Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မိဘကောင်းဖြစ်ဖို့ အခြေခံလိုအပ်ချက် – BurmeseHearts

မိဘကောင်းဖြစ်ဖို့ အခြေခံလိုအပ်ချက်

0

ကလေးအနားတော့ရှိပါရဲ့ ကလေးအထာမသိရင် ကလေးနဲ့လူချင်းနီးပြီး စိတ်ချင်းဝေးနေမှာပါ။
ကလေးအနားတော့ရှိပါရဲ့ ကလေးအထာမသိရင် ကလေးနဲ့လူချင်းနီးပြီး စိတ်ချင်းဝေးနေမှာပါ။

မိဘတွေက သားသမီးတွေကို ထိန်းကျောင်းတဲ့အခါမှာ ပျော့ပြောင်းလွန်းပြန်ရင် ကလေးဟာ စည်းလွတ်ကမ်းလွတ် ဖြစ်သွားတတ်တယ်။ တင်းလွန်းပြန်ရင်လည်း စိတ်ဖိစီးမှုတွေများပြီး မိဘနဲ့သားသမီး ဆက်ဆံရေး မပြေလည်ရာကနေ နောက်ဆုံးမှာ ကိုယ်မွေးခဲ့တဲ့ကလေး ကိုယ့်ရင်ကိုခြေစုန်ကန် ထွက်သွားနိုင်တယ်လေ။ ဒီလိုဆို သားသမီးကို လိုတိုးပိုလျှော့ စည်းကမ်းနဲ့ ဆက်ဆံရေးမျိုး ထားနိုင်ရင် အကောင်းဆုံးပေါ့။

ကလေးကို အမြဲတမ်း လွှတ်ထားရင် လွတ်သွားတတ်သလို ကလေးကို အမြဲတမ်း မျက်စိအောက်က အပျောက်မခံ ၊ လိုသမျှ အကုန်လိုက်လုပ်ပေး ဆိုပြန်ရင်လည်း ကလေးဟာ သူ့ဘာသာသူ လက်ကိုင်ခွင့် ၊ သင်ယူခွင့်မရဘဲ အစစအရာရာ မိဘလုပ်ပေးမှဆိုတဲ့ စိတ်ကြီးနဲ့ ကိုယ့်အား ကိုယ်မကိုးတတ်တော့ပြန်ဘူး။ သူ့ဘာသာသူ လုပ်ကိုင်ခွင့်ကိုလည်းပေးပါမှ ကလေးဟာ သူ့ဘာသာသူ လုပ်ကိုင်တတ်ကျင့်ရှိလာမှာဆိုတော့ ဘယ်အခြေအနေနဲ့ ဘယ်လို အချိန်အခါမျိုးတွေမှာ ကိုယ်က ကလေးကို ဝင်ကူပေးရမလဲ ၊ ဘယ်လိုအတိုင်းအတာအတာအထိ သူ့ကို လုပ်ကိုင်ခွင့် ပေးထားသင့်သလဲဆိုတဲ့ ချိန်ဆနည်းကို ဘယ်လိုသိရှိနိုင်မလဲ။

အဖြေကလွယ်လွယ်လေးပါ။ ကလေးကို ဘယ်အချိန်ထိ လွှတ်ထားသင့်သလဲ ၊ ဘယ်အချိန်မှာ အကူအညီပေးသင့်သလဲဆိုတာ ကလေးကိုကြည့်ပြီး သိနိုင်ပါတယ်။ တိုးတက်တဲ့နိုင်ငံတွေမှာ စကားမပြောတတ်သေးတဲ့ ကလေးလေး သူတို့လိုချင်တာမရလို့ ၊ သူတို့ပြောချင်တာ မပြောတတ်သေးလို့ ၊ ခေါင်းငြိတ်ခေါင်းခါ မသိသေးလို့ ကလေးအရိပ်အခြည် သိနားလည်အောင် ၊ ကလေးကို လက်ဟန်ခြေဟန် ၊ မျက်နှာအမူအရာနဲ့ ပြသနိုင်အောင် ၊ ဒီလိုပြသတဲ့ ကလေးရဲ့ အရိပ်အကဲကို နားလည်နိုင်အောင် စကားလုံးမဲ့ ဆက်သွယ်တဲ့နည်းကို ကလေးမမွေးခင်နဲ့ ကလေးမွေးပြီးစ ကလေးမိဘတွေ ၊ ကလေးထိန်းတွေက သင်ယူကြပါတယ်။

