Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မိခင်များ မကျန်းမာတဲ့အခါ – BurmeseHearts

မိခင်များ မကျန်းမာတဲ့အခါ

0

သားသည်မိခင်တွေဟာ သူတို့ကလေးကို လွယ်ထားရတဲ့အချိန်မှသည် ကလေးဘယ်အရွယ်ရောက်ရောက် နောက်ကြောင်း စိတ်မဖြောင့်နိုင်သူတွေဖြစ်ပါတယ်။ ကျွန်မဆိုလိုတဲ့ မိခင်တွေဆိုတာ သားသမီးသံယောဇဉ်ကြီးမားတဲ့ မိခင်အများစုကို ဆိုလိုတာဖြစ်ပြီး သားသမီးသံယောဇဉ်ဆိုတာ ဘာမှန်းမပြောပြတတ်တဲ့ အပေါ့စား မိခင်တွေတော့ မပါဝင်ပါဘူး။ အပေါ့စားမိခင်ဆိုတာ သားသမီးတွေရလာပေမယ့်လည်း ခပ်ပေါ့ပေါ့တွေး ၊ ခပ်ပေါ့ပေါ့နေထိုင်တတ်သူတွေကို ဆိုလိုတာပါ။

ကိုယ့်အရေးထက် သားသမီးအရေးကို လေးလေးနက်နက် တွေးသူတွေကျတော့ စားစား ၊ သွားသွား သားသမီးအရေးဆိုတာ ရှေ့ဆုံးကနေ အတွေးထဲ ၊ အစီအစဉ်ထဲ ၊ လုပ်ကိုင်ဆောင်ရွက်မှုတွေထဲ ဦးစားပေးတတ်သူတွေပါ။ “ဒီကလေးတွေနဲ့ ငါ သေသာ သေလိုက်ချင်တော့တယ်။” လို့ အဖန်ဖန်ရေရွတ်တတ်တဲ့ မိခင်တွေဟာ သေဖို့နေနေသာသာ နေမကောင်း နာမကျန်းဖြစ်ဖို့တောင် စိတ်မဖြောင့်နိုင်သူတွေပါ။ ဒါကို သူတို့မကျန်းမမာဖြစ်ပြီး အိပ်ယာထဲလဲတဲ့အခါ ပိုသိသာလာပါတယ်။

သားသမီးတွေကိစ္စ ကိုယ်လုပ်ကိုင်နိုင်တုန်းက လုပ်ပေးနိုင်သမျှ လုပ်ပေးနေတာမို့ မလုပ်ကိုင်နိုင်တော့ရင်ဆိုတဲ့အတွေး မိခင်တွေခေါင်းထဲ မဝင်လာတတ်ပေမယ့် အလုပ်ဒဏ်ပိလို့ပဲဖြစ်ဖြစ် ၊ ဇရာပိလို့ပဲဖြစ်ဖြစ် ၊ ရောဂါပိလို့ပဲဖြစ်ဖြစ် ၊ တဒင်္ဂဖျားနာလို့ပဲဖြစ်ဖြစ် သူတို့လုပ်ကိုင်နေကျ အလုပ်တွေ မလုပ်ကိုင်နိုင်တော့တဲ့အခါ သူတို့ဟာ သူတို့ရဲ့ကျန်းမာရေးထက် သားသမီးတွေ အဆင်မပြေမှာ ၊ အိမ်မယ် အဆင်မပြေမှာ ၊ ခင်ပွန်းအဆင်မပြေမှာကို ပိုပူပန်တတ်ကြပါတယ်။ ဒါ မှန် ၊ မမှန်ကို မိခင်တွေ နာမကျန်းဖြစ်တဲ့အခါ သတိထားကြည့်ပေါ့။ ဖခင်တွေလည်း အလားတူစိတ်မျိုး ဖြစ်နိုင်ပေမယ့် မိန်းမသားဖြစ်တဲ့ မိခင်က မိသားစုကို ပိုခင်တွယ်တာ ၊ ပိုပူပင်တတ်တာ ၊ ပိုစိုးရိမ်ပြီး စိတ်မဖြောင့်တတ်တာတွေက ဖခင်တွေထက် ပိုကြီးမားတယ်။ ဘာဖြစ်လို့လဲဆို အိမ်ထဲက အလုပ်ယန္တရားကြီး အဆင်ပြေပြေ လည်ပတ်နေဖို့က သူမဦးဆောင်နေတာလေ။

