Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
စရိုက် – BurmeseHearts

စရိုက်

0

စရိုက်လို့ဆိုလိုက်ရင် မကောင်းတဲ့စရိုက်လို့ ရှေးဦးစွာတွေးမိကြတယ်။ ငယ်စဉ်ကတည်းက ကျွန်မ အသိဥာဏ်ထဲမှာ မှတ်သားထားတဲ့ စရိုက်နဲ့ဆိုင်တဲ့စကားတွေက “အမိယုတ်က နှုတ်ကြမ်း၏ ။ အဖယုတ်က ကိုယ်အမူအရာကြမ်းတမ်း၏။” တဲ့ နောက်တစ်မျိုးက “လူလိမ္မာသားကတော့ ယဉ်ပါးလို့ လူမိုက်သားကတော့ ….. ” ဆိုလိုတာက ကောင်းမွန်သော အမူအကျင့် ၊ အပြောအဆိုသည်လည်း ထိုလူ၏စရိုက် ၊ ယုတ်ညံ့သည့် အမူအကျင့် ၊ အပြောအဆိုသည်လည်း ထိုလူ၏စရိုက်ပါ။ ဒါပေမယ့် ထိုစရိုက်အထွေထွေ ကူးစက်မှုတွေဟာ ကလေးဘဝက စခဲ့ပြီး လူကြီးမိဘသွန်သင်ဆုံးမမှုနဲ့ ပဲ့ပြင်ရင်း ကောင်းမွန်သွားတတ်တဲ့ အကျင့်တွေရှိတာမို့ “သားသမီးမကောင်း မိဘခေါင်း” သားသမီးဒီလိုစရိုက်ဖြစ်သွားအောင် အချိန်မီ ဆုံးမပဲ့ပြင်မှု မလုပ်ခဲ့တဲ့ မိဘတွေရဲ့ အားနည်းချက်အတွက် မိဘဟာ အပြစ်တင်ခံရတာပါ။

မိဘတွေကိုယ်တိုင်က ဒီလိုပြုမူပြောဆို လုပ်ကိုင်ကြတာမို့ အပေါ်က လူတွေရဲ့ ယဉ်ကျေးသော ၊ မယဉ်ကျေးသော စရိုက်ကို ဖော်ညွှန်းတဲ့ စကားတွေဟာလည်း ပေါ်ထွက်လာတတ်တာပါပဲ။ ငယ်စဉ်ကတည်းက ဒီလို အမူအကျင့် ၊ အပြောအဆိုတွေနဲ့ အသားကျသွားရင် ဒီစရိုက်နဲ့ ကြီးပြင်းအရွယ်ရောက်လာပြီး ကိုယ့်မျိုးဆက်ကိုလည်း ဒီစရိုက်လက်ဆင့်ကမ်းသွားဖို့ ရာခိုင်နှုန်းများနေပါတယ်။ တချို့က မိဘရဲ့ အမူအကျင့် ၊ အပြောအဆို သိမ်မွေ့ကောင်းမွန်ပါလျက် အပေါင်းအသင်းနဲ့ ပတ်ဝန်းကျင်မှားသွားတဲ့ သားသမီးကို အချိန်မီ မဆုံးမ ၊ မပဲ့ပြင်နိုင်ခဲ့တာမို့ မိဘနဲ့သားသမီးရဲ့ စရိုက်တွေဟာ ဆန့်ကျင်ဘက် ကွဲထွက်သွားနိုင်ပါတယ်။

တချို့ကျတော့ မိဘရဲ့ အမူအကျင့် ၊ အပြောအဆိုဟာ ကြမ်းတမ်းလှပေမယ့် ဒီဒဏ်တွေကို မခံစားနိုင်တဲ့ သားသမီးဟာ သူ့စရိုက်နဲ့ သူ့မျိုးဆက်ကို သိမ်မွေ့ယဉ်ကျေးစေဖို့ အမူအကျင့် ၊ အပြောအဆိုတွေ မျိုးဆက်ချလိုက်ပါတယ်။ ယေဘူယျအားဖြင့် စရိုက်ဟာ မိဘ ၊ အမျိုးအနွယ်တွေနဲ့ ပတ်ဝန်းကျင်က ဖြစ်လာတာ မှန်ပေမယ့် အမြဲတော့လည်း မမှန်လှပါဘူး။

