Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
တစ်နှစ်အောက်ကလေးငယ်များအား ဂရုစိုက်ပြုစုစောင့်ရှောက်နည်း – BurmeseHearts

တစ်နှစ်အောက်ကလေးငယ်များအား ဂရုစိုက်ပြုစုစောင့်ရှောက်နည်း

0

ကလေးတွေဟာ နေ့တဓူဝ သူတို့မြင်တွေ့ ၊ ကြားသိနေရတာတွေကို အသံတိတ် သင်ယူနေပါတယ်။
ကလေးတွေဟာ နေ့တဓူဝ သူတို့မြင်တွေ့ ၊ ကြားသိနေရတာတွေကို အသံတိတ် သင်ယူနေပါတယ်။

မွေးကင်းစအရွယ်ကနေ တပတ်အတွင်း ချက်ကြွေတဲ့အထိ ချက်ကို သတိထားပေးရပါမယ်။ အသားဝါဝင်လာတာမျိုး ရှိနိုင်တာမို့ မွေးကင်းစကလေးမျက်သားဖြူကို နေ့စဉ်လို ဂရုစိုက်ကြည့်ရှုပါ။ မျက်သားဖြူဖြူဝါလာရင် ဒါဟာ အသားဝါစတာပဲလေ။ ဆေးခန်းပြေးပြပြီး ကလေးကိုယ်ထဲက သွေးထဲမှာရှိနေတဲ့ bilirubin ပမာဏကို ဂရုစိုက်စောင့်ကြည့်နိုင်လေ ပိုကောင်းလေပါ။ အသားဝါဖြစ်ရင် မြန်မြန်သက်သာအောင် မနက် (၇)နာခွဲကျော်ကျော် (၈)နာရီကနေ (၉)နာရီ မကျော်ခင်အထိ ထွက်လာတဲ့ မနက်ခင်းနေရောင်ကို ကလေးရဲ့ မျက်စိတွေကာပြီး (၅)မိနစ်(၁၀)မိနစ်လောက် ပြပေးနိုင်ရင် သက်သာလာပါတယ်။ လိုအပ်ရင်တော့ (phototherapy)နည်းနဲ့ ကုရမှာပေါ့။ ဒါကို ဆရာဝန်ဆုံးဖြတ်ပါလိမ့်မယ်။

ကလေးရဲ့ဝမ်း အရောင်နဲ့ အပျော့အမာကို သူဝမ်းသွားတိုင်း စစ်ဆေးသင့်ပါတယ်။ ကလေးရဲ့ဆီးနဲ့ဝမ်းဟာ ကလေးကျန်းမာရေးအတွက် အဓိကအကျဆုံး လေ့လာရမှာတွေပေါ့။ ဝမ်းမာရင် (ဝမ်းချုပ်ရင်) ခြောက်လအောက်ဆို နို့ များများတိုက်၊ခြောက်လကျော်ရင် အရည်ရွှမ်းတဲ့အသီးတွေ ကျွေးပြီး ရေများများတိုက်ပေးပါ။ ကလေးဝမ်းအရောင်ဟာ တပတ်၊ နှစ်ပတ်အတွင်း ပါနိုင်တဲ့ ငယ်ချေးကလွဲရင် မည်းနေတာမျိုး ၊ ဖြူနေတာမျိုး ၊ အစိမ်းဘက်လုနေတာမျိုး မဖြစ်ရပါဘူး။ ဒီလိုဖြစ်နေရင် ကလေးအတွက် မကောင်းပါဘူး။ တခါတလေ ခြောက်လကျော်ကလေးတွေမှာတော့ သူတို့စားတဲ့ အစားအစာအပေါ်မူတည်ပြီး ဝမ်းအရောင် ပြောင်းတတ်ပါတယ်။ ဒီလိုဆိုရင်တော့ ကလေးကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်ဖြစ်နေသမျှ စိုးရိမ်စရာမရှိပါဘူး။

