Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
အလျော်အစားကြီးတဲ့အိမ်ထောင်ရေး – BurmeseHearts

အလျော်အစားကြီးတဲ့အိမ်ထောင်ရေး

0

လူဖြစ်ရတဲ့ဒုက္ခလို့ မျိုးကျော့မြိုင်က သီချင်းလုပ်ဆိုခဲ့ပေမယ့် သူတပါးကို ကိုယ့်ထက်ပို လိုအပ်မိတယ်ဆိုကတည်းက ဒုက္ခပိုကြီးသွားတာပါ။ သူ့ကိုလိုအပ်နေတော့ သူ့ကို ရယူပိုင်ဆိုင်ချင်လာတယ်။ ဒီကတဆင့် ရယူပိုင်ဆိုင်ဖို့ကြိုးစားရင်းက ရယူပိုင်ဆိုင်ခွင့်ရသွားတယ်ဆို နှစ်ဦးပေါင်းစပ်ခွင့်ရသွားကြတာပေါ့။

အလျော်အစားကြီးတဲ့အိမ်ထောင်ရေးဟာ ဘာများလဲလို့ တွေးမိကြမှာပဲနော်။ တကယ်က လက်ထပ်ပေါင်းသင်းခြင်းပြုသော မပြုသော လက်တွဲဖော်တိုင်းဟာ အလျော်အစား သို့မဟုတ် အမြတ်အစွန်း ကြီးကြီးမားမားရှိလာမယ့်အရာတွေနဲ့ ကစားနေတာပါ။ ပိုရှင်းအောင်ပြောရရင် အိမ်ထောင်မပြုသေးသော လက်တွဲဖော်တွေက ခံစားချက်တွေနဲ့ ရင်းနေကြတာဖြစ်ပြီး အတည်တကျ အိမ်ထောင်ပြုလို့ လက်ထပ်ပေါင်းသင်းလိုက်ကြတဲ့ လက်တွဲဖော်တွေက ခံစားချက်တွေတင်မက ၊ ဘဝတခုလုံး ၊ မျိုးဆက်တခုလုံးကိုပါ ရင်းထားကြတာပါ။ အပျိုကြီး ၊ လူပျိုကြီးတွေကတော့ သူမနိုင် ၊ ကိုယ်မရှုံးအနေအထားမှာ သာယာနေကြတာဆိုတော့ သူတို့က ချွင်းချက်ပေါ့။

စဉ်းစားကြည့်လေ ကိုယ်တွေခံစားချက်တွေတင်မက ၊ ရှေ့ဆက်ရမယ့်ဘဝတခုလုံး ၊ ကိုယ်တွေရဲ့ဂုဏ်သိက္ခာ ၊ ပြန့်ပွားလာမယ့်မျိုးဆက်ဆိုတာတွေကို ကိုယ့်လက်တွဲဖော်လက်ထဲ ရင်းထားကြရတာဆိုတော့ အလျော်အစားကြီးတာပေါ့။ ဒါကြောင့်လည်း အလျော်အစားကြီးတဲ့အိမ်ထောင်ရေးလို့ပြောတာပါ။

ဒါဆိုရင် ဘာလို့ အမြတ်အစွန်းကြီးတဲ့အိမ်ထောင်ရေးလို့ ဆိုပြန်သလဲဆိုတော့ ဘဝလက်တွဲဖော်အစစ်သာ ရရှိခဲ့မယ်ဆိုရင် ကိုယ်ချစ်တဲ့သူနားမှာ ဘဝတသက်တာ နေထိုင်သွားခွင့် ၊ ဒီလူနဲ့ အရာရာ မျှဝေခံစားခွင့် ၊ ဒီလူနဲ့ ဘဝအနာဂါတ်အတူတူ တည်ဆောက်သွားခွင့် ၊ ဒီလူနဲ့သွေးရောထားတဲ့ ကိုယ်တွေမျိုးဆက်ကို ပျိုးထောင်မြှင့်တင်ခွင့် ၊ ဒီလူနဲ့ သေအတူရှင်မကွာ နေထိုင်သွားခွင့်တွေဟာ နည်းနည်းနောနော အမြတ်တွေလား။ လူတိုင်းမရနိုင်တဲ့ ဘဝအမြတ်အစွန်းတွေလေ။

အမြတ်ကိုပဲ မျှော်စားလို့ စီးပွားရေးမလုပ်သင့်သလို အမြတ်ထွက်နိုင်တာတွေကိုချည်း မျှော်လင့်လို့ အိမ်ထောင်မပြုသင့်ပါဘူး။ အရှုံးကို ကြိုတွက်ဆထားပါမှ ကြုံလာရင် မတုန်လှုပ်တမ်း ခံနိုင်ရည်ရှိမှာပေါ့။ ဒီလိုအရှုံးမျိုးကြုံလာရရင် ငါဘယ်လို ရင်ဆိုဖြေရှင်းမယ်လို့ ကြိုတွေးတောပြင်ဆင်ထားရင်တော့ ဒါကြုံလာလည်း မမှုဘူး ။ စိတ်ပျက်အားငယ်လို့ စိတ်ဓါတ်ကျနေတာမျိုးမရှိတော့ဘူး။ ကြိုတွက်ဆ ပြင်ဆင်ထားခဲ့ပြီးသားမို့ ဒါမျိုးကြုံလာရင် ဘာလုပ်မယ်ဆိုတာ အစီအစဉ်ရှိထားပြီးသားလေ။