ကြမ်းတမ်းတဲ့ အပြောအဆို ၊ ကြမ်းတမ်းတဲ့ အပြုအမူနဲ့ ယုတ်မာတဲ့ဆဲဆိုမှုတွေကို ဘယ်သူတွေက အများဆုံးပြောဆိုတာ ၊ လုပ်ကိုင်တာကို မြင်ဖူးကြသလဲ။ အခြေခံလူတန်းစားတွေ ၊ အချို့သော လူလတ်တန်းစားတွေမှာ အတွေ့များပါတယ်။ တကယ်တော့ စိတ်ဖိစီးမှုများတဲ့ အလုပ်အကိုင် လုပ်ကိုင်နေသူတွေမှာ ဒီလိုကြမ်းတမ်းတဲ့ စရိုက်ကို အများဆုံး တွေ့ကြရတာဖြစ်ပါတယ်။ သားငါးရောင်းသူတွေ ၊ ဟင်းသီးဟင်းရွက်သည်တွေနဲ့ ကျပန်း အလုပ်သမားတွေဟာ အဆဲလေးနဲ့ ပြောဆိုနှုတ်ဆက်လေ့ရှိတာ အကျင့်ဖြစ်နေပြီမို့ ဘယ်လောက်ဆဲဆဲဆိုဆို ခင်နေသမျှ (ရန်ဖြစ်ချိန်မဟုတ်သရွေ့) မနာတတ်ဘူး။

အများသူငါ မြင်သိ ၊ ကြားသိနိုင်ပြီဖြစ်တဲ့ စစ်တပ် ၊ ရဲ ၊ ထောင်စတဲ့ ကာယအသုံးပြုရတဲ့ နေရာတွေနဲ့ အစိုးရဆေးရုံတွေမှာ လုပ်ကိုင်နေတဲ့ သူနာပြုတွေရဲ့ ဆဲဆိုမှု မနာခံချင်လည်း နာခံနေရတယ်။ ခြွင်းချက်အနေနဲ့ သတိထားပေးရမှာက …. ဒီလိုအမူအကျင့် ၊ အဆဲအဆို ၊ ကြမ်းတမ်းမှုအထွေထွေဟာ မြန်မာနိုင်ငံမှာ ပေါပေါသီသီ ဖြစ်ပျက်နေတာပါ။ ဘဝင်မြင့်တာ မဟုတ်ပါဘူး။ ဝေမျှပြောပြချင်တာပါ။ လက်ရှိမှာ ကျွန်မ စင်္ကာပူနိုင်ငံမှာနေပါတယ်။ (Wet Market) လို့ သူတို့ခေါ်တဲ့ အသားငါးတန်းထဲ ၊ ဟင်းသီးဟင်းရွက်တန်းထဲ ဝင်သွားတယ်။ အသားလွတ် ခေါ်ပြောနှုတ်ဆက်ရင်း တရုတ်လိုဆဲဆိုသံတွေ ၊ အင်္ဂလိပ်လိုဆဲဆိုသံတွေ မကြားရပါဘူး။ ဈေးမေးပြီးမဝယ်တဲ့သူကို မချေမငံပြောဆိုတာမျိုး မလုပ်ဘူး။ ရန်ဖြစ်ဖို့တာမဆူဘူး။

