Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
တစ်နှစ်အောက်ကလေးတွေဖြစ်တတ်သော နေထိုင်မကောင်းသည့် လက္ခဏာ အပိုင်း(၂) – BurmeseHearts

တစ်နှစ်အောက်ကလေးတွေဖြစ်တတ်သော နေထိုင်မကောင်းသည့် လက္ခဏာ အပိုင်း(၂)

0

ဝမ်းလျှောခြင်း

အနံ့အသက်မကောင်းတဲ့ဝမ်း ၊ ရေခပ်များများပါလာတဲ့ဝမ်း ၊ ဝမ်းမှာ အချွဲတွေ ပါလာတယ်ဆိုရင် ကလေးဝမ်းလျှောပြီလို့ ယူဆလို့ရပါတယ်။ ဒါဟာ ကလေးကိုယ်ထဲ ရောက်ရှိလာခဲ့တဲ့ ရောဂါပိုး ကူးစက်ခံရမှုကို ကလေးကိုယ်က အညစ်အကြေးတွေ စွန့်ထုတ်ပြီး သန့်စင်နေတာ ဖြစ်ပါတယ်။

ကလေးဝမ်းလျှောတဲ့အခါမှာ ကိုယ်တွင်းရေဓါတ်ခမ်းခြောက်မှု မဖြစ်စေဖို့ မိခင်နို့များများတိုက်ပေးပါ။ ရေသောက်တဲ့အရွယ်ဆို ရေနဲ့ အရည်ရွှမ်းတဲ့ သစ်သီးတွေ ၊ သစ်သီးဖျော်ရည်တွေ များများကျွေးပါ။  ဝမ်းလျှောတဲ့ကလေးတွေ သောက်ဖို့သီးသန့်ထုတ်ထားတဲ့ သစ်သီးဖျော်ရည်ထုပ်တွေကို သူ့အရွယ်နဲ့ကိုက်ညီတဲ့ ညွှန်ကြားချက်အတိုင်း တိုက်ကျွေးနိုင်ပါတယ်။

 

ရေဓါတ်ခမ်းခြောက်ခြင်း

  • ငိုတဲ့အခါ မျက်ရည်အထွက်နည်းလာပြီး ဆီးသွားတဲ့အခါ ခပ်နည်းနည်းပဲ သွားလာပြီဆိုရင် ၊
  • မျက်တွင်းချောင်ပြီး မျက်ကွင်းဟောက်ပက်လေးဖြစ်လာပြီဆိုရင် ၊
  • အရေပြားခြောက်သွေ့ပြီး လျှာနဲ့နှုတ်ခမ်းပါ ခြောက်သွေ့လာပြီဆိုရင် ၊
  • ဦးရေမဆက်သေးတဲ့ ကလေးဦးရေပြားဟာ ဟောက်ပက်ကလေး ဖြစ်လာပြီဆိုရင် ၊
  • အစာရေစာ သောက်ဖို့ ငြင်းဆိုလာပြီဆိုရင် ၊
  • တစ်နေ့တည်းမှာ ခြောက်ကြိမ်ထက်မနည်း ဝမ်းသွားတာ ဒါမှမဟုတ် သုံးကြိမ်ထက်မနည်း အန်လာရင် ဒါမှမဟုတ် အန်တဲ့အခါ အစိမ်းရောင် ပါလာပြီဆိုရင် ၊
  • ဗိုက်ခဏခဏနာတာမျိုး ခံစားနေရရင် ၊
  • ကလေးဟာ စိတ်ကသိကအောက်ဖြစ်လို့ နုံးပြီးခွေနေမယ်ဆိုရင် ၊
  • ခြေနဲ့လက်တွေ အေးစက်လာမယ်ဆိုရင် ၊
  • စိုထိုင်းထိုင်း အေးစက်စက်အရာတွေကို ကိုင်ချင် ၊ ခံစားချင်နေရင် ၊
  • အဖျားရှိနေပြီး အသက်မြှင်းမြှင်းလေးသာ ရှူနေရင်

အထက်ပါအချက်တွေ ကလေးမှာ ဖြစ်ပေါ်နေပြီဆိုရင်ဖြင့် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ဆီကို အမြန်ဆုံးပြသသင့်ပါတယ်။
BurmeseHearts Blog

လေထိုးလေအောင့်နာ

ကလေးဟာ တနေကုန် သုံးနာရီအထက် ပိုငိုနေပြီးတော့ အထူးသဖြင့် ညနေပိုင်းနဲ့ ညပိုင်းမှာ ငိုနေတာမျိုးဖြစ်နေရင် ၊ ဒီလိုငိုတာဟာ  ရက်သတ္တပတ်အတွင်းမှာ သုံးရက်ကျော်လာပြီး ရက်သတ္တပတ် သုံးပတ်ထက် ကျော်လွန်လာပြီဆိုရင် ကလေးဟာ လေထိုးလေအောင့်နာကို ခံစားနေရပါပြီ။

