Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
စစ်မှန်သောအေးရိပ်သို့ – BurmeseHearts

စစ်မှန်သောအေးရိပ်သို့

0

ဗုဒ္ဓဘာသာဝင်တွေအတွက် အစစ်မှန်ဆုံးသောအေးရိပ်ဟာ တရားအရိပ်ပါပဲ။ တချို့တွေကပြောမယ် ဘုရားအရိပ် ၊ တရားအရိပ်ပေါ့။ ငယ်ငယ်တုန်းကတွေးတယ်။ ဘုရားအရိပ်အေးမြတယ်ဆိုတာ အရိပ်ခိုချင်သူတွေအတွက် ဖြစ်မှာပါပေါ့။ ကိုယ်ငယ်ငယ်တုန်းကအတွေးထဲမှာ ဘုန်းကြီးကျောင်းတွေ ၊ ရိပ်သာတွေ ၊ ဘုရားတွေ အများစုရဲ့ ပရဝုဏ်ဟာ သစ်ပင်တွေ အုံ့အုံ့ဆိုင်းဆိုင်းနဲ့ အရိပ်ခိုစရာတွေ အများကြီး ၊ အမြဲလို လေတဖြူးဖြူးနဲ့ အေးနေတာပဲ။ ဒါကြောင့် ဘုရားရိပ် ၊ တရားရိပ်လောက် အေးမြတာမရှိဘူးလို့ လူတွေက ပြောကြတာပဲလို့ ထင်ခဲ့တာပါ။ တရားအစစ်အမှန်ကို တကယ်သိရှိခံစား နားလည်လာတဲ့အချိန်ကျတော့ ဒီအရိပ်ဆိုတာဟာ ခိုစရာအရိပ်ကို ဆိုလိုတာမဟုတ်ဘူးလို့ သိလာတယ်။ တရားကိုမြင်မှ ဘုရားကိုမြင်မယ်ဆိုတဲ့စကား အမှန်ပဲဆိုတာလည်း သိလာတယ်။

ကျွန်မငယ်ငယ်တုန်းကတည်းက အိမ်ကဆူရင် ၊ ရိုက်ရင် ဘုရားခန်းထဲဝင်ပြီး လက်အုပ်ချီ ဘုရားရှိခိုးရင်း ငိုလေ့ရှိတယ်တဲ့။ အိမ်ကလူတွေ ပြောဖူးတယ်။ နောက်ပိုင်း တကယ်သိတတ်လာတော့လည်း အပူတွေကြုံလာလေတိုင်း တပါးသူကို ရင်ဖွင့်ပြောဆိုတာထက် ဘုရားတက် ၊ ပုတီးစိတ် ၊ ဝတ်ရွတ်ဖတ်ပူဇော်တာမျိုး ၊ စိတ်မခိုင်လို့ ငိုချင်ရင်လည်း လူမသိ ၊ သူမသိ ဘုရားရှိခိုးရင်း မျက်ရည်ကျရှိုက်တာမျိုးတွေနဲ့ ဖြေသိမ့်လေ့ရှိတယ်။ တခါတလေကျတော့လည်း တရားစခန်းကို ဆယ်ရက်တန်သည် တလတန်သည်ဝင်ပြီး စိတ်တည်ငြိမ်အောင် ကြိုးစားလေ့ရှိတယ်။ တကယ်တော့ ပူတာကို ပူမှန်းသိနေပြီး အေးမြတဲ့ တရားအရိပ်ကို တိုးဝင်ပြီး ရှာနေတယ်ဆိုတာ ကိုယ့်ကိုယ်ကို သတိမထားမိခဲ့တာပါ။