မြန်မာပြည်ရောက်သွားတယ်။ မြန်မာလူနေမှုအဆင့်အတန်း တိုးတက်လာသလား လေ့လာချင်တာမို့ သာမာန် ဟင်းသီးဟင်းရွက်နဲ့ သားငါးတန်းမှာ သွားဝယ်ခဲ့ပါတယ်။ ဖော်ဖော်ရွေရွေ လက်ယပ်ခေါ်ခဲ့တဲ့ ဈေးဆိုင်အများစုဟာ ဈေးမေးပြီး မဝယ်ရင် ဝယ်သူကိုရန်လုပ်တယ်။ (တကယ်တော့ သူတို့ရောင်းတဲ့ ပစ္စည်းကို အားနာနာနဲ့ ဈေးဘယ်လောက်လဲလို့ ပြန်မေးလိုက်မိရုံပါ။) ဈေးမေးပြီးရင် ဝယ်မှ ၊ မဝယ်ရင် ရိုင်းစိုင်းတဲ့စကားလုံးတွေသုံးပြီး ဈေးမေးသူ ၊ ဝယ်သူကို ရှက်အောင် ပြောဆိုတယ်။ ပြီးတော့ တချို့က အပိုပေးသလိုနဲ့ အလေးခိုးတယ်။ လမ်းဘေး အထည်တန်းရောက်သွားရင်လည်း ဒီလိုပဲ ဆက်ဆံခံရတယ်။ သူတို့တွေဟာ ဒီလိုလုပ်မှ ပိုရောင်းရလေသလားလို့ ကျွန်မတွေးမိတယ်။

BurmeseHearts Blog

နိုင်ငံတစ်နိုင်ငံရဲ့ လူနေမှုအဆင့်အတန်းကို ဒီနိုင်ငံမှာ နေထိုင်တဲ့ပြည်သူတွေက ဖော်ကြူးနေပါတယ်။ အာရှမှာ အဆင့်အနိမ့်ဆုံး နိုင်ငံတွေထဲက အောက်ဆုံးတနေရာကို ရောက်သွားခဲ့ပြီဖြစ်တဲ့ ကျွန်မတို့ မြန်မာနိုင်ငံက နိုင်ငံသူ /နိုင်ငံသားတွေရဲ့ နေ့တဓူဝ လုပ်ငန်းဆောင်တာတွေဟာ သူတို့ရဲ့ လူနေမှုအဆင့်အတန်းကို ပြနေပါတယ်။

(Customer Service) ဆိုတာကို ပြောပြ ၊ သင်ပြပေးမယ့်သူမရှိတဲ့ သူတို့ရဲ့ ဘဝအခြေအနေတွေကြောင့် သူတို့ဟာ တနပ်စားဥာဏ်နဲ့ တပွဲထိုးရောင်းဝယ်မှုကို လုပ်ကိုင်စားသောက်နေကြတယ်။ ကျွန်မငယ်ငယ်တုန်းက ရောက်ခဲ့ဖူးခဲ့တဲ့ ဒီဈေးတန်း ၊ ဒီအထည်တန်းတွေဟာ ကျွန်မငယ်ငယ်က ခံစားခဲ့ရတဲ့ ပြုံးရွှင်စွာ ရောင်းဝယ်မှု ၊ ရောင်းသူဝယ်သူ ဘက်ညီမှုဆိုတာတွေ မတွေ့ရ ၊ မခံစားရတော့ဘူး။ ဒီနေရာတွေမှာ ရောင်းတဲ့သူတွေပြောင်းလဲသွားသလို ဆက်ဆံမှုတွေဟာလည်း ပြောင်းလဲသွားခဲ့ပြီ။ ကောင်းသော ပြောင်းလဲမှုမဟုတ်ဘဲ ဆိုးရွားတဲ့ စရိုက်တွေ ဖုံးလာတယ်ဆိုတဲ့ အခြေအနေကို ခံစားရတယ်။ ဒါကြောင့်မို့ အခြေခံလူတန်းစားတွေအထိ ပညာရေး ၊ ဆက်ဆံရေး မြှင့်တင်ဖို့ လိုအပ်လာတယ်လို့ ကျွန်မနားလည်လိုက်တယ်။ ကျွန်မနားလည်သလို အုပ်ချုပ်သူတွေ နားလည်ရင် ဘယ်လောက်ကောင်းမလဲနော်။ သြော် သူတို့က သားငါးတန်းနဲ့ ၊ ဟင်းသီးဟင်းရွက်တန်းတွေကိုမှ ကိုယ်တိုင်မသွားတာ။ ဂေါက်ရိုက်ပြီး အဆင့်မြင့်အစားအသောက်တွေပဲ စားနေကျဆိုတော့ တွေးမိတဲ့ကျွန်မ မှားပါတယ်။

