Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ခုနှစ်လ မှ ရှစ်လအရွယ် ကလေးငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှု – BurmeseHearts

ခုနှစ်လ မှ ရှစ်လအရွယ် ကလေးငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှု

0

self eating

ခုနှစ်လအရွယ်ကျော်လာပြီဆိုရင် တချို့ကလေးတွေဟာ လေးဘက်တွားနေပါပြီ။ တချို့ကလေးတွေကျတော့ ဗိုက်မှောက်လျက်အနေအထားကို လုံးဝမကြိုက်တာလည်း ရှိပါတယ်။ ဒါကြောင့် ဗိုက်မှောက်ပြီး တွားသွားတာမျိုး မလုပ်တာကိုလည်း ကြုံနိုင်ပါတယ်။ သူတို့ရဲ့ တတ်သိနားလည်မှုဟာ အရင်ကနဲ့မတူဘဲ ပိုသိ ၊ ပိုတတ်လာပါပြီ။ သူတို့ဘာလိုချင်တယ်ဆိုတာကို ဂူးဂူး ဂါးဂါး ၊ အုအု အားအား နဲ့ လက်ဟန်ခြေဟန်တွေသုံးပြီး အနီးရှိသူတွေ နားလည်အောင် ကြိုးစားပြသနေပါပြီ။

သူတို့ဟာ ယခင်က စားနှုန်း ၊ သောက်နှုန်းထက် ပိုပြီး များများ စားသောက်လာတာကို သတိထားမိနိုင်ပါတယ်။ သူတို့ အစားနည်းတယ်ဆိုပြီးတော့ ပိုပြီးသွက်လက်ကျန်းမာစေချင်တဲ့စိတ်နဲ့ အစာကို ဖိကျွေးတာမျိုး မလုပ်သင့်ပါဘူး။ သူတို့ အစားနည်းတာ ၊ များတာဟာ သူတို့ သွက်လက်ကျန်းမာတာနဲ့ မဆိုင်ပါဘူး။ ဒါမစားလို့ အားနည်းမယ် ၊ မကျန်းမာဘူး ၊ ဟိုဟာစားမှ ကျန်းမာမယ် ၊ ကြော်ငြာအားကောင်းတဲ့ ပစ္စည်းတွေသုံးရုံနဲ့ မိမိကလေးဟာ ကြော်ငြာထဲက ကလေးလို တမဟုတ်ချင်း ဖွံ့ဖြိုးသွက်လက် ကျန်းမာလာမယ်လို့ ထင်နေတာတွေလည်း မမှန်ပါဘူး။ ကလေးကို သူနို့စာတဲ့အချိန်မှာ တိုက်ဖြစ်အောင်တိုက်ပါ။ စားချိန်မှာ အာဟာရဖြစ်တဲ့ အစာမှန်သမျှ စားဖြစ်အောင် ချကျွေးပါ။ ကျွေးချိန်မှာ သူအာရုံများမယ့် ကစားနည်းတွေ ၊ ရုပ်မြင်သံကြား (သီချင်း ၊ ကာတွန်း) စတာတွေကို မသုံးဘဲ အစာမှာ စိတ်အာရုံအပြည့်အဝထားပြီး ပျော်ပျော်ရွှ့င်ရွှင် အစာစားဖြစ်အောင် ကျွေးရမှာပါ။

လက်ချောင်းလေးတွေကို ကောင်းကောင်း အသုံးပြုကိုင်တွယ်လာနိုင်ပြီဖြစ်တဲ့ ဒီအရွယ်မှာ ထမင်းစေ့လေးတွေ ဆန်ကွဲမရောက်တရောက် အနေအထားလေးတွေလောက်ချေပြီး သူ့ဘာသာ ကောက်စားနိုင်အောင် လျေ့ကျင့်ပေးနိုင်ပါတယ်။ ကြာဇံ ၊ ခေါက်ဆွဲ ၊ ညှပ်ဖတ် ၊ မုန့်ဖတ် စတာတွေကိုလည်း ကြော်လှော် ဖြတ်ညှပ်ပြီး ကျွေးနိုင်သလို အသီးအနှံတွေကိုလည်း ကလေးမနင်နိုင်တဲ့ အရွယ်အစား သေးသေးလေးတွေစိတ်ပြီး ချကျွေးနိုင်ပါတယ်။ ဒီအရွယ်ကတည်းက ကလေးကို သူ့ဘာသာ စားသောက်ကျင့်ကို လေ့ကျင့်ပေးစေလိုတဲ့ သဘောပါ။

