Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ချစ်ကြောက်ရိုသေလား ရှက်ကြောက်နာကျည်းလား – BurmeseHearts

ချစ်ကြောက်ရိုသေလား ရှက်ကြောက်နာကျည်းလား

0

မိဘတွေ ၊ ဆရာသမားတွေဟာ သားသမီးတွေ တပည့်တွေရဲ့ ချစ်ကြောက်ရိုသေဆိုတဲ့ အနေအထားကို ခံစားလိုကြတယ်။ သူတို့တွေတင်မက အရွယ်ရလာသူတွေ ၊ သိတတ်လာသူတွေဟာလည်း ကိုယ့်ထက်ငယ်သူတွေ ၊ လက်အောက်ငယ်သားတွေ ၊ တပည့်တပန်းတွေ ၊ ဆွေးမျိုးညာတိ ၊ ပတ်ဝန်းကျင်အသိုင်းအဝန်းက မိမိကို ချစ်ကြောက်ရိုသေကြတဲ့ အနေအထား ခုံခုံမင်မင်လိုချင်ကြပါတယ်။ ခံစားလိုကြတယ်။

လူအမျိုးမျိုး ၊ ယုံကြည်မှုအမျိုးမျိုးဆိုတော့ ချစ်ကြောက်ရိုသေဆိုတဲ့ အနက်အဓိပ္ပါယ်ကို အမျိုးမျိုး ဖွင့်ကောင်း ဖွင့်နိုင်ပါတယ်။ ကျွန်မကတော့ ချစ်ကြောက်ရိုသေဆိုတဲ့ အနက်အဓိပ္ပါယ်ကို တစ်လုံးချင်း ကျွန်မနားလည်သလောက် အဓိပ္ပါယ်ဖွင့်သွားချင်ပါတယ်။

ချစ် – ချစ်ဆိုတာ အချစ်ကို ကိုယ်စားပြုတာပေါ့။ လင်ချစ် ၊ မယားချစ် ၊ ရည်းစားချစ်မဟုတ်တဲ့ အချစ်မျိုးကို ဒီမှာ ဆိုလိုပါတယ်။ ဘာကြောင့် ချစ်သလဲဆိုရင် ကိုယ့်အပေါ်ကို ချစ်ခြင်းမေတ္တာပေးလို့ ၊ သူပေးတဲ့ ချစ်ခြင်းမေတ္တာဆိုတာကို ကိုယ်ခံစားရလို့ ၊ ကိုယ့်အပေါ်ကို အလိုက်သိလို့ ၊ ညှာတာလို့ ၊ ဖေးမကြင်နာယုယလို့ ၊ အနွံအတာခံလို့ ၊ ပေးဆပ်အနစ်နာခံလို့ ၊ အကာအကွယ်ပေးလို့ ၊ ကိုယ်ချင်းစာတတ်လို့ ၊ နားလည်မှုပေးလို့ စသဖြင့် ကောင်းခြင်းအထွေထွေပေးတဲ့ တန်ဖိုးထားစရာလူဖြစ်လို့ ချစ်တယ်။

ကြောက် – ကြောက်တယ်ဆိုတဲ့ အဓိပ္ပါယ်ထဲမှာ ခြောက်ထားလို့ ကြောက်ရတဲ့အဓိပ္ပါယ် တစွန်းတစမပါဝင်ဘဲ ဒီလိုကိုယ်ချစ်မြတ်နိုး တန်ဖိုးထားရတဲ့သူကို ဆုံးရှုံးရမှာ ၊ သူကကိုယ့်အပေါ် အရင်လိုမချစ်တော့မှာ ၊ အရင်လို ပေးအပ်ခြင်းတွေကို မလုပ်တော့မှာ ၊ မမြင်တွေ့ရတော့မှာ ၊ ဒီလူ မကျန်းမမာဖြစ်မှာ ၊ မပျော်မရွှင်ဖြစ်သွားမှာ စိုးရိမ်စိတ်နဲ့ ကြောက်တယ်လို့ အနက်အဓိပ္ပါယ် ဖွင့်ချင်တယ်။ တနည်းအားဖြင့် ချစ်စိတ် ၊ သိတတ်စိတ်ကလေးနဲ့ ကြောက်တာပေါ့။