ငါးလလောက်ဆို ဇက်တော်တော်ခိုင်လာပြီ။ ခြောက်လဆိုရင် လုံးဝနီးပါး ဇက်ခိုင်သွားတာမို့ ထိုင်နိုင်လာပြီလေ။ ဇက်ခိုင်သွားရင် ခါးရိုးပါခိုင်လာတာမို့ ထိုင်နိုင်လာတာပါ။ ဒီ့မတိုင်မီအချိန်တွေမှာတော့ ချီသယ်ပိုးတိုင်း ဇက်နဲ့ခါးကို ထိန်းပေးထားနိုင်လေ ကောင်းလေပါ။ အထူးသဖြင့် (၃)လအောက် အရွယ်တွေမှာ ဇက်နဲ့ ခါးကို ထိန်းပေးထားရမှာပါ။ ဒီအရွယ်တွေမှာ ရေချိုးရင် အိပ်ခန်းလို အခန်းလုံလုံမှာ လေလုံလုံ ချိုးပေးနိုင်ရင် အကောင်းဆုံးဖြစ်ပြီး ထိုင်နိုင်လာရင်တော့ ရေချိုးခန်းမှာ စချိုးပေးနိုင်ပါပြီ။ မတ်တပ်ရပ်နိုင်လာချိန်မှာ ရေချိုးဇလုံမလိုတော့ဘဲ သူရေချိုးရင်းဆော့နိုင်ဖို့ သူ့ရင်ဘတ်နီးပါးရှိတဲ့ ရေဇလုံလေးတခုနဲ့ စအကျင့်လုပ် ချိုးပေးနိုင်ပါတယ်။ ဒီရေဇလုံကို သူကအားပြုကိုင်ရပ်ပြီး ရေခွက်သေးလေးတခွက် သူ့လက်ထဲပေးထားလိုက်ရင်ဖြင့် ရေဆော့ရင်း ရေချိုးရတာကို သူနှစ်သက်မှာပါ။

နောက်ပိုင်းမှာ ရေပန်းအသုံးပြုတဲ့သူတွေက သူရေပန်းနဲ့ သူ့ဘာသာကိုင်ပြီး ရေချိုးတတ်အောင် စသင်ပေးနိုင်ပါတယ်။ သတိထားရမှာက ရေချိုးပေးတိုင်း ရေပူရေအေး ရောစပ်မှုဟာ ကလေးအတွက် မျှတဖို့နဲ့ ကလေးမျက်နှာကို ဆပ်ပြာမတိုက်ဖို့ပါ။ မျက်လုံးထဲ ဆပ်ပြာဝင်သွားရင် သူက ရေချိုးဖို့ ငြင်းဆန်လာတတ်ပြီး ရေကြောက်တတ်လာမယ်။

ခေါင်းလျှော်တဲ့အခါ ဦးထုပ်ဝတ်တတ်တဲ့ ကလေးကို ရာဘာ ခေါင်းလျှော်ဦးထုပ်လေးနဲ့ ခေါင်းလျှော်ပေးနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ သူက ဦးထုပ်ဝတ်ထားသလို ခေါင်းမှာအကွက်လိုက်လေးပေါ်နေပြီး ရေဆင်းဖို့ မြောင်းကလေးတွေနဲ့ ကားကားလေး ဖြစ်နေတာမို့ ခေါင်းလျှော်လို့ မျက်နှာရှေ့ ရေတွေကျနေတာ သူ့အတွက် စိတ်ဝင်စားစရာ ဖြစ်နေမှာပါ။ ဦးထုပ်ဆောင်းပေးလို့မရတဲ့ ကလေးတွေကိုတော့ ပက်လက်အနေအထားနဲ့ နို့တိုက်ရင်းပဲဖြစ်ဖြစ် ခေါင်းလျှော်ပေးနိုင်အောင် ချော့မော့ ကြိုးစားရမှာပါ။

ယေဘူယျအားဖြင့် မွေးစကနေ ခြောက်လအထိ ကလေးကို မိခင်နို့တမျိုးတည်း တိုက်ကျွေးပါ။ တချို့ကလေးတွေဟာ တခါမှ လေမထဖူးဘူး၊ ဝမ်းမပျက်ဖူးဘူး။ ဒါ့အပြင် တနေကုန် နို့ချည်းစို့နေနိုင်ပါတယ်။ ဒီလို ကလေးတွေရဲ့အစာအိမ်ဟာ ကောင်းကောင်း အစာချက်နေနိုင်ပြီဖြစ်တဲ့အတွက် ငါးလအရွယ်ရောက်ရင် ဖြည့်စွက်စာအဖြစ် ထမင်းရည်ကို ဆားမပါဘဲ တနေကုန် စားပွဲတင်တဇွန်း နှစ်ဇွန်းစသဖြင့် စမိတ်ဆက်ပေးလို့ရပါပြီ။