လူကြီးမိဘတွေ ခွံကျွေးမှ စားတဲ့အကျင့်ကို အခုအရွယ်ကတည်းက နည်းသထက်နည်းအောင် လျှော့ချပြီး သူ့ဘာသာ စားသောက်ကျင့်ကို လေ့ကျင့်ပေးမယ်ဆိုရင် နောင်မှာ လူကြီးက သူ့ကို ခွံ့ကျွေးရတဲ့အချိန် သက်သာလာမှာပါ။ လူကြီးဟာ ကလေး ဝ ၊ မဝ ၊ စားလိုစိတ် ရှိ ၊ မရှိ မသိနိုင်တာမို့ ကိုယ်ကျွေးချင်တာကို သူ့ရှေ့ ချပေးထားမယ် ၊ အဲဒီထဲက တစေ့နှစ်စေ့ ကိုယ်လည်း သူနဲ့အတူ နှိုက်စားပြမယ် ၊ နောက်ပိုင်း သူ့ဘာသာ စားကျင့်ရှိလာမှာပါ။ သူဝတဲ့အချိန် သူတော်သွားမှာဖြစ်ပြီး ၊ မဝသေးရင် စိမ်ပြေနပြေ စားနေဦးမှာ ဖြစ်ပါတယ်။ ပေတာတော့ ပေမှာပေါ့။ ကလေးပဲလေ။ သူပေတာကို ငြိုငြင်စိတ်မထားဘဲ ၊ အပြစ်မတင်ဘဲ စားသောက်ပြီးတဲ့သူ့ကို သန့်စင်ပေးဖို့ ၊ ဖိတ်စင်တာတွေ သန့်ရှင်းဖို့ ၊ ပေကျံတာတွေကိုလည်း ဆေးကြောဖို့ စိတ်ရှည်ရမှာပါ။

ကလေးသူ့ဘာသာ စားသောက်တတ်ခြင်းရဲ့ ရေရှည်အကျိုးကျေးဇူးက ကလေးဟာ အစာအပေါ်မှာ ပိုပြီးစိတ်ဝင်စားတဲ့စိတ်ရှိတယ် ၊ ဝ မဝ ကိုယ့်ဘာသာ ဆုံးဖြတ်နိုင်တဲ့အတွက် ကလေးရဲ့ ပကတိအာသီသကို လူကြီးမိဘက သတိထားမိနိုင်တယ်။ (အစာစားနည်းလာပြီး ညှိုးလျတဲ့မျက်နှာနဲ့ နေ့ရက်အတော်ကြာလာပြီဆို ကလေးဟာ ဝေဒနာတခုခု ခံစားနေရလို့ ဖြစ်ပါတယ်။) ၊ လူကြီးခွံတိုင်း အတိုင်းအဆမရှိစားလို့ အဝလွန်တဲ့ကလေးဖြစ်လာဖို့ ရာခိုင်နှုန်းနည်းလာပါတယ်။ ကိုယ့်ဘာသာစားတတ်ကျင့်ရှိတဲ့ကလေး အရွယ်ရလာလေ ကလေးကိုချော့ပြီး ခွံရတဲ့ဒုက္ခနဲ့ အချိန်သက်သာမှုကို ရရှိလာမှာဖြစ်ပါတယ်။

