Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မိဘအရှိန်အဝါအောက်မှ သားသမီးများ – BurmeseHearts

မိဘအရှိန်အဝါအောက်မှ သားသမီးများ

0

မိဘအရှိန်အဝါလို့ဆိုလိုက်ရင် အတော်ဂုဏ်ကြီးမြင့်ချမ်းသာပြည့်စုံတဲ့ မိဘတွေလို့ ပြေးမြင်ကြတယ်နော်။ တကယ်တော့ မိဘတွေရဲ့ ရိုးဂုဏ်နဲ့ ဆိုးဂုဏ်ဟာလည်း အရှိန်အဝါပါပဲ။ ရာထူးကြီး ၊ ငွေကြေးချမ်းသာ ၊ အောင်မြင်ကျော်ကြားတဲ့မိဘတွေက မွေးဖွားလာခဲ့တဲ့သားသမီးတွေတင်မက သာမာန်မိသားစုမှသည် ချို့တဲ့မိသားစုအထိ မိဘတွေရဲ့အရှိန်အဝါဆိုတာကို သားသမီးတွေက အထိုက်အလျောက်ခံစားကြရတာပါ။

ခပ်ရိုးရိုးရှင်းရှင်းနဲ့ နားလည်အောင်ပြောရမယ်ဆို ပြောစမှတ်ဖြစ်လောက်တဲ့ မိဘတွေက မွေးဖွားလာခဲ့တဲ့ သားသမီးတွေဟာ မိဘတွေရဲ့ ပြောစမှတ်ဖြစ်တဲ့ အရှိန်အဝါတွေကြောင့် ပတ်ဝန်းကျင်မှာ လွှမ်းမိုးမှုခံကြရပါတယ်။

မျက်နှာကြီးရာ ဟင်းဖတ်ပါဆိုတဲ့စကားက အလကားထားခဲ့တာမှမဟုတ်တာ။ ပြည့်နေသူတွေကို ထပ်ဖြည့်သူတွေရှိနေသမျှ ရာထူးကြီး ၊ ငွေကြေးချမ်းသာ ၊ အောင်မြင်ကျော်ကြားတဲ့မိဘတွေက မွေးဖွားလာခဲ့တဲ့သားသမီးတွေကို ပတ်ဝန်းကျင်က ဖူးဖူးမှုတ် အရေးပေးကြမှာပါ။

မြေနိမ့်ရာလှံစိုက်ဆိုတဲ့စကားကလည်း အလကားရှိနေခဲ့တာမဟုတ်ပါဘူး။ မရှိခိုးနိုး သံသယတွေက မျက်နှာမွဲ ၊ ငနင်းပြားတွေကို အထပ်ထပ် နှိမ်ချဆက်ဆံတတ်တဲ့သူတွေရှိနေသမျှ ဒီလိုမိသားစုမှာမွေးဖွားလာခဲ့တဲ့ကလေးတွေဟာလည်း အလိုလို မျက်နှာငယ်ကြရပါတယ်။

ဘယ်လိုမိသားစုမျိုးမှာ မွေးဖွားလာသလဲအပေါ်မူတည်ပြီး မွေးကင်းစကတည်းက ဒီမိဘတွေရဲ့ အရှိန်အဝါဆိုတာ ကလေးကို လွှမ်းမိုးခံနေရပါပြီ။ အထူးသဖြင့် မြန်မာလူမှုဝန်းကျင်မှာပေါ့။ ကျွန်မတို့ဓလေ့ထုံးစံက လူမှာအမျိုး ၊ ကြက်မှာအရိုးဆိုပြီး မျိုးရိုးကို တအားဦးစားပေးကြတယ်လေ။ ပြီးတော့ မျိုးဆက်ဆိုတာကိုလည်း တအား အလေးထားကြတယ်။