ကလေး မနက်စာအရံသင့်စားရအောင် ၊ ကျောင်းသွားမယ့်သားသမီး နဲ့ အလုပ်သွားမယ့်ခင်ပွန်း ထမင်းချိုင့် အလျင်မီအောင် ၊ ဘုရားဆွမ်း ၊ ပန်း ၊ ရေချမ်း ၊ ဆီမီး မပြတ်ဖို့အပြင် အိမ်က ဆပ်ပြာမှုန့် ၊ ကိုယ်တိုက်ဆပ်ပြာ ၊ သွားတိုက်ဆေးကအစ မီးဖိုချောင်သုံးပစ္စည်းတွေ မပြတ်လပ်အောင် ဖြည့်ရတာ ၊ လသားကလေးနဲ့ လူမမယ်ကလေးအတွက် လိုအပ်တာတွေ ဖြည့်ဆည်းရင်း  ၊ မျက်စိဒေါက်ထောက်ထိန်းရင်း အိမ်မှုကိစ္စတွေလုပ်ကိုင်ရတာ ၊ သူမအလုပ်တွေပြောရင် မိုးမလင်းမီ မျက်စိနှစ်လုံးမပွင့်တပွင့် အချိန်ကနေ မိုးချုပ် ညအိပ်ရာဝင်ချိန်အထိ အိမ်မက်ထဲမှာတောင် လုပ်စရာတွေ ပုံနေတတ်တာမျိုးပါ။

သူတို့နာမကျန်းဖြစ်လို့ အိပ်ယာထဲ မဖြစ်မနေလှဲနေရရင်တောင် ဒီအချိန် ငါဘာလုပ်ရမယ် ၊ ကလေးတွေ ရေချို့ပြီးရဲ့လား ၊ အဆင်ပြေပြေစားသောက်ကြရဲ့လား ၊ အဝတ်လျှော်မီးပူတိုက် ဘယ်သူလုပ်ပေးပါလိမ့် ၊ အဆင်ပြေကြရဲ့လား စသဖြင့် စိတ်စွဲပြီး အိမ်ရာထဲကနေ လှမ်းပူနေတတ်တာမျိုးပါ။ သူတို့များ ထိုင်နိုင်လာပြီဆိုရင် မထနိုင်ပေမယ့်လည်း ထိုင်လျက်ကလေး လုပ်ရတဲ့အိမ်အလုပ်တွေ လုပ်နေတတ်တာမျိုးပါ။

ကလေးတွေ နေမကောင်းလို့ပဲဖြစ်ဖြစ် ၊ ခင်ပွန်းနေမကောင်းလို့ပဲဖြစ်ဖြစ် ဖွယ်ဖွယ်ရာရာလေး ဝယ်ချက်ပြုတ် ပြင်ဆင်ပေးတတ်တဲ့သူမ ၊ ကိုယ့်မိသားစုဝင်တွေ အမြန်နလန်ထအောင် ပြုစုရင်း ၊ ချက်ပြုတ်ရင်း စိုးရိမ်ပူပင်တတ်တဲ့သူမ နာမကျန်းဖြစ်တဲ့အခါ သူမအနားမှာ ပြု စုပေးတဲ့သူမရှိတာတောင် ရင်နာဖို့သတိမရဘဲ မိသားစုဝင်တွေအတွက် အိပ်ရာထဲက ပူပင်ပေးနေတဲ့ သူမရဲ့မေတ္တာဟာ စာဖွဲ့ရနိုင်ရိုးလားနော်။ သူမရုပ်သွင်ကနေဖြစ်ဖြစ် ၊ သူမရဲ့ စကားတွေကနေဖြစ်ဖြစ် သူမရဲ့ ပူပင်မှုကို သိမြင်နိုင်ပေမယ့် သူမရင်ထဲက ပူပန်မှုတွေကို သူမလောက် ကျွန်မတို့ မသိနိုင်ကြပါဘူး။