ဖြည့်စွက်စာစကျွေးချိန်မှာ နို့ရည်လို အရည်ကျဲတဲ့ ထမင်းရည် ၊ ကြက်ပြုတ်ရည် ၊ အာလူးပြုတ်ရည် ကနေ အသားငါးပြုတ်ရည် ၊ ဟင်းသီးဟင်းရွက်ပြုတ်စတဲ့ ပြုတ်ရည်ကြည်တွေကို အငန်မကဲ ၊ အစပ်မပါဘဲ ဖြစ်နိုင်ရင်သဘာဝအတိုင်း ဆီမပါ ၊ ဆားမပါပြုတ်တိုက်ရမှာပါ။ တမျိုးကို နှစ်ရက် မိတ်ဆက်ကျွေးပါမှ ကလေးဟာ အစာသစ်ကို လက်ခံလာမှာဖြစ်ပါတယ်။ မစားချင်သလို လျှာကလေးနဲ့ တွန်းထုတ်တာဟာ မကြိုက်လို့မဟုတ်ဘဲ အရသာအသစ်အဆန်းမို့လို့ လက်မခံသေးတာပါ။ နှစ်ရက်ဆက်တိုက် လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ကျွေးရင် ကလေးအတွက်လည်းဘေးကင်းပြီး အာဟာရပြည့်စုံသန်စွမ်းလာစေပါတယ်။

တစ်နှစ်အောက်ကလေးတွေကို အခြားတရိစ္ဆာန်နို့နဲ့ နို့ထွက်ပစ္စည်းမျိုးစုံ ၊ ရေခဲမုန့် ၊ ဒိန်ချဉ် ၊ ပျားရည်အပါအဝင် သကြားပါတဲ့ အချိုစားစရာပစ္စည်းအမျိုးမျိုးကို ကျွေးတာတွေ ရှောင်ရပါမယ်။ မရှောင်လို့ ကျွေးတယ်ဆို အခန့်မသင့်ရင် ကလေးဝမ်းသွားတာ ၊ အစာအဆိပ်သင့်တာ ၊ ဖျားနာတာ ၊ ချောင်းဆိုးတာတွေအပြင် တတော်တဆ အစာအဆိပ်သင့်ရာက အသက်ဆုံးရှုံးတာအထိလည်း ဖြစ်နိုင်ပါတယ်။ နို့မှုန့်တိုက်ကျွေးသူတွေဟာ ဗူးမှာဖော်ပြထားတဲ့ သူ့အချိုးအစားအတိုင်း တိုက်ကျွေးရမှာဖြစ်ပါတယ်။ လျှော့ထည့်ရင် အာဟာရပြည့်စုံစွာပါရမယ့် အချိုးအစားအတိုင်း ကလေးမရရှိဘဲ ပိုထည့်ရင်တော့ ကလေးချောင်းဆိုးတာ ၊ ချွဲထတာတွေ ဖြစ်လာနိုင်ပါတယ်။ ကလေးကိုအရည်ရွှမ်းတဲ့ သဘာဝအသီးအနှံတွေ တနေ့နှစ်မျိုး ပါအောင်ကျွေးပါ။ ဒီလိုကျွေးတဲ့အခါ လည်ပင်းမတစ်နိုင်တဲ့ ခပ်သေးသေးအရွယ်အစား သူ့တကိုက်စာလေး လှီးကျွေးနိုင်သလို ဇကာစစ်အကိုင်ကလေးလို အသီးစားပစ္စည်းထဲထည့်ကျွေးရင် ကလေးလည်မြို တစ်နေမှာ မပူရတော့ဘူးပေါ့။