ရိုသေ – ရိုသေဆိုတဲ့နေရာမှာ မိဘနေရာဖြစ်နေ့လို့ သူ့ကိုရိုသေရတာ ၊ ဆရာနေရာမှာ ရှိနေလို့ သူ့ကိုရိုသေပြရတာ ၊ ရိုသေရမယ့်နေရာမှာ သူရပ်တည်နေလို့ အနေအထားအရ သူ့ကို ရိုသေပြရတာ ၊ ဓလေ့ထုံးတမ်းအရ ရိုသေပြရတာ ၊ အလေ့အကျင့်ကြောင့် ရိုသေပြရတာ ၊ လိုအပ်ချက်တခုခုကြောင့် ရိုသေပြရတာတွေလိုမျိုး ၊ အကြောင်းအရင်း တစုံတရာကြောင့် ရိုသေပြရတာမျိုးမဟုတ်ဘဲ ဒီလူရဲ့စိတ်ဓါတ် ၊ ဒီလူရဲ့ပေးဆပ်နိုင်မှု ၊ ဒီလူရဲ့ချစ်ခြင်းမေတ္တာတွေကြောင့် သူ့ရဲ့တန်ဖိုးကိုသိပြီး အလိုလိုဂါရဝထားလိုစိတ်နဲ့ ရိုသေလေးစားနေတာ။ ဒီနေရာက ရိုသေတယ်ဆိုတဲ့ အနက်အဓိပ္ပါယ်ကိုဖွင့်ဖို့ လူပုဂ္ဂိုလ်တွေနဲ့ ပိုရှင်းလင်းအောင် ဥပမာပြရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို မေတ္တာပို့ ကန်တော့ကြတဲ့ ပြည်သူတွေနဲ့ စစ်ဖက်က လူ့ချဉ်ဖတ်ဆိုသူကြီးတွေကို ကန်တော့ကြတဲ့ လူတွေ နှိုင်းယှဉ်ပြရမှာပါပဲ။ ဒီ့ထက် ကွက်ကွက်ကွင်းကွင်း မြင်စရာ မရှိတော့ဘူးလေ။

ကျွန်မပြောခဲ့တဲ့ ချစ်ကြောက်ရိုသေဆိုတဲ့ အခြေအနေမှန်ကို ရောက်တဲ့သူတွေဟာ ပြောခဲ့တဲ့အရာတွေကို ပေးဆပ်ခဲ့တဲ့သူ ဖြစ်နေပါတယ်။ သူတို့ဟာ ချစ်ကြောက်ရိုသေဆိုတဲ့ နေရာကိုရောက်လာဖို့ ပေးဆပ်ခဲ့ရတဲ့အချိန်တွေဟာ တစ်ရက် ၊ တစ်လ ၊ တစ်နှစ်ဆိုတဲ့ အချိန်တွေထက်မကဘဲ နှစ်ရှည်ကြီး ပေးဆပ်ခဲ့သူတွေဖြစ်တယ်။ နှစ်ရှည်ပေးဆပ်ခဲ့သူတွေမဟုတ်ဘဲ အချိန်တိုအတွင်း ချစ်ကြောက်ရိုသေဆိုတဲ့နေရာ ရောက်လာသူတွေက တပါးသူအားကိုးချင်တဲ့ အခြေအနေနဲ့ အကြောင်းအရာတွေရှိနေလို့ အားကိုးလိုသူတွေက ချစ်ကြောက်ရိုသေဆိုတဲ့နေရာ ပေးလိုက်တာပါ။

