Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မိဘကိုယ်တိုင် သတိမထားမိတဲ့ ပစ်ပယ်မှုများ – BurmeseHearts

မိဘကိုယ်တိုင် သတိမထားမိတဲ့ ပစ်ပယ်မှုများ

0

ကလေးတစ်ယောက်ရဲ့ ခံစားမှုဆိုတာကို ငယ်ရာကနေ ကြီးလာတဲ့ လူကြီးမိဘတိုင်းက မသိနိုင်ကြပါဘူး။ အရွယ်ရောက်လာတော့ မိမိကလေးဘဝက ဘယ်လို ဖြတ်သန်းခဲ့ရသလဲဆိုတာကို မေ့သွားလို့လည်း ဖြစ်နိုင်တယ် ။ အရွယ်ရောက်လာတဲ့အခါ ငယ်ငယ်တုန်းက အကြောင်းအရာ အနည်းငယ်ကို မှတ်မိသေးပေမယ့် ခံစားချက် အတော်များများကို မေ့သွားကြတယ်။

အတိတ်ဟာ ပစ္စုပ္ပန်လောက် အရေးမကြီးဘူးဆိုတဲ့ အသိကနေ ကိုယ်ဖြတ်သန်းခဲ့ရတာတွေကို မေ့သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကလေးတိုင်းဟာ စိတ်ဖိစီးမှု အထွေထွေကို ဖိစီးခံရ ၊ ဖြတ်သန်းခဲ့ရပြီးတော့မှ အရွယ်ရောက်လာခဲ့ကြတာပါ။ ကိုယ်အရွယ်ရောက်လာတော့ ဒါတွေ မမှတ်မိတော့တဲ့အတွက် ကိုယ့်သားသမီးဟာ ဒီလို ခံစားရကောင်း ခံစားရနိုင်တယ်လို့ မတွေးမိကြတော့ဘူး။ တွေးမိတဲ့သူရှိပေမယ့် အရေအတွက် နည်းလာတယ်။ မတွေးမိတော့ သူ့ခံစားချက်ကို ဝင်မခံစားကြည့်မိတော့ဘူး။ စီးပွားရေး ၊ အိမ်ထောင်ရေး ၊ လူမှုရေးတွေနဲ့ နပန်းလုံးနေရတော့ ကိုယ်ဟာ တချိန်က ကိုယ့်မိဘတွေနေရာ ပြန်ရောက်လာပြီး ကိုယ့်သားသမီးကတော့ ကိုယ့်နေရာက ခံစားချက်တွေကို ပြန်ခံစားကြရတယ်။ အထူးသဖြင့် မရည်ရွယ်ဘဲ ပစ်ပယ်မိတာလေးတွေပေါ့။

မိဘကမေးမြန်း ပြောဆိုခွင့်ပေးရင် ကလေးတွေဟာ မဝံရဲ ၊ ဝံ့ရဲ ပြောပြခွင့်ရကြတယ်။ သူတို့ခံစားရတဲ့ စိတ်ခံစားချက်အတိုင်း အမှန်ပြောပြတဲ့အခါ မိဘက ဒီစကား သဘောမတွေ့ရင် အဆူခံ ၊ အရိုက်ခံရတဲ့အတွက် နောက်ပိုင်းမှာ မိမိစိတ်ခံစားချက်အတိုင်း ပြောဖို့ထက် မိဘအလိုကျ ပြောဖို့ကိုပဲ ဖြစ်လာတော့တယ်။ ဒီတော့ မိဘဟာ ကလေးရဲ့ စိတ်ခံစားချက်အမှန်ကို သိခွင့်ရနိုင်ပါတော့မလား။ မသိတဲ့အခါ ကလေးအပေါ် ကိုယ်မသိလိုက်တဲ့ အမှားတွေ ၊ ပစ်ပယ်မှုတွေ အထပ်ထပ် လုပ်မိနေတော့မှာပေါ့။ ဒီတော့ ကလေးဟာ ဖွင့်ထုတ်ပြောဆိုရမယ့် လူမရှိဘဲ မြိုသိပ်ခံစားပြီးရင်း ခံစားနေရမှာပါ။