သူသုံးလ ၊ လေးလအရွယ် ပစ္စည်းတွေကိုင်ပြီး ပါးစပ်ထဲထည့်တတ်ပြီဆိုကတည်းက သူ့ပါးစပ်ထဲ ထည့်ဆော့တတ်တဲ့ သူ့ကစားစရာတွေကို ညဘက်အိပ်ချိန်တိုင်းမှာ နေ့စဉ် သန့်စင်ပေးပါ။ ပြီးရင် စကာစစ်ကလေးနဲ့ရေခြောက်အောင် စစ်ထားပြီး ကစားစရာတွေ ထည့်ထားတဲ့ အဲဒီဇကာစစ်ကို ယင်နဲ့ အကောင်ပလောင်တွေ မနားနိုင်အောင် သေချာသိမ်းဆည်းပါ။ ဒီလိုမှမဟုတ်ရင် ကြွက် ၊ ခြင် ၊ ယင် ၊ ပုရွဲဆိတ် ၊ ပိုးဟပ်စတဲ့ အကောင်တွေလာနားနိုင်လို့ ဒီကစားစရာတွေ ပါးစပ်ထဲ ထည့်ဆော့မိတဲ့ကလေးဟာ ဝမ်းပျက်နိုင်ပါတယ်။ အစာမှားမှ ဝမ်းပျက်တာမဟုတ်ဘဲ ဝမ်းပျက်စေတဲ့ပိုးဟာ တနည်းနည်းနဲ့ ကလေးပါးစပ်ထဲ ရောက်သွားရင် ဝမ်းပျက် ၊ ဝမ်းကိုက် ၊ ဝမ်းသွားတတ်ပါတယ်။ ဒါကြောင့် ဟိုကိုင်ဒီကိုင် ကိုင်တတ်ပြီဖြစ်တဲ့ သူ့လက်ကို မကြာခဏ ဆေးပေးရမှာဖြစ်သလို သူကိုင်နိုင်တဲ့ ပတ်ဝန်းကျင်ကိုလည်း သန့်သန့်ရှင်းရှင်းဖြစ်အောင် သတိထားပေးရပါတယ်။

BurmeseHearts Blog

သူဟာ ပစ္စည်းတခုခုကို ဆွဲကိုင်အားပြုပြီး ထတတ်လာပြီဆိုရင် သူအထမှာ ခုံဇောင်း ၊ ကုတင်ဇောင်း စတဲ့ အမာတွေနဲ့ ခေါင်းမဆောင့်ရအောင် အဲဒီလိုအစွန်းတွေကို ဖော့ သို့မဟုတ် ရာဘာလို ၊ ဆီလီကွန်လိုဟာတွေနဲ့ ကပ်ထားပေးနိုင်ရင် သူအနာသက်သာမှာပါ။ စားပွဲနဲ့ခုံအောက်ဝင်ပြီး ကုန်းထွက်ရမယ်ဆိုတာ နားမလည်နိုင်သေးတဲ့သူဟာ အထမှာ အံဆွဲ သို့မဟုတ် ခုံနဲ့ ဆောင့်နိုင်ပါသေးတယ်။ ဒီလိုဆိုရင်တော့ သူ့ခေါင်းကို လက်ခံပြီး ဒီနေရာတွေဆို ဒီလို ကုန်းပြီးထွက်ရတယ် ဒီလိုမှမဟုတ်ရင် ခေါင်းဆောင့်ပြီး နာတတ်တယ်လို့ သင်ပေးရမှာပါ။ ဒီလိုသင်ပေမယ့် တခါနှစ်ခါတော့ ဆောင့်နိုင်ပါသေးတယ်။

ထရင်းလဲကျတာ ၊ လမ်းစလျှောက်တုန်း လဲကျတာတွေ ဖြစ်နိုင်ပါသေးတယ်။ ကိုယ်ဟာ သူ့ကို စိတ်ဓါတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ပြီး ကိုယ့်အားကိုယ်ကိုးစေချင်တယ်ဆိုရင် ပျူးပျူးပြာပြာနဲ့ ပြေးထူ ၊ ပြေးချော့တာမျိုးကို ရှောင်ပြီး သူ့အားသူကိုးတတ်အောင် လေ့ကျင့်ပေးသင့်ပါတယ်။ ဒီလိုသူ့ဘာသာသူထနိုင်အောင် အားပေးမယ် ၊ နောက်ဒီလိုမဖြစ်အောင် ဘယ်လိုလုပ်ရမယ်လို့ နားလည်အောင် သင်ပေးမယ်ဆိုရင် သူဟာ စိတ်ဓါတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ပြီး ကိုယ့်အားကိုယ်ကိုးလာတတ်မှာပါ။

