Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကလေးကိုမူကြိုကျောင်းပို့မယ်ဆိုရင် – BurmeseHearts

ကလေးကိုမူကြိုကျောင်းပို့မယ်ဆိုရင်

0

baby in nursery school

ကလေးကို နေ့ကလေးထိန်းကျောင်း သို့မဟုတ် မူကြိုကို ဘယ်အရွယ်ထားရမလဲဆိုတာ မပြောခင် ကလေးတွရဲ့ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုတွေဟာ ဘယ်လိုမျိုးလဲလို့ အကြမ်းဖျဉ်းပြောပါရစေ။

ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုဟာ သူတို့နှစ်နှစ်အောက်အရွယ်မှာ ပေးအပ်တဲ့ ချစ်ခြင်းမေတ္တာ ၊ ပြုစုဂရုစိုက်စောင့်ရှောက်မှုတွေအပေါ်မှာ တန်ပြန်တုန့်ပြန်ရင်းနဲ့ ဦးနှောက်တခုလုံးဟာ ဖွံ့ဖြိုးသထက် ဖွံ့ဖြိုးလာတာပါလို့ ကလေးသူငယ်များရဲ့ စိတ်ပညာရှင်တစ်ဦးဖြစ်တဲ့ Steve Biddulph ကဆိုထားပါတယ်။ ဒီအရွယ်မှာ ပေးသင့်တာ မပေးဖြစ်ခဲ့ရင် သူတို့ရဲ့ဦးနှောက်ဖွံ့ဖြိုးမှုဟာလည်း ဖွံ့ဖြိုးသင့်သလောက် ဖွံ့ဖြိုးလာမှာ မဟုတ်ပါဘူးလို့ သူက ထောက်ပြထားပါတယ်။

ဒါဆိုရင် ဒီကျောင်းတွေက ကလေးတွေကို ချစ်ခြင်းမေတ္တာနဲ့ လိုအပ်တဲ့ ဂရုစိုက်ပြုစုစောင့်ရှောက်မှုတွေ မပေးလို့လားလို့ မေးစရာရှိပါတယ်။ ဒီမေးခွန်းကို တိုက်ရိုက်မဖြေခင် နေ့ကလေးထိန်းကျောင်းတွေရဲ့ တနေ့တာ လည်ပတ်နေမှုကို အရင်မိတ်ဆက်ပေးပါရစေ။ ကြော်ငြာထဲမှာ မြင်ရတဲ့အတိုင်း လှပတဲ့ အရုပ်ဆေးနံရံလေးတွေ ၊ ကစားစရာလေးတွေ ၊ ကလေးပစ္စည်း အသေးလေးတွေ ၊ အိမ်သာအသေးလေးတွေ ၊ ပန်းခြံအသေးလေးတွေက မိဘတွေရဲ့ စိတ်နှလုံးကို “ငါ့ကလေးဒီကျောင်းမှာထားရင် ပျော်နေမှာပဲ” ဆိုတဲ့ခံစားမှု ဖြစ်ပေါ်စေပါတယ်။

ဆုံးဖြတ်တာ မစောပါနဲ့ဦး ။ မနက်အစောပိုင်း ကျောင်းစတက်ချိန်မှာ မူကြိုကျောင်းလာကြည့်ပြီးရင် ညနေ ကျောင်းမဆင်းခင်မှာလည်း တချက်လောက် ပြန်သွားကြည့်လိုက်ပါဦး။ ဒီလိုကြည့်တဲ့အချိန်မှာ ကျောင်းထဲမှာရှိတဲ့ သက်မဲ့ပစ္စည်းတွေထက် သက်ရှိတွေဖြစ်တဲ့ ကလေးတွေရဲ့မျက်လုံး ၊ ဆရာမတွေရဲ့မျက်လုံးကို ဘာသာပြန်နိုင်အောင် သတိထားကြည့်လိုက်ပါ။ မနက်တုန်းက တက်ကြွနေသယောင်ရှိနေတဲ့ ကလေးတွေရဲ့မျက်လုံးဟာ ညှိုးမှိန်နေတာ ၊ ကြောက်ရွံ့နေတာ ၊ မပျော်ပိုက်တာ ၊ မျက်ရည်လည်နေတာကို တွေ့မြင်နေနိုင်သလို ဆရာမတွေရဲ့မျက်လုံးမှာလည်း တနေ့တာ စိတ်ပင်ပန်းမှုကို သတိထားရင် အတိုင်းသားမြင်နိုင်ပါတယ်။ သေချာတာက ချစ်စရာကောင်းတဲ့ ဒီကျောင်းလေးမှာ ကလေးတွေကော ဆရာမတွေပါ စိတ်ဖိစီးမှုတွေ ရှိနေပါတယ်။