ကျောင်းဆရာ/ဆရာမ သမီးဟာ စည်းကမ်းပိုသေဝပ်ဖို့ ၊ ဆရာဝန် အင်ဂျင်နီယာ ပါမောက္ခတွေရဲ့ သားသမီးတွေဆိုစာတော်ဖို့ ၊ အနုပညာရှင်တွေရဲ့သားသမီးတွေ အနုပညာမှာ ထွန်းပြောင်ဖို့ ၊ အားကစားအကျော်အမော်ရဲ့ သားသမီးတွေ အားကစားထူးချွန်ဖို့ ၊ မိဘဘာဆိုတာကိုမူတည်ပြီး သားသမီးတွေအမြင်ကျယ်ဖို့ ၊ လူသတ်ထောင်ထွက် လူရမ်းကားသားသမီးတွေဆို လူရမ်းကားလေးဖြစ်လာမယ်လို့ ကြိုတွက်ထားသလို သူတို့နဲ့ အပေါင်းအသင်းမလုပ်ဖို့ မိဘတွေကတားမြစ်ကြတယ်။ အိမ်ထောင်ဆက်များတဲ့မိဘကမွေးတဲ့သားသမီးတွေကို ကိုယ့်သားသမီးနဲ့ ဖြစ်နိုင်ရင်မယူစေချင်ကြဘူး။ မိဘတွေရဲ့ အရှိန်အဝါဆိုတာ သားသမီးတွေအပေါ် အရိပ်လို အတိုင်းအတာတခုအထိ သက်ရောက်နေတယ်ဆိုတာ မြန်မာလူမှုဝန်းကျင်မှာ သတိထားကြည့်ရင် မြင်နိုင်ပါတယ်။

အထူးသဖြင့် ပြောစမှတ်ပြုရလောက်အောင် လူတွေသတိထားမိတဲ့မိသားစုတွေ (Highlight)ဆို ပိုလို့ မျက်စိဒေါက်ထောက်ကြည့်ကြတယ်။ တခြားမိသားစုက ကလေးတွေကို လူတွေ သတိထားမိချင်မှ သတိထားမိမှာပါ။ သာမာန်လူတွေကို သာမာန်မျက်စိနဲ့ကြည့် ၊ သာမာန်အတွေးနဲ့ သာမာန်လောက်ပဲ သဘောထားတာကိုး။ Highlight မိသားစုက ကလေးတွေဆိုရင်တော့ မှန်ဘီလူးတပ်ကြည့်သလို ၊ မျက်မှန်အရောင်အမျိုးမျိုးတပ်ကြည့်သလို အမြင်တမျိုးနဲ့ကြည့် ၊ ပိုတွေး ၊ ပိုပြောလုပ်ကြတာလည်း လူ့သဘာဝပဲကိုး။

ကလေးချင်းအတူတူတောင် မိသားစုတွေရဲ့ အရှိန်အဝါအပေါ် မူတည်ပြီး လူမှုပတ်ဝန်းကျင်မှာ ၊ ကျောင်းမှာ ၊ ကျင်လည်ရာအသိုင်းအဝန်းမှာ ဆက်ဆံခံရပုံချင်းမတူညီကြပါဘူး။ မျက်နှာကြီးမိသားစုမှာ ကလေးလေလည်ရင်တောင် မွှေးတယ်လို့ လုပ်ကြံပြောသူတွေရှိနေနိုင်တော့ ကလေးဟာ ဒီလိုမြှောက်ပင့်ပေါင်းတဲ့ အသိုင်းအဝန်းထဲမှာ အမှန် ၊ အမှား ဆိုတာနဲ့ တကယ့်လူမှုပေါင်းသင်းဆက်ဆံရေး အစစ်အမှန်ဆိုတာကို သိရှိနားလည်ဖို့ ခက်လာပါတယ်။