ကျွန်မကို ဒီလိုဆက်ဆံခြင်းခံရလို့ သူတို့ကို မနှိမ်ပါဘူး။ စင်္ကာပူမှာလို ရောင်းဝယ်မှုစနစ်ကို မခံစားရရှာတဲ့ နိမ့်ပါးတဲ့ ကျွန်မတို့နိုင်ငံက နိုင်ငံသားတွေအဖြစ် ရောင်းသူတွေကိုရော ၊ ဝယ်သူတွေကိုပါ ကျွန်မကရုဏာစိတ် ဝင်မိတယ်။ ဘဝက ကြမ်းတမ်းတော့ စရိုက်တွေဟာ ကြမ်းတမ်းလာတယ်။ ကြမ်းတမ်းလာတဲ့စရိုက်တွေကို ဖြေဖျောက်ပေးနိုင်မယ့် ကုစားနည်းတွေ အခုထိ အသက်မဝင်သေးဘူး။ ရန်ကုန်ကို စင်္ကာပူလို ဖြစ်အောင် (၁၀)နှစ်အတွင်း လုပ်မယ်ဆိုတဲ့စကား ကြားကြားချင်း ကျွန်မဟားတိုက်ရယ်မိတယ်။ ဒီလူကြီး အိမ်မက် မက်ပြီး ထယောင်နေသလားလို့လေ။ အခုတော့ သူတို့လက်ထဲက အာဏာငါးနှစ် ကုန်လုပါပြီ။ အနောက်ဖေးလမ်းကြားမှာ အမှိုက်တွေ ပုံတုန်းပဲ။ တိုက်ခန်းစေ့ ၊ အိမ်စေ့ ငွေကောက်ပြီး စည်ပင်ကို ငွေပေး ရှင်းခိုင်းရတုန်း စည်ပင်က တိုက်ပေါ်နေသူတွေကို အပြစ်တင် ၊ တိုက်ပေါ်နေသူတွေက စည်ပင်ကို အပြစ်တင် ၊ ထိထိရောက်ရောက် အရေးယူမှုလည်းမရှိ။ စင်္ကာပူမှာ ဒီလို လာပစ်လှည့်စမ်းပါ။ ရှင်းတဲ့သူကလည်း ရပ်ကွက်ထဲနေသူတွေကို ငွေကောက်ကြည့်လေ။ ရမလားလို့ ။

ဒါပေမယ့် လူတွေရဲ့ စရိုက်တွေဟာ ပြောင်းချင်ရင်ပဲဖြစ်ဖြစ် ၊ မပြောင်းမဖြစ် ပြောင်းရမယ်ဆိုရင်ပဲဖြစ်ဖြစ် ၊ ထိရောက်တဲ့ ဥပဒေက ပြောင်းလဲခဲ့ရင် ပြောင်းလို့ရတယ်ဆိုတာလည်း စင်္ကာပူရောက်မြန်မာတွေက သက်သေပြလို့နေပါတယ်။ အမှိုက်ပုံမြို့တော်ကြီးကနေ စင်္ကာပူနိုင်ငံမှာ ရွှေ့ပြောင်းအခြေချကြတဲ့ မြန်မာတွေ ဘောလုံးပွဲအပြီးမှာ ကိုယ့်အသင်းမနိုင်ပေမယ့် ပွဲကြည့်စင်တွေပေါ်က အမှိုက်ကောက်ပေးသွားခဲ့တာ သတင်းစာတွေထဲမှာတောင် တခမ်းတနားထည့်ရတဲ့ ရွှေမြန်မာတို့ရဲ့ ချစ်စရာအကျင့်လေ။ သူတို့တွေဟာ ရန်ကုန်တိုက်ခန်းတွေပေါ်က လာကြသူတွေရှိသလို ၊ မဖွံ့ဖြိုးသေးတဲ့ အနယ်နယ်အရပ်ရပ်က လာကြသူတွေလည်း ပါဝင်ပါတယ်။ ကျွန်မတို့မြန်မာနိုင်ငံကြီး တကယ်ပြောင်းလဲဖို့ရာ ဘက်မလိုက်တဲ့ ဥပဒေ ၊ ထိရောက်တဲ့ အရေးယူမှုနဲ့ ခြမစားတဲ့ အုပ်ချုပ်ရေးယန္တရား မဖြစ်မနေ လိုအပ်နေပါတယ်။

