Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ဇနီးမောင်နှံနှစ်ဦးဆက်ဆံရေးနှင့် အိမ်ထောင်ရေးသာယာမှု – BurmeseHearts

ဇနီးမောင်နှံနှစ်ဦးဆက်ဆံရေးနှင့် အိမ်ထောင်ရေးသာယာမှု

0

ဇနီးမောင်နှံနှစ်ဦး အိမ်ထောင်ရေး သာယာမှု ၊ မသာယာမှုဆိုတာကို သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကောင်းမွန်မှု ၊ မကောင်းမွန်မှုအပေါ် မူတည်ပြီး ခွဲခြားနိုင်ပါတယ်။ နှစ်ဦးဆက်ဆံရေး ၊ နှစ်ဖက်မိသားစုဆက်ဆံရေး ၊ ပတ်ဝန်းကျင်ဆက်ဆံရေးနဲ့ လူမှုဆက်ဆံရေးတွေမှာ ဇနီးမောင်နှံနှစ်ဦးဟာ အဆင်ပြေကောင်းမွန်မှု မျှမျှတတရှိနေပါမှ သာယာတဲ့အိမ်ထောင်ရေး ထူထောင်ထားသူတွေလို့ ဆိုနိုင်ပါတယ်။

အိမ်ထောင်တခုသာယာဖို့ အဓိကအချက်ဖြစ်တဲ့ နှစ်ဦးဆက်ဆံရေးဟာ ပင်မအရေးကြီးဆုံးအချက်ပါ။ တချို့တွေက နှစ်ဦးဆက်ဆံရေးမကောင်းပေမယ့် လူမှုဆက်ဆံရေးမှာ ကောင်းကြတယ်။ လူမှုဆက်ဆံရေးကောင်းတော့ လူမှုဝန်းကျင်မှာ နာမည်ကောင်းရမှာဖြစ်ပေမယ့် ဇနီးမောင်နှံနှစ်ဦးဟာ ဒီအိမ်ထောင်ထဲက နှစ်ဦးဆက်ဆံရေးအပေါ် သာယာမှုမရှိကြပါဘူး။ သာယာမှုမရှိတော့ နားလည်မှုလွဲနေနိုင်ကြပါတယ်။ နားလည်မှုလွဲနေတော့ ညှိနှိုင်းဖို့ခက်နေနိုင်ပါတယ်။ ညှိနှိုင်းမှုမရှိတော့ သူတလူ ငါတမင်း အတွေးအခေါ် ၊ ဆက်ဆံရေးတွေနဲ့ ဒီအိမ်ထောင်ထဲ ဘယ်သာယာနိုင်ပါတော့မလဲ။

တချို့တွေကျတော့ နှစ်ဦးဆက်ဆံရေးကောင်းပေမယ့် နှစ်ဖက်မိသားစုဆက်ဆံရေး ၊ ပတ်ဝန်းကျင်ဆက်ဆံရေးနဲ့ လူမှုဆက်ဆံရေးတွေမှာ အားနည်းချက်တွေရှိပါတယ်။ အားနည်းချက်ရှိရုံဆို ဒီအိမ်ထောင်ထဲ ဆက်လက်သာယာကောင်း သာယာနိုင်ပေမယ့် တခြားဖက်တွေမှာ လုံးဝဆက်ဆံရေးမကောင်းဘူးဆိုရင်တော့ ဒီအိမ်ထောင်ထဲကနှစ်ဦးဆက်ဆံရေး ရေရှည်သာယာမှုတည်ဆောက်ဖို့ ခက်ခဲကောင်း ခက်ခဲနေမှာပါ။ လူဆိုတာ နှစ်ဦးတည်း ကမ္ဘာတည်နေထိုင်သွားလို့မှ မရပဲလေ။ လူ့အသိုင်းအဝန်းထဲနေထိုင်တာမို့ ဒီအသိုင်းအဝန်းနဲ့ သဟဇာတဖြစ်ပါမှ ရေရှည်ဆက်ဆံရေး တည်မြဲမှာပါ။

