Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
တစ်လမှ နှစ်လအရွယ်အတွင်း ကလေး၏ ဖွံ့ဖြိုးတိုးတက်မှု – BurmeseHearts

တစ်လမှ နှစ်လအရွယ်အတွင်း ကလေး၏ ဖွံ့ဖြိုးတိုးတက်မှု

0

ကလေးရဲ့ ပထမဆုံးအပြုံးကို မြင်တွေ့ရသူဟာ ဘယ်သူဖြစ်နိုင်မလဲ။
ကလေးရဲ့ ပထမဆုံးအပြုံးကို မြင်တွေ့ရသူဟာ ဘယ်သူဖြစ်နိုင်မလဲ။

မွေးကင်းစအရွယ်မှ ရက်သတ္တပတ်ခြောက်ပတ် (တစ်လခွဲနီးပါး) အရွယ်ရောက်လာလျှင် ကလေးဟာ စပြုံးပြတတ်လာပါတယ်။ ကလေးရဲ့ ပထမဆုံးအပြုံးကို မြင်တွေ့နိုင်သူဟာ ကလေးကို အမြဲတမ်း အချိန်ပြည့်နီးပါး ဂရုစိုက်ပြုစုစောင့်ရှောက်နေသူ ဖြစ်မှာပါ။ ကလေးဘဝရဲ့ ပထမဆုံးအပြုံးကို ထိုက်ထိုက်တန်တန် ရရှိသူအများစုဟာ မိခင်ပဲ မဟုတ်လား။

ကလေးဟာ ရက်သတ္တပတ်ခြောက်ပတ် (တစ်လခွဲနီးပါး) အရွယ်မှာ မိခင်ရဲ့ပြောစကား ၊ လူကြီးမိဘတွေက သူ့ကို စကားပြောရင် နားထောင်နေတတ်ပါပြီ။ သူကိုယ်တိုင်ကလည်း အား ၊ အိုး စသဖြင့် ပြောနိုင်လာပြီပေါ့။

ကလေးဟာ သူ့ခြေ ၊ လက်တွေကို လေထဲမှာ လွတ်လွတ်လပ်လပ် ဝှေ့ရမ်းလို့နေပါပြီ။ ဒီအရွယ်ကစပြီး သူ့လက်မကလေးကို သူစုပ်နိုင်လာပြီပေါ့။ဒီအရွယ်မှာ အရောင်စုံ ကစားစရာပစ္စည်းလေးတွေကို သူ့လက်နဲ့ထိတွေ့စေတဲ့အခါ စူးစမ်းမှုအပြည့်နဲ့ သူပျော်မှာဖြစ်ပါတယ်။

ဒီအရွယ်မှာ လှဲနေတဲ့ကလေးကို လက်ကနေဆွဲထူရင် ကိုယ်ပါလာပေမယ့် ခေါင်းကတော့ လန်ပြီးကျန်ခဲ့မှာပါ။ ဒါဟာ ဇက်မခိုင်သေးလို့ဖြစ်ပါတယ်။ ဒီတော့ ဇက်ကို သတိထားပြီး အထောက်အပံ့ပေးရဦးမှာပါ။ ဇက်မခိုင်သေးတဲ့ကလေးကို ဘယ်လိုသယ်မချီယူမလဲဆိုတာ ဇက်မခိုင်သေးတဲ့ကလေး ချီပိုးခြင်း မှာ ဖော်ပြပြီးဖြစ်ပါတယ်။
BurmeseHearts Blog

ဒီအရွယ်မှာ တချို့ကလေးတွေက ညဘက်မှာ နို့ထတိုက်စရာမလိုဘဲ တရှိန်ထိုး မိုးလင်းအထိ အိပ်တတ်ကြပါတယ်။ ဒါဟာ သူတို့နို့ဝတယ်ဆိုတဲ့ အသိဝင်လာတာမို့ဖြစ်ပါတယ်။ တချို့ကတော့ ကျင့်ယူရဦးမှာပါ။ ဒီအရွယ်မှာ ကလေးကို မွေးကင်းစတုန်းကလို နှစ်နာရီ ၊ သုံးနာရီခြားတစ်ခါ နှိုးပြီး နို့တိုက်စရာမလိုတော့ပေမယ့် ကလေးနို့တောင်းတိုင်းတော့နို့တိုက်ရမှာပါ။