အလုပ်တိုင်း ၊ နေရာတိုင်းမှာ စိတ်ဖိစီးမှုတွေ ရှိနိုင်ပေမယ့် ငိုကြွေးမှုတွေဆုံတဲ့နေရာဟာ စိတ်ဖိစီးမှုတင်းပြည့်ကျပ်ပြည့် ရှိနေတဲ့နေရာပေါ့။ ငိုကြွေးနေတဲ့ ကလေးအသံတွေ ၊ ဆရာမတွေက ဖျောင်းဖြချော့မော့ဖို့ကြိုးစားရင်း မနိုင်ရင် ခြိမ်းခြောက်ငေါက်လိုက်တဲ့စကားတွေ ၊ စိတ်မထင်လို့ (အုပ်ထိန်းသူမရှိတုန်း) ရိုက်နှက်လိုက်တဲ့ အပြုအမူ ၊ ဒါတွေ ကြားနေ မြင်နေရတဲ့ အခြားကလေးငယ်တွေနဲ့ ဒီအခြေအနေတွေအားလုံးဟာ ကလေးရော ၊ ဆရာမတွေကိုပါ စိတ်ဖိစီးမှု ဖြစ်စေပါတယ်။ နှစ်နှစ်အောက် အရွယ်ကလေးနဲ့ ဒီလိုစိတ်ဖိစီးမှုတွေကို နေ့စဉ် မနက်ကနေ ညနေအထိ ခံစားနေရမယ်ဆို ဒီလိုကလေးတွေဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းလာသူတွေ ဖြစ်လာပါ့မလား။ ဒါဆိုရင် မိဘတွေ တွေးခဲ့တဲ့ “ငါ့ကလေးဒီကျောင်းမှာထားရင် ပျော်နေမှာပဲ” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာမဟုတ်လား။

နှစ်နှစ်အောက်ကလေးတွေဟာ တစိမ်းတွေကို ရှက်တတ် ၊ ကြောက်တတ်တဲ့ အရွယ်မို့လို့ ဆရာမတွေက ကစားစရာအသစ်အဆန်းတွေနဲ့ ဆွဲဆောင်သည့်တိုင်အောင် ကလေးဟာ အိမ်မှာ အမေ၊ အဖေ ၊ အဖိုး ၊ အဖွား ၊ ဦးဦး ၊ ဒေါ်ဒေါ် ၊ ကိုကို ၊ မမ တို့နဲ့ ကစားရတာလောက် မပျော်ပါဘူး။ ရွယ်တူသူငယ်ချင်းတွေ အများကြီးရှိပေမယ့် ပူးပေါင်းဆောင်ရွက်တတ်တဲ့ (ဝိုင်းကစားတတ်တဲ့)အရွယ်မဟုတ်သေးတော့ ရွယ်တူသူငယ်ချင်းတွေ အများကြီးရှိခြင်းဆိုတဲ့ တန်ဖိုးကို နားမလည်နိုင်သေးပါဘူး။ အထူးသဖြင့် တိတ်တိတ်ကလေးနေတတ်ပြီး ရှက်တတ်လွန်းတဲ့ ကလေးတွေရဲ့ စရိုက်မျိုးနဲ့ဆို ဒီကျောင်းဟာ သူ့အတွက် စိတ်ညစ်စရာ ၊ စိတ်ဖိစီးစရာနေရာကြီးဖြစ်နေမှာပါ။