ကျွန်မအသက်(၂၆)နှစ်ဝန်းကျင်မှာ အဘက်ဘက်က ကျရှုံးမှုတွေ ၊ အဆင်မပြေမှုတွေနဲ့ တကယ့်ကို အခက်ခဲဆုံးအချိန်တွေထဲက တချိန်ကို ကြုံတွေ့ခဲ့ရတယ်။ နိုင်ငံရပ်ခြားမှာ ဖြစ်နေတော့ အိမ်ကနေ သမီးအဆင်ပြေနေတယ်လို့ ထင်ပြီး စိတ်ချမ်းသာနေတဲ့ အမေကို မသိစေချင်ဘူး။ ကျွန်အမေကို အပူမပေးချင်တာရယ် ၊ ကျွန်မကိုယ်တိုင်လည်း ရင်ထဲကအပူတွေ ငြိမ်းချင်တာရယ်ကြောင့် ကိုယ့်စိတ်ကူးနဲ့ကိုယ် မြန်မာပြည်ပြန်ပြီး တရားစခန်းမှာ သွားနေဖို့ ဆုံးဖြတ်ခဲ့လိုက်တယ်။

လေယာဉ်ပေါ်ကဆင်းလာတဲ့အဝတ်အစားဟာ ယောဂီအဝတ်အစားမဟုတ်ပါဘူး။ကျွန်မလေယာဉ်ဆိုက်တဲ့အချိန်က မနက်(၉)နာရီဝန်းကျင် စောသေးလို့ လေဆိပ်ထဲမှာ ဟိုကြည့်ဒီကြည့် အချိန်ဖြုန်း ၊ (၁၁)နာရီဝန်းကျင်လောက် လှည်းတန်းဘက် အငှါးကားနဲ့ ရောက်ခဲ့တယ်။ ဆိုင်တွေ စဖွင့်စပြုနေပြီ။ အဲဒီမှာ မနက်စာစားပြီး အထည်ဆိုင်တဆိုင်က ယောဂီလုံချည်သုံးစုံစာနဲ့ ယောဂီတဘက်အတွက် ပိတ်စဖြတ်ဝယ်ခဲ့တယ်။ ဖွင့်နေပြီဖြစ်တဲ့ အပ်ချုပ်ဆိုင်မှာ ယောဂီလုံချည်နဲ့တဘက် ချုပ်ပေးဖို့အပ်တယ်။ တစ်နာရီလောက်ကြာမယ်ဆိုတော့ အဲတော့မှ ဖွင့်စပြုနေတဲ့ဆိုင်မှာ တရားစခန်းထဲ အဆင်ပြေပြေဝတ်လို့ရမယ့် ခပ်ရိုးရိုး ဘလောက်စ်အင်္ကျီသုံးထည်ဝယ်တယ်။ အဲဒီမှာ လက်ထဲပါခဲ့တဲ့ မြန်မာငွေကုန်သွားခဲ့ပြီ။

ဘဏ်ကိုသွားပြီး မြန်မာနိုင်ငံမှာထဲက စုထားခဲ့တဲ့ ငွေနည်းနည်း သွားထုတ်တယ်။ အပ်ထားတဲ့လုံချည်နဲ့တဘက်ပြန်ရွေးပြီးနောက်မှာ နီးစပ်ရာ ရှော့ပင်းမောလ်ထဲက အများသုံးရေအိမ်မှာ ယောဂီဝတ်ဝင်လဲတယ်။ ပြီးတော့ တရားစခန်းကို တိုက်ရိုက်သွားခဲ့တယ်။ အရင်က မဟာစည်မှာ တရားစခန်းဝင်နေကျပေမယ့် အမေဘုန်းကြီးဆီ ဆွမ်းလာကပ်တာမျိုးလုပ်ရင် ကိုယ့်တွေ့သွားနိုင်တာမို့ ရွှေမင်းဝံတရားစခန်းကို ပထမဆုံးအကြိမ်သွားတာ မွန်းလွဲတစ်နာရီကျော်ကျော်လောက် ရောက်သွားခဲ့တယ်။