ဥပမာ – သဘောကောင်းရက်ရောတဲ့ ငွေရှိသူတစ်ဦးနဲ့ သိကျွမ်းပြီးတဲ့နောက်မှာ အဲဒီငွေရှိတဲ့သူက သူ့အတွက်တော့ ချစ်ကြောက်ရိုသေဆိုတဲ့နေရာမှာ ရှိနေမှာပဲ။ ငွေရှိသူက သဘောကောင်းရက်ရောပြီး ပေး ၊ ကျွေးနိုင်တယ်လေ။ သူနဲ့နီးစပ်သွားရင် ကိုယ့်ဘဝဟာလည်း ပြောင်းလဲသွားနိုင်တယ်လို့ သူယုံကြည်လို့လည်း ဖြစ်နိုင်တယ်။ ဒီအတိုင်းပဲ အသင်အပြကောင်း ၊ စေတနာကောင်းတဲ့ဆရာသမားတွေကို တပည့်တွေက ချစ်ကြောက်ရိုသေကြတယ်။ ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းတခုမှာ မျှတတဲ့ အုပ်ချုပ်သူကို လက်အောက်ငယ်သားတွေက ချစ်ကြောက်ရိုသေကြတယ်။ အများအကျိုးဆို အနစ်နာခံပြီး ကူညီဖို့ လက်မနှေးသူတွေနဲ့ တကယ် ကိုယ့်အကျိုးစွန့်လုပ်ပြတဲ့သူတွေကိုလည်း အများက ချစ်ကြောက်ရိုသေကြတယ်။

ဒီနေရာရောက်သွားပြီဆိုရင် တချို့က မြောက်သွားပြီး ငါပြောတာအမှန် ၊ ငါလုပ်တာအမှန်လို့ထင်တဲ့ အတ္တပါးပါးလေး ဝင်လာတဲ့အခါ ဒီနေရာက ကျဖို့ဖြစ်လာတော့တာပဲ။ အဲဒီအတ္တပါးပါးလေးက ထူသထက်ထူလာရင် အကျနာတော့မှာပေါ့။ ချစ်ကြောက်ရိုသေဆိုတဲ့ ရထားတဲ့နေရာကို လက်လွှတ်လိုက်ရမှာဖြစ်ပြီး အပေါ်ယံဟန်ဆောင်သူတွေပဲ ကျန်ခဲ့တော့မှာပါ။ တကယ်တော့ ချစ်ကြောက်ရိုသေဆိုတဲ့ နေရာရောက်နေသူတွေဟာ အခြားသာမာန်လူတွေထက် ဆင်ခြင်စရာ ပိုများလာပါတယ်။ ထိန်းသိမ်းစရာတွေ ပိုများလာပါတယ်။ ဟန်ကို့စရာတွေလည်း ပိုများလာပါတယ်။ ကျွန်မဆိုလိုတဲ့ အဓိပ္ပါယ်ကို ဒီနေရာရောက်နေသူတိုင်းနဲ့ ရောက်ဖူးသူတွေက ပိုသိပါတယ်။ ဥပမာ-သီလနဲ့ပညာကြောင့် ကိုးကွယ်ဆည်းကပ်သူ များလာတဲ့ဘုန်းကြီးဟာ စံပြအနေနဲ့ ဖြစ်နေသင့်တာမို့ အာပတ်သင့်တဲ့အရာတွေကို လုပ်ကိုင်ပြီး အာပတ်ဖြေတာမျိုး ပိုရှောင်ကြဉ်ရသလို ဆရာသမားနေရာရောက်သူတိုင်းဟာ အခြားအရွယ်တူတွေ ပြုမူလုပ်ကိုင် ဝတ်စားသလို ဝတ်စားနေထိုင် လုပ်ကိုင်ခွင့်နည်းပြီး ဆင်ခြင်လာရသလိုမျိုးပါ။

BurmeseHearts Blog

ချစ်ကြောက်ရိုသေနဲ့ ဆန့်ကျင်ဘက်ကတော့ ရှက်ကြောက်နာကျည်း ဖြစ်ပါတယ်။ ဘာကြီးလဲဟလို့ တွေးစရာရှိတယ်နော်။ အနက်အဓိပ္ပါယ်ကို ရှင်းပြပါ့မယ်။

