Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ဘဝအဓိပ္ပါယ် နှင့် ရှင်သန်ခြင်း၏အဓိပ္ပါယ် – BurmeseHearts

ဘဝအဓိပ္ပါယ် နှင့် ရှင်သန်ခြင်း၏အဓိပ္ပါယ်

0

ဘဝဆိုတဲ့အဓိပ္ပါယ်ကို အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ကြမှာပါ။ လူအမျိုးမျိုးဆိုတော့ စိတ်အမျိုးမျိုးလေ။ ခံယူချက်တွေ အမျိုးမျိုး ကွဲပြားသွားတာမို့ မိမိလိုလားချက် ၊ တောင့်တချက် ၊ ဆန္ဒတွေ ၊ အထင်ကြီးမှုတွေ ၊ ငတ်မွတ်မှုတွေ စသဖြင့်ကို အခြေတည်ပြီးတော့ လူတွေဟာ ဘဝဆိုတဲ့အဓိပ္ပါယ်ကို အမျိုးမျိုးဖွင့်ကြတာပါ။ ကိုယ့်အယူအဆနဲ့ကိုယ်တော့ မှန်ကောင်းမှန်မှာပေါ့။ တယောက်နဲ့တယောက် ခံယူချက်တွေ ကွဲပြားသွားတာကို လက်မခံနိုင်လို့ အငြင်းပွားမယ်ဆိုရင်လည်း အငြင်းပွားကြမှာပေါ့။

ကျွန်မအတွက်တော့ ဘဝဆိုတဲ့အဓိပ္ပါယ်ဟာ ခပ်ရှင်းရှင်းလေးပါ။ ဘဝဆိုတာဟာ ရှင်သန်ခြင်းပဲလေ။ ဘဝဆိုတဲ့အဓိပ္ပါယ်ဟာ ရှင်သန်ခြင်းရဲ့အဓိပ္ပါယ်ပါပဲ။ ရရှိနေတဲ့ဘဝမှာ ဘယ်လိုမျိုးရှင်သန်သွားချင်သလဲဆိုတာကိုမူတည်ပြီး လူတွေရဲ့ခံယူချက်ကွဲပြားသွားတာပါ။

လူချမ်းသာစွာရှင်သန်လိုတဲ့သူတွေရှိမယ် ၊ စိတ်ချမ်းသာစွာရှင်သန်လိုသူတွေရှိမယ် ၊ ကိုယ်ကျန်းမာစွာ ရှင်သန်လိုသူတွေရှိမယ် ၊ သူများအပေါ်လွှမ်းမိုးသွားလိုသူတွေရှိမယ် ၊ သူများအပေါ်ပေးကမ်းလိုသူတွေလည်းရှိမယ်။ လူချင်းတူပေမယ့် အမြင်တွေ ၊ ခံစားချက်တွေ ၊ ခံယူချက်တွေ စသဖြင့် ကွဲပြားသွားတာမို့ ဒီလူတွေရဲ့ ဘဝအဓိပ္ပါယ်ဖွင့်ဆိုချက်တွေ ကွဲပြားသွားတာပါ။

ကျွန်မအတွက်တော့ ရှင်သန်ခြင်းဆိုတဲ့အဓိပ္ပါယ်ဟာ ရှင်းပါတယ်။ ဝင်လေ ၊ ထွက်လေရှိနေတာ ၊ နှလုံးကလေးခုန်နေတာ ၊ သွေးကြောကလေးတွေ လှုပ်ခုန်နေတာဟာ ရှင်သန်ခြင်းတခုပါပဲ။ ဘာတွေဘယ်လိုဖြစ်ဖြစ် ၊ ဘယ်အခြေအနေကိုပဲရောက်ရောက် ဒီဟာတွေခံစားနေရသမျှ လူတွေဟာ ရှင်သန်နေဦးမှာပဲ။ ရှင်သန်ခြင်းဆိုတဲ့အဓိပ္ပါယ်ဟာ ပကာသနတွေ ၊ ခံစားမှုတွေ ၊ ခံယူချက်တွေနဲ့ ဖုံးလွှမ်းထားတာမျိုးမဟုတ်ရင် သိပ်ကိုရိုးရှင်းပါတယ်။

ဒီလို ဝင်လေ ၊ ထွက်လေရှိနေတာ ၊ နှလုံးကလေးခုန်နေတာ ၊ သွေးကြောကလေးတွေ လှုပ်ခုန်နေတာကို လူတွေက သတိမထားမိလို့ အာရုံမစိုက်မိလို့ ရှင်သန်မှုဆိုတာကို ပကာသနတွေ ၊ ခံစားမှုတွေ ၊ ခံယူချက်တွေ ၊ တခြား အတွေးအမြင်တွေနဲ့ ဖုံးလွှမ်းသွားခဲ့တာပါ။