တကယ်ဆို ဒီလောက်အထိ မခက်ခဲပါဘူး။ ဒီလောက်အထိ နှိုက်နှိုက်ချွတ်ချွတ် ငွေကုန် ၊ အချိန်ကုန် လေ့လာစရာလည်း သိပ်မလိုပါဘူး။ ဒီလို ငွေကုန် ၊ အချိန်ကုန်မခံနိုင်သူတွေအတွက် ကလေးတွေကို နားလည်ဖို့ အရိုးရှင်းဆုံးနည်းဟာ ကလေးရဲ့ မျက်နှာအရိပ်အကဲ ၊ ဟန်ပန်အမူအရာတွေ အလွတ်ကျက်မိအောင် မွေးကင်းစအရွယ်ကတည်းက ကလေးကို မျက်ခြည်မပြတ် သတိထားကြည့်ရမှာဖြစ်ပါတယ်။

BurmeseHearts Blog

လူကြီးမိဘနဲ့ ကလေးထိန်းသူတိုင်းဟာ ကလေးကို မွေးကင်းစအရွယ်ကနေ စပြီး သတိထားကြည့်ခဲ့မယ်ဆိုရင် ကလေးရဲ့အထာကို အလိုလို သိနားလည်မှာပါ။ အထူးသဖြင့် ကလေးနဲ့ အချိန်အများဆုံး ကုန်ဆုံးလေ့ရှိသူဟာ အဲဒီကလေးရဲ့ အထာကို ပိုသိတာပေါ့။ မိခင်က ကလေးနဲ့ အချိန်အများဆုံး ရှိမယ်ဆို ကလေးမိခင်က ကလေးအထာကို အသိဆုံးဖြစ်မှာပါ။ ကလေးထိန်းလို ၊ အိမ်ဖော်လို ၊ အဒေါ် ၊ အဖွား စသည်တို့နဲ့ထားရင်တော့ ကလေးကို အမြဲလို အရိပ်တကြည့်ကြည့်ရှိတတ်တဲ့သူက (ကလေးကိုဂရုစိုက်သူက) ဒီကလေးအထာကို ပိုနားလည်မှာဖြစ်ပါတယ်။

ကိုယ်က အကြောင်းကြောင်းကြောင့် ကလေးအနား စောင့်ကြည့်မထိန်းသိမ်းနိုင်လို့ ကလေးကို စောင့်ကြည့်ထိန်းသိမ်းဖို့ အိမ်ဖော်ကောင်းတစ်ယောက် ရထားရင် ဖြစ်နိုင်သမျှ အဲဒီအိမ်ဖော်ကို အိမ်မှာ မြဲစေတဲ့နည်းက ပိုကောင်းပါတယ်။ အထူးသဖြင့် အိမ်အတွက်လည်း ကောင်း ၊ ကလေးအတွက်လည်း ကောင်းတယ်ဆိုရင်ပေါ့။ မြဲနေတဲ့အိမ်ဖော်ဟာ ကလေးမွေးစကတည်းက သူကြည့်ရှုစောင့်ရှောက်လာခဲ့ရင် ကလေးအထာကို သူသာ နားအလည်ဆုံးဖြစ်နေမှာပါ။ အိမ်ဖော်ပြောင်းခဲ့လို့ရှိရင် အသစ်ရောက်လာတဲ့အိမ်ဖော်ဟာ ကလေးအထာကို အစက ပြန်လေ့လာရမှာပါ။ ကလေးကို စိတ်မဝင်စားတဲ့ အိမ်ဖော်လိုမျိုး ၊ မကြင်နာတတ်သူမျိုး ၊ သည်းမခံတတ်သူမျိုး ရထားရင်တော့ ကလေးလည်းစိတ်ဖိစီး ၊ မိဘလည်း စိတ်ဖိစီးရမှာပါ။

