Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
သိတဲ့အတိုင်းကျင့်ဖို့ဆိုရင် အစွဲကို အရင်ဖြတ်ပါမှ ဖြစ်မည် – BurmeseHearts

သိတဲ့အတိုင်းကျင့်ဖို့ဆိုရင် အစွဲကို အရင်ဖြတ်ပါမှ ဖြစ်မည်

0

ဤပို့စ်ဟာ ကလေးကို မိခင်နို့တိုက်တာ အကောင်းဆုံးလို့ စာပေ ဗဟုသုတတွေမှာ သိနားလည်ပါရက် မိခင်နို့တိုက်ရင်း ပထမကလေး ဆုံးပါးသွားရလို့ မိမိနို့ကြောင့် ကလေးဆုံးရတယ်လို့ စိတ္တဇဖြစ်သွားတဲ့ မိခင်တစ်ယောက်အကြောင်း ဖြစ်ပါတယ်။

ပထမဆုံးကလေးဟာ မိခင်နို့တိုက်ရင်း ဆုံးပါးသွားရတဲ့အတွက် အမေဟာ သူ့နို့နဲ့ ကလေးမတည့်ဆိုတဲ့ အယူဝင်သွားပါတယ်။ ဒါကြောင့် ဒုတိယကလေး မွေးလာတော့ သူ့နို့မတိုက်တော့ဘဲ နို့ဗူးပြောင်းတိုက်ပါတယ်။ နို့ဗူးတိုက်ရာက ဝမ်းသွားပြီး ကလေးအခြေအနေဆိုးမှ ဆေးရုံရောက်လာပါတယ်။ ကလေးကို ဆရာဝန်တွေက ကုသပေးရင်း အမေကို မိခင်နို့တိုက်ခိုင်းတဲ့အခါမှ သူမနို့ကြောင့် ပထမကလေးဆုံးသွားလို့ ယခု ဒုတိယကလေးမှာ နို့ဗူးတိုက်ရတဲ့အကြောင်း ပေါ်လာပါတယ်။

ဆရာဝန်တွေက ပထမကလေးဟာ တခြားအကြောင်းကြောင့် ဆုံးပါးခဲ့နိုင်တာဖြစ်ပြီး မိခင်နို့ကြောင့် ဆုံးပါးခဲ့တာ မဟုတ်ဘူးလို့ အမေကိုရှင်းပြပြီး သက်သေပြတဲ့အနေနဲ့ ဆေးရုံပေါ်မှာ မိခင်နို့ကိုပဲ တိုက်စေပါတယ်။ ဒါ့အပြင် နို့တိုက်နည်း ၊ နို့ထွက်အောင်ပြုနည်းတွေ သင်ကြားပေးပါတယ်။ ဆေးရုံမှာ မိခင်နို့စို့ရင်း ကလေးအခြေအနေကောင်းလာတော့ ဆေးရုံကဆင်းသွားခဲ့တဲ့ ကလေးကို အမေက အိမ်ရောက်တော့ နို့ဗူးပဲ ပြန်တိုက်ပါတယ်။ သူက မိခင်နို့ကြောင့် ပထမကလေး ဆုံးရတယ်ဆိုတဲ့အစွဲကို မချွတ်နိုင်သေးလို့ ဖြစ်ပါတယ်။

နို့ဗူးတိုက်နေရင်း ကလေးဝမ်းပြန်လျှောတော့ ဒုတိယအကြိမ် ဆေးရုံပြန်ရောက်လာပါတယ်။ အတော့်ကို အခြေအနေဆိုးမှ ရောက်လာတာပါ။ ဒုတိယအကြိမ် ဆေးရုံတက်ချိန်မှာလည်း အမေကို မိခင်နို့ပဲတိုက်ဖို့ ဆက်ဆက် မှာကြားပြီး ဆေးရုံမှာ မိခင်နို့ပဲ တိုက်စေပါတယ်။ ဆေးရုံမှာ ပြောသမျှနားထောင်ပြီး မိခင်နို့တိုက်တဲ့အတွက် ကလေးအခြေအနေကောင်းလာလို့ ဒုတိယအကြိမ် ဆေးရုံက ဆင်းသွားပါတယ်။

အိမ်ရောက်တော့ မိခင်နို့ဖြတ်ပြီး နို့ဗူးပြန်တိုက်ပါတယ်။ ကလေးဟာ အကြီးအကျယ်ဝမ်းသွားပြီး အတော်ကြီးအခြေအနေဆိုးမှ ဆေးရုံပြန်ရောက်လာပါတယ်။ ဒီတော့ ဆေးရုံပေါ်က ကလေးဆရာဝန်ကြီးကိုယ်တိုင်က ဒီကလေးအမေဆီက သင်ခန်းစာတစ်ခုရသွားပါတယ်။ ဒါဟာ ကလေးကျန်းမာရေးပညာပေးကို ကလေးမွေးပြီးမှ ပေးတာမျိုး မဟုတ်ဘဲ မိခင် ကိုယ်ဝန်ဆောင်နေကတည်းက ကလေးကျန်းမာရေးပညာပေး စတင်သင့်တယ်ဆိုတာပါ။