ရှက် – ရှက်တယ်ဆိုတာက မိမိရဲ့ရုပ်ဆင်းအင်္ဂါချို့တဲ့မှု ၊ မိသားစုရဲ့ပစ္စည်းဥစ္စာမပြည့်စုံမှု ၊ မိသားစုတွင်း ပျော်ရွှင်မှုမရှိလို့ ၊ ရှက်တတ်တဲ့အရွယ်ရောက်လို့ စတဲ့ အကြောင်းတွေကြောင့် ရှက်စိတ်ဝင်တာမျိုးကို မဆိုလိုဘဲ မိဘ ၊ ဆရာသမားနဲ့ ၊ အုပ်ထိန်းသူတွေ ၊ အထက်လူကြီးတွေ စသဖြင့်သောသူတွေက ဆိုဆုံးမမှု မတတ်တဲ့အတွက် အရှက်ရသွားတာ ၊ အများအလယ် နင့်နင့်သီးသီး အပြောခံရလို့ ၊ အလုပ်ခံရလို့ အရှက်ရသွားတာ ၊ အများအလယ် သူများနဲ့ ခိုင်နှိုင်းပြီး အနှိမ်ခံရလို့ အရှက်ရသွားတာ ၊ ဆိုဆုံးမရိုက်နှက်တာတွေဟာ မကြားဝံ့မနာသာတွေမို့လို့ အရှက်ရသွားတာ စသဖြင့်ကို ဆိုလိုပါတယ်။

ရှက်စိတ်ကနေ သိမ်ငယ်စိတ်ဝင်သွားတာလည်း ဖြစ်သွားနိုင်သလို သိမ်ငယ်လွန်းရင် စိတ်ဖိစီးမှု ခံစားလာရပြီး စိတ်ဓါတ်ကျသွားတဲ့အထိလည်း ဖြစ်သွားနိုင်ပါတယ်။ ဒီအခြေအနေမှာ မိမိကိုယ်ကို ယုံကြည်မှုမဲ့လာပါတယ်။ ဒါဟာ လူကြီးမိဘ ၊ ဆရာသမားက ဆိုဆုံးမမှု မတတ်တဲ့အတွက် အဆုံးမ ခံရတဲ့သူရဲ့ စိတ်တွေပြောင်းလဲသွားပြီး သူ့စိတ်ဓါတ် ၊ စာရိတ္တနဲ့ ဘဝပါ ဆိုးရွားစွာ ပြောင်းလဲသွားတဲ့အထိ ဖြစ်နိုင်ပါတယ်။

ကိုယ်ဆုံးမတဲ့အခါ တပါးသူနာသွားမှ ၊ ရှက်သွားမှ ပြောင်းလဲမယ် ၊ တိုးတက်မယ်ဆိုတာ ရာနှုန်းပြည့်မမှန်ပါဘူး။ သူဟာ မခံချင်စိတ်နဲ့ ကြိုးစားရင်း အောင်မြင်သွားနိုင်တယ်ဆိုပေမယ့် မခံချင်စိတ်နဲ့ကြိုးစားတာမို့ တကယ်ထူးချွန်ချင်လို့ ကြိုးစားလိုစိတ်နဲ့ ကြိုးစားတာမျိုးမဟုတ်ဘူးလေ။ စိတ်နာနာနဲ့ ကြိုးစားလိုက်ရတာမျိုးပါ။ နာသွားတဲ့စိတ်နဲ့ ကြိုးစားလို့ အောင်မြင်ရင် တော်သေးရဲ့ နာသွားတဲ့စိတ်နဲ့ စိတ်ဓါတ်ကျသွားရင်တော့ ခက်တယ်။ အရွဲ့တိုက်နေရင်လည်း ခက်တယ်။