ဒီခံစားချက်တွေနဲ့ အရွယ်ရောက်လာတဲ့သူဟာ နေ့တဓူဝ ပညာရေး ၊ စားဝတ်နေရေး ဆိုတာတွေနဲ့ လုံးပန်းရင်း တချိန်က သူ့ရဲ့ခံစားချက်တွေကို မေ့ပျောက်သွားပြီး သူ့သားသမီးတွေအပေါ်မှာလည်း ပစ်ပယ်မိကောင်းမသိ ပစ်ပယ်မိလိမ့်ဦးမယ်။ သားသမီးကို မထောက်ပံ့တာ ၊ အသိအမှတ်မပြုတာ ၊ ထားပစ်ခဲ့တာမှ ပစ်ပယ်တာမဟုတ်ဘူးနော်။ သူ့လိုအပ်ချက် ၊ ခံစားချက်ဆိုတာတွေကို သိနိုင်အောင် အရေးတယူ မေးမြန်းပြောဆိုမှု ၊ ခံစားနားလည်ပေးမှု မလုပ်ပေးတာတွေကလည်း ပစ်ပယ်ခြင်းတမျိုးပဲပေါ့။

မိဘတွေ သတိမထားမိဘဲ အပယ်ခံနီးပါးဖြစ်ခဲ့တဲ့ ကလေးအချို့ ရဲ့ ခံစားချက်ကို  ပြောပြမယ်။ ဒီအခါ ကလေးတွေဟာ မိဘရဲ့ လစ်ဟာမှုတွေကနေ ဘယ်လိုခံစားရသလဲဆိုတာကို တီးခေါက်ခံစားမိနိုင်တာပေါ့။ ဒီ့ထက် အဖြစ်ဆိုးတဲ့ကလေးတွေ အမြောက်အမြားရှိပေမယ့် ဒီကလေးတွေ ခံစားရတာဟာ အခြားကလေးအများစု ခံစားနေရတဲ့ ခံစားမှုနဲ့ ခပ်များများဆင်နေတဲ့အတွက် ဒီကလေးတွေအကြောင်းကို ကျွန်မက အသားပေး ပြောပြတာဖြစ်ပါတယ်။

ပထမကလေးက သာမာန်မိသားစုက ကလေးပါ။ မောင်နှမတွေ အများကြီးထဲမှာ အငယ်ဆုံးဖြစ်တယ်။ မိသားစုတတ်နိုင်တဲ့ ဝင်ငွေထက် သားသမီးတွေ များလာတော့ အယောက်တိုင်းကို ဂရုစိုက်မှု မပေးနိုင်တော့ဘူးပေါ့။ အဖေရော ၊ အမေရောက အိမ်စီးပွားရေး ၊ စားသောက်နေထိုင်ရေး အပတ်လည်ဖို့ ရုန်းကန်နေရတယ်။ ခြိုးခြံချွေတာမှုစီမံကိန်းအနေနဲ့ အထက်ကကျတာ အောက်ကဝတ်စနစ်သုံးတော့ အထွေးဆုံးအဲဒီကလေးဟာ အသစ်ဆိုတာ ဝတ်စားနိုင်ဖို့ အလှူတွေ ၊ မင်္ဂလာဆောင်တွေကိုပဲ မျှော်ကိုးရတယ်။ ဒါတောင်မှ သူလိုက်ပါခွင့်ရဖို့ မသေချာတာမို့ အလှူ  ၊ မင်္ဂလာဆောင်ပေါ်တိုင်း သူအဝတ်သစ်ရတာမဟုတ်ဘူးလေ။ ဆိုရရင် တစ်နှစ်လုံးနေမှ အဝတ်သစ် နှစ်ထည် ၊ သုံးထည် ရခဲတယ်ပေါ့။