သူ့လက်ထဲက ပစ္စည်းတစ်ခုယူမယ်ဆိုရင် နောက်ပစ္စည်းတခု သူ့လက်ထဲထည့်ပေးဖို့ မမေ့ပါနဲ့။ ဘဝမှာ ရွေးချယ်စရာတွေရှိရင် ဒါမရလဲ ဟိုဟာရနိုင်တယ်။ လက်ထဲမရှိတော့တဲ့ဟာအတွက် ငိုယိုနေရုံနဲ့ အချိန်မကုန်ဘဲ လက်ထဲရောက်လာတာနဲ့ ပျော်ရွှင်စွာ ကစားတတ်အောင် သင်ပေးပါ။ ဒါဟာ ကလေးကို ငကန်းသွား ငစွေလာနိုင်တယ်လို့ သွယ်ဝိုက်သင်ပေးလိုက်တာပါ။ တခါတရံမှာ ကျွန်မတို့ဟာ လွတ်သွားတဲ့အခွင့်အရေးထက် သာလွန်တာကို ရရှိနိုင်ပါတယ်။ ဒါပေမယ့် ဆုံးရှုံးလိုက်ရတာကိုပဲ အာရုံထားနေရင် ဘေးမှာရှိနေတဲ့ အခွင့်အရေးဆိုတာအပေါ် အာရုံမထားနိုင်တာမို့ လက်လွတ်သွားနိုင်ပါတယ်။

ကလေးကို စကားလုံးဖြစ်ဖြစ် ၊ ကစားနည်းဖြစ်ဖြစ် အကြောင်းအရာတခုခု သင်ပေးတဲ့နေရာမှာ ကလေးဟာ ပြောမှား ၊ လုပ်မှား ရှိနေနိုင်ပါတယ်။ ကိုယ်က အမှန်ကိုပဲ ပြောပြပါ။ အမှားကိုထောက်ပြပြီးမှ အမှန်ပြောတာမျိုးဆို ကလေးဟာ ဘယ်ဟာ အမှန် ၊ အမှားမှန်းမသိ ဒွိဟဖြစ်သွားနိုင်ပါတယ်။ သူအမှားလုပ်နေ ၊ ပြောနေလည်း ကိုယ်က အမှန်ကိုပဲပြောပြ ၊ လုပ်ပြတဲ့အခါ သူဟာ အမှားဘက်မှာ အာရုံမရှိတော့ဘဲ အမှန်ကိုပဲ သင်ယူသွားမှာပါ။ သူတို့နဲ့အပြင်ထွက်မယ်ဆို သူကြိုက်တတ်တဲ့ ကစားစရာတွေ မပါမဖြစ် ယူသွားပါ။ ပူစီဖောင်းမှုတ်လို့ရတဲ့ ဆပ်ပြာရည်ဗူးကို ဆောင်ထားမယ်။ မမှုတ်ရသေးတဲ့ ပူဖောင်းကို ဆောင်ထားမယ်ဆိုရင် အပြင်ထွက်တုန်း အကြောင်းကြောင်းကြောင့် သူပျင်းရိငြီးငွေ့လာတဲ့အခါတွေမှာ ဒါတွေနဲ့ သူ့ကို ဖျော်ဖြေလို့ စိတ်ပြောင်းစိတ်လွဲ လုပ်နိုင်ပါတယ်။