ကြောက် – ဒီနေရာက ကြောက်ဆိုတဲ့ အဓိပ္ပါယ်ဟာ ရွံတဲ့ကြောက်နည်းမျိုးပါ။ အခါခါ မိမိကို အရှက်ရအောင် ၊ စိတ်ရောကိုယ်ပါ နာကျင်အောင် ၊ မကြားဝံ့မနာသာဖြစ်အောင် ဆုံးမတတ်သူကို သိစိတ်ကကော ၊ မသိစိတ်ကကော ကြောက်သွားတတ်ပါတယ်။ ဒီလိုကြောက်သွားရင် ထိပ်တိုက်မတွေ့ကြုံရအောင် ရှောင်လွဲလို့ရသမျှ ရှောင်လွဲလာမယ် ၊ ရှက်စိတ်နဲ့နာစိတ်ကို မခံချင်စိတ်အဖြစ် မပြောင်းလဲနိုင်ဘဲ ကြောက်တဲ့စိတ်ဝင်ပြီး ရှောင်သွားတဲ့သူဟာ လမ်းမှားရောက်ဖို့ပိုများနေပြီပေါ့။ ဒါဟာ ကိုယ်ဆုံးမတာ သူ့ကိုကောင်းစေချင်လို့ဆိုတာ သူနားမလည်လို့ ၊ နားလည်အောင် မရှင်းပြနိုင်လို့ ၊ နားဝင်အောင် မဆုံးမတတ်လို့ ၊ ဆုံးမပုံဆုံးမနည်း လမ်းလွဲသွားလို့ ၊ အဆင့်ကျော်သွားလို့ ၊ လိုတာထက် ပိုနေလို့ တပါးသူ လမ်းမှားရောက်သွားရတာပေါ့။ တကယ်တော့ ကိုယ်က သူ့ကို လမ်းမှားကနေ လမ်းမှန်ကို ဆွဲမခေါ်နိုင်ဘဲ လမ်းမှားရှေ့ဆက်သွားဖို့ ၊ မှားသထက်မှားဖို့ တွန်းအားပေးလိုက်သလို ဖြစ်သွားတာပါ။ ငယ်သေးတဲ့ ကလေးအရွယ်လိုမျိုး ၊ မြီးကောင်ပေါက်လို အရွယ်မျိုးတွေကို စိတ်ရောကိုယ်ပါ အခါခါနာကျင်စွဲမြဲစေတဲ့ နည်းတွေနဲ့ ဆုံးမလိုက်ရင် သူတို့ပင်ကိုယ်အသိဥာဏ်က လုပ်သင့်မလုပ်သင့် မစဉ်းစားတတ်သေးတာမို့ လမ်းမှားရောက်ဖို့ ပိုများနေတယ်။

နာကျည်း – စိတ်ရောကိုယ်ပါ နာကျင်ခံစားရတဲ့ အကြိမ်ဟာ သူ့အသက်အရွယ် ၊ သူ့ခံနိုင်စွမ်းအားထက် ပိုများလာတဲ့အခါမှာ စိတ်ထဲနာကျည်းလာတတ်ပါတယ်။ နာကျည်းသထက် နာကျည်းလာတဲ့အခါ စောင့်ထိန်းရမယ့်ကျင့်ဝတ်တွေ ၊ ထိန်းသိမ်းရမယ့်အရာတွေကို ချိုးဖျက်ပြီး မလုပ်သင့်တာတွေ လုပ်တတ်တယ်။ မပြောသင့်တာတွေ ပြောတတ်တယ်။ သူ့စိတ်ထဲမှာ နာကျည်းစိတ် တစ်ခုပဲရှိတယ်။ အဲဒီနာကျည်းစိတ်ရဲ့ အဆိုးစွန်မှာတော့ မုန်းတီးစိတ် ဝင်သွားတတ်ပါတယ်။ မယုံမရှိပါနဲ့ ။ လူ့လောကကြီးမှာ မိဘကိုမုန်းတီးတဲ့ သားသမီးရှိပါတယ်။ ဆရာသမားကိုမုန်းတီးတဲ့ တပည့်ရှိပါတယ်။ အထက်လူကြီးကို မုန်းတီးတဲ့ လက်အောက်ငယ်သားရှိပါတယ်။ “သူတို့မုန်းတော့ ဘာဖြစ်သလဲ ကိုယ့်ထမင်း ကိုယ်ရှာစားရတာ ၊ ချစ်ချစ်မုန်းမုန်း ဘယ်သူကမှ အလကားမကျွေးထားဘူး” လို့ဆိုပြီး အမုန်းခံဘဝမှာ မာန်တင်းခံ အသားကျနေတဲ့သူတွေကိုလည်း တွေ့ဖူးပါတယ်။ လူမုန်းများတော့ ရန်များတာ သူတို့မသိဘူးလေ။ သူတို့ဟာ အသားကျနေတဲ့ အမုန်းခံဘဝမှာ နာကျည်းမှုတွေ စားသုံးရင်း နေ့ရက်တွေကို ကုန်ဆုံးစေတဲ့သူတွေပါ။