သူလိုပဲ သူ့အထက်က အစ်ကို ၊ အစ်မဟာလည်း ထူးမခြားနားပါပဲ။ ဒီတော့ မိဘက တစ်ယောက်တစ်ခုစီလို့ ဇီးထုပ် ၊ ပီကေ ၊ သကြားလုံးပေးလိုက်သည့်တိုင် မဝရေစာ ရှားရှားပါးပါး စားရတဲ့သူ့အစ်ကို အစ်မတွေဟာ ကြီးနိုင်ငယ်ညှဉ်းလုပ်တဲ့အတွက် ကစားစရာအသစ် ၊ စားစရာအသစ်ဆိုတာကို အဲဒီအထွေးဆုံးက ခံစားခွင့် သိပ်မရရှာပါဘူး။ မိဘပြန်ပြောရင် မောင်နှမတွေက ပိုထောင်းတာမို့ အဲဒီကလေးဟာ အိမ်မှာ အတိတ်ဆုံး ၊ အငြိမ်ဆုံး မထုံတက်တေးလေး ဖြစ်နေတာပေါ့။ သူ့ရင်ထဲက ပြောချင်တဲ့စကားလုံးတွေ ၊ ခံစားချက်တွေက အများကြီး ဒါပေမယ့် အရေးယူ နားထောင်ပြီး သူ့ကို အကာအကွယ်ပေးမယ့်သူဆိုတာ သူရှာမရဘူး။

သူကျောင်းသွားတဲ့အခါ အဝတ်အစားအကျ ၊ လွယ်အိတ်အကျ ၊ ထမင်းချိုင့်အကျ စတဲ့ အထက်ကအကြီးတွေရဲ့ အကျတွေနဲ့သွားရတယ်။ ဖိနပ်သဲကြိုးပြတ်တာ ၊ ထီးပျောက်တာ ၊ မိုးကာမရှိတာ ၊ ထမင်းချိုင့်ထဲ ထမင်းဟင်းသိုးနေတာ ၊ ဝယ်စားဖို့ ပိုက်ဆံမရှိတာ စတဲ့ သူ့အခက်အခဲ အထွေထွေကို ပြန်ပြောပြရမယ့်သူမရှိဘူး။ အတန်းထဲ အလှူငွေကောက်တဲ့ ဆရာမတောင်းတဲ့ငွေ မထည့်နိုင်တဲ့သူ့ကို နှိမ်တာ ၊ သူများတွေ ဟာသလုပ်တာ ၊ မျက်ရည်ကျတဲ့အထိ သိမ်ငယ်ရတာတွေကို ဘယ်သူ့မှ ဖွင့်ဟခွင့်မရှိခဲ့ဘူး။

နောက်ထပ် မိသားစုတစုကတော့ သားသမီးသုံးယောက်လုံးကို သီးသန့်ဂရုစိုက်ထိန်းပေးဖို့ အိမ်ဖော်သုံးယောက်ကို ငှါးနိုင်တဲ့အဆင့်အထိ အဆင်ပြေကြတယ်။ စီးပွားရေးအဆင်မပြေသူတွေများတဲ့ ဒီလိုခေတ်ကြီးထဲမှာ မိုးရွာတုန်းရေခံမယ်ဆိုပြီး ကောင်းနေတဲ့ စီးပွားရေးဘက် ပိုအားထားလုပ်တဲ့အခါ ကလေးတွေရဲ့တာဝန်ဟာ အိမ်ဖော်တွေရဲ့တာဝန် ဖြစ်သွားတယ်။ မိုးချုပ်မှ အိမ်ပြန်ရောက်တဲ့မိခင်ဟာ ကလေးတွေရဲ့ တနေ့တာ ဖြတ်သန်းမှုကို မေးဖို့ ၊ နားထောင်ဖို့ အချိန်မရှိပါဘူး။ အိမ်ပါလာတဲ့ စာရင်းတွေ ပြန်စစ်ဆေးရဦးမယ် ၊ တွက်ချက်ရဦးမယ်လေ။ နောက်တနေ့အတွက် ကလေးတွေ လိုအပ်တဲ့ မုန့်ဖိုးနဲ့ ငွေတွေကို ခပ်မြန်မြန်ပေးပြီးရင် သူမတာဝန်ကျေပြီ။ တနေ့တာ နားအေးသွားပြီပေါ့။ သူတို့အဖေက စီးပွားအတွက် ခရီးထွက်နေရတဲ့အချိန် များတယ်လေ။ အကျဉ်းချုပ်က မိသားစုထမင်းလက်ဆုံ စားဖြစ်ချိန်ဆိုတာ မရှိသလောက် ရှားတယ်။ တခါတလေ ကလေးတွေနဲ့မိဘ မျက်နှာချင်းဆိုင် မဆုံဖြစ်တဲ့ရက်တွေလည်း ရှိလာတယ်။