တကယ်တော့ အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားတွေမှာမှ ယုတ်ညံ့တဲ့အပြောအဆို ၊ ကြမ်းတမ်းတဲ့ အပြုအမူတွေ တွင်တွင်ကျယ်ကျယ် ရှိနေတယ်ထင်ရင် မှားပါမယ်။ ကျွန်မ တွေ့မြင်ဖူးတဲ့ အထက်တန်းလွှာ မိသားစုအကြောင်းကို ပြောချင်ပါတယ်။ သူတို့ဟာ သံရုံးတွေ အခြေချထားတဲ့ ရန်ကုန်မြို့ကြီးရဲ့ ဆိတ်ငြိမ်ရပ်ကွက်က ခြံကျယ်ကြီးထဲမှာ နောက်ဆုံးပေါ် အဆင့်မြင့် ဆောက်ထားတဲ့ အိမ်ကြီးတွေ အများကြီးရှိသူတွေပေါ့။ တနေ့ သူတို့အလှူလုပ်တော့ သူတို့အိမ်ကို ကျွန်မရောက်သွားခဲ့တယ်။ ဝတ္ထုတွေထဲမှာ ဖတ်ရတဲ့ ချမ်းသာမှုတွေက နားထားလေ။ ဥရောပပုံစံ (သုံးထပ်)ဆောက်ထားတဲ့ ခမ်းခမ်းနားနား အိမ်ကြီးဟာ ထိရက်စရာမရှိအောင် တောက်ပြောင်လွန်းပြီး ဒီသုံးထပ်အဆောက်အဦးကို အဆင့်မြင့် မှန်ဓါတ်လှေကားပါ တပ်ထားတယ်။ ကျွန်းကြောင်အိမ်လှေကား ကျယ်ကျယ်ကြီးကလည်း နန်းတော်ထဲမှာ ရောက်နေတဲ့အလား။ ဓါတ်လှေကားကို ဝန်းပတ်ရံလို့။ အရက်မျိုးစုံနဲ့ စိတ်ပါရင် ကကြဖို့နေရာပါရှိနေပြီး ဒီဂျေဝင်လက်စွမ်းပြနိုင်တဲ့ မိသားစုသုံး (ဧည့်သည်ဖိတ်ပျော်ပါးနိုင်တဲ့) အဆင့်မြင့်ဘားကြီးလည်း ရှိနေတယ်။