ကိုယ်လိုချင်တာက ချစ်ကြောက်ရိုသေဆိုတဲ့ အနေအထားဖြစ်ပေမယ့် ကိုယ်သွန်သင်ဆုံးမမှု မတတ်တဲ့အတွက် ရှက်ကြောက်နာကျည်းဆိုတဲ့ အနေအထားကို ရောက်သွားတတ်ပါတယ်။ တချို့တွေကျတော့ အကြောင်းကြောင်းကြောင့် ရှက်ကြောက်နားကျည်းစေတဲ့ ခံစားမှုကို တမင်ဖန်တီးကြတယ်။ နားလည်အောင် ဥပမာပေးရမယ်ဆိုရင် ကျွန်မ မှတ်မှတ်ရရရှိနေတဲ့ ဆရာသမားတွေကို ဥပမာပေးရမှာပါ။ သူငယ်တန်းကနေ ဆယ်တန်းအထိ ကြုံဖူးတဲ့ဆရာ ၊ ဆရာမတွေထဲ အတန်းသစ်စတက်ရတဲ့နေ့မှာ အတန်းမှာသင်မယ့် ဆရာမတစ်ဦးက သူ့ကိုယ်သူမိတ်ဆက်တဲ့အနေနဲ့ ကျောင်းသား ၊ ကျောင်းသူအကုန်လုံး ခုံပေါ်မတ်တပ်ရပ် တစ်ယောက်တစ်ချက်စီ နာနာအချခံပြီးမှ ထိုင်ခွင့်ပေးခဲ့တဲ့ ဆရာမကို တသက်မမေ့ဘူးပဲ။ ကိုယ့်နာမည် ဆရာမကို မိတ်ဆက်ပြီး အသားလွတ် အချခံရတာပါ။ တတန်းလုံး ဘာအပြစ်မှ မရှိဘဲ ၊ ဘာမှ မလုပ်ရဘဲနဲ့ကို ဆရာမက သူ့နာမည်မိတ်ဆက်ရင်း ဒီလိုလက်သံပြောင်တယ်လို့ သတိပေးပြီး ကျောင်းစတက်တဲ့နေ့မှာတင် တနှစ်တာလုံးမှာ ကျောင်းသားတွေ  သူ့စာသင်ချိန်ငြိမ်အောင် ၊ အတန်းကို ထိန်းရလွယ်အောင် နှစ်စဉ်နှစ်တိုင်း ဒီလိုပညာပေးတယ်တဲ့။ နှစ်စဉ်ဒီလိုလုပ်ပေမယ့် သူ့ကိုတိုင်တဲ့သူမရှိသလို အဖြုတ်လည်းမခံရပါဘူး။ ရာထူးသာအဆင့်ဆင့်တက်သွားတာ။