တခန်းချင်းစီနေရတယ်ဆိုတဲ့တိုင် ကျောင်းတက် ၊ ကျောင်းဆင်းချိန်ပဲဖြစ်ဖြစ် ထမင်းစားချိန်မှာပဲဖြစ်ဖြစ် ကိုယ့်ကလေးထက်ကြီးပြီး ဆိုးတတ် ၊ နိုင်စားတတ်တဲ့ ကလေးတွေနဲ့ ကိုယ့်ကလေးဟာ ဆုံနိုင်ပါသေးတယ်။ ကိုယ့်ကလေးဟာ သူတို့အနိုင်ကျင့်နေကျ ကလေးငယ်တွေထဲက တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်ရော ဆရာမတွေဟာ မျက်လုံးနှစ်လုံးတည်း ပါရှိပြီး ကလေးတွေအများကြီးဟာ ဟိုပြေး ၊ ဒီပြေး ၊ ဟိုဆော့ ၊ ဒီဆော့ဆိုတော့ ကလေးတစ်ယောက်ချင်းစီကို မျက်လုံးဒေါက်ထောက်မကြည့်နိုင်တာမို့ ကိုယ့်ကလေးအနိုင်ကျင့်ခံရတာကို သိချင်မှသိမှာပါ။ ကိုယ့်ကလေးဟာ ပြန်မပြောတတ်သေးဘူးဆိုရင် ဘယ်လောက်ထိ စိတ်ဖိစီးမှုခံရမလဲ။ ငိုလည်း ဘာဖြစ်လို့လိုတယ်ဆိုတာ ပြန်မေးလို့ရတာမျိုးမဟုတ်ဘူးလေ။ ထိခိုက်ဒဏ်ရာရသွားတယ်ဆိုရင်လည်း ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို ပြန်မရှင်းပြနိုင်သေးဘူး။ ဒီတော့ ထိရောက်တဲ့ အရေးယူမှုမျိုးဆိုတာကို မလုပ်နိုင်ဘဲ မတော်တဆ ဘယ်လိုဖြစ်လို့ဖြစ်မှန်းမသိတာလို့ ခေါင်းစဉ်တပ်လိုက်တာပါပဲ။

ကိုယ်လက်အင်္ဂါ ထိခိုက်ဒဏ်ရာရသွားတာကို ဆေးခန်း ၊ ဆေးရုံတွေမှာ ပျောက်အောင် ကုသပေးလိုက်လို့ရသွားပေမယ့် သူ့စိတ်ထဲမှာဖြစ်ပေါ်သွားခဲ့တဲ့ စိတ်ထိခိုက်ဒဏ်ရာကိုတော့ ဘယ်သူမှ သတိထားမိမှာမဟုတ်ဘူး။ ဘယ်လိုပျောက်အောင် ကုသပေးနိုင်မလဲ။ ကလေးအချင်းချင်းဆိုတာလည်း သိတတ်သေးတဲ့အရွယ်မဟုတ်တော့ ကလေးအချင်းချင်း အနိုင်ကျင့်ရတာကို ပျော်စရာအနေနဲ့ သတ်မှတ်ကြတာဟာ မူလတန်း ၊ အလယ်တန်း ၊ အထက်တန်းကျောင်းတွေအပြင် လူမှုဝန်းကျင်မှာပါ ရှိနိုင်သေးတာမို့ နောင်ကျောင်းပြန်တက်တဲ့အခါ ဆရာမတွေ သတိမထားမိချိန်မှာ ဆက်အနိုင်ကျင့်ခံရနိုင်ပါသေးတယ်။ ကိုယ့်ကလေးဟာ ပြန်မပြောတတ်သေးဘူးလေ။ အနိုင်ကျင့်တတ်တဲ့ ကလေးတွေအကြိုက်ပေါ့။