ဘဝမှာ ရွေးချယ်မှုရှိတယ်ဆိုတာ သူ့ကို သင်ပေးရဦးမှာပါပဲ။ အဲဒီလို ရှစ်လ ၊ ကိုးလအရွယ်ကစပြီး အဝတ်အစားတွေ ၊ အစားအသောက်တွေ ၊ ကစားစရာတွေကို သူ့ကိုမကျွေးမီ ၊ မဝတ်မီ ၊ မဝယ်မီ ဘယ်ဟာလိုချင်သလဲဆိုပြီး တလေးတစားမေးပါ။ ဒါဟာ သူ့ဆန္ဒကို အလေးထားကြောင်း ကိုယ်ကပြလိုက်တာပါ။ နှစ်ကြိမ် ၊ သုံးကြိမ်လောက် ကောင်းကောင်းမေးပြီးရင် သူရွေးချယ်တဲ့ဟာကို ပေးပါ။ ဒီလိုမေးတဲ့နေရာမှာ ဒီဟာကောင်းတယ် ၊ ဟိုဟာကောင်းတယ်လို့ မပြောမိပါစေနဲ့ ကိုယ့်စကားနားယောင်ပြီး ရွေးချယ်တာမျိုး မဖြစ်စေချင်လို့ပါ။ ဒါဆို သူ့ဆန္ဒအမှန် သူနားလည်နိုင်ဖို့ ခဲယဉ်းသွားမယ်။ သူများပြောတာ နားယောင်မယ်လေ။ သူ့ဘာသာသူ ရွေးချယ်လေ့ရှိလာပြီဆိုရင် သူဟာ ဘာကို ပိုနှစ်သက်တတ်တယ် ၊ သူဘာလိုချင်တယ် ၊ ဘာလုပ်ချင်တယ် စသဖြင့် သူ့ဆန္ဒသူ ပိုနားလည်လာမယ်။ သူ့စိတ်သူ ပိုသိလာတဲ့သဘောပေါ့။ ဒါဆို ဘဝတလျောက်မှာ သူများပြောလို့ လိုက်ယောင်တာမျိုး ၊ သူများဆွယ်လို့ ပါသွားတာမျိုး နည်းတတ်ပါတယ်။

(၈)လ ၊ (၉)လ အရွယ်ကနေစပြီး သူ့ဘာသာသူ အစာတွေ ကောက်စားနိုင်အောင် ဆန်ကွဲစေ့လောက်ထမင်းလေးတွေအနေအထား ၊ ခေါက်ဆွဲ နဲ့ ကြာဇံတွေကို ဖြတ်တောက်ပြီး အသီးအနှံတွေဆိုလည်း သူ့တလုတ်စာ လှီးပြီး သူ့ရှေ့ချကျင့်လုပ်ပါ။ သူ့ဘာသာစားကျင့်ရှိလာရင် ဘယ်အချိန်မှာ ဆာတယ် ၊ ဘယ်အချိန်မှာ ဝတယ် သူ့ဘာသာသူ ပိုနားလည်လာပြီး စားသောက်ဖို့ အတင်းချော့မော့ ခွံ့ကျွေးရတာမျိုး မရှိတော့ပါဘူး။ သတိထားရမှာက ဒီလိုစကျွေးချိန်မှာ သီချင်း ၊ တီဗွီအပါအဝင် သူ့စိတ်ကို အာရုံများစေမယ့်အရာတွေ ၊ လူတွေ ၊ ကစားစရာပစ္စည်းတွေ မရှိပါစေနဲ့။

နောက်ပိုင်း သူ့ဘာသာသူ စားကျင့် ကောင်းကောင်း ရသွားပြီဆိုတော့မှ သူ့ကစားစရာတွေ သူ့နားချထားပေးတာ စားရင်ကစား ၊ ကစားရင်းစားတာမျိုး လုပ်လို့ရပါပြီ။ ကျွန်မသမီးဆို အစားနဲ့ပါးစပ်မပြတ်အောင် ကစားလိုက် ၊ စားလိုက် ၊ အပေါ့ ၊ အလေးသွားလိုက်ပါပဲ။ ဒီလိုစားနိုင်လေ ၊ ကစားနိုင်လေ ကလေးဟာ ကျန်းမာသန်စွမ်းလေ ၊ ကောင်းကောင်းဖွံ့ဖြိုးတိုးတက်လေပါ။သူမစားချင်တာတွေ စားအောင်လို့ အတင်းဖိအားပေး ကျွေးတာမျိုးကိုတော့ ရှောင်ရမှာပါ။ ကလေးဟာ ထမင်းမစားရင် ဆန်နဲ့လုပ်တဲ့အစားအစာ ၊ ခေါက်ဆွဲ ၊ မုန့် ၊ ဂျုံတဲ့လုပ်တဲ့အစားအစာ ၊ ခေါက်ဆွဲ ၊ မုန့်တွေကို ကျွေးနိုင်ပါတယ်။

