Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကလေးနှင့် အပြန်အလှန် နားလည်မှု တည်ဆောက်ခြင်း – BurmeseHearts

ကလေးနှင့် အပြန်အလှန် နားလည်မှု တည်ဆောက်ခြင်း

0

ဂရုစိုက်တတ်အောင် သင်ယူလို့ရပါတယ်။ ဂရုစိုက်ချင်စိတ်ပဲ လိုတာပါ။
ဂရုစိုက်တတ်အောင် သင်ယူလို့ရပါတယ်။ ဂရုစိုက်ချင်စိတ်ပဲ လိုတာပါ။

စကားလုံးတွေဟာ ဘာဆိုလိုတယ်ဆိုတာ ဖော်ပြပေးတယ်ဆိုပေမယ့် စိတ်ခံစားချက်ကြောင့် ဖြစ်ပေါ်လာတဲ့ အပြုအမူတွေကတော့ ဆိုလိုရင်းအဓိပ္ပါယ်ကို ပိုသိသာ ၊ မြင်သာစေပါတယ်။ ဒါကြောင့်လည်း “Actions speak louder than words.” လို့ ဆိုကြတာဖြစ်ပါတယ်။ မြန်မာတွေ ပြောကျင့်စကားနဲ့ဆို “ပါးစပ်ကဘုရား ၊ ဘုရား လက်က ကားယား ကားယား” တို့ “အပြောကတော့  ရွှေမန်း ၊ အက ကတော့ ချိုမိုင်မိုင်” တို့ လိုမျိုး လူတစ်ယောက်ဟာ ဘယ်လို ၊ ဘာတွေ ပြောနေပါစေ သူ့စိတ်ထားကို သူ့လုပ်ရပ်က ရောင်ပြန်ဟပ်စေတာပါ။ သားသမီးကို ဂရုစိုက်တယ်ဆိုတာကလည်း စကားလုံးတွေနဲ့ချည်း ဂရုစိုက်လို့မရတော့ သူ့ကိုဂရုစိုက်ပါတယ်လို့ သိအောင် ဘယ်လို လုပ်ပေးမလဲဆို အပြုအမူတွေနဲ့ ဖော်ပြရမှာပါ။

ကိုယ့်ဘာသာကိုယ် လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းလည်းမရှိ ၊ လောကကြီးအကြောင်းလည်း မသိသေးတဲ့ ကလေးတွေဟာ သူတို့ရဲ့အပူနဲ့ စိတ်ဖိစီးမှုဆိုတာတွေကို ငိုကြွေးခြင်းဆိုတာနဲ့ပဲ ပေါ်လွင်အောင် ပြသနိုင်ကြပါတယ်။ အထူးသဖြင့် စကားမပြောတတ်သေးတဲ့ ကလေးငယ်တွေဟာ ပိုပြီး ငိုကြွေးတတ်ကြပါတယ်။ သူဘာလိုချင်တယ် ၊ ဘာဖြစ်ချင်တယ်ဆိုတာကို အထာမကောက်တတ်ရင် သူဟာ ပိုငိုနိုင်ပါသေးတယ်။ ဒါဟာ သူ့စိတ်ဖိစီးမှုဒီဂရီ ပိုမြင့်တက်လာတာကို ပြတာပါ။

သူ့ကိုနားလည်ပေးနိုင်တဲ့သူ ၊ သူ့အထာကိုသိတဲ့သူ ၊ သူ့ဆန္ဒတွေကို အနီးစပ်ဆုံးဖြည့်ဆည်းပေးနိုင်သူရဲ့ အသံ ၊ မျက်နှာ မြင်လိုက်ပြီဆိုတာနဲ့ ကလေးဟာ စိတ်ဖိစီးမှုတွေ ပြေပျောက်လာပါတယ်။ ဒါဟာ ဒီလူ့အပေါ် သူယုံကြည်မှုရှိလို့ပါ။ ဒီလူက သူခံစားနေရတဲ့ အခြေအနေတွေက လွတ်မြောက်အောင် လုပ်ပေးနိုင်တယ်လို့ ယုံကြည်မှုရှိထားလို့လည်း ဖြစ်ပါတယ်။ ဒါဟာ ကလေးနဲ့ ဒီလူ့အကြား ယုံကြည်မှုအခိုင်အမာ ရှိထားခြင်းပေါ့။ ပုံမှန်အားဖြင့် ကလေးရဲ့ ယုံကြည်မှု ရထားသူတွေဟာ မိဘ (အထူးသဖြင့် မိခင်)ဖြစ်လို့နေပါတယ်။