တရားစခန်းမှာ နှစ်ပတ်စာ ဆွမ်းစရိတ်သွင်းပြီး တရားစခန်းဝင်ဖို့ဖောင်ဖြည့်တယ်။ လေယာဉ်ကဆင်းကတည်းက အဝတ်ဆယ်စုံစာလောက်ရှိတဲ့အိတ်နဲ့ အရေးကြီးတဲ့ဖိုင်တခုရယ် ၊ ဝတ်ထားတဲ့ လက်ဝတ်လက်စားရယ်ပဲ ပါလာခဲ့တာဆိုတော့ သိပ်များများစားစား မရှိပါဘူး။ အလုပ်ပေးတရားက သုံးနာရီခွဲလောက်မှ နာရမှာ ညစာ စားခွင့်မရှိတော့တာမို့ ဒီနေ့ သီလမယူထားတဲ့အတူတူ စားချင်ထွက်စားနိုင်တယ်တဲ့။ အချိန်ကလည်း လိုသေးတာမို့ တရားစခန်းရဲ့ မလှမ်းမကမ်းက ကုန်စုံဆိုင်လေးမှာ အသုပ်လည်းရောင်းတာမြင်လို့ အသုပ်တပွဲ အဖြစ်ဝင်စားရင်း မြင်နေတဲ့ သွားတိုက်ဆေး ၊ သွားပွတ်တံ ၊ ဆပ်ပြာ ၊ မျက်နှာသုတ်ပုဝါတွေကို ဝယ်ဖို့ အဲဒီတော့မှ သတိရတယ်။ အဲဒီမှာပဲ ရရာဝယ်ပြီး ချိန်းထားတဲ့အချိန် ရုံးကိုအရောက်ပြန်သွားတော့ ကိုယ်နေရမယ့်အဆောင်ကို ဆရာလေးတစ်ဦးက လိုက်ပို့တယ်။

အဲဒီတော့မှသိရတာက အဆောင်မှူးဟာ မနေ့ညကတင် အစာအိမ်ပေါက်လို့ဆိုလား ညတွင်းချင်း ဆေးရုံတင်လိုက်ရတာတဲ့။ သူက လက်ထောက်အဆောင်မှူးဖြစ်ပြီး ယာယီတာဝန်ယူမှာတဲ့။ အဲဒီဆရာလေးကိုပဲ ကိုယ့်လက်ဝတ်တန်ဆာတွေရယ် ၊ ပါလာတဲ့နိုင်ငံခြားဒေါ်လာတွေရယ် ၊ အရေးကြီးတဲ့ စာရွက်စာတန်းတွေပါတဲ့ဖိုင်ဆိုတာရယ်ကို အပ်လိုက်တယ်။ ကိုယ့်မှာကျန်တာ လူဝတ်တွေရှိတဲ့ အဝတ်ထုပ်ရယ် ယောဂီဝတ်သုံးစုံရယ် ၊ တရားစခန်းသုံး တိုလီမုတ်စပဲရှိတယ်။ အချိုရည်လည်းမရှိသလို အစာပြေစားဖို့ ထန်းလျက်တောင်မရှိဘူး။ အဲဒီတော့မှ ဆရာလေးကမေးတယ်။ ခေါင်းအုံး ၊ ဆောင်နဲ့ ခြင်ထောင်မပါဘူးလားတဲ့။

အဲဒီဆရာလေးကို ကျွန်မ လေဆိပ်က တန်းလာခဲ့တာမို့ ဘာမှမပါဘူး။ ရတယ်။ ဖြစ်သလိုပဲနေမယ်ဆိုတော့ အခန်းတွေမှာ စုံလိုက်ပြည့်နေပြီမို့ ကိုယ်တစ်ယောက်တည်း တခန်းနေရမှာ နေရဲလားတဲ့။ ကိုယ့်အပူနဲ့ကိုယ်ဆိုတော့ ပိုတောင် သဘောကျသွားသေးတယ်။ တရားစခန်းလာတာ တရားရှာဖို့လာတာပဲ အဖော်ရှာဖို့မှမဟုတ်တာ။ အခန်းဖော်မရှိလည်းဘာဖြစ်လဲဆိုပြီး ရတယ် ၊ နေရဲတယ်ပေါ့။ အဲဒီလိုတစ်ယောက်တည်းနေရတော့ ဝဇီပိတ် တရားစခန်းဝင်သလို ဖြစ်သွားတယ်။