သူ့အသိုင်းအဝန်းမျက်နှာကြောင့် သူ့ကို အလိုလိုက်အကြိုက်ဆောင်သူတွေများလေ မတောင့်မတ ၊ မကြောင့်မကြ ခပ်လွယ်လွယ်ရနေတဲ့အရာတွေက သူ့ကို တခုခုလိုအပ်နေတယ်ဆိုတဲ့ ခံစားချက်ကို ပေးလေပါ။ တကယ်ဆိုရင် ကိုယ်လိုချင်တဲ့အရာကို ကိုယ်တိုင်ရအောင် ဘယ်လိုကြိုးစားအားထုတ်ပြီး ကြိုးစားရမလဲဆိုတဲ့ ဘဝသင်ခန်းစာကို သူနားမလည်နိုင်သေးတာပါ။

လူဆိုတာ လွယ်လွယ်ရနေတဲ့အရာတွေကို တန်ဖိုးထားရကောင်းမှန်း မသိကြဘူး။ ဒါကြောင့် သူ့အနားမှာရှိနေတဲ့ တန်ဖိုးအကြီးဆုံးဆိုတဲ့အရာတွေက အများအတွက် တန်ဖိုးရှိကောင်းရှိပေမယ့် သူ့စိတ်ကို တန်ဖိုးဆိုတဲ့သဘောတရား နားလည်နိုင်အောင် မပေးစွမ်းနိုင်ပါဘူး။ ခက်ခက်ခဲခဲ ကိုယ်တိုင်ကြိုးစားရယူခဲ့လို့ လက်ထဲရောက်လာတဲ့ပစ္စည်းကမှ ပိုတန်ဖိုးမြင့်သလို ခံစားရတာမဟုတ်လား။ ဒါကိုရဖို့ ချွေး ၊ သွေး ၊ အချိန် ၊ ကြိုးစားအားထုတ်မှုဆိုတာတွေ ရင်းခဲ့ရတာလေ။ ဒီလိုတန်ဖိုးဆိုတာကို သူဘယ်လိုနားလည်နိုင်ပါ့မလဲ။

မျိုးရိုးစဉ်ဆက်ဆိုတာကို ထိန်းသိမ်းစောင့်ရှောက်ရတဲ့ သားသမီးတွေဟာလည်း ငယ်စဉ်ကတည်းက စိတ်ဖိစီးမှုခံကြရတာပါ။ တို့မျိုးရိုးမှာ ဒီလိုအကျင့်မျိုးမရှိဘူး ၊ မိဘမျိုးရိုးထိန်းသိမ်းဖို့ ဒါတွေမလုပ်သင့်ဘူး ၊ နင့်လုပ်ရပ်က မိဘမျိုးရိုးထိခိုက်တယ် ၊ နင့်ပြောဆိုဆက်ဆံပုံက တို့ဂုဏ်သိက္ခာကိုထိခိုက်တယ် ၊ နင့်ဝတ်စားဆင်ယင်ပုံက ငါ့သားသမီးလို့ပြောရမှာရှက်တယ် ၊ နင့်လုပ်ရပ်ကြောင့် ငါတို့တမျိုးလုံးထိခိုက်တယ် စသဖြင့်သော အပြောတွေကို ငယ်စဉ်ကတည်းက ကျင့်သားရခဲ့တယ်ဆို ကလေးဟာ မျိုးရိုးအစဉ်အလာဆိုတာကြီးတွေကြောင့် ငယ်စဉ်ကတည်းက စိတ်ဖိစီးမှုတွေခံခဲ့ရတာ သေချာနေပါပြီ။

BurmeseHearts Blog

လူတွေက ကလေးလုပ်ရင် ကလေးလုပ်ရပ်လို့မမြင်ကြတော့တာဟာ Highlight မိသားစုက ကလေးတွေအပေါ်မှာ ပိုသိသာပါတယ်။ မြှောက်စားချင်တော့လည်း ကလေးလှုပ်တာကအစ တော်ဝင်နေသလိုလို မထူးခြားတာကို တအားထူးခြားပြပြီး မြှောက်ပင့်တော့တာပဲ။ နှိမ့်ချချင်ပြန်တော့ အပြစ်မတွေ့လည်း တခုခုဆို အရင်အပြစ်ရှာခံကြရပြန်ရော။ ကျွန်မကိုယ်တိုင် Highlight မိသားစုက မွေးဖွားလာခဲ့တာမို့ ဒီဒဏ်ကို ခံခဲ့ရတာပါ။ တခုခုဆို အဖေနာမည် ၊ အမေနာမည်က ကိုယ့်နာမည် ရှေ့ကလေ။ ကိုယ့်နာမည်ကို လူမသိရင်နေမယ် ဘယ်သူ့သားသမီးလေဆိုပြီး လူပိုသိတာပ။