မြန်မာနိုင်ငံက ပညာသင်ချိန်တလျောက်လုံးမှာ တချို့သော ဆရာ ၊ ဆရာမတွေက အတန်းအလိုက် ၊ အရွယ်အလိုက် သူ့စတိုင်နဲ့သူ ကျောင်းသူ ၊ ကျောင်းသားတွေကို အကြောက်တရားနဲ့ နှစ်စကတည်းက ပုံစံပေးထားတာ နောင်နှစ်မှာ ဒီလိုဆရာသမားဆိုးဆိုးနဲ့ စာသင်ရမှာမို့ ကျောင်းပြောင်းချင်စိတ်တွေ ၊ ကျောင်းမတက်ချင်စိတ်တွေဖြစ်တဲ့အထိ ရှိခဲ့တယ်။ သူသင်တဲ့ဘာသာရပ် ထူးချွန်ဖို့ဆိုတာဝေးလို့လေ။ လူကြီးနေရာရောက်လာတဲ့ကိုယ်ဟာ ကိုယ့်သင်ခဲ့တဲ့ ဆရာသမားတွေကို လမ်းမှာတွေ့ရင် ရိုရိုသေသေနှုတ်ဆက်မိပေမယ့် ဒီလို အကြောက်တရားနဲ့ ထိန်းချုပ်ခဲ့တဲ့ ဆရာသမားတွေကို အမှတ်မထင် လမ်းမှာဆုံရင် မျက်လုံးချင်းမဆုံအောင် နေမိတယ်။ သူကတမင်ဆုံအောင် ပြုံးပြခေါ်ပြောနှုတ်ဆက်ပေမယ့် သူ့မြင်ချိန်မှာ ဟိုတချိန်က ခက်ထန်ကြမ်းတမ်းခဲ့တဲ့ သူ့လုပ်ရပ်တွေကို သတိရနေမိတုန်း ၊ အမှန်အတိုင်းပြောရရင် ရင်ထဲမနှစ်မြို့စိတ်တွေ လက်ကျန်ရှိနေတုန်း ၊ ဟိုတချိန်က ဒီဆရာသမားဟာ ပြုံးရယ်တတ်ရဲ့လားလို့ သံသယဝင်မိတဲ့ ကိုယ့်အတွက် အခုအချိန်မှာ လာပြုံးပြနေတဲ့ သူ့အပြုံးတွေက ကိုယ့်အတွက် ကြောက်ဖို့ကောင်းနေတုန်းလေ။ တတန်းတည်း တက်ခဲ့တဲ့ ကိုယ့်သူငယ်ချင်းဟောင်းတွေကလည်း ဒီလိုပဲ ခံစားကြရတယ်လို့ ရင်ဖွင့်ဖူးတယ်။

တတန်းတည်းသင်ခဲ့တဲ့ ဆရာချင်းတူပေမယ့် တပည့်တွေရဲ့ တုန့်ပြန်မှုတွေက မတူကြဘူး။ မေတ္တာပေးမှ မေတ္တာရတယ်ဆိုတာ အဲဒီမှာ ပိုသိသာသွားတယ်။ မိဘဆိုတဲ့ဂုဏ်ရည်ချင်းတူပေမယ့် ကိုယ်ဆုံးမသွန်သင်ခဲ့တဲ့ အရည်အချင်းအပေါ်မူတည်ပြီး သူတို့သားသမီးတွေရဲ့ တုန့်ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သူ့သားသမီးက သူ့မိဘကို သိတတ်လိမ္မာပြီး ကိုယ့်သားသမီးက ကိုယ့်အပေါ် သိတတ်လိမ္မာစိတ်မရှိဘူးဆိုရင် ကိုယ့်သားသမီးကို မသိတတ်ဘူးလို့ အပြစ်တင်မပြောဆိုခင် ငါဟာ နည်းမှန်လမ်းမှန် ဆုံးမခဲ့ရဲ့လားလို့ ပြန်သုံးသပ်ရမှာ ဖြစ်ပါတယ်။ မိမိအရိပ်ဟာ မိမိအနောက်လိုက်သလိုပဲ။ ကိုယ့်ရဲ့ မသိတတ်မှု ၊ ဆုံးမသွန်သင်မှု မတတ်ခဲ့မှုတွေကို လွန်သွားတဲ့အချိန်မှ ပြန်နောင်တရမယ် ၊ ပြန်ပြင်ချင်မယ်ဆိုရင် ကြီးလာတဲ့သားသမီးဟာ ပြန်မငယ်နိုင်တာမို့ လွန်လေပြီးသော အချိန်တွေကို ပြန်ဆွဲယူလို့ မရတော့ဘူးလေ။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

You might also like