ကိုယ့်အပေါ်မှာ ကလေးယုံကြည်တယ်လို့ ဘယ်လိုသိနိုင်မလဲ။ ငိုနေတဲ့ကလေးဟာ ကိုယ့်အသံကြားတဲ့အခါ ၊ ကိုယ့်မျက်နှာမြင်တဲ့အခါ အများအားဖြင့် ငိုတဲ့အသံ ဖျော့သွားသလား ၊ စဲသွားသလား ၊ တိတ်သွားသလား ၊ ငိုနေတဲ့သူ့ကို ကိုယ်ချီယူလိုက်တဲ့အခါ ငိုတဲ့အသံ ဖျော့သွားသလား ၊ စဲသွားသလား ၊ တိတ်သွားသလား။ ဒါတွေရှိနေတယ်ဆိုရင် ကလေးဟာ ကိုယ့်အပေါ် ယုံကြည်မှုရှိနေပါပြီ။ ဒီလိုမဖြစ်ဘူးဆိုရင် ကလေးကို နားလည်မှု ပေးနိုင်တဲ့သူဟာ ကိုယ်မဟုတ်လို့ပါ။

ကလေးဟာ သူ့ကိုနားလည်နိုင်တဲ့သူအပေါ်မှာပဲ ယုံကြည်မှုထားရှိမှာဖြစ်ပါတယ်။ ကလေးရဲ့မိဘဖြစ်တဲ့ ကိုယ့်ကို မယုံကြည်ဘူးဆိုရင် ရေရှည်မှာ ကလေးနဲ့ကိုယ်ရဲ့ ဆက်ဆံရေးအခြေအနေဟာ ဘယ်လိုရှိမှာလဲ။ မိဘဖြစ်တဲ့ကိုယ်ဟာ သူ့ကို ကောင်းစွာနားမလည်တဲ့အခါ ကလေးကြီးပြင်းဟာရင် ကလေးကို ဘယ်လိုကောင်းစွာ ထိန်းကျောင်းနိုင်ပါတော့မလဲ။ အားလုံးဟာ တခုနဲ့တခု ဆက်စပ်နေတာမို့ ကလေးမွေးကင်းစအရွယ်မှာကတည်းက ကလေးနဲ့အပြန်အလှန် နားလည်မှု ၊ အပေးအယူ အပြန်အလှန်ညှိယူရင်း ယုံကြည်မှုတည်ဆောက်ယူရမှာ ဖြစ်ပါတယ်။ ဒါမှ ကိုယ်က ကလေးကို ပိုနားလည်လာမယ်။ ကလေးကလည်း ကိုယ့်ကို ပိုနားလည်လာမယ်။ ရေရှည်မှာ ကလေးကို ထိန်းကျောင်းလို့ သွန်သင်ဆုံးမရတာ လွယ်လာမယ်။ အခြေခံလိုအပ်ချက်က မေတ္တာတရားနဲ့ ဂရုစိုက်လိုမှုဖြစ်ပါတယ်။

