစားပေမယ့် သူ့အားနဲ့ဖြုတ်မရ ၊ အေးဘုံမဟုတ်ဘူးလို့ ကိုယ်ပြောတဲ့စကားလည်း သူတရပ်စပ် ဆူဆူပြောပြောလုပ်နေတဲ့စကားကို မဖုံးနိုင်နဲ့ အတော် အကျပ်ရိုက်သွားခဲ့တယ်။

ဒါပေမယ့် လူတွေနဲ့ဝေးတဲ့နေရာ သူဆွဲခေါ်ရာသာပါသွားရင် ပိုခက်မယ်ဆိုတာ သိတာမို့ လူတွေဝိုင်းကြည့်နေတာကို မရှက်နိုင်တော့ဘဲ ဘာအေးဘုံလဲ အရူးကွက်တွေလာမနင်းနဲ့ ငါ့မှာ မှတ်ပုံတင်ပါတယ်။ လာ အခု သက်သေတွေနဲ့ ရဲစခန်းသွားမယ်။ ငါ့ကို ဆက်ဆွဲခေါ်ရဲ ဆွဲခေါ်ကြည့် အချုပ်ခန်းထဲ အရောက်ပို့မယ်လို့ အသံကုန်ကြုံးအော်ပြီးရုန်းလိုက်မှ ဘေးကလူတွေက ကျွန်မအနားကပ်လာရဲတယ်။ သူတို့အမြင်မှာ တူဝရီးချင်းဖြစ်နေတာလား ၊ သားအဖချင်းဖြစ်နေတာလားထင်နေပုံပဲ။ ကျွန်မအော်လိုက်မှ ဘာမှမတော်မှန်း သတိထားမိပုံရတာ။

ကျွန်မက သူလုပ်သလိုလည်းမခံ ၊ ပြန်လည်းအော် ၊ ချက်နဲ့လက်နဲ့ပြောတဲ့အပြင် လူတွေလည်း ကပ်လာပြီဆိုမှ အေးဘုံနဲ့လူမှားသွားတာဖြစ်မယ်။ ဆောရီး ဆောရီးနဲ့ အရူးကွက်နင်းပြီးထွက်သွားတယ်။ ကျွန်မနေရာမှာ ရှက်ရွံ့ ကြောက်လန့်နေတတ်တဲ့ မိန်းကလေးဆို လူမြင်ကွင်းကနေ လူတွေကွယ်ရာ ပါသွားနိုင်တယ်။ ဟုတ်ကဲ့ အဲဒါ ကျွန်မတို့ခေတ် (၂၀)ရာစုက ရန်ကုန်မြို့တော်မှာပါ။ ဒါဟာ သမရိုးကျ လူမှားတာ မဖြစ်နိုင်ဘူး။ တစ်ယောက်တည်း အဖော်မပါတဲ့ ငယ်ငယ်ရွယ်ရွယ် မိန်းကလေးတွေကို ဦးတည်နေခဲ့တာ သေချာတယ်။

ကျွန်မတစ်ယောက်တည်း ဒီလိုခံခဲ့ရဖူးတာလားဆိုတော့ မဟုတ်ဘူး။ ကျွန်မသူငယ်ချင်းမလေးတွေမှာလည်း သူတို့ဇတ်လမ်းနဲ့ သူတို့ခံခဲ့ရဖူးတာတွေရှိတယ်။ အဖြစ်ချင်းသာမတူကြတာ မိန်းမငယ်လေးတွေကို ဦးတည်ချက်ထားပြီး အမြတ်ထုတ်နေခဲ့ကြတာတော့ ကျွန်မတို့ခေတ်ကတည်းက ရှိနေခဲ့တယ်။