နဂိုကတည်းက ခပ်ရှင်းရှင်း ၊ ခပ်ပြတ်ပြတ်နေတတ်သူဖြစ်တဲ့အတွက် ဘေးခန်းကလူတွေကိုလိုက်မိတ်ဆက်တာမျိုး ၊ စကားရှာပြောတာမျိုးတွေ တရားစခန်းဝင်တိုင်း လုပ်လေ့မရှိတာမို့ တရားပဲမှတ်နေတဲ့ကျွန်မကို ဘယ်သူကမှ စကားလာပြောမေးမြန်းတာမျိုး မလုပ်ခဲ့ဘူး။

အဲဒီအချိန်က ကျွန်မရင်ထဲမှာ ကိုယ့်အပူနဲ့ကိုယ်မို့ ရင်ထဲကအပူတွေ ငြိမ်းချင်တယ် ၊ ဖြစ်နိုင်ရင် ဒီလောကကြီးကနေ အငွေ့ပျံပျောက်သွားချင်လောက်အောင် စိတ်ဓါတ်ကျနေတဲ့အချိန်ပေါ့။ ဒီလိုစိတ်ဓါတ်ကျပြီး အငြိမ်းဓါတ်ကို အပတ်တကုတ် ရှာဖွေချင်စိတ်ရှိနေတာမို့ တရားစခန်းခေတ္တလာခိုတာထက်ကို အဓိပ္ပါယ်ပိုလေးနက်တယ်။ သူများတကာလို တရားစခန်းက အချိန်ဇယားအတိုင်း တရားကျင့်တယ်ဆိုပေမယ့် သီလရင်တွေနဲ့ အမျိုးသမီးယောဂီတွေကို တကယ်စည်းကြပ်တဲ့ အဆောင်မှူးဆရာလေးက ဆေးရုံမှာဆိုတော့ ခဏဝင်ပြီးတာဝန်ယူတဲ့လက်ထောက်က သိပ်စည်းကမ်းမကြပ်ဘူး။ တရားထိုင်ချိန်ဆိုပေမယ့် လမ်းလျှောက်တရားမှတ် (စင်္ကြံလျှောက်) နေလည်း ခွင့်ပြုတယ်။ ဒီအတိုင်းပဲ လမ်းလျှောက်တရားမှတ်ချိန်မှာ တရားထိုင်နေလည်း ခွင့်ပြုတယ်။ တချို့ယောဂီတွေ စကားပြောတာတောင် မကျယ်ရင် ခွင့်ပြုတာမျိုးအထိရှိတော့ စိတ်လွတ်လပ်တာပေါ့။

ဒီမှာ ကျွန်မတရားကျင့်ပုံကို ဝေမျှပါရစေ။ ဆရာတော် တရားစစ်ချိန်ကလွဲပြီး ဝဇီပိတ်လို တရားကျင့်ခဲ့တဲ့ကျွန်မက သူများတွေအကုန်ပြီးသွားတဲ့အသံကြားမှ မျက်နှာသစ် သွားတိုက်တာမျိုး ၊ ရေချိုးတာမျိုးကိုလုပ်တယ်။ စားရင်လည်း အစာအာဟာရနဲ့ အရသာကို အဓိကထားဖို့ထက် တကယ်ကို အစာစားသောက်ခြင်းအဆင့်ဆင့်မှာ တရားမှတ်ရင်းစားသောက်တယ်။ ဆွမ်းစားရင်လည်း အဝစားတာမျိုးမလုပ်ဘဲ ထည့်ထားတဲ့တပန်းကန်ကိုပဲ တရားမှတ်ရင်းစားတယ်။ ဆွမ်းစားဆောင် အသွားအပြန်ကို အသေးစိတ်တရားမှတ်ရင်း သွားလာတာမျိုးမလုပ်ဘဲ ဘယ်လှမ်း ၊ ညာလှမ်း ခပ်ကျဲကျဲမှတ်ရင်း အဆောင်ကို မြန်မြန်ပြန်လေ့ရှိတယ်။ ဆွမ်းစားပြန်လာပြီးတာနဲ့ လျောင်းလျက်တရားမှတ်ရင်း တရေးတမောအိပ်ဖြစ်အောင်အိပ်တယ်။ နေ့လည်ပြန်တရားမှတ်ချိန်မှာ ကိုယ်ကတရေးနိုးဆိုတော့ အားပြန်ပြည့်လာသလို ခံစားရတယ်။