တွားသွားတတ်ပြီမို့ လူကြီးရဲ့ မျက်စိတမှိတ် ၊ ကိုယ့်တလှည့်မှာတင် သူဟာ လျင်မြန်စွာ ဟိုတွား ၊ ဒီတွားနဲ့ ဟိုပစ္စည်း ၊ ဒီပစ္စည်းဆိုတာတွေကို သူလက်လှမ်းမီရာ ဆွဲချ ၊ ဆွဲယူတော့မှာမို့ သူ့အပေါ် ပြုတ်ကျလာမယ့် အန္တရာယ်ရှိ ပစ္စည်းဆိုတာတွေ ၊ သူ လက်ထိုးနိုင်တဲ့ မီးပလပ်ပေါက်တွေ ၊ သူ့ပါးစပ်ထဲ ပစ်ထည့်နိုင်တဲ့ ဆေးပစ္စည်း ကိရိယာတွေနဲ့ အန္တရာယ်ရှိ အရာမှန်သမျှကို လူကြီးမိဘက ကြိုတွေးလို့ ကြိုရှင်းလင်းထားဖို့လိုပါတယ်။ သူ့မျက်စိရှေ့မှာ ဒီပစ္စည်းတွေ ရောက်မသွားဖို့ ၊ သူ့ရှေ့မှာ လူကြီးတွေ မသုံးပြလေ ကောင်းလေပါ။ မလုပ်လောက်ဘူး ၊ မဖြစ်လောက်ဘူး တချက်ပေါ့လို့ တချက်မှားသွားရင် ကလေးတသက်တာ သေရာပါအမာရွတ်တွေ ပါသွားနိုင်သလို အသက်ဆုံးရှုံးနိုင်တဲ့အထိလည်း ဖြစ်သွားနိုင်တယ်လေ။ သတိဆိုတာ ပိုတယ်မရှိပါဘူး။

ဒီအရွယ်မှာ သူစိမ်းတွေကို ရှက်တာ ၊ ကြောက်တာတွေလည်း ပိုလို့ တွေ့ရှိနိုင်ပါပြီ။ ဒါဟာ လူစိမ်း ၊ လူကျက် ခွဲခြားသိတတ်လာတဲ့ သင်္ကေတပါ။ လူစိမ်းနဲ့တွေ့ရင် သူ့စိတ်က မလုံခြုံမှုကို ခံစားရတဲ့အတွက် ငိုတာဖြစ်ပါတယ်။ နေ့တဓူဝ တွေ့မြင်လေ့ရှိတဲ့ လူတွေနဲ့ပဲ သူဟာ အထာကျနေပြီလေ။ အမျိုးတော်တာ ဘာညာတွေကို သူဟာ နားမလည်သေးဘဲ သူမှတ်မိသိတတ်စကတည်းက သူ့အနားရှိသူတွေနဲ့သာ သူ့အချိန်တွေကို ဖြတ်သန်းလိုတာပါ။ ချစ်ခင်ရတဲ့ လူကြီးမိဘတွေ သူ့ကိုထားခဲ့တာဟာ အပြီးထားခဲ့တာ မဟုတ်ဘူးလို့ အချိန်နဲ့အမျှ သူ သင်ယူလာပါတယ်။