ကိုယ့်လုပ်ရပ်ဟာ ကိုယ့်ကို ကိုယ်စားပြုတာကနည်းနည်း ၊ မိဘကို ကိုယ်စားပြုတာများများဆိုတော့ မိဘနာမည်ထိန်းဖို့ မကောင်းတာတွေ မလုပ်မိအောင် အရင်ကြိုးစားရပါတယ်။ လုပ်မိရင် ကိုယ့်မိဘနာမည်ထိခိုက်မှာကိုး။ ကိုယ့်ကြောင့် မိဘတွေဂုဏ်တက်ဖို့ ကောင်းတာတွေကို ဦးစားပေးလုပ်လိုက်တဲ့အခါ ကိုယ့်အသက်အရွယ်နဲ့မလိုက်တဲ့ စိတ်ဖိစီးမှုတွေကိုလည်း ခံခဲ့ရပါတယ်။ အဲဒီအချိန်မှာ အလိုလားဆုံးက ကိုယ့်မိဘနာမည်နဲ့ကိုယ့်ကို တွဲမသိတဲ့ပတ်ဝန်းကျင်မှာ သာမန်ကလေးတစ်ယောက်အဖြစ် နေထိုင်ကြီးပြင်းချင်တဲ့ဆန္ဒပါပဲ။

တနယ်တကျေးများရောက်ပြီဆို ကိုယ့်မိဘနဲ့ကိုယ့်တွဲမသိတဲ့ ပတ်ဝန်းကျင်မှာ သိပ်ပျော်တာပဲ။ အမှားလုပ်မိရင် Highlight လုပ်ပြောမယ့်သူမရှိသလို ကောင်းတာလုပ်ရင်လည်း အလွန်အကျူးမြှောက်စားမယ့်သူမရှိတော့ စိတ်လွတ်လပ်မှုဆိုတာကို အပြည့်အဝခံစားရတယ်လေ။ ဒီခံစားမှုကို နှစ်ခြိုက်လာတာနဲ့အမျှ ကိုယ့်မသိတဲ့ဝန်းကျင်မှာ သာမန်လူတစ်ယောက်လိုပဲ နေထိုင်ကြီးပြင်းချင်တဲ့စိတ် ကြီးစိုးလာတော့တယ်။ ကျွန်မက အပေါ်ယံပကာသနတွေထက် စိတ်လွတ်လပ်မှုကို ပိုဦးစားပေးသူမို့ ဒီလိုခံစားရတာလည်း ဖြစ်ကောင်းဖြစ်မှာပေါ့။ တဦးနဲ့တဦး အတွေးအခေါ် ၊ ခံယူချက်ချင်း ဘယ်တူနိုင်ပါ့မလဲ။

ကျွန်မကတော့ ကျွန်မကြောင့် မိဘဂုဏ်သရေ မညှိုးနွမ်းစေချင်ပေမယ့် ကျွန်မကိုယ်တိုင်လည်း လူတစ်ယောက်ရဲ့ စိတ်ခံစားမှု ၊ လွတ်လပ်မှု ၊ လုပ်ပိုင်ခွင့်ဆိုတာတွေကို အပြည့်အဝခံစားချင်တယ်။ ကိုယ်မှားရင် ကိုယ့်ပဲပြော ကိုယ့်မိဘဆွဲထည့်တာမျိုး မလိုချင်ဘူး။ ကိုယ်ကြိုးစားလို့ရလာတာဟာလည်း ကိုယ့်ကြိုစားမှုအဖြစ်ပဲ ချီးမွမ်းစေချင်တယ်။ နောင်မှ ဘယ်သူ့မျိုးဆက်ကြောင့်လို့ မိဘဂုဏ်တက်စေတာတမျိုးပေါ့။