အခုကျတော့ ပိုဆိုးတာပေါ့။ ခေတ်ကလည်း တိုးတက်လာ ၊ မြန်မာနိုင်ငံရဲ့ လူနေမှုအဆင့်က တိုးတက်နေတဲ့ ခေတ်ကြီးနဲ့အမီ လိုက်မမီတော့ ဖြတ်လမ်းလိုက်သူတွေနဲ့ ဒုစရိုက်သမားတွေ စိတ်ကြိုက်ဖြစ်လာတဲ့ခေတ်ကြီးပါ။ ရဲတွေမကြပ်မတ်နိုင်မှန်းလည်းသိ ၊ ဥပဒေကလျော့ရဲမှန်းလည်းသိ ၊ လုံခြုံမှု အလုံအလောက်မပေးနိုင်ဘူးဆိုတာ သူတို့တွေကသိနေတော့ သားကောင်တွေအဖြစ် ခံနေရသူအများစုက မိန်းကလေးတွေ ၊ အမျိုးသမီးတွေ ၊ သက်ကြီးရွယ်အိုအဖွားကြီးတွေ ဖြစ်နေတယ်။

အော်မယ်မကြံနဲ့ ဓါးနဲ့ထိုးလိုက်မယ် ၊ တစ်သိန်းတန်ပစ္စည်းလေးအတွက်လည်း ဓါးထိုးခံရနိုင်တယ် ၊ သမီးရည်းစားပြတ်စဲလိုက်လို့လည်း အသက်ဆုံးရှုံးနိုင်တယ် ၊ အိမ်တက်ခိုးရင်းလည်း နှုတ်ပိတ်သွားနိုင်တယ်။ နေရောင်အောက်မှာတောင် နေထိုင်သွားလာရတာ မလုံခြုံတော့ဘူး။ ကိုယ့်အရိပ်တောင် အနောက်ကလူကပ်ပါလာသလားလို့ ပြန်လန့်နေရတဲ့ခေတ်ဖြစ်နေပြီ။ တကယ်ဆို စိတ်ဓါတ်တွေ အောက်တန်းကျလာလို့ လူတွေပါ လုပ်ရပ်တွေအောက်တန်းကျလာတာပါ။ ဂျာအေးကိုသူ့အမေရိုက်လို့ ဥပဒေ နဲ့ ရဲအင်အား မုန့်လုံးစက္ကူကပ်နေတုန်း တကယ်ခံစားနေရတဲ့သားကောင်တွေက ပြည်သူတွေဖြစ်နေတယ်။ တကယ်ဆို ပြည်သူက ပြည်သူကို ပြန်ဒုက္ခပေးနေတာပါ။

ကျွန်မ ငယ်ငယ်ကတည်းက တွေ့မြင်ထိတွေ့ခံစားခဲ့ရတဲ့ အရာတွေက သမရိုးကျဖြစ်စဉ်တွေလို့ မှတ်ထင်ခဲ့ပေမယ့် မျက်စိပွင့် ၊ နားပွင့် တခြားတိုင်းပြည်တွေကို ရောက်ရှိပြီးတော့မှ ဒါတွေဟာ သမရိုးကျဖြစ်စဉ်တွေမဟုတ်ခဲ့ပဲ ကိုယ်နှုတ်အမူအရာတွေနဲ့ ကိုယ်ဟာ ထိပါးစော်ကားခြင်းခံခဲ့ရပါလားဆိုတာကို သိလိုက်ရတော့ နောင်မျိုးဆက်မိန်းကလေးတွေ ဒီလို မကြုံစေချင်တာအမှန်ပဲ။ ဒါတွေကို ကျယ်ကျယယ်ပြန့်ပြန့် အသိပညာပေးဖို့လိုတယ်။ သို့ပေမယ့်လည်းလေ ဒီလိုအမြင်ဖွင့်ရုံစာတွေပဲ ရေးရုံတတ်နိုင်သေးတဲ့ကျွန်မမှာ မြန်မာလူမှုအသိုင်းအဝန်းက အသားကျနေတဲ့ နေ့ရက်တွေထဲ မြန်မာမိန်းကလေးတွေ စိတ်လုံခြုံမှု ရရှိကြပါစေလို့သာ ဆုတောင်းရုံရှိတာပ။

 

ရတု (Burmesehearts.com)

You might also like