ကိုယ်ဟာ ကလေးမိဘဖြစ်နေလို့ ၊ ကလေးနဲ့ ဘာတော်နေလို့ ကလေးရဲ့အထာကို အသိဆုံးလို့ထင်ရင်မှားပါမယ်။ ဘယ်လောက်အထိပဲ ကလေးနဲ့ သွေးနီးပါစေ ၊ နောက်ဆုံး ကလေးရဲ့မိခင် ၊ ဖခင် ဖြစ်နေပါစေ ကလေးနဲ့ အနေမနီးရင် ကိုယ့်ကလေးရဲ့အထာကို မသိနိုင်ပါဘူး။ ဘာကြောင့်မသိနိုင်သလဲဆို ကလေးကို အချိန်မပေးလို့ပါ။ ကလေးကို အချိန်ပေးပါမှ ၊ ကလေးရဲ့ ဝေယျာဝစ္စကိုလုပ်ကိုင်ရင်း ၊ ကလေးထိန်းကျောင်းရင်း ကလေးရဲ့ အထာကို သိနိုင်မှာပါ။

ကလေးရဲ့အထာဆိုတာဘာလဲ။ ဥပမာ ကလေးဟာ ဆီးသွားခါနီးရင် ဘယ်လို မျက်နှာအနေအထား ပြောင်းသွားတယ် ၊ အလေးပါခါနီး ဘယ်လိုမျက်နှာအနေအထားပြောင်းတယ် ၊ ဒါတွေပြီးသွားရင် ဘယ်လိုအမူအရာ ပြောင်းသွားတယ် ၊ နေမကောင်းရင်ဘယ်လို ၊ ပျော်ရင်ဘယ်လို ၊ ဝမ်းနည်းရင်ဘယ်လို ၊ ကြောက်ရင်ဘယ်လိုစသဖြင့် ကလေးရဲ့အကြည့် ၊ မျက်နှာအမူအရာအပြောင်းအလဲ ၊ ကိုယ်အမူအရာ အပြောင်းအလဲ ၊ အသံအပြောင်းအလဲ စတာတွေကို ကလေးနဲ့ အနီးဆုံးနေသူနဲ့ ကလေးကို ဂရုတစိုက် သတိထားစောင့်ကြည့်တတ်သူတွေသာ သိနိုင်တာပါ။ ဒါကို ကလေးအထာလို့ ခေါ်ပါတယ်။

ကလေးကို ဂရုတစိုက် သတိထားစောင့်ကြည့်တတ်တဲ့ သူတို့တွေဟာ ဒီလို ကလေးရဲ့မျက်နှာရိပ်မျက်နှာကဲ ၊ အမူအရာ ၊ အသံ ၊ အကြည့်တွေကမှတဆင့် ကလေးဟာ ဘာလိုနေတယ် ၊ ဘာကြိုက်တတ်တယ် ၊ ဘာမကြိုက်တတ်ဘူး စတာတွေကို သိရှိနားလည်ရာက ကလေးအထာညက်လာတာပါ။ ဒီလိုကလေးအထာညက်လာတော့ ကလေးဟာ ဘယ်အခြေအနေမှာ ဘာလိုအပ်တယ် ၊ ဘယ်လိုအကူအညီလိုအပ်တယ် ၊ ဘယ်အခြေအနေမှာတော့ ချော့ဖို့လိုတယ် ၊ ဘယ်အခြေအနေမှာတော့ အသံပေးလိုက်ရုံနဲ့ရတယ် ၊ ဘယ်အခြေအနေမှာ ကောက်ချီဖို့လိုတယ် စသဖြင့်ကိုလည်း ကလေးရဲ့ အထာအတိုင်း အလိုက်သင့် လှုပ်ရှားထိန်းကျောင်းသွားလို့ ရပါတယ်။