BurmeseHearts Blog

မျက်ဝန်းဟာ စိတ်တံခါးပါ။ လူ့အတွင်းစိတ်ကို သူ့မျက်ဝန်းကနေတဆင့် အနီးစပ်ဆုံး ပုံဖော်ယူနိုင်ပါတယ်။ လူကလိမ်ပေမယ့် မျက်ဝန်းတွေက ပိပိရိရိ လိမ်လို့မရဘူးလေ။ ဒါကြောင့် ကလေးနဲ့အပြန်အလှန် နားလည်မှု တည်ဆောက်မယ်ဆို ကလေးရဲ့မျက်ဝန်းထဲက ပြောတဲ့စကားတွေကို ဖတ်တတ်အောင် သင်ယူရပါမယ်။ ဘယ်လိုသင်ယူမလဲ။ ကလေးမျက်ဝန်း ပြောင်းလဲမှုတွေကို အခြေအနေနဲ့ အချိန်အခါအလိုက် မှတ်သားမိအောင် အလွတ်ကျက်ရမှာဖြစ်ပါတယ်။ ကြောက်ရင် မျက်လုံးပုံစံ ဘယ်လိုပြောင်းပြီး ပျော်ရင်ဘယ်လို ၊ မပျော်ရင်ဘယ်လို ၊ အလိုမကျရင်ဘယ်လိုဆိုတာ ဖြူစင်တဲ့ ကလေးမျက်ဝန်းက စကားလုံးမဲ့ အတိုင်းသား ဖော်ပြနေပါတယ်။

ကလေးမျက်ဝန်းထဲက ပြောနေတဲ့စကားကို မဖတ်တတ်ရင် ကိုယ်ညံ့လို့ပါပဲ။ ကလေးကတော့ ကိုယ့်မျက်ဝန်းထဲမှာ ဖြစ်ပေါ်နေတဲ့ ခံစားမှုအထွေထွေကို မွေးရာပါ ဖတ်တတ်ပါတယ်။ မိုးခြိမ်းတာ ဘာမှမဖြစ်ဘူး ၊ စိတ်မပူနဲ့လိုပြောပေမယ့် ကိုယ့်မျက်ဝန်းမှာ ဒါဟာကြောက်စရာလို့ ဖော်ပြနေတယ်ဆို ကလေးဟာ မိမိပါးစပ်ကပြောတဲ့ မကြောက်နဲ့ဆိုတဲ့စကားထက် မိုးခြိမ်းတာ ကြောက်စရာ ၊ ကြောက်ရမယ့်အခြေအနေလို့ သင်ယူသွားပြီး မိုးခြိမ်းသံကြားရင် ကြောက်လန့်ငိုနိုင်ပါတယ်။ ဒါဟာ မျက်ဝန်းကပြောတဲ့ စကားလုံးမဲ့  ဘာသာစကားကို သူက သင်ယူလိုက်တာဖြစ်ပါတယ်။

ကိုယ့်မျက်ဝန်းထဲက စကားလုံးတွေကို ကလေးက နားလည်နိုင်သလို သူ့မျက်ဝန်းထဲက ဘာသာစကားကိုလည်း ကိုယ်နားလည်အောင် ကြိုးစားသင်ယူရမယ်။ ဒါကိုနားလည်လာတာနဲ့အမျှ အခြေအနေတခုခုမှာ မျက်ဝန်းအကြည့်တချက်နဲ့တင် ကလေးကို ဖေးမပြီးသား ၊ ကိုယ်ချင်းစာပြီးသား ၊ လုပ်စေချင်တာ ၊ မလုပ်စေချင်တာတွေ ပြောပြီးသား ဖြစ်နေပါမယ်။ ဒါကို ကလေးဟာ အလိုလိုနားလည်သလို သူ့မျက်ဝန်းထဲက ပြောနေတဲ့ စကားလုံးမဲ့ အဓိပ္ပါယ်အထွေထွေကို ကိုယ်ဟာ အကြည့်တချက်နဲ့ နားလည်သဘောပေါက်သွားပါတယ်။ ဒါဟာ ကလေးနဲ့ကိုယ့်အကြားက ဘယ်သူမှမသိနိုင်တဲ့ ဆက်သွယ်မှုဖြစ်ပါတယ်။ စိတ်ချင်း ၊ မေတ္တာချင်း ၊ နားလည်မှုချင်း ဆက်သွယ်ထားတာပေါ့။