BurmeseHearts Blog

စားပွဲ ၊ ကုလားထိုင် စတဲ့ ပရိဘောဂအသုံးအဆောင် ပစ္စည်းတွေကို မှီကိုင်လို့ သူ့ဘာသာသူထိန်းပြီး သူလိုရာရွေ့လျားသွားလာနိုင်ဖို့ သူကြိုးစားလာနိုင်ပါတယ်။ ဒါဟာ သူ့ဘာသာ အမှီမဲ့ မတ်တပ်ရပ်နိုင်ဖို့ ၊ လမ်းလျှောက်ကျင့်ဖို့ အစပျိုးခြင်းပါ။ ဒီအရွယ်မှာ လဲတာ ၊ ပြုတ်ကျတာ သဘာဝလေ ။ အကျမနာစေချင်ရင် အကျမနာနိုင်အောင် ၊ ကျပြီး ခေါင်းမဆောင့်မိအောင် လူကြီးမိဘက ကြိုတွေးပြင်ဆင်ထားရမှာပေါ့။ ဒါဟာ ကလေးကို မသွားရ ၊ မလုပ်ရလို့ ထိန်းချုပ်ကိုင်ထားဖို့မဟုတ်ဘဲ သွားခွင့် ၊ လုပ်ခွင့်ပေးရင်းက လဲကျအမိပြေးဖမ်းနိုင်မယ့် လက်တလှမ်းအကွာက အသင့်အနေအထား စောင့်ရင်စောင့် ၊ ဒီလိုမှမဟုတ်ရင်တော့ Play Mat လို အကျမနာအောင် ခင်းပေးထားဖို့ လိုနေပါပြီ။ ဒီလိုသွားလာရင်း ၊ ကျရင်းကမှ ကလေးဟာ မကျအောင် ကိုယ်ကိုဘယ်လိုထိန်းရမယ်ဆိုတာနဲ့ ကိုယ်လက်ကြံ့ခိုင်မှုဆိုတာတွေ ရရှိနိုင်မှာဖြစ်ပါတယ်။

ခုံတွေပေါ် တွယ်တက်ဖို့ ကြိုးစားနေတာမျိုး တွေ့ပြီဆိုရင်တော့ တဆင့်ပြီးတဆင့် သူတွယ်တက်လို့ ကျနိုင်မယ့် အန္တရာယ်ရှိ အနေအထားဆိုတာတွေကို အမြဲသတိထား ကာကွယ်ဖို့ လိုနေပါပြီ။ ဥပမာ လှေကားကို တဆင့်ပြီးတဆင့် တွယ်တက်ရာက လှေကားက လိမ့်ကျနိုင်တဲ့ အနေအထားကနေ ပြတင်းပေါက်တွယ်တက်ပြီး ပြတင်းပေါက်အပြင်ဘက် ပြုတ်ကျသွားနိုင်တဲ့ အနေအထားတွေကို ကြိုတွေးလို့ ကာကွယ်ထားဖို့ လိုနေပါပြီ။ တတ်နိုင်ရင် လှေကားဘက်မသွားနိုင်အောင်နဲ့ ပြတင်းပေါက်တွေ ပိတ်ထားဖို့လိုနေပါပြီ။

ကလေးကို လုံးဝအငိုမခံတဲ့ အနေအထား မဖြစ်သင့်သလို ကလေးငိုတာ မချော့ဘဲပစ်ထားတဲ့ အနေအထားလည်း မဖြစ်သင့်ပါဘူး။ ကလေးဟာ သူအလိုမကျရင် ငိုမှာဖြစ်ပေမယ့် သူ့စိတ်ဓါတ်ခိုင်မာဖို့ အခြေအနေအမှန်ကို သုံးသပ်ဖို့ဆိုတာတွေကို နားလည်အောင် ပြောဆိုချော့မော့ရင်းနဲ့ သင်ပေးရမှာဖြစ်ပါတယ်။ ဒါမှလည်း အကြောင်းနဲ့ အကျိုးဆိုတာကို ဆက်စပ်တွေးခေါ်တာ ၊ လူ့ပတ်ဝန်းကျင်မှာ သဟဇာတဖြစ်အောင် နေတတ်လာတာတွေ ရှိမှာပါ။ ကလေးငိုတာမချော့ဘဲ အချိန်တန် တိတ်သွားမယ်လို့တွေးရင်း တကယ်လည်း ကလေးဟာ တချိန်မှာ ငိုရတာမောလာလို့ တိတ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဂရုစိုက်မယ့်သူမရှိဘဲ ငိုရတာမောပန်းနွမ်းနယ်ပြီး အားကုန်လာလို့ တိတ်သွားတာဖြစ်ပြီး စိတ်ကျေနပ်မှုကြောင့် တိတ်သွားတာမျိုး မဟုတ်ဘူးပေါ့။ ဒီလိုဖြစ်ဖန်များတဲ့အခါ သူ့စိတ်ထဲမှာ အလိုမကျစိတ်တွေ အမြစ်တွယ်ပြီး ဘာကိုမှ အလိုမကျနိုင်တဲ့ ကလေးအဖြစ် ၊ လောကကြီးကို မကျေမနပ်ကြည့်တတ်တဲ့ ကလေးအဖြစ် ကြီးပြင်းလာဖို့ များနေပြီလေ။