တခါတလေ ဘဝဆိုတဲ့အဓိပ္ပါယ် ၊ ရှင်သန်ခြင်းဆိုတဲ့အဓိပ္ပါယ်ကို ငွေကုန်ကြေးကျ အများကြီး အကုန်အကျခံ ၊ အချိန်တွေအကုန်ခံပြီး တခုတ်တရ လိုက်ရှာနေတဲ့သူတွေလည်းရှိတယ်။ ဒါဟာ ကိုယ့်ကိုယ်ထဲမှာ ဖြစ်နေတာကို ကိုယ်တိုင် သတိမထားမိတဲ့အတွက် အပြင်မှာ လိုက်ရှာနေရတာပါ။ တကယ်ဆို မသိစိတ်ကလေး ဖုံးလွှမ်းနေလို့ပါပဲ။

BurmeseHearts Blog

ဝင်လေ ၊ ထွက်လေ ရပ်တန့်သွားမယ်ဆိုရင် ၊ နှလုံးခုန်တာအတော်ကြာ ရပ်တန့်သွားမယ်ဆိုရင် ၊ သွေကြောကလေးတွေဟာ လှုပ်ခုန်မှုမျိုးမရှိဘဲ ငြိမ်သက်သွားခဲ့မယ်ဆိုရင် ရှင်သန်ခြင်းဟာ ရှိပါဦးမလား ။ ဘဝဆိုတာ ရှိပါဦးမလား။ ဘဝဆုံးသွားပြီလေ။ အများအပြောအရဆို သေဆုံးသွားခဲ့ပြီပေါ့။

ဒါကြောင့်မို့လို့လည်း ဘဝဆိုတဲ့အဓိပ္ပါယ်ကို ရှင်သန်ခြင်းလို့ ကျွန်မကအဓိပ္ပါယ်ဖွင့်ခဲ့ပြီး ရှင်သန်ခြင်းဆိုတာကတော့ ကိုယ်တွင်းဖြစ်ပျက်ပြောင်းလဲနေတာတွေကြောင့်ပါ။ ကျွန်မတို့ သတိထားမိသည်ဖြစ်စေ ၊ သတိမထားမိသည်ဖြစ်စေ ရှင်သန်နေသမျှကာလပတ်လုံး ဒီဟာတွေက သူ့နည်းသူ့ဟန်နဲ့ ဖြစ်ပျက်ပြောင်းလဲနေပါတယ်။ အသိစိတ်ကလေးကပ်ထားမယ်ဆိုရင် ဒါကို သတိထားမိမယ်။ အသိစိတ်မကပ်ထားနိုင်ရင် သတိမထားမိဘူး။

တကယ်ဆို ရုပ်နဲ့နာမ် နှစ်မျိုးတည်းရှိတာပါ။ ဆင်းရဲပါစေ ၊ ချမ်းသာပါစေ ၊ ကျော်ကြားပါစေ ၊ နုံချာပါစေ ဒီရုပ်ကြီးပါပဲ။ ဒီခန္ဓာကြီးပါပဲ။ ဘာတွေဘယ်လိုပဲ အပေါ်က အထပ်ထပ် တန်ဆာဆင်ထားပါစေ။ ဒီရုပ်ကြီးပါပဲ။ ဒီခန္ဓာကြီးပါပဲ။

လူ့ဘဝထဲမှာ ချစ်တာလည်းခံစား ၊ မုန်းတာလည်းခံစား ၊ ပျော်ရွှင်မှုတွေလည်းခံစား ၊ ဝမ်းနည်းမှုတွေလည်းခံစား ၊ ဆန္ဒတွေလည်းအများသားနော်။ ဒီလိုခံစားနေတာတွေ ၊ ဆန္ဒတွေကို သိနေတာက နာမ်လေ။ နာမ်ဆိုတာ အသိစိတ်ကလေးကိုဆိုလိုတာပါ။

အသိစိတ်ကလေးဆိုလို့ ဦးနှောက်လားလို့ မထင်လိုက်နဲ့ဦး။ ဦးနှောက်ဆိုတာ ရုပ်ခန္ဓာရဲ့အစိတ်အပိုင်း။ အသိစိတ်ကလေးဆိုတာ ဖမ်းဆုပ်ထုတ်ပြလို့မရတဲ့ နာမ်အစိတ်အပိုင်းပါ။ ဘာလိုချင်ချင် ၊ ဘယ်စိတ်ရောက်ရောက် ၊ ဘာဖြစ်ဖြစ် သိနေတာဟာ နာမ်ပါ။ ဒါဆိုရင် ရုပ်နဲ့နာမ် ကွဲပြားသွားပြီပေါ့နော်။

တကယ်တရားအားထုတ်တဲ့သူဆိုတာ ဖြစ်နေတာတွေကို ရုပ်သဘောတရား ၊ သိနေတာတွေကို နာမ်သဘောတရားလို့ မြင်အောင်ကြည့်ရုံပါ။ နောက်ဆုံးမှာ ဖြစ်နေတာနဲ့သိနေတာ ၊ ရုပ်နဲ့နာမ် နှစ်မျိုးတည်းရှိပါလားလို့ သေချာစွာ ကွဲကွဲပြားပြားသိလာတဲ့တနေ့ကျရင် တရားကိုသိလာပြီပေါ့။

သြကာသ (Burmesehearts.com)

You might also like