ဒီမိဘကမွေးတိုင်း မျိုးဆက်ကောင်းလို့ ထူးချွန်တာမျိုးမဟုတ်ဘဲ တမိပေါက်တယောက်ထွန်းဆိုတာတော့ ရှိကောင်းရှိမှာပေါ့။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးဆက်မှာ ဦးအောင်ဆန်းဦးဆိုတာဟာ ဗိုလ်ချုပ်ခြေရာမနင်းဘဲ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်ခြေရာနင်းခဲ့တာမျိုးပေါ့။ တကယ်ဆို ဒေါ်အောင်ဆန်းစုကြည်က မိဘတော်လို့တော်တာမဟုတ်ဘဲ သူမဘာသာ စဉ်ဆက်မပြတ်ကြိုးစားခဲ့လို့ ၊ ဇွဲရှိလို့ ၊ စိတ်ဓါတ်ပြတ်သားလို့ ၊ ကိုယ်လိုချင်တာကို တစိုက်မတ်မတ် ရယူနိုင်ဖို့ကြိုးစားခဲ့လို့ ဒီနေ့ ၊ ဒီအချိန်  ၊ ဒီနေရာမှာ ဂုဏ်တင့်စွာ ရပ်တည်နေနိုင်တာပါ။ သူမကို အောင်ဆန်းစုကြည်ဘာရယ်လို့ သူမအရည်အချင်း လူတွေမသိခင်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းသမီးလို့ လူတွေပိုသိစေခဲ့တာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ရည်ပါ။ မိဘဂုဏ်ရည်ထိန်းသိမ်းဖို့ သူမဘဝသက်တမ်းတလျောက်လုံး ကြိုးစားလာခဲ့တာ သူမ ပညာယူတဲ့ဘာသာရပ် ၊ သူမ ဝတ်စားနေထိုင်ပုံ ၊ လုပ်ကိုင်ဆောင်ရွက်ပုံတွေက သက်သေပြနေတယ်လေ။

မူလတန်းတက်တုန်းက ကျွန်မစွဲစွဲမြဲမြဲ မှတ်မိနေတဲ့ အတန်းဖော်တစ်ယောက်ရှိတယ်။ အဲဒီအတန်းဖော်က သိပ်ဆင်းရဲတာပါ။ အဖေကအမြဲမူးနေပြီး အလုပ်မလုပ်ဘဲ စားလိုက်သောက်လိုက် အိပ်လိုက်ပေါ့။ အမေကတော့ အိမ်ဆိုင်လေးဖွင့်ပြီး သမီးအကြီးဆုံးဖြစ်တဲ့သူမနဲ့ အငယ်တွေအတွက် အထွေထွေစားရိတ် ၊ အိမ်စားရိတ်ဆိုတာကို ရှာဖွေကျွေးနေတာပါ။ သူမက ကျောင်းကိုသာလာတက်တာ ဘယ်တော့မှ အိမ်စာမလုပ်သလို အတန်းထဲမှာလည်း ဘိတ်ချီးပါ။ စာမရလို့ အမြဲလိုလို အတန်းထဲမတ်တပ်ရပ် ဒဏ်ပေးတာ ၊ ရိုက်တာကို ခံရသူပေါ့။ အတန်းထဲတခုခုပျောက်ပြီဆို အဆင်းရဲဆုံးသူမကို အတန်းဖော်တွေက အရင်စွပ်စွဲလေ့ရှိတယ်။ မုန့်စားကျောင်းဆင်းချိန် သူများတွေဆော့ကစားနေရင်လည်း သူမက အမြဲလိုအိပ်နေလေ့ရှိတယ်။ ဒါကို အတန်းဖော်တွေက သူ့အဖေလိုပဲ သူလည်းမူးပြီးအိပ်နေတာဖြစ်မယ်လို့ လှောင်ပြောင်လေ့ရှိတယ်။