ကလေးသုံးယောက်ကို အိမ်ဖော်တစ်ယောက်တစ်ဦးစီ ထိန်းနိုင်တဲ့အားက နည်းသလားနော်။ ဒါပေမယ့် အထင်မကြီးပါနဲ့။ ကလေးသုံးယောက်ပေါင်းရင် လောင်းကျော်တော့ ထိန်းရခက် ၊ ရန်ဖြစ် ၊ ငိုယို ၊ ဖြေရှင်းရတယ်လေ။ ဒီတော့ စကားနဲ ရန်စဲ ကလေးသုံးယောက်ကို အတူကစားခွင့် အိမ်ဖော်တွေက မပေးတော့ဘူး။ ဒီကြားထဲကမှ ကလေးအချင်းချင်း စကားများ ရန်ဖြစ်တဲ့အခါ သူ့ကလေး ၊ ကိုယ့်ကလေးခွဲခြားလို့ သူ့ကလေးမှားတယ် ၊ ကိုယ့်ကလေးမှားတယ်လို့ အိမ်ဖော်တွေက ကလေးတွေကို အပြစ်တင် ၊ အပြစ်ပေးတာတွေ ရှိလာတယ်။ ကိုယ့်ကလေးကိုတစ်ချက်ရိုက်ရင် သူ့ကလေး အမှားတွေ့တာနဲ့ နှစ်ချက်ရိုက်လိုက်တယ်။ အိမ်ဖော်အချင်းချင်း အားပြိုင်မှုအကြားမှာ ကလေးတွေဟာ မြေဇာပင်ဖြစ်ပြီး ပိုအနှိပ်စက်ခံရတယ်။

သူတို့စားချင်တာတွေကို ကလေးတွေက ကြိုက်တယ် ၊ စားကြတယ်လို့ ပြောပြီးဝယ်စားကြတယ်။ အကောင်းဆုံးအရာတွေကို သူတို့စားပြီးမှ ကလေးတွေဟာ စားကြရတယ်။ အဆိုးဆုံးက ဒီကလေးတွေဟာ သူတို့ကိုထိန်းတဲ့ အိမ်ဖော်နဲ့ တစ်ခန်းထဲ အတူအိပ်ကြတဲ့အတွက် အခန်းခွဲအိပ်တဲ့ သူ့မောင်နှမအချင်းချင်း ဖွင့်မပြောရဲအောင်အထိ မနက်မိုးလင်းကနေ မိုးချုပ် ကိုယ့်ထိန်းတဲ့အိမ်ဖော်တွေနဲ့ ကုန်ဆုံးရတဲ့အချိန် ပိုများတယ်။ ဒီတော့ သူတို့ကိုထိန်းတဲ့အိမ်ဖော်က ဘာလုပ်တယ်ဆိုတာ မိဘ ၊ မောင်နှမတွေကိုတောင် ဖွင့်မပြောရဲတဲ့အထိ ကြောက်ကြရတယ်။ ပြောရဲပြောကြည့် နင့်မိဘနဲ့ နင်တို့ ဘယ်နှစ်မိနစ် ၊ ဘယ်နှစ်နာရီ အတူနေလို့လဲ ၊ ငါတို့နဲ့ပဲ စခန်းသွားရမှာ ဆိုတဲ့ စကားနဲ့တင် အတော်ကြောက်ဖို့ကောင်းနေပြီလေ။ သူတို့စိတ်မလိုရင် အတော့်ကို ရိုက်နှက် နှိပ်စက်ခံရမှာမဟုတ်လား။