အချစ်ရေး ၊ အိမ်ထောင်ရေးအဆင်မပြေလို့ ဘဝထဲ ဖြစ်သလို စီးမျောလိုက်တဲ့ အမျိုးသား ၊ အမျိုးသမီးတွေရှိတယ်။ သူတို့တွေက အရှုံးကြုံရနိုင်တယ်လို့ ကြိုမတွေးခဲ့တာ ၊ ဒါကိုလက်မခံခဲ့တာ ၊ လက်မခံနိုင်ခဲ့လို ကြိုတင်ပြင်ဆင်မှုမရှိတာ ၊ ကြိုတင်ပြင်ဆင်မှုမရှိလို့ ကြုံလာတော့ မခံနိုင်ဘဲ ရှော့ခ်ဖြစ်သွားတာ ၊ ကြုံနေတဲ့အခြေအနေကို လက်မခံနိုင်တာ ၊ ဖြစ်ချင်ရာမဖြစ်ရင် ဖြစ်လိုရာဖြစ်ဆိုတဲ့စိတ်နဲ့ ဘဝရေစုန်မျှောလိုက်တာတွေကြောင့် သူတို့ဟာ ဘဝတခုလုံးစာ အလျော်အစားကြီးကြီး ထိုးဆပ်လိုက်တာပါ။ တကယ်တော့ မတန်ဘူးနော်။

ဘဝဆိုတာ ရသမျိုးစုံရှိတယ်။ ဒီရသမျိုးစုံကြောင့်လည်း ခံစားချက်အမျိုးမျိုးကို ခံစားနေရတာ။ အပျော်ချည်းပဲလိုချင်လို့မရဘူး။ အကောင်းချည်းပဲဖြစ်ချင်လို့မရဘူး။ နည်းတာ ၊ များတာသာ ကွာပေမယ့် အကောင်းအဆိုးကတော့ ဒွန်တွဲနေမှာပါပဲ။ ပြီးပြည့်စုံသောသူရယ်လို့ မရှိနိုင်ဘူး။ လိုအပ်ချက်တခုခုကတော့ ရှိနေဦးမှာပဲ။ ဒါကိုနားလည်ပေးဖို့လိုတယ်။

အိမ်ထောင်တခုမမြဲရင် အထိအနာဆုံးက မိန်းမသားတွေလို့ဆိုကြတယ် ။ တကယ်အထိအနာဆုံးက ဒီအိမ်ထောင်ထဲ တိုးပွားလာခဲ့တဲ့ သားသမီးတွေပါ။ သူတို့တွေမှာ မိဘတွေလုပ်သမျှ ခံကြရတာပါ။ အမေနဲ့အဖေ မခွဲပါနဲ့ တားလို့လည်း နာခံမယ့်မိဘတွေဆို ကွဲတဲ့အဆင့်မရောက်ဘူးပေါ့။ တအိမ်တည်းအတူနေတဲ့မိဘတွေ မတည့်ရင် ရန်ပွဲတွေရဲ့သက်သေအဖြစ် နေ့စဉ်သူတို့ မြင်တွေ့နားထောင်နေကြရတာ။ ကံမကောင်းတဲ့နေ့မှာ အဖေ ၊ အမေက ကိုယ့်ကိုတဖက်လှည့်မဲတာ ခံကြရသေးတယ်။ သူတို့တွေဟာ ဒီအိမ်ထောင်စုရဲ့ ဓါးစာခံလေးတွေပါ။

မာနချင်းပြိုင်နေတဲ့ အရွယ်ကောင်းမိဘတွေကြောင့် ဘာမှသွေးမတော်တဲ့သူတစ်ဦးကို အဖေ ၊ အမေ မခေါ်ချင်ဘဲ ခေါ်ရတဲ့အနေအထားတွေလည်း ကြုံရနိုင်တယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်မရပ်တည်နိုင်သေးသရွေ့ နာနေတဲ့ခံစားချက်တွေနဲ့ မျက်ရည်အဖော်ပြုရတဲ့ရက်တွေကို ဒီကလေး ဖြတ်သန်းရဦးမယ်။

ဒီလိုဆို မှားယွင်းစွာထူထောင်ပြီး လမ်းခွဲသွားခဲ့တဲ့ အိမ်ထောင်ရေးအတွက် အလျော်အစားပေးလိုက်ရတာ ကိုယ်တွေခံစားချက်တွေတင်မက ၊ ရှေ့ဆက်ရမယ့်ဘဝတခုလုံး ၊ ကိုယ်တွေရဲ့ဂုဏ်သိက္ခာတွေတင်မက ကိုယ့်မျိုးဆက်ရဲ့ ခံစားချက် ၊ မျက်ရည်နဲ့ မနက်ဖန်တွေဆိုတာ ကြိုတွေးမိခဲ့မယ်ဆို အသေအချာ အပြန်အလှန်သုံးသပ်ပြီးမှ အိမ်ထောင်ထူကောင်းရဲ့လေ။

တည်ထောင်ပြီးသားအိမ်ထောင်တခုဟာ အမြတ်အစွန်းမရှိရင်နေမယ် ၊ အမြတ်အစွန်းနည်းရင်လည်းနည်းမယ်။ ဒါပေမယ့် ကိုယ်တွေခံစားချက်တွေတင်မက ၊ ရှေ့ဆက်ရမယ့်ဘဝတခုလုံး ၊ ကိုယ်တွေရဲ့ဂုဏ်သိက္ခာတွေတင်မက ကိုယ့်မျိုးဆက်ရဲ့ ခံစားချက် ၊ မျက်ရည်နဲ့ မနက်ဖန်တွေကို အလျော်အစားအဖြစ် ပေးဆပ်လိုက်ရတဲ့ အိမ်ထောင်တခုမဖြစ်ဖို့တော့လိုတယ်လေ။

ရတု (Burmesehearts.com)

You might also like