BurmeseHearts Blog

ကျောင်းမှာတွေ့မြင်ရတဲ့ အမျိုးစုံသော ကစားစရာတွေဟာ ကျောင်းသား ၊ ကျောင်းသူတိုင်း ကစားခွင့်ရှိတာမို့ ကိုယ့်ကလေးဟာ သူ့ကိုယ်ပိုင် ကစားစရာရယ်ဆိုပြီး ထောင့်တထောင့်မှာ အေးအေးသက်သာ ကစားခွင့်မရှိပါဘူး။ သူ့ကစားစရာကို တခြားကလေးက မျက်စိကျရင် လုယူပြီးကစားနိုင်တယ်လေ။ ကိုယ့်လက်ထဲက လုယူခံရတဲ့ခံစားမှုဟာ ဘယ်လောက်စိတ်ဖိစီးစရာကောင်းသလဲ။ အားချင်းမမျှလို့ ပြန်မလုယူနိုင်တဲ့အခြေအနေက ဘယ်လောက်ထိ စိတ်ဖိစီးစရာ ကောင်းလိုက်သလဲ။ ဆရာမတွေဟာ ဆိုးတဲ့ကလေးကို မနိုင်တာမို့ မဆိုးတဲ့ကလေးကိုပဲ အလျှော့ပေးဖို့ ဖျောင်းဖြကြတာများတယ်။ ကလေးငယ်စိတ်ထဲမှာ ငါအနိုင်ကျင့်ခံရတယ်ဆိုတဲ့ခံစားမှု ၊ အဖန်ဖန်အလျှော့ပေးလိုက်ရတဲ့ စိတ်ခံစားချက် ဒါတွေကို ဆရာမတွေ နားလည်နိုင်ဖို့ ခဲယဉ်းတယ်။ နားလည်သည့်တိုင်အောင် ဆိုးတဲ့ကလေးဟာ အနိုင်ရမြဲရလေ့ ရှိနေတတ်ပါတယ်။ ငိုတဲ့ကလေးဟာ မုန့်ပိုစားရတယ် ဆိုသလိုမျိုး မုန့်ပိုစားရဖို့ ငိုလာရင်း အနိုင်ရဖို့ ကိုယ့်ကလေးဟာလည်း ဆိုးလာတတ်ပါတယ်။

ကျောင်းခန်းထဲမှာ ကလေးဘယ်နှစ်ယောက်ကို ဆရာမ ဘယ်နှစ်ယောက်အချိုးနဲ့ ဂရုစိုက်သလဲ မေးမြန်းကြည့်ပါ။ အဲဒီထဲမှာမှ လဲချော်ကျတဲ့ကလေးကို ဂရုစိုက်တဲ့ဆရာမ ၊ ချီးသေးယိုတဲ့ကလေးကို ဂရုစိုက်ရတဲ့ဆရာမ ၊ ငိုနေတဲ့ကလေး ချော့ရတဲ့ဆရာမတွေကို နှုတ်လိုက်ရင် ကျန်တဲ့ကလေးတွေဟာ မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်ကြည့်နေရင်း အပယ်ခံလေးတွေ ဖြစ်မှန်းမသိ ဖြစ်နေနိုင်ပါတယ်။ ဆရာမတွေဟာ တချိန်တည်း ၊ တပြိုင်တည်းမှာ ကလေးတွေအားလုံးကို အာရုံစူးစိုက်လို့ ဂရုစိုက်စောင့်ရှောက်မှု ၊ ဖျော်ဖြေမှုမျိုး မပေးနိုင်ဘူးလေ။ ကိုယ့်အိမ်မှာတော့ ကိုယ့်ကလေးတစ်ယောက်တည်းကို အိမ်ရှိလူကုန်ရဲ့ ဂရုစိုက်တဲ့မျက်လုံးအောက်မှာ ထားနိုင်ပေမယ့် ကျောင်းမှာ ဒီလိုမရဘူး။

ကျောင်းမှာ ပြေးပြေးလွှားလွှား ဟိုဖွဒီဖွမလုပ်ဘဲ တနေရာတည်းမှာ ငြိမ်ငြိမ်ကလေးထိုင် ၊ ဟိုကြည့်ဒီကြည့်နဲ့ ထိုင်ကစားရင်း နေတတ်တဲ့ကလေးဟာ ဆရာ ၊ ဆရာမတွေက လိမ္မာတဲ့ကလေးလို့ ကောင်းချီးပေးခံရတဲ့ကလေးတွေပါ။ ဒီလိုငြိမ်တဲ့ကလေးတွေများလေ သူတို့ဟာ ထိန်းရသက်သာလေ ၊ ပြသနာနည်းလေ မဟုတ်လား။ ဒါပေမယ့် ဒီလိုငြိမ်နေတဲ့ကလေးတွေရဲ့ရင်ထဲမှာ စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာ ရှားပါးနေပါတယ်။ သူတို့ဟာ ကလေးပီပီ သီချင်းဆိုကခုန် ရယ်မောပျော်ရွှင်လို့ စကားများတာ ၊ လျှောက်ဖွတာမျိုး မလုပ်တာကိုက တခုခု မှားယွင်းနေတာမဟုတ်လား။ ကလေးဟာ ကလေးသဘာဝ ရှိကိုရှိရမယ်လေ။ ကလေးသဘာဝမရှိတာကိုက မှားယွင်းနေတာပဲပေါ့။