ဒါတွေဘာကြောင့်ပြောရတာလဲဆို တရားကျင့်တယ်ဆိုတာ စိတ်တွေကို ချုပ်နှောင်ထားလို့မရဘူး ၊ အတန်အသင့် စိတ်လွတ်လပ်မှုရှိမှ တရားကို ပိုအားစိုက်ထုတ်နိုင်တယ်။ ဥပမာ တရားထိုင်ရင်း တရားတက်နေသူကို လမ်းလျှောက်ချိန်မို့ လျှောက်ရင်းမှတ်ပါလို့ စည်းကမ်းကြပ်မယ်ဆို တက်နေတဲ့တရား ၊ မှတ်နေတဲ့တရား အရှိန်ပျက်သွားနိုင်တယ်။ လမ်းလျှောက်မှတ်နေလည်း ဒီအတိုင်းပဲ။ ထိုင်ပါသွားပြောရင် သူ့အရှိန်လေးပျောက်သွားနိုင်တယ်။ ဒါကြောင့် အဆောင်မှူးမရှိတာဟာ ကျွန်မအတွက် ပိုကောင်းသွားခဲ့တယ်။ ဖြစ်ချိန်တန်လို့ ဖြစ်တယ်လို့ပဲ မှတ်တယ်။ အကြောင်းအကျိုး တိုက်ဆိုင်နေတာပေါ့။

တရားရှာတဲ့သူဟာ တရားမှာ အားစိုက်ထုတ်မှုမရှိဘဲ သွားလည်းအဖော် ၊ စားလည်းအဖော် ၊ ဘာလုပ်လုပ် အဖော်ကိုမင်နေတယ်ဆို တရားဟာ တက်သင့်သလောက်မတက်တော့ဘူး။ ဒီလို စားဖော် ၊ သွားဖော် ၊ အိပ်ဖော်ဆိုတဲ့ အခန်းဖော်မရှိတာဟာလည်း ကျွန်မအတွက် ပိုကောင်းသွားစေတဲ့တချက်ပဲဖြစ်တယ်။ ကိုယ်တိုင် အပူတွေနဲ့ လောကကြီးကို စိတ်ကုန်နေတာဟာလည်း တရားရစေဖို့ အားပေးနေတဲ့တချက်ဖြစ်တယ်။ မိသားစုကို အဆက်ဖြတ်ထားလိုတဲ့စိတ်က သံယောဇဉ်ပြတ်ပြတ် တရားအားထုတ်ဖို့ ဖြစ်စေတယ်။ နောက်ဆုံးမှာတော့ စားစား ၊ သောက်သောက် ၊ ဘာလုပ်လုပ် တရားမှတ်ဖြစ်စေတာကလည်း တရားတက်ဖို့ ဖြစ်စေတယ်။ အချိုရည်ကစပြီး အစာပြေစားဖို့ တခုမှမရှိတာကလည်း ရောင့်ရဲတဲ့စိတ်ကို အားပေးတယ်။ ခေါင်းအုံး ၊ ခြင်ထောင် ၊ အိပ်ယာခင်းနဲ့စောင် မပါလာဘဲ ဖြစ်သလိုနေထိုင်သွားတာကလည်း သည်းခံနိုင်မှုကို တွန်းအားဖြစ်စေတယ်။