သူကောင်းကောင်း မတ်တပ်ရပ်နိုင်တဲ့ အရွယ်ရောက်ပြီဆို Diaper ဝတ်ပေးတတ်တဲ့ မိဘတွေက ကလေးကို ဆီးဝမ်းသင်တန်း စပေးလို့ရပါပြီ။ စိတ်တော့ရှည်ရပါမယ်။ ပထမဆုံး ရေမချိုးခင် ရှူး … ရှူး လို့ ပါးစပ်ကပြောပြီး သူ့လိင်အင်္ဂါနားကို ရေလေးတောက်ပေး ၊ ရေကို လက်ခုပ်လေးနဲ့ နည်းနည်းစီ ပက်ပေးပါ။ ရေရဲ့ အထိအတွေ့ကြောင့် ရေမချိုးခင် သူဆီးသွားပါမယ်။ ဒါကို အပေါ့သွားတာ ရှူ .. ရှူးလို့ ပြောကျင့်လုပ်ပါ။ ဒီမှာ အကျင့်ဖြစ်လို့ ရေချိုးခါနီးတိုင်း သူဆီးသွာတယ်ဆိုရင် နောက်တဆင့်က သူနေ့လည်တရေးနိုးချိန်မှာ ရေမချိုးခင်ကလို ရှူးတည်တာမျိုး ထပ်လုပ်ပါ။ ဒီမှာလည်း အကျင့် ဖြစ်သွားမယ်ဆိုရင် ကလေးဟာ ဆီးသွားကြိမ် ခြဲသွားခြင်းရှိ ၊ မရှိ သတိထားပါ။ ကလေးဟာ ဆီးသွားချိန် ခြဲသွားတာမျိုး ၊ သေးစိုရင် မနေတတ်တာမျိုး ၊ ဆီးမသွားခင် မျက်နှာအနေအထား တစ်မျိုး ပြောင်းသွားတာမျိုးဆိုရင် သူဟာ နေ့လည်နေ့ခင်း Diaper ချွတ်ထားပြီး Diaper Training စပေးလို့ရပါပြီ။ သူ့ကို နှစ်နာရီခြားတစ်ခါ ၊ အများဆုံး သုံးနာရီခြားတစ်ခါ ဆီးတည်ဖို့ မမေ့ပါနဲ့။ လေး ၊ ငါးကြိမ်တော့ သူပေါက်ချနိုင်ပါတယ်။ ညဘက်မှာ အိပ်နေတုန်း ဆီးသွားတတ်သေးတာမို့ Diaper ချွတ်လို့ မရသေးပါဘူး။ ဒါကတော့ အတော်ကြာ အချိန်ယူသင်ရဦးမှာပါ။ စိတ်ရှည်ဖို့တော့လိုတယ်လေ။

ဆီးနိုင်မှ ဝမ်းအတွက် သင်တန်းပေးလို့ရမှာပါ။ Diaper ဝတ်ပေးတတ်သူတွေဟာ ကလေးကို Diaper လဲပေးချိန်တိုင်း ရေနဲ့ Diaper ဝတ်ပေးတတ်တဲ့ ဧရိယာတွေကို အိမ်မှာနေတဲ့အချိန် ဆေးကြောပေးနိုင်ရင်အကောင်းဆုံးပါ။ အပြင်သွားနေတုန်း အဆင်မပြေရင်တော့ Wet Tissue နဲ့ သန့်စင်ပေးရမှာပေါ့။ ဆီးမှာ အပူဓါတ်ရှိတာမို့ ရေနဲ့ဆေးပေးပြီး ခြောက်အောင်လုပ်ပေးပြီးမှ Diaper ဝတ်ပေးမယ်ဆို Diaper Rash Cream မလိမ်းလည်း Diaper ကြောင့် ကလေးအသားလောင်မှာ မစိုးရိမ်ရတော့ဘူးပေါ့။ Diaper Rash ဖြစ်လာပြီဆိုရင် Diaper လဲပေးချိန်တိုင်း ရေနဲ့ ဆေး ၊ ခရင်မ်လိမ်း လုပ်ရမယ့်အပြင် အခြေအနေဆိုးရင် ညအိပ်ယာဝင်ချိန်ကလွဲပြီး ကလေးကို Diaper ဝတ်ပေးတာ ရှောင်လိုက်ရင် ကလေးအသားလောင်တာ ခပ်မြန်မြန် သက်သာလာမှာပါ။ ညအိပ်ရာဝင်ချိန်မှာ Diaper မဝတ်ပေးရင် သက်သာတာ ပိုမြန်နိုင်ပေမယ့် ညဘက် ကလေးအိပ်နေတုန်း ရှူးပေါက်လို့ ကလေးကို အဝတ်လဲပေးရတာ ၊ သန့်စင်ပေးရတာတွေဟာ ကလေးအအိပ်ပျက် ၊ ကိုယ်အအိပ်ပျက် ဖြစ်နိုင်ပါတယ်။