BurmeseHearts Blog

မသိတတ်တဲ့မိဘဟာ ငွေရှိရှိ ၊ မရှိရှိ မသိတတ်ပါဘူး။ ငွေမရှိလို့ သားသမီးကို ဂရုစိုက်ချိန် မရတာ မဟုတ်ဘဲ ငွေရှိလည်း သိလိုစိတ် ၊ သိတတ်စိတ် မထားတာပါ။ မချီးကျူးတတ်တဲ့မိဘဟာ ချီးကျူးလိုစိတ်မရှိဘူး။ နာနာထောင်းမှ ကလေးရဲ့ အရည်အသွေး ပိုထွက်မယ်လို့ ယုံကြည်ထားတဲ့မိဘဟာ ကလေးကြိုးစားသည်ဖြစ်စေ ၊ မကြိုးစားသည်ဖြစ်စေ နာနာထောင်းဖို့က သူ့တာဝန်လေ။ ကြိုးစားသည်ဖြစ်စေ ၊ မကြိုးစားသည်ဖြစ်စေ မိဘရဲ့ ချီးမွမ်းမြှောက်စားမှု ၊ နွေးထွေးမှု ၊ ကြင်နာမှု ဆိုတာတွေကို မခံစားကြရတော့ သူတို့ရတာကိုပဲ သူတို့တန်အောင်သုံးမယ်ဆိုတဲ့ အပေါ့စားစိတ်တွေ ကလေးတွေမှာ ဝင်သွားတော့တယ်။

ကလေးတွေဟာ ကြိုးစားလိုစိတ်မရှိတော့ဘူး။ ငွေလိုရင် မိဘတောင်းမယ် ၊ လူမတွေ့ရင် ဖုန်းဆက်တောင်းမယ် ၊ တောင်းမရရင် ခိုးမယ် ၊ ခိုးမလောက်ရင် အိမ်မှာရှိတာ ခိုးရောင်းတဲ့ အဆင့်အထိ ဖြစ်လာကြတယ်။ သူတို့ရဲ့ ဘဝခံယူချက်ဟာ သူတို့နေ့တဓူဝဖြတ်သန်းခဲ့ရတဲ့ နေ့တွေအတိုင်း လေးလေးနက်နက် မရှိတော့ဘူး။ အိမ်မှာ ပျော်စရာမရှိတော့ အပြင်မှာ ပျော်စရာရှာရင်း ကိုယ့်ရင်ထဲက ပျော်ရွှင်မှုဆိုတာ ရှာလေ ၊ ဝေးလေဖြစ်နေတာပေါ့။ အပျော်တုတွေကို ငွေနဲ့ အဖော်လုပ်ရင်း သူတို့ဟာ ဘာကို မကျေနပ်မှန်းမသိဘဲ ကြီးပြင်းလာကြတယ်။

ကျွန်မပုံပြောနေတာမဟုတ်ဘူးနော်။ တကယ်မြင်တွေ့နေရတဲ့ အဖြစ်တွေထဲက အများစု တူညီနေတဲ့ မိဘတွေရဲ့ လစ်ဟာမှုကို မီးမောင်းထိုးပြနေတာပါ။ ဒီလိုမိဘရဲ့ အမှားတွေထဲက တူညီတဲ့အမှား ဘယ်နှစ်ခုကို ကိုယ်လုပ်မိခဲ့သလဲ ပြန်သုံးသပ်ကြည့်မိရင် ပြန်ပြင်နိုင်ပြီပေါ့။ ကိုယ့်ဘာသာ ပြန်သုံးသပ်ချင်စိတ်လည်းရှိဖို့ လိုပါတယ်။