နောင်ကျွန်မ ဆက်ရေးမယ့် ကိုယ့်တွေ့တရားဆိုင်ရာတွေကို စောင့်ဖတ်မယ့်သူတွေကို ကျွန်မတခုကြိုတောင်းပန်လိုပါတယ်။ ကျွန်မသိလာတဲ့တရားအသိဟာ ကျက်လို့သိတာမဟုတ်ဘဲ ကျင့်လို့ သိတာတွေကို တရားသိလိုသူတွေ သိခွင့်ရအောင် ၊ ကျင့်လိုသူတွေ လိုက်ကျင့်သုံးနိုင်အောင် ဝေမျှပေးတာပါ။ ကျွန်မကိုယ်ကျွန်မ ဘာကြီး ၊ ညာကြီးလို့ ခံယူတာမျိုးမရှိပါဘူး။ ကျွန်မ ဆက်ပြီး တရားကျင့်ရဦးမှာပါ။ ဖြစ်ပျက်တွေရှိနေသမျှ ဖြစ်ပျက်တွေကို ကျွန်မရှုရဦးမှာပါ။ ကျွန်မအကြောက်ဆုံးတခုရှိတယ်။ ငါဘာကြီးပဲ ၊ ငါဘာအဆင့်ရောက်နေတယ်ဆိုပြီး လှမ်းလက်စတွေ ရပ်သွားတာမျိုး ၊ လုပ်လက်စတွေ လက်စသပ်လိုက်တာမျိုး ဖြစ်မှာကိုပါ။ အမြဲတိုင်းထွာပြီး မာန်တက်နေတဲ့ အဲဒီအသိကြီးဟာ တရားကျင့်ရာမှာ ကြောက်ဖို့အကောင်းဆုံးပဲ။

ငါသိနေပြီလို့ထင်နေတာတွေဟာ ငါမသိလာဖို့ အဟန့်အတားဖြစ်စေတာပါ။ သိအောင်ကျင့်ဖို့ကိုလည်း အဟန့်အတားဖြစ်သွားစေတယ်။ ဒါကြောင့် ပညာသင်တဲ့ဆရာတွေကပြောတယ်။ သိယောင်ဝါးတွေကို သင်ရတာအခက်ဆုံးပဲတဲ့။ လုံးဝမသိတဲ့သူကို သင်တဲ့အခါ မှန်ကန်တဲ့ဆရာနဲ့တွေ့သွားပြီး တကယ်လုပ်လိုက်ရင် ထူးချွန်သွားတယ်။ မှန်ကန်တဲ့ဆရာနဲ့မဟုတ်ဘဲ အမှားတွေ သိထား ၊ တတ်ထားတဲ့သူတစ်ယောက်ကို သင်ဖို့ဆိုတာ အမှန်တွေမသင်ခင် သူသိနေတာတွေ မမှန်ဘူးဆိုတာ သူယုံကြည်လာအောင် အရင်လုပ်ရပါတယ်။ သူသိနေတာတွေ မမှန်ဘူးလို့ သူကိုယ်တိုင် ယုံကြည်လက်ခံပါမှ မှန်တာတွေကို သင်ပေးလို့ရမှာပါ။ သင်တဲ့သူ နှစ်လုပ် လုပ်ရတာပေါ့။

ကျွန်မဟာ စာတတ်ပုဂ္ဂိုလ်မဟုတ်ပါဘူး။ ကျက်ပြီးသိလာတာမဟုတ်ဘဲ ကျင့်ပြီး သိလာတာတွေကို နောက်ပိုင်းမှာ ဝေမျှသွားမှာပါ။ ကျွန်မသိခဲ့တာတွေကို လိုရင်းတိုရှင်းရေးသွားမှာမို့ မှားရင်ထောက်ပြပါ။ အမှန်ကိုလမ်းပြပါ။ ကျွန်မရဲ့ စိတ်နှလုံးကို မှန်ကန်သော တရားစစ် ၊ တရားမှန်အတွက် ဖွင့်ထားပြီးသားပါ။

သြကာသ (Burmesehearts.com)

You might also like