ကလေးအထာမသိရင်တော့ ကလေးထိန်းကျောင်းရတာ အတော်ခက်ပါတယ်။ ကလေးအထာသိထားရင်တော့ သူ ချေး ၊ သေး မလွတ်ခင်ကနေ သူအရွယ်ရောက်ပြီး နောက်ဆုံး အိမ်ထောင်ရက်သားကျသွားတဲ့အထိ သူ့ဖွင့်ထုတ်ပြောဆိုတာတွေ မလုပ်ပေမယ့် သူ့မျက်နှာရိပ်မျက်နှာကဲနဲ့ ဟန်အမူအရာတွေကြည့်ပြီး ဘာတွေ ခံစားနေရတယ် ၊ ဘယ်လိုအဆင်ပြေတယ် ၊ မပြေဘူးဆိုတာကို မိဘက သိပါတယ်။ ဒါကြောင့် မိဘဟာ သားသမီးအကြောင်းကို အူမချေးခါး အကုန်သိတယ်လို့ ဆိုကြတာပေါ့။ ဒါဟာ သားသမီးအထာကို ကောင်းကောင်းညက်နေတဲ့ မိဘတွေအတွက်ပါ။

သားသမီးအထာညက်နေတော့ သူ့ကို ဘာတွေ ဖြည့်ဆည်းပေးရမယ် ၊ ဘယ်အချိန်မှာ ဖြည့်ဆည်းပေးရမယ် စသဖြင့်ကို သိလာပါတယ်။ ဒီလိုသိတဲ့အတိုင်း လိုတိုးပိုလျှော့ ဆက်ဆံတတ်လာမယ် ၊ ဖြည့်စွမ်းပေးတတ်လာမယ်။ ဒီကနေတဆင့် ကိုယ့်ဥာဏ်ရှိသလောက် ၊ ကိုယ်ဖတ်သားမိသလောက် ဘယ်အခြေအနေမှာ ဘယ်လိုထိန်းကျောင်းမယ်ဆိုတာကို ကိုယ့်ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ထိန်းကျောင်းလို့ရပါပြီ။ အဓိကလိုအပ်တာက ကလေးအထာကို ကောင်းကောင်း ကျေညက်စွာ သိနားလည်ဖို့ပဲ ဖြစ်ပါတယ်။

သဘာဝအရ ကလေးရဲ့ အလိုအပ်ဆုံးနဲ့ အားအကိုးဆုံးလူဟာ သူ့ကို ကိုးလလုံးလုံး ဝမ်းနဲ့လွယ်ပြီး မွေးပေးခဲ့တဲ့ မိခင်ဖြစ်ပါတယ်။ မွေးကင်းစကလေးအရွယ်ကနေစပြီး သူတို့ဟာ မိခင်အသံကြားလိုက်ရင် စိတ်လုံခြုံမှုကို အလိုလို ခံစားရတတ်တယ်။ မိခင်ရဲ့ထွေးဖက်မှု ၊ ချော့မော့မှုဟာ သူတို့အလိုအပ်ဆုံးနဲ့ အကြားချင်ဆုံးဖြစ်ပါတယ်။ တဖြည်းဖြည်းလသားအရွယ်ရောက်လာလို့ မိခင်က သူ့ကို အကြောင်းကြောင်းကြောင့် ဂရုမစိုက်နိုင်ရင် သူဟာ သူ့ကို ဂရုစိုက်နိုင်တဲ့သူ ၊ သူ့ကိုနားလည်မှု ပေးတဲ့သူကို ခင်တွယ်ပါတယ်။ ဒါဟာ အဖေ ၊ အဒေါ် ၊ ဦးလေး ၊ အဘိုး ၊ အဘွားတို့အပြင် သူ့ကိုထိန်းကျောင်းသူတွေလည်း ဖြစ်နိုင်ပါတယ်။

မိဘကောင်းဖြစ်ချင်တဲ့ မိဘတိုင်းဟာ အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်တဲ့ ကလေးအထာကို ကျေညက်ဖို့တော့ လိုပါလိမ့်မယ်။ ဒီလိုကျေညက်ဖို့ဆိုတာကလည်း ကလေးအပေါ် အာရုံထားစိတ် ၊ ဂရုတစိုက်ရှိမှုနဲ့ ၊ အချိန်ပေးမှုတို့အပေါ်မှာလည်း မူတည်နေပါတယ်။ ကလေးအထာမညက်သူတွေဟာ ကလေးရဲ့ဆန္ဒကို နားမလည်နိုင်တာမို့ ကိုယ့်ကလေးအကြောင်းမသိဘဲ ဒီကလေးရဲ့ မိဘကောင်းတော့ မဖြစ်နိုင်ဘူးလေ။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

You might also like