Diaper မလောင်ရအောင် ဆိုဒ်ကို တဆင့်ကြီးဝယ်ပါ။  ဥပမာ ၅ကီလို ကနေ၁၀ ကီလိုက တစ်ဆိုဒ် ၊ ၇ ကီလိုကနေ (၁၃)ကီလိုတစ်ဆိုဒ်ထားပါတော့။ ကိုယ့်ကလေးဟာ (၇)ကီလိုရှိနေမယ်ဆို ပထမ ၅ကီလို ကနေ၁၀ ကီလိုဆိုဒ် မရွေးဘဲ ၇ ကီလိုကနေ (၁၃)ကီလိုဆိုဒ်ကို ရွေးဝယ်ပါ။ ဒီတော့ ကလေးဟာ ဝတ်ထားတဲ့ Diaper ဆိုဒ်ကြီးနဲ့ တွဲကျနေသယောင် အမြင်မတော်ပေမယ့် သူသာ သက်တောင့်သက်တာပိုရှိပါတယ်။ ဒါက လိုရင်းမဟုတ်လား။ အပြင်သွားလာရင်တော့ အဲဒီ Diaper ပေါ်မှာ ဘောင်းဘီထပ်ဝတ်ပေးလိုက်ရင် Diaper တွဲကျနေတာ ဘယ်သူသိမြင်နိုင်မှာမို့လို့နော်။

တစ်နှစ်အောက်အရွယ်တွေဟာ သာမာန်လူ့သက်တမ်းက အချိန်တွေထက် သင်ယူမှုနှုန်း (ဦးနှောက်အလုပ်လုပ်ပုံ) နှစ်ဆမြန်နေတာမို့ သူ့ကို ဒီအချိန်မှာ စာရိတ္တပိုင်းဆိုင်ရာ ၊ သင်ယူမှုပိုင်းဆိုင်ရာတွေကို သင်နိုင်သမျှ သင်နိုင်လေ သူဟာ တတ်မြောက်လေပါပဲ။ ကလေးဟာ သူမြင်ရာ ၊ ကြားရာ ပတ်ဝန်းကျင်ကနေ သဲကရေကိုစုပ်ယူသလိုမျိုး အာရုံဖမ်းသင်ကြားယူနေတာမို့ ကလေးအနီးအနားမှာ မဟုတ်တာပြောဆိုတာ ၊ ဆဲဆိုတာ ၊ ရန်ဖြစ်တာ ၊ စကားများတာ ၊ မကောင်းတဲ့အပြုအမူတွေ မလုပ်မိအောင် ဆင်ခြင်ရပါမယ်။ ကိုယ်နားထောင်ကြည့်ရှုတဲ့ ရုပ်သံအစီအစဉ်တွေကိုလည်း ပြန်စိစစ်ရမှာဖြစ်ပါတယ်။ ငါပြောတာလုပ် ၊ ငါလုပ်တာမလုပ်နဲ့လို့ ကလေးကို ကန့်သတ်ထားလို့မရပါဘူး။ နောက်ဆုံးမှာတော့ ကလေးဟာ မိဘတွေရဲ့ ကြေးမုံလိုပါပဲ။ လူကြီးမိဘတွေလုပ်တာ ၊ ပြောတာကို ကလေးဟာ လိုက်ပြော ၊ လိုက်လုပ်မှာဖြစ်ပါတယ်။ ဒီအခါမှ ဒီအကျင့်တွေ ဘယ်သူ့ဆီက သင်ခဲ့သလဲ မမေးပါနဲ့။ ဖြူစင်တဲ့ကလေးဟာ ဒီအကျင့်တွေကို မွေးရာပါ တတ်လာတာမဟုတ်ဘဲ သူ့အနီးပတ်ဝန်းကျင်မှာ ရှိနေတာတွေက သင်ယူတတ်မြောက်ခဲ့တာပါ။ ကလေးကို လူကြီးတွေက နားလည်နိုင်ပါစေ။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

You might also like