BurmeseHearts Blog

ဒီလိုအပူအပင်ကြီးလို့လည်း မိခင်တွေဟာ တော်ရုံ မနာဖျားချင်ကြဘူး ၊ နာဖျားရင်လည်း အနားယူဖို့ ခေါင်းမာတတ်ကြပါတယ်။ မတတ်နိုင်တဲ့မိခင်တွေက သူမကိုကုရင်း ကုန်သွားမယ့်ငွေတွေကို နှမျောလို့ပဲဖြစ်ဖြစ် ၊ အနားမယူချင်လို့ပဲဖြစ်ဖြစ် ၊ တော်ရုံခံစားရတာလေးကို အစာလေးနဲ့ ၊ နီးစပ်ရာ ကောင်းနိုးရာရာ မြန်မာဆေးလေးနဲ့ ၊ ကြားဖူးနားဝ အင်္ဂလိပ်ဆေးနဲ့ သက်သာလိုက်ချင်တာမျိုးပါ။

တတ်နိုင်တဲ့မိခင်တွေကျပြန်တော့လည်း တော်ရုံခံစားရတဲ့ဝေဒနာကို သွားမကုလိုကြဘူး။ အဲဒီအတွက် အချိန်မပေးလိုတာလည်းပါတယ် ၊ ရောဂါလေးမဖြစ်စလောက်လို့ သူတို့ထင်နေရာကနေ ရောဂါကြီးတွေ စစ်ဟယ် ၊ ဆေးဟယ်ပေါ်လာရင် ကုနေရဦးမယ် ၊ ဆေးရုံတက်နေရဦးမယ် စတဲ့ အိမ်ကမိသားစုနဲ့ ခွဲနေရမယ်ဆိုတဲ့ အတွေးနဲ့တင် တော်ရုံ ဆေးရုံဆေးခန်းမှာ သွားမပြလိုကြဘူး။ မိသားစုဝင်တွေများ တခုခုဖြစ်ကြည့် “အပ်နဲ့ထွင်းရမယ့်ဟာ ပေါက်ဆိန်နဲ့ ပေါက်နေရဦးမယ်” ဆိုပြီး ကုသမှုတွေယူဖို့ ဆော်သြတတ်သူ ၊ ဦးဆောင်ဦးရွက်ပြု ပြီး ဆေးရုံဆေးခန်း ပူပူပင်ပင်ခေါ်သွားတတ်သူဟာ မိခင်ပါပဲ။

အိမ်ရှင်မ မိခင်ဖြစ်သူမကျန်းမာလို့ ရက်ပိုင်းလေး အိပ်ရာထဲလဲသွားရင်တောင် ပြန်နလန်ထူလာချိန်မှာ လုပ်စရာတွေက အရင်ထက် အဆပေါင်းများစွာ စောင့်ကြိုလို့နေပါပြီ။ ဘာအလုပ်တွေလဲဆိုတော့ အိမ်မှာရှိတဲ့ အိမ်ထောင်ဦးစီးနဲ့ သားသမီးတွေ မမြင်တတ်တဲ့ ၊ လုပ်နေကျလည်းမဟုတ်တဲ့ အလုပ်တွေပါ။ သူမအိပ်ရာပေါ်က ဆင်းလိုက်ပြီဆိုတာနဲ့ လျှော်စရာအဝတ်တွေ ပုံနေနိုင်ပါတယ်။ အိပ်ယာခင်း ၊ ခေါင်းအုံးစွပ်မှသည် လိုက်ကာတွေကိုလည်း သူမဟာ ချွတ်လဲလို့ လျှော်နေနိုင်ပါတယ်။ နေမကောင်းတုန်း မပြောင်မလင်ဖြစ်နေတဲ့ ကြမ်းတွေကို သူမဟာ ဆေးချင်ဆေးနေနိုင်ပါသေးတယ်။ အိမ်သားတစ်ဦးချင်းစီရဲ့ ဗီရိုထဲက ပွနေတဲ့ အဝတ်အစားတွေနဲ့ စားပွဲပေါ်က စာအုပ်တွေ ၊ စာရွက်တွေကိုလည်း စီရရီလေးနဲ့ လုပ်ပေးချင်ပါသေးတယ်။ ဖုန်တွေ ၊ ကြပ်ခိုးတွေ ရှင်းချင်ပါသေးတယ်။