နှစ်ဦးဆက်ဆံရေးဆိုတာမှာ ဒီဇနီးမောင်နှံနှစ်ဦးရဲ့ အိမ်တွင်း ၊ အိမ်ပြင် ဆက်ဆံရေးကို ဆိုလိုပါတယ်။ အိမ်တွင်းမှာ နှစ်ယောက်တည်းရှိတယ်ဆို ဒီနှစ်ယောက်ဟာ ဘယ်လိုနားလည်မှုမျိုးနဲ့ တစ်ဦးအပေါ်တစ်ဦးဆက်ဆံသလဲ ၊ သည်းခံသလဲ ၊ ငဲ့ညှာသလဲ ၊ ကြင်နာသလဲဆိုတာ မူတည်နေပါတယ်။ အိမ်မှာ ကိုယ်နှစ်ဦးအပြင် အခြားလူတွေနဲ့ ပေါင်းသင်းဆက်ဆံနေရတယ်ဆို နှစ်ဦးတည်းနေထိုင်တာလောက် ပွင့်လင်းမှုမရှိနိုင်တဲ့အတွက် အိပ်ယာပေါ်ကဆက်ဆံရေးကိုပါ ထည့်သွင်းစဉ်းစားရမှာပါ။

အမျိုးသားရော အမျိုးသမီးရော ဇနီးမောင်နှံနှစ်ဦးစလုံးက ယုယကြင်နာမှုကို လိုအပ်တောင့်တကြတယ်ဆိုပေမယ့် အမျိုးသားတွေအများစုဟာ အိပ်ယာထက်ကဆက်ဆံရေး ကျေနပ်မှုမရှိရင် ၊ ဇနီးသည်က အလိုက်တသိ နားလည်ပေးမှုမရှိရင် တခုခု လစ်ဟာနေသလို ခံစားရတတ်ပါတယ်။ ဒီလိုလစ်ဟာနေချိန်မှာ တခြားအမျိုးသမီးရဲ့ ယုယကြင်နာမှု ၊ အနေနီးစပ်မှု ၊ လက်ပွန်းတတီးရှိနေတဲ့ အခြေအနေတို့က ဒီအိမ်ထောင်ရေး ဖောက်ပြန်မှုကို မီးထိုးပေးလိုက်တာပါ။ ဖောက်ပြန်မှုမီးစွဲစပြုနေချိန် အမျိုးသမီးက အခြေအနေတွေရိပ်မိသိရှိလို့ ပါးနပ်စွာကိုင်တွယ်တာမျိုးမရှိဘဲ အုတ်အော်သောင်းနင်း အရှက်ခွဲလိုက်တယ်ဆိုရင်တော့ ဓါတ်ဆီလောင်းလိုက်သလို ပေါက်ကွဲကြတော့တာပါပဲ။ ဒီလိုဆို ဒီအိမ်ထောင်ပြိုကွဲဖို့ အကြောင်းဖန်လာနိုင်တာပေါ့။

အမျိုးသမီးတွေကျတော့ ခင်ပွန်းက မဖောက်မပြန်နဲ့ သူမအပေါ် နွေးနွေးထွေးထွေး အလိုက်သိ ကြင်နာမှုပေးနေသမျှ ဒီအိမ်ထောင်ထဲ ပျော်မွေ့ကျေနပ်နေကြတာပါ။ သူတို့အတွက် အိပ်ယာထက်ကဆက်ဆံရေးဟာ သိပ်အရေးမကြီးလှပါဘူး။ ဇနီးသည်တွေဖောက်ပြန်တယ်ဆိုတာက ဒီအိမ်ထောင်ထဲမှာ သာယာမှုမရှိလို့ ၊ ခင်ပွန်းကိုအရွဲ့တိုက်ချင်လို့ ၊ သူ့မှာလည်း ယောက်ျားမရှားပါဘူးဆိုတာ သက်သေပြချင်လို့ ၊ ဒီအိမ်ထောင်ရေးနဲ့ ဒီခင်ပွန်းအပေါ် စိတ်ကုန်လာလို့ ၊ စိတ်နာလာလို့အပြင် စီးပွားရေးနဲ့လူမှုရေး ချွတ်ခြုံကျမှု စတဲ့ အကြောင်းအရင်းတွေအပေါ် မူတည်နေပါတယ်။