တချို့ ကလေးထိန်းဆရာမတွေကတော့ တကယ့်ကိုတော်ပါတယ်။ ကလေးကို နွေးနွေးထွေးထွေးနဲ့ အငိုတိတ်အောင် ၊ စိတ်ပြောင်းလဲပြီးပျော်ရွှင်လာအောင် ချစ်ခင်မှု ၊ ဂရုစိုက်မှုမျိုးပေးတတ်ကြတယ်။ ဒါပေမယ့် တကျောင်းလုံးမှာရှိတဲ့ ဆရာမတွေအရေအတွက်နဲ့ နှိုင်းယှဉ်ရင် ဒီလိုဆရာမမျိုးက ရှားတယ်လေ။ ဒါ့အပြင် သူတို့ဟာ အချော့အမော့ ကောင်းတဲ့အတွက် အငိုများတဲ့ကလေးတွေနဲ့ ဆိုးတတ်တဲ့ကလေးတွေကို ဖျောင်းဖြရင်း အချိန်ကုန်တတ်တာမို့ ကျန်တဲ့သာမာန်ကလေးတွေကို ဂရုစိုက်မှု မျှဝေပေးချိန် နည်းနေတတ်ပါတယ်။

ဆရာမနဲ့ ကျောင်းသားတွေရဲ့ ဆက်ဆံရေးဟာ ကလေးနဲ့မိဘတွေရဲ့ ဆက်ဆံရေးနဲ့ ခိုင်းနှိုင်းလို့ရပါ့မလား။ ဆရာ ၊ ဆရာမတွေဟာ ကျောင်းသား ၊ ကျောင်းသူတွေအပေါ်မှာ ဆရာမဆိုတဲ့ အတိုင်းအတာနဲ့ပဲ ဆက်ဆံရပါတယ်။ ကလေးမိဘလို တသွေမတိမ်း ဆက်ဆံလို့မရပါဘူး။ ဆရာဂုဏ်ဆိုတာ မိဘဂုဏ်နဲ့ မတူဘူးလေ။ ဆရာ ၊ ဆရာမတွေက နွေးထွေးမှု ၊ ချစ်ခြင်းမေတ္တာပေးသည့်တိုင် မိဘတွေပေးတဲ့ ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးမှုအတိုင်းအတာနဲ့ ခိုင်းနှိုင်းမယ်ဆို မိဘတွေပေးအပ်တဲ့ ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးမှုက ပိုသာတယ်လေ။ အထူးသဖြင့် သိထားရမှာက ကလေးထိန်းကျောင်းတွေ အဓိကပေးနိုင်တာဟာ ဂရုစိုက်ပြုစုစောင့်ရှောက်ခြင်း ဆိုတာသာဖြစ်ပြီး ချစ်ခြင်းမေတ္တာ မဟုတ်တာကိုတော့ သတိထားရမှာပါပဲ။ အင်္ဂလိပ်လိုဆိုရင် သူတို့တွေ ပေးအပ်ဖို့တာဝန်အတိုင်း ပေးအပ်တာဟာ “Care” ဖြစ်ပြီး “Love” တော့ မဟုတ်ဘူးလေ။

တကယ်ဆိုရင် ကလေးဘဝဟာ တဖြည်းဖြည်းဖွံ့ဖြိုးကြီးပြင်းလာဖို့ အချိန်ဆိုတာလိုအပ်ပြီး တစိမ်းတွေနဲ့ အလိုက်တသင့် နေထိုင်ဆက်ဆံနိုင်ဖို့ ကလေးတွေကို အချိန်ပေးရဦးမှာပါ။ ကလေးတွေဟာ ပုံတွေဆွဲတတ်ပြီ ၊ မေးတာတွေပြန်ဖြေတတ်ပြီး သိချင်တာတွေလည်း မေးတတ်ပြီ ၊ ကိုယ်ရှိတာကို တခြားကလေးနဲ့ မျှဝေကစားတတ်ပြီး ကိုယ်မပိုင်တဲ့ပစ္စည်းတွေကို ကိုယ်ကြိုက်လည်း ယူခွင့်မရှိဘူးဆိုတာ ကောင်းကောင်းနားလည်သိတတ်တဲ့ အရွယ်မျိုး ဖြစ်ပါမှ သူ့ကိုတခြားသူတွေလက်ထဲမှာ ဂရုစိုက်စောင့်ရှောက်စေဖို့ အပ်နှံသင့်ပါတယ်။ တကယ်ဆို သုံးနှစ်ကနေ လေးနှစ်အရွယ်မှ ကလေးကို ကျောင်းပျော် (မူကြို)စထားသင့်တာပေါ့။ ဒီ့မတိုင်ခင် ထားခဲ့ရင် ဘာဖြစ်မှာလဲ။ အမြင်အားဖြင့်တော့ ဘာမှမဖြစ်ဘူးပေါ့။ ကလေးတွေဟာ ကျောင်းမှာ တနေ့တာကိုတော့ ကုန်ဆုံးသွားမှာပါပဲ။ ဒါပေမယ့် ပျော်ရွှင်စွာ ကုန်ဆုံးသွားခဲ့တာတော့ မဟုတ်ဘူးပေါ့။