ကျွန်မက မိန်းမသားဆိုတော့ မီးဖိုချောင်စိတ်ဝင်စားတာမို့ မီးဖိုချောင်ဘက် ရောက်သွားတော့ ကြားလိုက်ရတဲ့စကားသံဟာ ဒီခမ်းနားမှုတွေရဲ့ ဆန့်ကျင်ဘက်…. အိမ်ဖော်တွေကို ပြောဆိုနေတဲ့စကား …..  “_င်ခံဖို့ပဲ တွေးမနေနဲ့။ ပြောတာ သေချာနားထောင်။ အားရင် _င်ခံဖို့ပဲ တွေးနေတယ်။” _ာမ ဘာမနဲ့ ဖ ထဲက မထွက်တဲ့ အောက်ပိုင်းဆိုင်ရာ ဆဲနည်းပေါင်းစုံနဲ့ အိမ်ရှင်သမီးပြောနေသံ ကြားလိုက်ရတယ်။ ကျွန်မနောက်မှာ သူ့အဖေ ပါလာတာမို့ မျက်နှာထူပူသွားတဲ့ကျွန်မဟာ သူ့အဖေပြန်ပြောသံ ကြားလိုက်ရတော့ မျက်နှာပေါ်က ဟန်ဆောင်ပြုံးတွေကွာကျပြီး အံ့သြဘနန်း ဖြစ်သွားခဲ့ရတယ်။ သူ့အဖေက ဒီ “_ာသည်တွေကို ဒီလိုနာနာပြောတာတောင်မမှတ်ဘူး။ ” တဲ့ ။ အဖေ့အသံကြားလိုက်ရတော့ ဆဲနေတဲ့ အဲဒီမမက “ကန်တော့ပါ ဖေဖေ” တဲ့ ကျွန်မ ကြားနေကျစကားလို ယဉ်ကျေးချိုသာလိုက်တာ။ အဲဒီအချိန်မှာ ဓါတ်လှေကားနဲ့ မီးဖိုဘက်ကို ရောက်လာတဲ့ အဲဒီအမျိုးသမီးရဲ့မေမေက ဒီ့ထက်ဆိုးတဲ့စကားတွေနဲ့ ဆဲဆိုလိုက်တာများ ကျွန်မအငွေ့ပျံ ပျောက်သွားချင်လိုက်တာ။ အဆဲခံရတဲ့ အိမ်ဖော်မလေးနှစ်ယောက်ကတော့ မျက်နှာငယ်လေးတွေနဲ့ ကျွန်မကိုကြည့်လို့။

ဆဲနေခဲ့တဲ့ အဲဒီမမမှာ နှစ်နှစ် စွန်းစွန်းအရွယ် သမီးကလေး ရှိနေတာ ကလေးထိန်းချီဝင်လာတော့ ကျွန်မသတိထားမိလိုက်တယ်။ ကလေးငယ်လေးဟာ ဘယ်လို အပြောအဆို ၊ အပြုအမူ ၊ ဘယ်လိုစရိုက်မျိုးနဲ့ ကြီးပြင်းလာနိုင်မလဲနော်။ ဘာတွေကို အတုမြင် အတတ်သင်လေမလဲ။ ဒါကြောင့် ငွေရှိခြင်း ၊ မရှိခြင်းဟာ လူတွေရဲ့ စရိုက်ကို မပြောင်းလဲနိုင်ဘူးလို့ ကျွန်မက သူတို့တွေနဲ့ ခိုင်းနှိုင်းပြီး ပြောချင်တာပါ။ သူတို့ကို ပညာမတတ်ဘူးလို့ မထင်လိုက်ပါနဲ့။ အမေရိကန်ပြည်ထောင်စုလိုနိုင်ငံမှာ နှစ်ရှည်ပညာသင်ယူလာခဲ့တာလေ။ သူ့သမီးကိုလည်း လူ့အခွင့်အရေး အပြည့်အဝရတဲ့ အဲဒီနိုင်ငံမှာပဲ မွေးခဲ့တာပေါ့။ ဒါပေမယ့် တပါးသူရဲ့ အခွင့်အရေးနဲ့ လူယဉ်ကျေးပီသမှု ဆိုတာတွေကို ကျင့်သားရနေပြီဖြစ်တဲ့ သူတို့ရဲ့ ဆိုးရွားတဲ့စရိုက်က ခွင့်မပြုနိုင်ပါဘူး။

ဒါကြောင့် ပညာရှိခြင်း ၊ မရှိခြင်း ၊ ပညာတတ်ခြင်း ၊ မတတ်ခြင်း ၊ ဥစ္စာရှိခြင်း ၊ မရှိခြင်းတွေဟာ လူတစ်ယောက်ရဲ့ စရိုက်ကို ဖြစ်စေတာမဟုတ်ဘဲ ဒီလူရဲ့စိတ်နေစိတ်ထားက ဒီလူရဲ့ စရိုက်ကို ဖြစ်စေတာပါ။ ဒါပေမယ့် ကျွန်မတို့ရဲ့ မျိုးဆက်တွေကို ဘယ်လိုစရိုက်မျိုး အမွေ ပေးလိုက်မှာလဲ။ ဒါဟာလည်း မိဘအမွေပဲလေ။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

You might also like