ရေချိုးခန်းဝင်ပြီဆိုရင်လည်း ဝယ်စရာရှိတာတွေ ၊ ဖြည့်စရာရှိတာတွေ ဗြစ်တောက်ဗြစ်တောက်ပြော ဦးနှောက်ထဲမှတ်သားရင်း ကျိချွဲနေတဲ့ ရေချိုးခန်းနံရံတွေ ၊ ကြမ်းပြင်တွေ ၊ ရေအိမ်နံရံ ၊ ကြမ်းပြင်တွေနဲ့ သန့်ရှင်းစရာရှိတာတွေ ၊ နံစော်နေတာတွေကို တရစပ်လုပ်ကိုင်ချင်ပါသေးတယ်။ မီးဖိုချောင်ဝင်တဲ့အခါမှာလည်း အားလုံးကို သူမ ကျန်းမာစဉ်တုန်းကလို အကျအန သပ်သပ်ရပ်ရပ်လေး ခင်းကျင်းထားသိုလို့ သန့်ရှင်းချင်ပါသေးတယ်။

မီးပူတိုက်ရမယ့်အဝတ်တွေ ၊ ဖာထေးရမယ့်အဝတ်တွေ ၊ ပစ်ထုတ်ရမယ့်အဝတ်တွေကိုလည်း သူမဟာရွေးချယ်ပြီး သင့်ရာ သင့်ရာ လုပ်ကိုင်နေပါဦးမယ်။ အိမ်ပြန်ရောက်လာမယ့် အိမ်သားတွေ အဆင်သင့် စားနိုင်မယ့် ဟင်းအမယ်တွေကို ရှိတာလေးနဲ့ ချက်ပြုတ်နိုင်အောင် သူမ စဉ်းစားချက်ပြုတ်နေနိုင်ပါသေးတယ်။ ဒါတွေဟာ အိမ်ရာထဲကနေ ထနိုင် ၊ သွားနိုင်လာစ အိမ်ရှင်မကောင်းတွေရဲ့ မပြီးစီးနိုင်သော အလုပ်တွေပါ။

သူမ အိပ်ရာထဲလဲနေချိန် သူမ ပူပင်နေတဲ့အလုပ်တွေအပြင် ခင်ပွန်းနဲ့သားသမီးအရေးကိုလည်း ပူပင်နိုင်ပါသေးတယ်။ သူမ ပူပင်နေတဲ့အိမ်သားတွေက အိပ်ရာထဲကသူမကို ချိုသာစွာ ဆက်ဆံပါရဲ့လား ၊ အနွံအတာခံလို့ ပြုစုပါရဲ့လား ၊ စိတ်အေးရအောင် ဖြေသိမ့်ပေးပါရဲ့လား ၊ ခံတွင်းတွေ့အောင် ကျွေးမွေးပါရဲ့လား ၊ နွေးထွေးစွာ ကြင်နာပါရဲ့လား။

သူမကို ဒီမိသားစုက တန်ဖိုးထားသည်ဖြစ်စေ ၊ တန်ဖိုးမထားသည်ဖြစ်စေ သူမကတော့ သူမ မရှိရင် ဒီမိသားစု ကမောက်ကမ မဖြစ်ရလေအောင် သူမဖြည့်ဆည်းပေးနေကျအရာတွေကို နေမကောင်းပေမယ့်လည်း ဖြည့်ဆည်းပေးချင်သူပါ။ မကျန်းမာပေမယ့်လည်း ကိုယ့်အတွက်မပူ အများအတွက် ပူပေးသူပါ။ ပူညံပူညံ သူမအသံတွေ မကြားရရင် ငြိမ်းချမ်းတယ်လို့ မိသားစုဝင်တွေ ထင်ကောင်း ထင်နေနိုင်ပေမယ့် ပူညံပူညံ သူမသာမရှိရင် ဒီခင်ပွန်းနဲ့ ဒီသားသမီးတွေ ဒီအိမ်ထောင်ထဲ တကယ် ငြိမ်းအေးစွာ နေနိုင်ပါ့မလား ……

ရတု (Burmesehearts.com)

You might also like