ငါဟာ တနေ့ ဘယ်နှစ်နာရီ ငါ့သားသမီးကို အချိန်ပေးဖြစ်လဲ ၊ ငါ့အိမ်ထောင်ဖက်ကို အချိန်ပေးဖြစ်လဲ ၊ သူတို့နဲ့ တစ်ပတ် ဘယ်နှစ်ကြိမ် ထမင်းလက်ဆုံစားဖူးသလဲ ၊ သူတို့ပျော်ရွှင်မှုအတွက် တစ်လဘယ်နှစ်ကြိမ် ဘယ်တွေ ဘယ်လို ဖြည့်ဆည်းပေးသလဲ ၊ ငါ့ကလေးတွေရဲ့ စိတ်ခံစားမှုဆိုတာကို ငါ့စိတ်ခံစားမှုတွေ ဘေးဖယ်ပြီး နားထောင်ဖူးသလား ၊ သူ့တို့ရဲ့တွေးခေါ်မှုကို ဘာကြောင့် လက်မခံဘူး ၊ ဘာကြောင့် လက်ခံတယ်ဆိုတာ အပြန်အလှန် ဆွေးနွေးဖူးသလား ၊ သူတို့တွေနဲ့ အပြန်အလှန် နားလည်မှု တည်ဆောက်ဖူးသလား ၊ ငါ့စကားနွားရ ဒါလုပ် ဒါမလုပ်နဲ့လို့ အမိန့်ဆန်ဆန်မဆိုဘဲ ဒါလုပ်ရင်ဘာဖြစ်မယ်ဆိုတာကို သူတို့ လိုလိုချင်ချင် လက်ခံသွားတဲ့အထိ စိတ်ရှည်ရှည် ရှင်းပြပြောဆိုဖူးသလား ၊ တပတ်မှာ ရိုက်ဆုံးမရတဲ့အကြိမ် ဘယ်နှစ်ကြိမ် ၊ အော်ဟစ်ဆဲဆိုဆုံးမရတဲ့အကြိမ် ဘယ်နှစ်ကြိမ် ၊ ဆွေးနွေးဆုံးမတဲ့အကြိမ် ဘယ်နှစ်ကြိမ်ဆိုတာ မှတ်သားဖူးသလား။ ရိုက်လို့ဆုံးမရတဲ့အကြိမ်များလာလေ သားသမီးနဲ့မိဘ စိတ်ချင်းဝေးကွာလာလေဆိုတာကို လက်မခံချင်လည်း လက်ခံရတော့မှာပါပဲ။

အိမ်ထောင်ဖက်ကိုရော ဘာတွေ ဘယ်လို ပြောဆိုပြုမူလို့ တစ်ပတ်မှာ ဘယ်နှစ်ကြိမ်ရန်ဖြစ်တတ်သလဲ ၊ စကားများတတ်သလဲ ၊ ကိုယ်တွေရဲ့ နှစ်ဦးနှစ်ဖက် ဆက်ဆံရေး နဲ့ နားလည်မှုဆိုတာတွေလည်း ပြန်သုံးသပ်ကြည့်ဖို့ လိုနေပါတယ်။ သာယာတဲ့ မိသားစုဘဝလေး တည်ဆောက်ချင်ရင်ပေါ့။ မိဘနှစ်ဦးရဲ့ ဆက်ဆံရေးဟာ ကလေးတွေရဲ့ စိတ်ဖွံ့ဖြိုးမှုကို အဓိကနေရာက အထောက်အကူပြုပြီး လွှမ်းမိုးလို့နေပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့ရဲ့ အားကိုးရာဟာ ဒီမိဘနှစ်ဦးဖြစ်နေတာကိုး ။ မိဘနှစ်ဦးအဆင်မပြေရင် ကလေးဟာ ယုံကြည်မှုမဲ့နေနိုင်တယ် ၊ ဘာကိုမှန်းမသိ စိုးကြောက်နေနိုင်တယ် ၊ သိမ်ငယ်နေနိုင်တယ်လေ။ ငွေရှိတာ ၊ မရှိတာက မိဘနှစ်ဦးရဲ့ ဆက်ဆံရေး ပြန်သင့်မြတ် ၊ အဆင်ပြေအောင်လို့ အလုံးစုံမကူညီနိုင်ပါဘူး။ ငွေရှိရင် တမိသားစုလုံးဆန္ဒ အားလုံးပွဲပြီးစတမ်းဆိုရင် ငွေရှိသူတွေဟာ ဘယ်ကွာရှင်းပြတ်စဲကြမလဲနော်။ အိမ်ထောင်ဆက်များသူတွေ ဘယ်ဖြစ်ကြမလဲနော်။