ကလေးဟာ ပြင်းပြင်းထန်ထန်ငိုနေပြီး ချော့မော့ ဖြောင့်ဖျလို့မရလောက်အောင် ခက်ခဲနေတာမျိုး ဖြစ်နေမှာပါ။ ကလေးဟာ ငိုတဲ့အခါ သူ့ရဲ့လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားနိုင်ပါတယ်။ သူ့ဗိုက်ကြွက်သားတွေဟာ တင်းနေပြီး ခြေထောက်ဟာ တွန့်တွန့်သွားတယ်ဆိုရင် လေထိုးလေအောင့်နာကို ခံစားနေရတာပါ။

လေထိုးလေအောင့်နာဟာ မွေးပြီးရက်သတ္တပတ် အနည်းငယ်သာရှိသေးတဲ့ မွေးကင်းစ ကလေးငယ်တွေမှာ ဖြစ်ပွားတတ်ပြီး (၄)ပတ်ကနေ (၆)ပတ် အရွယ် မွေးကင်းစ ကလေးငယ်လေးတွေမှာ အဖြစ်များတာ တွေ့ရတတ်ပါတယ်။ ကလေးသုံးလအရွယ်ရောက်ရင်တော့ လေထိုးလေအောင့်နာတွေ မတွေ့ရသလောက် ဖြစ်သွားပါပြီ။

ဘာကြောင့် လေထိုးလေအောင့်နာဟာ သုံးလအောက် ကလေးငယ်တွေမှာ ဖြစ်တတ်ကြသလဲဆိုတာကို လေ့လာ သုတေသနပြုသူတွေက ယခုထက်ထိ ရှာဖွေ မတွေ့ရှိနိုင်သေးပါဘူး။ ဒါကြောင့် မွေးကင်းစကလေးတွေ ဘာကြောင့် လေထိုးလေအောင့်နာ ဖြစ်တတ်ကြသလဲဆိုတာ မသိနိုင်သေးပါဘူး။ (မိခင်က မုန့်ဟင်းခါးစားလို့ ၊ ပဲစားလို့ ၊ ဘဲဥစားလို့ စသဖြင့် မြန်မာတွေရဲ့ ရှေးရိုးအယူအဆတွေဟာ မမှန်ကန်ပါဘူး။)

တိကျတဲ့အဖြေကို ရှာဖွေမတွေ့ရှိနိုင်သေးတဲ့အတွက် ကလေးဟာ နို့စို့စုပ်ရင်း လေတွေ အများကြီးဗိုက်ထဲ ဝင်သွားတာမျိုး ၊ နို့နဲ့ အခန့်မသင့် မတည့်သလိုဖြစ်သွားတဲ့အခါမျိုး ၊ ကလေးရဲ့ အစာချေစနစ်ဟာ ကောင်းမွန်စွာ ချေဖျက်မှု မပြုနိုင်သေးတဲ့ အခါမျိုးတွေမှာ ဖြစ်ပွားတတ်တယ်လို့ ယေဘူယျ ကောက်ချက်ချထားပါတယ်။

ဒီလို လေထိုးလေအောင့်နာ ဖြစ်တတ်တဲ့ သုံးလအောက် ကလေးငယ်တွေကို တစ်ကြိမ်တည်းနဲ့ နို့တဝကြီး တိုက်လိုက်တာကို ရှောင်ပြီး တခါတိုက်ရင် နည်းနည်းနဲ့ အကြိမ်များများ တိုက်ကျွေးနိုင်ဖို့ ကြိုးစားရမှာပါ။ နို့တိုက်ပြီးတိုင်း လေကောင်းကောင်း ထုတ်ပေးရမှာပါ။

လေထိုးလေအောင့်ဖြစ်နေတဲ့ကလေးကို မိခင်က အနီးကပ် ချီပိုး ၊ ချော့မော့လှုပ်ပေးရမှာ ဖြစ်ပါတယ်။ ကလေးကို တိုးဖွဖွလေး စကားပြောပေးပြီး ကလေးစိတ်ပြောင်းစေတာမျိုး ၊ သီချင်းချိုချိုဆိုပြီး စိတ်ပြေစေတာမျိုးတွေကပဲ လေထိုးလေအောင့်နာ ဖြစ်နေတဲ့ ကလေးတွေကို စိတ်သက်သာစေမှာ ဖြစ်ပါတယ်။

သုံးလအောက် မွေးကင်းစ ကလေးပိစိလေး လေထိုးလေအောင့်ဖြစ်နေလို့ မနားတမ်း အော်ဟစ်ငိုယိုနေရင် မိခင် ၊ ဖခင်အပြင် အိမ်ရှိ လူကြီးတွေအတွက်လည်း စိတ်ပူစရာ ဖြစ်နေမှာပါ။ အထူးသဖြင့် မိခင်ပေါ့။ ကလေးလေထိုးလေအောင့်ဖြစ်နေလို့ စိတ်ဖိစီးမှုခံနေရတဲ့ မိခင်တွေကို အားပေးကူမယ့်လူတွေလည်း လိုအပ်ပါတယ်။