စာလည်းမလိုက်နိုင် ၊ ပညာရေးလည်းစိတ်မပါတဲ့သူမဟာ လေးတန်းနှစ် (အစိုးရစစ်)မှာ တစ်နှစ်ကျပြီး ကျောင်းထွက်သွားတယ်။ တနေ့ အိမ်ကဈေးဝယ်တဲ့သူနဲ့ ကျွန်မဈေးထဲလိုက်ခွင့်ရချိန်မှာ မောင်လေးပုခက်လွှဲရင်း ဈေးရောင်းနေတဲ့ သူမကို ကျွန်မပြန်ဆုံတော့ သူမဘာကြောင့် စာဘက်မလိုက်နိုင်သလဲ ၊ အတန်းထဲမှာ အကဲ့ရဲ့ခံ ၊ အနှိမ်ခံဖြစ်နေသလဲဆိုတာကို သူမ မရှင်းပြဘဲ နားလည်သွားပါတယ်။ ကျောင်းကပြန်လာရင် အမေ့ကူ ၊ အငယ်တွေထိန်း ၊ အမေဟင်းချက်တုန်း ဆိုင်ကူဈေးရောင်းတဲ့ သမီးကြီးဟာ စာဘက်လည်းစိတ်မပါမှတော့ မဖြစ်ညစ်ကျယ်လေး စာလုပ်ချိန်ရသည့်တိုင် အနားယူဖို့လောက် ၊ အိပ်ဖို့လောက်ကိုပဲ ဦးစားပေးတာကို နားလည်လာခဲ့တာပါ။ ကျွန်မလိုမျိုး ဆရာမတွေက သူမကိုနားလည်ပေးခဲ့ရင် အမြဲလိုလို အတန်းထဲ မတ်တပ်ရပ်ဒဏ်ပေးခံရတာ ၊ အရိုက်ခံရတာ ၊ အရှက်ရအောင်ပြောဆိုခံရတာတွေ မရှိခဲ့လောက်ဘူးနော်။

ဗုဒ္ဓဘာသာဝင်ပီပီ ရှေးဘဝကံကြောင့် ယခုဘဝမှာ အမျိုးမြင့် ၊ အမျိုးနိမ့် ကွဲပြားသွားခဲ့ပေမယ့် လူဟာလူပါပဲ။ လူဆိုရင် လူပီသစွာ တွေးခေါ်ခွင့် ၊ နေထိုင်ခံစားခွင့်တော့ ရှိသင့်တာပေါ့နော်။ ဒါပေမယ့် ကျွန်မတို့လို Highlight အလုပ်ခံထားရတဲ့ မိသားစုမှာ မွေးဖွားလာသူတွေကတော့ မိဘတွေရဲ့ ကောင်းခြင်း ၊ ဆိုးခြင်း အရှိန်အဝါတွေကြောင့် မသိတတ်ခင်ကတည်းက ဒီအရှိန်အဝါတွေရဲ့ လွှမ်းမိုးမှုကို ခံနေကြရတာပါ။ ကျွန်မသမီးလေးကိုတော့ ဒီအရှိန်အဝါတွေရဲ့ လွှမ်းမိုးမှု နည်းသထက်နည်းအောင်နဲ့ လူတစ်ယောက်ဟာ လူပီသစွာ တွေးခေါ်နေထိုင်ခြင်းဆိုတာကို အပြည့်အဝရရှိအောင်ပဲ ဦးစားပေးမှာပါ။ သူ့အတွေးအခေါ်နဲ့ခံစားမှုတွေ သူ့ပင်ကိုယ်ဗီဇအတိုင်း လွတ်လပ်စွာ ဖြန့်ကျက်နိုင်ပါစေလေ။

ရတု (Burmesehearts.com)

You might also like