အမျိုးသားတွေ အိမ်အပြင်ဘက် သာယာမှုရှာတယ်ဆိုတာ အိမ်ကမိန်းမ မသိအောင် ခိုးဝှက်လှုပ်ရှားတဲ့ ကိစ္စမျိုးဖြစ်ပြီး အမျိုးသမီးတွေ အိမ်အပြင်ဘက် သာယာမှုရှာတယ်ဆိုတာကတော့ အိမ်ကလူသိသွားလည်း မမှုဘူးဆိုတဲ့စိတ်နဲ့ (တမင်သိစေချင်လို့ပဲဖြစ်ဖြစ်) လှုပ်ရှားတဲ့သဘောမျိုး အများဆုံးတွေ့ရပါတယ်။ ဘာကြောင့်ပဲဖောက်ပြန်ပါစေ ဒီဖောက်ပြန်မှုကြီးဟာ ဒီအိမ်ထောင်ပြိုကွဲသွားဖို့ ၊ မသာယာနိုင်တော့ဖို့ ၊ စိတ်နာကြည်းစေဖို့ ခိုင်လုံသောအကြောင်းရင်း ဖြစ်နေပါတယ်။

BurmeseHearts Blog

အိမ်ထောင်ရေးအက်ကြောင်းထင်သွားတဲ့ ဘယ်အိမ်ထောင်ပဲဖြစ်ဖြစ် ဟိုးအရင်ကလို ၊ မယူခင်တုန်းကလို ၊ လက်ထပ်ပြီးစကလို ပျော်ရွှင်သာယာမှုမျိုးတော့ မရှိနိုင်တော့ဘူးပေါ့။ အကြောင်းကြောင်းကြောင့်သာပေါင်းရတယ်။ စိတ်ထဲမှာတော့ မခံချင်စိတ်တွေ ၊ အလိုမကျစိတ်တွေ ၊ အဖုအထစ်တွေနဲ့ တအုံနွေးနွေးရှိနေနိုင်ပါတယ်။ တစ်ဦးခြေလှမ်းကို တစ်ဦးက သတိထားစောင့်ကြည့်ရင်း အမှားရှာနေသလိုမျိုးဖြစ်နေပြီဆိုရင်တော့ ဒီအိမ်ထောင်ရေးဟာ အဆုံးသတ်ဖို့ တရွေ့ရွေ့တိုးသွားတာပါ။ နှစ်ဦးနှစ်ဖက် ပေါက်ကွဲလာတဲ့တနေ့ ဇတ်သိမ်းပြီလေ။

နှစ်ဦးဆက်ဆံရေး သာယာပျော်ရွှင်နေသမျှ နှစ်ဦးနှစ်ဖက်စလုံးက ကြည်လင်တဲ့စိတ်တွေနဲ့ တော်ရုံအပြစ်အနာအဆာမျိုး ရှိနေ ၊ ကြုံနေရင်တောင် အကောင်းမြင်စိတ်ကလေးနဲ့ ခွင့်လွှတ် ၊ သည်းခံပေးတယ်။ နှစ်ဦးဆက်ဆံရေး အားကောင်းနေတော့ သူနဲ့ပတ်သက်တဲ့ မိသားစု ၊ ဆွေမျိုး ၊ အသိုင်းအဝန်းနဲ့ ပတ်သက်ဆက်နွယ်မှုတွေမှာ အဆင်ပြေပြေဖြစ်အောင် ပေါင်းသင်းဆက်ဆံတယ်။ ကိုယ့်အကြိုက်မဟုတ်သော်လည်း အိမ်ထောင်ဘက်နဲ့ ပတ်သက်နေတာမို့ ဒီလူတွေနဲ့ တွေ့ဆုံကြုံကြိုက်လာရင် အိမ်ထောင်ဘက်မျက်နှာနဲ့ အဆင်ပြေပြေဖြစ်အောင် ၊ အိမ်ထောင်ဘက် မျက်နှာမပျက်ရအောင် လိုက်လျောညီထွေ ပေါင်းသင်းဆက်ဆံတာမျိုးပါ။

ဒီအိမ်ထောင်ဘက်နဲ့ ဒီအိမ်ထောင်ရေးအပေါ် သာယာကျေနပ်မှုတွေရှိနေတော့ ဒီအိမ်ထောင်ဘက်ကို ငဲ့ညှာထောက်ထားတယ်။ ဒီအိမ်ထောင်ဘက်ကို အချစ်မပျက် ၊ သံယောဇဉ်တွေနွယ်နေတော့ ဗိုက်ကြီးပူလာပါစေ ၊ ဝလာပါစေ ၊ အိုသွားပါစေ ၊ နာနေပါစေ မေတ္တာမပျက် ဆက်လက်ကြင်နာတယ်။ ဒီအိမ်ထောင်ထဲ တိုးပွားလာတဲ့ ကိုယ်တွေနှစ်ဦးရဲ့ သားသမီးတွေကို ငဲ့ညှာထောက်ထားတယ် ၊ ဒီအိမ်ထောင်ထဲ အိမ်ထောင်ဘက်နဲ့ သားသမီးတွေ ပျော်ရွှင်သာယာဖို့ အလေးထားတယ်။