ဟိုတလောက ဟိုးလေးတကြော်ဖြစ်သွားတဲ့ သတင်းတပုဒ်ထဲမှာ အမေရိကန်နိုင်ငံက မိခင်တစ်ဦးဟာ ကျောင်းပြေးပြီး အကြမ်းဖက်ဆန္ဒပြနေသူတွေကြား မျက်နှာဖုံးစွပ်လို့ ဝင်ရောက်ဆန္ဒပြနေတဲ့သားကို မျက်ဝန်းအကြည့်တချက်နဲ့တင် မိမိသားလို့ မှတ်မိပြီး နားရွက်ဆွဲထုရိုက်လို့ အိမ်ပြန်ခေါ်နိုင်ခဲ့တဲ့သတင်း ကြားဖူးကြလား။ မျက်နှာဖုံးစွပ်ထားပေမယ့် အမေကြည့်တဲ့အကြည့်နဲ့ သားကြည့်တဲ့အကြည့်ဟာ စိတ်ချင်းဆက်သွယ်ထားခဲ့သူတွေမို့ တစိမ်းတွေအကြည့်နဲ့ ကွဲပြားနေတယ်လေ။ ဘယ်လိုပဲ သားက မသိချင်ယောင်ဆောင်ပေမယ့် သူ့မျက်ဝန်းထဲက ဘာသာစကားကို ကောင်းကောင်းနားလည်တဲ့မိခင်ဟာ ဒီအကြည့်နဲ့တင် သူ့သားမှန်းရိပ်မိခဲ့တာဖြစ်ပါတယ်။ ကလေးအရွယ်မှာကတည်းက မိမိသားသမီးရဲ့ မျက်ဝန်းအကြည့်ကို အဓိပ္ပါယ်ဖော်လို့ နားလည်နိုင်သူတွေဟာ သားသမီးဘယ်အရွယ်ရောက်ရောက် သားသမီးကို နားလည်နိုင်သူတွေဖြစ်ပါတယ်။

မျက်နှာပေါ်က ဘာသာစကားဟာလည်း စကားလုံးမဲ့ ဘာသာစကားတစ်ခုပါ။ မဲ့သွားတဲ့နှုတ်ခမ်း ၊ ကျုံ့သွားတဲ့မျက်ခုံး ၊ စိတ်ခံစားမှုအပေါ်မှာဖြစ်သွားတဲ့ မျက်နှာပေါ်က အရေးအကြောင်းတွေ ဒါတွေအားလုံးဟာ မျက်နှာပေါ်က စကားလုံးမဲ့ ဘာသာစကား ဖြစ်ပါတယ်။ ဒီလို မျက်လုံးနဲ့ မျက်နှာပေါ်က စကားလုံးမဲ့ ဘာသာစကားတွေကို ကလေးနဲ့ကိုယ့်အကြား အပြန်အလှန် ကောင်းစွာနားလည်နိုင်မယ်ဆိုရင် ကလေးနဲ့ကိုယ့်အကြားမှာ နားလည်မှု ၊ ယုံကြည်မှု အခိုင်အမာတည်ဆောက်ပြီး ဖြစ်မှာပါ။ ဒါဆို လူကြားထဲမှာ မလုပ်နဲ့လို့ အော်ဟစ်ဆဲဆိုရတာမျိုး ၊ လုပ်စေချင်တာ မလုပ်လို့ ဆူပူရိုက်နှက်ရတာမျိုးတွေ မရှိလောက်တော့ဘူးပေါ့။

တခါတလေ မျက်နှာအမူအရာနဲ့ မျက်လုံးက သူတခုခုဖြစ်နေမှန်း သိသာစေပေမယ့် ဘာဖြစ်လို့ ဘာဖြစ်နေမှန်း မသိတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒီလိုအခါမျိုးမှာ ကလေးရဲ့ ခြေဟန်လက်ဟန် အမူအရာတွေကို ကောက်ချက်ချလို့ မှန်မှန်ကန်ကန် သုံးသပ်နိုင်ဖို့လည်း လိုပါသေးတယ်။ သူပြောတဲ့ ခြေဟန်လက်ဟန် အမူအရာတွေကို ကိုယ်နားလည်ရင် ကိုယ့်အမူအရာကိုလည်း သူနားလည်လာပါတယ်။ ကိုယ်မကြိုက်တာသူလုပ်မယ်ဆို ဒါမဟုတ် လုပ်နေရင် ခေါင်းခါပြလိုက်ရုံနဲ့ သူဆက်မလုပ်တာမျိုးဟာ ဒီလို ခြေဟန်လက်ဟန် အမူအရာတွေကို နှစ်ဦးအကြား ကောင်းမွန်စွာ ဆက်သွယ်ထားနိုင်ခဲ့လို့ပါ။