မိဘတွေရဲ့ ဆက်ဆံရေးတော့ကောင်းပါရဲ့ ။ သားသမီးကို ဥပက္ခာပြုမှန်းမသိ ပြုထားတယ်ဆိုရင် တချိန်မှာ ကိုယ့်ကိုလည်း သားသမီးတွေက ဥပက္ခာပြုထားနိုင်တယ်လို့ ကြိုပြင်ဆင်ထားရမှာပါ။ သားသမီးတွေဟာ မိမိဘဝမှာ ဘယ်လိုအရေးပါတယ်ဆိုတာကို အလုပ်နဲ့သက်သေပြ ပြုစုပျိုးထောင်မယ် ၊ သူတို့ပြောချင်တဲ့စကားကို တနေ့ နာရီဝက်လောက်ဖြစ်ဖြစ် အချိန်ပေးပြီး နားထောင်မယ် ၊ ကလေးတစ်ယောက်ထက်ပိုရှိတဲ့သူတွေက တစ်ဦးချင်းစီရဲ့ ဆန္ဒနဲ့ ခံစားချက်တွေကို သီးသန့်စီ နားထောင်ပေးမယ် ၊ တတ်နိုင်သမျှ သူတို့ဆန္ဒတွေ ဖြည့်ဆည်းပေးဖို့ ကြိုးစားနေတယ်ဆိုတာ နားလည်အောင် ပြောပြမယ် ၊ တကယ်လည်း ဖြည့်ဆည်းပေးနေတယ် ၊ ကောင်း၏ ဆိုး၏ ၊ လုပ်သင့် မလုပ်သင့် ဆိုတာကို အမိန့်တစ်ခုလိုမဆိုဘဲ ပုစ္ဆာတစ်ခုကို နှစ်ဦးအတူ အဖြေရှာ တွက်ချက်သလို ချက်နဲ့လက်နဲ့ ၊ ဥပမာနဲ့ သက်သေ သာဓကနဲ့ ကလေးနားလည် လက်ခံအောင် ပြောပြနိုင်မယ်ဆိုရင် ကိုယ့်ရဲ့သွန်သင် လမ်းညွှန်မှုကို ကလေးယုံကြည်မှာပါ။ ဒါဟာ အရေးအကြီးဆုံးပဲ။

မိဘစကားနဲ့ မိဘလုပ်ရပ်ကို မယုံကြည်တဲ့ သားသမီးဟာ မိဘရဲ့ သွန်သင်ဆုံးမမှုကို နာခံမှာ မဟုတ်ပါဘူး။ မိဘကကြမ်းလို့ ရှေ့ မှာသာ “အင်း” လုပ်ပြီး သဘောတူ ခေါင်းညှိတ်လိုက်ရတာ ၊ နောက်ကွယ်မှာတော့ သူယုံကြည်ရာ သူပြန်လုပ်မှာပဲ။ သူလုပ်နေတဲ့ ယုံကြည်ရာဟာ မလုပ်သင့်တဲ့အရာလို့ သူနားလည်သဘောပေါက်အောင် သက်သေ ၊ သာဓကတွေနဲ့ ဆွေးနွေးအဖြေရှာမယ် ၊ အတူ ဆွေးနွေးအဖြေရှာပြီး ရလာတဲ့ ရလဒ်အပေါ် သူသံသယဖြစ်စရာ ၊ လက်မခံနိုင်စရာ နည်းလာတာပေါ့။ ဒါကိုမှ ဆက်လုပ်တယ်ဆိုရင် ကြမ်းသင့် နည်းမှန်လမ်းမှန် ကြမ်းပေးရမယ်။ ဒါကျတော့ သူ့ဘဝကောင်းစားဖို့ ကြမ်းရတာဖြစ်သွားပြီ။ ဆိုလိုတာက ကိုယ့်သဘောနဲ့ ဆန့်ကျင်ကြမ်းရတာပေါ့။ ဒါကိုလည်း သူနားလည်သင့်တယ်။ သူ့ကြောင့် စိတ်ငြိမ်းချမ်းတဲ့မိဘဟာ အကြမ်းဇတ်ခင်းရတယ်လို့ သူနားမလည်ရင် တချိန်လုံးနူးညံ့ခဲ့တဲ့မိဘရဲ့ ကြမ်းတမ်းစွာ သွန်သင်ဆုံးမမှုကိုခံရတဲ့သူဟာ စိတ်ဒဏ်ရာ ရသွားတတ်တယ်။ အများအားဖြင့် ဒီလို ဇတ်ကြမ်းတိုက်ရတဲ့အရွယ်ဟာ မြီးကောင်ပေါက် အရွယ်လေးတွေ ဖြတ်နေတတ်တယ်။