မွေးကင်းစကလေးငိုရင် စိတ်ဖိစီးမှုခံရတဲ့ နို့တိုက်မိခင်တွေရဲ့ သဘာဝကြောင့် စိတ်ဖိစီးမှု ကြီးစွာခံရတာမျိုး ၊ စိတ်ဓါတ်ကျလာတာမျိုးအထိ ဖြစ်မသွားရအောင် ခင်ပွန်း ၊ မိသားစုဝင်တွေနဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို စကားထုတ်ဖော် ပြောဆိုလို့ မိမိခံစားချက် ၊ မိမိရဲ့ စိတ်ဖိစီးမှုတွေကို ဖွင့်ဟပေးပါ။

တခြားကလေးမိခင် ၊ ဖခင်တွေ ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုဖြေရှင်းသွားသလဲ အဖြေရှာကြည့်ပါ။

မိခင်ဟာ စိတ်ပူပင်ပြီး ဂယောက်ဂယက်ဖြစ်လာနေပြီဆိုရင် ကလေးပြုစုဂရုစိုက်နေရာက ခဏနားလိုက်ပါ။ ခင်ပွန်း သို့မဟုတ် အခြား မိသားစုဝင်တစ်ဦးဦး ၊ ပတ်ဝန်းကျင်က အကူအညီပေးနိုင်တဲ့ မိတ်ဆွေတစ်ဦးဦးကို ခဏလောက် ကလေးကို လွှဲထားပြီး စိတ်ဖိစီးမှုကို လျှော့ချပါ။

ကလေးခံစားနေရတဲ့ လေထိုးလေအောင့်နာဟာ သုံးလနောက်ပိုင်း လုံးဝပျောက်သွားမှာကို သိထားရမှာဖြစ်တဲ့အတွက် ဒါဟာ ကလေးအမြဲတမ်း တသက်တာ ခံစားသွားရမှာမဟုတ်ဘူးလို့လည်း နားလည်ရပါမယ်။

ဘယ်လိုအခြေအနေမျိုးမှာ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ပြသသင့်သလဲ

ကလေးဟာ ဘာနဲ့ ဘယ်လိုပဲချော့မော့ ဖြောင်းဖြပစေ လုံးဝမရပ်မနား ငိုနေရင်

ပုံမှန်နို့စို့နှုန်းထက် တဝက်လောက်ပြီး နို့စို့ကာ နို့စို့ဖို့ ငြင်းနေတဲ့ အခြေအနေမှာဆိုရင်

မိခင်ကိုယ်တိုင်က ကလေးဟာ စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေပြီလို့ လက်ခံနေရင်

ကလေးဒီလိုခံစားနေရတဲ့ဒုက္ခကို ဘယ်ဆေးကမှ မကူနိုင်ဘူးဆိုတာ လူကြီးမိဘကိုယ်တိုင်က မျက်မြင်သိနားလည်ချင်တယ်ဆိုရင်

ဒီလိုအခြေအနေတွေမှာ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ ပြသအကြံဥာဏ်ယူနိုင်ပါတယ်။ လေထိုးလေအောင့်ဖြစ်နေလို့ ငိုနေတဲ့ သုံးလအောက် ကလေးပါးစပ်ထဲကို မိခင်နို့ကလွဲရင် ရေတောင် မတိုက်ရတာမို့ မြန်မာဆေး ၊ အင်္ဂလိပ်ဆေး ၊ တရုတ်ဆေး ၊ ကုလားဆေး ဘယ်ဆေးမှ မကျွေးရပါဘူး။ ကလေးဟာ သူနဲ့ အသင့်တော်ဆုံးဖြစ်တဲ့ မိခင်နို့ကိုတောင် နုနယ်တဲ့ သူ့အစာအိမ်ကလေးက ချေဖျက်နိုင်ဖို့ ကြိုးစားဆဲ အဆင့်မှာ ရှိတာပါ။ ကောင်းမွန်စွာ မချေဖျက်နိုင်လို့လည်း လေထိုးလေအောင့် ဖြစ်နိုင်ပါတယ်။ ဒီအချိန် တခြားဆေးတွေ ဝင်သွားရင် ပိုမဆိုပေဘူးလား။

လူကြီးလိမ်းတဲ့ ပရုတ်ဆီတွေ ကလေးဗိုက်လိမ်းပေးတာမျိုး ၊ ကလေးဗိုက်ကို နှိပ်နယ်ပေးတာမျိုးတွေဟာလည်း မလုပ်သင့်ပါဘူး။ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးကာမှ ဆေးကြောင့်လေးနေပါလိမ့်မယ်။ မိခင်ရဲ့ ချော့မော့ဖြောင်းဖြတဲ့အသံလောက် လေထိုးလေအောင့်နာ ဖြစ်နေတဲ့ကလေးကို ခံစားရသက်သာစေတာ မရှိပါဘူး။ ရှေးရိုး အယူအဆတိုင်းဟာလည်း မမှန်ပါဘူး။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like