ကိုယ်နေဟန်ထား နဲ့ သူ့ပတ်ဝန်းကျင်အခြေအနေပြနေတဲ့ သဘောသဘာဝတွေကိုလည်း ကိုယ်ဟာ နားလည်သဘောပေါက်ဖို့ လိုပါဦးမယ်။ လမ်းလျှောက်နေတယ်ဆိုပေမယ့် အကြောင်းကြောင်းကြောင့် အရင်ကလို မဟုတ်ဘဲ ခပ်တောင့်တောင့်ကြီးဖြစ်နေတာ ၊ ထိုင်နေပေမယ့် ခေါင်းငိုက်စိုက်ကျလို့ စိတ်မပါလက်မပါဖြစ်နေတာ စတဲ့ ဒီလို ကိုယ်နေဟန်ထားတွေဟာလည်း ကလေးရဲ့ အခြေအနေအမှန်ကို သုံးသပ်တတ်ဖို့ သူနဲ့အပြန်အလှန် နားလည်မှု တည်ဆောက်ရမှာပါပဲ။ လူတစ်ဦးနဲ့တစ်ဦး စရိုက်အမူအကျင့်တွေ မတူနိုင်တာမို့ ကိုယ့်သားသမီးဟာ ဘယ်လိုခံစားရရင် ဘယ်လို အမူအရာနဲ့ ကိုယ်နေဟန်ထား ပြောင်းသွားတယ် ၊ ဘာဖြစ်နေရင် ဘယ်လိုအနေအထား ပြောင်းသွားတယ် ဆိုတာတွေကိုလည်း လေ့လာရဦးမှာပါပဲ။

အသံအနိမ့်အမြင့်ဟာ လူတစ်ယောက်ရဲ့ စိတ်ခံစားမှုကို ဖော်ပြနေပါတယ်။ အသံတုန်သွားတာ ၊ အသံအဖျားခတ်တာ စသဖြင့် သူ့စိတ်ခံစားမှု အခြေအနေအလိုက် ဖြစ်ပေါ်လာတတ်တဲ့ အသံအနေအထားတွေကိုလည်း ကိုယ်ဟာ သတိထားမိအောင် နေရမှာပါ။ ကလေးကတော့ မွေးကင်းစကတည်းက အဲဒီဘက်မှာ သိပ်တော်တာ။ ကိုယ့်အသံအနေအထား အနိမ့်အမြင့်အပေါ်မူတည်ပြီးသော်လည်းကောင်း ၊ ကိုယ့်မျက်ဝန်းစကားနဲ့ မျက်နှာရိပ်မျက်နှာကဲကိုလည်းကောင်း ၊ ကိုယ့်အနေအထားတွေကို စကားမပြောတတ်သေးတဲ့သူက ကောင်းကောင်းနားလည်ပါတယ်။ ဒါဟာ ကလေးငယ်တိုင်းရဲ့ မွေးရာပါထူးခြားချက်ပါပဲ။ ဒီအမူအရာတွေ ၊ စကားလုံးမဲ့ ဘာသာစကားတွေကနေ ကိုယ့်ရင်ထဲက ခံစားချက်ကို သူဟာ ထွင်းဖောက်နားလည်ခံစားနိုင်ကြတယ်လေ။

ဒါတွေအကုန်လုံးကို အပြန်အလှန် နားလည်နိုင်ပြီဆိုရင်တော့ ကလေးနဲ့ ကိုယ့်အကြားမှာ မမြင်ရတဲ့ ဆက်သွယ်မှုလေး ရှိနေပြီပေါ့။ ဒီဆက်သွယ်မှုလေးကနေတဆင့် နားလည်မှုတွေရှိလာမယ် ။ ယုံကြည်မှုတွေရှိလာမယ်။ ချစ်ခြင်းမေတ္တာတွေ တိုးပွားလာမှာဖြစ်ပါတယ်။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

You might also like