သုံးလေးနှစ်မတိုင်မီ ငယ်ရွယ်တဲ့ကလေးတွေကို ဘယ်သူတွေက ကလေးထိန်းကျောင်း ပို့တတ်ကြသလဲ လေ့လာရအောင်နော်။ အထူးသဖြင့် ကလေးကို တစ်ယောက်တည်း ရုန်းကန်လုပ်ကျွေးနေရတဲ့ အိမ်ထောင်ကွဲ ၊ အိမ်ထောင်ပျက် ၊ ဖခင်မဲ့ မွေးဖွားလာခဲ့တဲ့ မိခင်တွေဟာ စားဝတ်နေရေး ဖွေရှာရတာမို့ အလုပ်မလုပ်ဘဲ တနေကုန် ကလေးထိန်းပြီး ကြည့်ရှုစောင့်ရှောက်ဖို့ အချိန်မပေးနိုင်ပါဘူး။ တချို့တွေကတော့ သားသမီးထိန်းကျောင်းရမှာ ပျင်းတယ် ၊ သားသမီးဒဏ်ကို မခံနိုင်ဘူး ၊ ချီးသေးကအစလည်း မလုပ်ကိုင်ချင်ဘူး စတဲ့ ခံယူချက်တွေ ရှိနေပြီး သားသမီးထက် ကိုယ့်ကိုယ်ကို ပိုချစ်သူတွေဟာလည်း ပိုက်ဆံရှိရှိ ၊ မရှိရှိ ကလေးထိန်းကျောင်းကို ကလေးပို့တတ်ပါတယ်။ တချို့မိဘတွေကျတော့ အပေါ်ကလိုစိတ်ဓါတ်မျိုး ၊ အခြေအနေမျိုးမဟုတ်ဘဲ ကလေးထိန်းကျောင်းပို့ထားတာက ကလေးကို ဖွံ့ဖြိုးမှု ပိုမြန်စေမယ် ၊ ပိုသိလွယ် တတ်လွယ် ဖြစ်စေမယ် ၊ ကလေးကို ပိုတော်စေ တတ်စေတယ်လို့ ထင်မြင်ပြီး ကလေးထိန်းကျောင်းကို တမင်ပို့ကြတာပါ။

ဘယ်လိုမိဘမျိုးတွေပဲဖြစ်ဖြစ် သုံးနှစ်အောက်ကလေးတွေ အလိုအပ်ဆုံးအရာကို ပိုသိနိုင်အောင် ထပ်လောင်းပြောပါရစေ။ သုံးနှစ်အောက်ကလေးတွေ အကောင်းဆုံးဖွံ့ဖြိုးဖို့အတွက် အဓိကလိုအပ်ချက်ဟာ ကလေးတွေရဲ့ စိတ်လုံခြုံမှုနဲ့ ပျော်ရွှင်မှုပဲဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဟာ ကလေးကို ဘာပေးချင်တာလဲလို့ အရင်သေချာအောင်တွေးပါ။ ပြီးရင် ကိုယ်က ဘာပေးနိုင်သလဲဆိုတာလည်း ပြန်တွေးပါဦး။ ကလေးထိန်းဂေဟာက မိဘဖြစ်တဲ့ ကိုယ့်ထက် ကိုယ့်သားသမီးအပေါ်မှာ အကောင်းဆုံးဆိုတာတွေ ပေးနိုင်ပါ့မလားဆိုတဲ့အတွေးကို ဒီပို့စ်နဲ့ ရှင်းရှင်းလင်းလင်း သိနားလည်လာမယ်လို့ ယုံကြည်မိပါတယ်။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

You might also like