ဒီအရွယ်မှာ သူလုပ်ကိုင်နိုင်တာနဲ့ ကိုယ်တွေသင်ယူမှုတွေကို အစပျိုးနေပြီမို့ ပစ္စည်းတွေကို ဖွင့်တာ ၊ ပိတ်တာ ၊ ဖုံးတာ ၊ ဖွင့်တာ ၊ ဖြဲတာ ၊ ကပ်တာ ၊ ကောက်တာ ၊ ပစ်တာ စတဲ့ သူလုပ်နိုင်တာတွေနဲ့ ထပ်ခါထပ်ခါလုပ်ကိုင်လို့ ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတာကို သင်ယူနေပါပြီ။ ကောက်ပေးလိုက်တိုင်း ခဏ ၊ ခဏ ပြန်ပစ်ချတတ်တဲ့ ကလေးကို ဒါမလုပ်နဲ့လို့ ပြောလိုက်တာဟာ သူ့ရဲ့ သင်ယူမှုစွမ်းရည်ကို တနည်းအားဖြင့် ဟန့်တားလိုက်တာပါပဲ။ လူကြီးမိဘက ရိုက်လိုက်လို့ ၊ ဆူငေါက်လိုက်လို့ ဒါတွေလုပ်ကိုင်မှု ရပ်တန့်လိုက်ရတာဟာ ကလေးရဲ့ သင်ယူမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ကလေးရဲ့ သင်ယူမှုကို အားဖြည့်ကူညီချင်တယ်ဆိုရင် သူလုပ်သလို လိုက်လုပ် ၊ လိုက်ပြောရင်း ဒါဟာ ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ စိတ်ရှည်လက်ရှည် ရှင်းပြပေးရုံပါပဲ။ အဓိက ကတော့ စိတ်ရှုပ်စရာတွေ လုပ်ကိုင်နေတဲ့ကလေးနဲ့ ပျော်ရွှင်စွာ အချိန်ကုန်နိုင်ဖို့ ကြိုးစားရမှာပါ။

ပစ္စည်းအကြီးထဲ အသေးထည့်လှုပ်ပြရင် အကြီးထဲမှာ အသေးရှိနေတာကို ကလေးဟာ သတိထားမိလာနိုင်ပြီး နောက်ပိုင်းမှာ ကိုယ်ဖွက်ထားတဲ့ ပစ္စည်းတွေကို မျက်စိလျင်လျင်နဲ့ တွေ့မြင်တာမျိုး ၊ ကိုယ်မေးတဲ့ပစ္စည်းတွေကို လက်ညှိုးထိုး ပြနိုင်တာမျိုးတွေ လုပ်လာနိုင်ပါပြီ။ ဒါကို စောစီးစွာသင်ယူလေ့လာမှု (Early Learning) လို့ အမည်တပ်နိုင်ပြီး စကားမပြောတတ်ခင် ကလေးရဲ့ မှတ်ဥာဏ်နဲ့ စဉ်းစားဥာဏ်တွေ ပိုကွန့်မြူးလို့ သင်ယူနိုင်စွမ်း တက်ကြွမြန်ဆန်လာအောင် ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ သင်ယူသွားနိုင်အောင် လူကြီးမိဘတွေက သူ့သင်ယူမှု လမ်းဖွင့်ပေးတာ ၊ အတူဆော့ကစားရင်း သင်ပြပေးတာ ၊ ရှင်းပြပေးတာကနေ သိလွယ် ၊ တတ်လွယ် ၊ နားလည်လွယ်တဲ့ကလေး တနည်း ဥာဏ်ကောင်းတဲ့ ကလေးဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးတာပါ။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

You might also like