တကယ့်ကို ပျော်ရွှင်သာယာတဲ့ မိသားစုကလေးကျတော့ အိမ်ထဲနေနေ ၊ အိမ်ပြင်ရောက်ရောက် ၊ ဘယ်အချိန်ကြည့်ကြည့် မျက်နှာမှာ ကျေနပ်မှုတွေ ၊ အပြုံးတွေနဲ့ သူတို့ အိမ်ထောင်သာယာမှုဆိုတာ အမြဲပေါ်လွင်နေတတ်တယ်။ နေထိုင်စားသောက်တာ ၊ ပြောဆိုဆက်ဆံတာ ၊ ပြုမူလုပ်ကိုင်တာတွေမှာ တစ်ဦးဆန္ဒကို တစ်ဦးကအလေးထားပြီး ၊ သားသမီးတွေရှိနေရင် ဒီသားသမီးတွေရဲ့ ဆန္ဒဆိုတာကိုလည်း မိဘနှစ်ဦးစလုံးက အလေးထားတယ်။ တစ်ဦးအပေါ်တစ်ဦး ချစ်ခင်ကြင်နာမှုအပြည့်နဲ့ဆက်ဆံတယ်။

(Family Suits) လို့ခေါ်တဲ့ မိသားစုဝင်တွေ အရောင်ဆင်တူ ၊ ဒီဇိုင်းဆင်တူ ၊ အဆင်တူနဲ့ ဒီဇိုင်းကွဲပုံလေးတွေ ဝတ်ထားတဲ့အခါ မြင်ရသူတွေက မျက်စိထဲ ပျော်စရာမိသားစုလေးအဖြစ် အားကျကောင်း အားကျနိုင်ပါတယ်။ ဒီလိုမဝတ်စားနိုင်လို့လည်း စိတ်ဓါတ်ကျစရာမရှိပါဘူး။ တကယ်က ကိုယ်ပေါ်မှာဝတ်ထားတဲ့ အဝတ်တန်ဆာတွေက ဝတ်ထားသူတွေရဲ့ စိတ်နှလုံးကို တန်ဆာဆင်နိုင်တာမှ မဟုတ်ပဲလေ။ အဓိကအရေးအကြီးဆုံးက ဒီမိသားစုထဲမှာ မိသားစုဝင်တွေအားလုံး သာတူညီမျှစိတ်နဲ့  ထောက်ထားငဲ့ညှာစိတ် အပြန်အလှန်ထားဖို့ အဓိကပဲလေ။

ဝတ်ထားတာကတော့ဆင်တူ သူ့နောက်ကွယ် ကိုယ့်အသိုင်းအဝန်းထဲမှာ ကိုယ့်အိမ်ထောင်ဘက်ရဲ့ မကောင်းကြောင်းတွေပြောပြီး သူများတကာအိမ်ထောင်ဘက်တွေ ၊ မိသားစုတွေကို အားကျနေတာမျိုး ၊ ဒီအိမ်ထောင်ထဲက မသာယာမှုတွေကို ရင်ဖွင့်ပြောလို့ ဖြေရာဖြေကြောင်း ရှာနေပြီဆို ဝတ်ထားတဲ့အဝတ်တန်ဆာတွေက ဒီအိမ်ထောင်ထဲ ၊ ဒီမိသားစုဝင်တွေကို စိတ်သာယာမှုမကူနိုင်တာတော့ သေချာနေပြီလေ။

အိမ်ထောင်ရေး ပျော်ရွှင်သာယာဖို့ဆိုတာ ဒီအိမ်ထောင်ထဲမှာ ရှိနေသူတွေရဲ့ စိတ်နေစိတ်ထား ၊ အပေးအယူမျှတမှုနဲ့ ငဲ့ညှာထောက်ထားမှုတွေ ၊ မေတ္တာအကြင်နာတွေနဲ့ နားလည်ပေးမှုတွေနဲ့သာ တည်ဆောက်လို့ရတာပါ။ အိမ်ထောင်တိုင်းသာယာလို့ မိသားစုတိုင်း ပျော်ရွှင်သာယာတဲ့မိသားစုဘဝကလေး ရရှိကြပါစေ။

ရတု (Burmesehearts.com)

You might also like