ယခုကလေးမိခင်ဟာ ကလေးကိုယ်ဝန်ဆောင်တုန်းက ကလေးကျန်းမာရေး ပညာပေးမရရှိခဲ့လို့ မိမိနို့ရည်ကြောင့် ကလေးသေရတယ်လို့ တလွဲအယူအဆ စွဲသွားခဲ့တာဖြစ်ပါတယ်။ အမေဟာ ပထမအကြိမ် ကိုယ်ဝန်ဆောင်ကတည်းက ကလေးကျန်းမာရေးပညာပေးမှု မရရှိခဲ့ရုံသာမက ဒုတိယကလေးကိုယ်ဝန်ဆောင်တုန်းမှာလည်း ကလေးကျန်းမာရေးပညာပေး မရရှိခဲ့လို့ ယခုလို တလွဲယုံကြည် စွဲသွားခဲ့တာဖြစ်ပါတယ်။ ဒီအယူအဆအမှားကို ကိုင်စွဲခဲ့လို့သာ ကလေးဟာ အကြိမ်ကြိမ်ဝမ်းလျှောပြီး အခြေအနေဆိုးမှ ဆေးရုံရောက်လာခဲ့တာဖြစ်ပါတယ်။

BurmeseHearts Blog

ဆေးဝါးကုသရာမှာဘာရောဂါအတွက် ဘာဆေးသောက်လို့ တခါတည်း မှာကြားလို့ရပေမယ့် အယူအဆလွဲမှားမှုကိုတော့ ဘာကြောင့်ဒီအယူအဆမှားတယ် ၊ အယူအဆအမှန်က ဘယ်ဟာဆိုတာကို ယုံကြည်လက်ခံလာတဲ့အထိ ရှင်းပြရမှာဖြစ်ပါတယ်။ ဒီလိုရှင်းပြပေမယ့်လည်း ကိုယ်တိုင်က အယူအဆအမှားကို မစွန့်ပစ်ဘဲ ဆက်လက်စွဲကိုင်ထားမယ်ဆိုရင် သူမစွန့်ပစ်သရွေ့ အရာမရောက်ပါဘူး။ မိမိယုံကြည်တာအမှား တခြားလူရှင်းပြတာအမှန်လို့ လက်ခံပြီဆိုပါစို့ ၊ အဲဒါကို လက်တွေ့ကျင့်သုံးရမှာဖြစ်ပါတယ်။ စာဖတ်ပြီး စာထဲက အယူအဆ ကိုယ့်ဦးနှောက်ထဲရောက်မလာရင် ၊ အဲဒီအယူအဆအမှန်ကို လက်မခံ ၊ မကျင့်သုံးရင်လည်း ဘယ်လောက်ကောင်းတဲ့စာဖတ်ဖတ် မိမိအတွက် အကျိုးရှိအောင် အသုံးချနိုင်မှာ မဟုတ်ပါဘူး။

နောက်တစ်မျိုးကလည်း အမေဝမ်းသွားနေလို့ ကလေးနို့ဖြတ်ထားတာပါ။ အမေဝမ်းသွားရင် ကလေးပါဝမ်းသွားနိုင်တယ်လို့ တလွဲယုံကြည်ထားလို့ ဖြစ်ပါတယ်။ အမေ့ဝမ်းထဲ ဝမ်းသွားစေတဲ့ ပိုးမွှားတွေကြောင့် ဝမ်းသွားတာ အဲဒီပိုးက အမေ့ဝမ်းထဲကနေ ဘယ်လိုလို့ ကလေးဝမ်းထဲ ရောက်နိုင်ပါ့မလဲ။ တကိုယ်စီမဟုတ်ဘူးလား။ ဝမ်းသွားတဲ့အမေက ရေအိမ်သွားပြီး ဆပ်ပြာနဲ့ လက်စင်စင်မဆေးခဲ့လို့ ၊ ပြီးရင် ကလေးကို နို့တိုက်တာ ၊ ကိုင်တာ ၊ သန့်ရှင်းတာတွေလုပ်ရင်း ဒီပိုးဟာ ကလေးပါးစပ်ထဲ တနည်းတဖုံနဲ့ ဝင်သွားမှသာ ကလေးပါ ဝမ်းသွားနိုင်တာပါ။ ပုံမှန်အားဖြင့် အမေဝမ်းသွားရုံနဲ့ နို့စို့ကလေး ဝမ်းမသွားနိုင်ပါ။ မိခင်နို့ရည်မှာ ပိုးမွှားတွေ မပါလာဘဲ ရောဂါကာကွယ်မှုကိုပင် ပေးစွမ်းနေတာပါ။ ဒါကြောင့် နို့တိုက်မိခင်ဝမ်းသွားလို့ ကလေးကို နို့ဖြတ်ထားစရာ အကြောင်းမရှိပါ။

ကလေးအထူးကုသမားတော်ကြီး ဦးတင်ဦး M.B.B.S., F.R.C.P.(E), D.C.H မှတ်တမ်းလုပ်ပြီး ရေးသားဖော်ပြခဲ့တဲ့ ကလေးနှင့် အာဟာရစာအုပ်မှ ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါတယ်။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like