မြီးကောင်ပေါက်အရွယ်မတိုင်မီ ဇတ်ကြမ်းတိုက်နေရရင်တော့ ဒါဟာ ကိုယ်သွန်သင်ဆုံးမမှုဟာ ရေချိန်မြင့်နေတယ်လို့ ပြောရမှာပဲ။ မြီးကောင်ပေါက်မတိုင်မီအရွယ်ကို ဒီလိုရေချိန်မြင့်မြင့်နဲ့ ဆုံးမနေရရင် မြီးကောင်ပေါက်အရွယ်မှာ ဆုံးမလို့ နိုင်ပါတော့မလားနော်။ ဒါဟာ ဆိုဆုံးမမှု လွဲမှားနေတယ်ဆိုတဲ့ လက္ခဏာပဲပေါ့။ နည်းမှန်လမ်းမှန် ဆုံးမသွန်သင်ရမယ်ဆိုတာ ဒါကိုပြောတာ။

သားသမီးကိုပဲဖြစ်ဖြစ် ၊ တပည့်လက်အောက်ငယ်သားကိုပဲဖြစ်ဖြစ် ဆုံးမတော့မယ်ဆိုရင် အလိုအပ်ဆုံးအရာက ကိုယ်ချင်းစာတရားပါပဲ။ သူ့နေရာမှာ ငါသာဆိုရင်လို့ ကိုယ်စားတွေးပေးကြည့်တဲ့အခါ သူဘာကြောင့် ဒီလိုအမှားလုပ်ဖြစ်သွားသလဲ ၊ ဘာကြောင့် ထပ်ခါထပ်ခါ လုပ်ဖြစ်နေသလဲဆိုတဲ့ အကြောင်းကို အကောင်းဆုံးနည်းလမ်းနဲ့ ဖွေရှာချင်လာမယ်။ အကြောင်းရင်းမြစ်သိပြီဆိုရင် ဒီလိုဖြစ်ရတဲ့အကြောင်းကို အကောင်းဆုံးနည်းလမ်းနဲ့ ကုစားချေဖျက်နိုင်ဖို့ ဒုတိယအဆင့် နည်းလမ်းရှာရတော့မှာပေါ့။

ဒီလိုမလုပ်ခဲ့ဘဲ ကိုယ်စိတ်ခံစားချက်နဲ့ ကိုယ်တွေးထင်မြင်ရာကို ရှေ့တန်းတင်ဆုံးဖြတ်လို့ ဆုံးမပြောဆိုမယ်ဆိုရင် ကိုယ်ဆိုဆုံးမတာ နည်းလမ်းမှန်ချင်မှ မှန်မယ် ၊ အနာတခြား ဆေးတခြားလည်း ဖြစ်သွားနိုင်တယ် ၊ ဒီတော့ သက်သာမလာဘဲ ပိုဆိုးလာတာတွေလည်း ဖြစ်နိုင်တယ်။ တဘဝလုံးစာ နာကျည်းသွားနိုင်တဲ့ နည်းလမ်းတွေနဲ့ ဆုံးမမိရင် စေတနာဟာ ဝေဒနာဖြစ်သွားပြီး သားသမီးနဲ့ကိုယ့်အကြား ၊ တပည့်တပန်းနဲ့ ဆရာအကြား ၊ အထက်လူကြီးနဲ့ လက်အောက်ငယ်သားအကြားမှာ နားလည်မှုလွဲသထက်လွဲလာတာ ၊ ခံစားမှုအေးသထက်အေးလာတာ ၊ ဒဏ်ရာနက်သထက် နက်လာတာတွေနဲ့ ပြင်မရတဲ့ ဆက်ဆံရေး ဖြစ်သွားတော့မှာပါ။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

You might also like