လမစေ့ဘဲ စောမွေးလာခဲ့တဲ့ ကလေးတွေဟာ ဖွံ့ဖြိုးမှု အနည်းနဲ့အများ နောက်ကျနိုင်တာကိုလည်း သတိချပ်သင့်ပါတယ်။ သူ့ရဲ့ဖွံ့ဖြိုးမှုကို သူအပြင်ရောက်လာတဲ့ မွေးနေ့နဲ့ တိုင်းတာလို့မရဘဲ သူတကယ် နေ့စေ့လစေ့ မွေးဖွားလာရမယ့် နေ့ကနေစပြီး တိုင်းတာရမှာပါ။

သူ့အတွက် လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှု ကိုယ်အလေးချိန် ၊ အရပ် ၊ ဦးခေါင်းအရွယ်အစား တွေကို ဆေးပညာဝန်ထမ်းတွေရဲ့ ညွှန်ကြားချက်အတိုင်း ပုံမှန်လုပ်ပေးဖို့ကြိုးစားပါ။

သူ့ကိုယ်အလေးချိန် နဲ့ အရပ်ဟာ သူ့ကျန်းမာကြောင်း ပြသနေမှာဖြစ်သလို သူ့ဦးခေါင်းအရွယ်အစားဟာလည်း သူ့ဦးနှောက်ဖွံ့ဖြိုးမှုကို ပြသနေပါတယ်။ ဖြစ်နိုင်ရင် အိမ်မှာ ကလေးအရပ်သိနိုင်ဖို့နဲ့ ကိုယ်အလေးချိန်သိနိုင်ဖို့ ကိရိယာတွေကို ဝယ်ထားပြီး တစ်လတစ်ကြိမ်ပုံမှန်တိုင်းပြီး မှတ်တမ်းတင်ထားပါ။ ဦးခေါင်းအရွယ်အစားကို ပေကြိုးနဲ့လည်း တိုင်းတာနိုင်ပါတယ်။

လစဉ် သီးသန့် Graph ပုံစံနဲ့ ကလေးရဲ့ဖွံ့ဖြိုးမှု (ကိုယ်အလေးချိန် ၊ အရပ် နဲ့ ဦးခေါင်းအရွယ်အစား) ကို မှတ်တမ်းတင်ထားနိုင်ရင် ကလေးရဲ့ ကျန်းမာရေးကိုလည်း ကြိုသိလာနိုင်မှာ ဖြစ်ပါတယ်။ Graph မှာ ကလေးဟာ ပုံမှန်တက်နေရာက ကျသွားပြီဆိုရင် သတိထားရမှာပါ။ နောက်လတွေမှာပါ ဆက်ကျနေတယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ ကလေးအထူးကု ဆရာဝန်နဲ့ ပြသပေးနိုင်ရင် အကောင်းဆုံးပါ။

ကလေးဟာ အပရိက ဖျားနာမှုဖြစ်တဲ့ ချောင်းဆိုးတာ ၊ အအေးမိတာမျိုးတွေ ဖြစ်နိုင်သလို ကိုယ်ပူတာ ၊ ဝမ်းသွားတာတွေလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ပူတယ် ၊ ဝမ်းသွားတယ်ဆိုရင်တော့ ကလေးကို ကာကွယ်ဆေးမထိုးသင့်သေးဘဲ ရက်အနည်းငယ်စောင့်ကြည့်ပြီးမှ ကလေးအတွက် လိုအပ်တဲ့ကာကွယ်ဆေးတွေ ထိုးရမှာဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုရင် ကလေးဟာ ကာကွယ်ဆေးထိုးပြီး ဆေးအရှိန်ကြောင့် ဖျားနာလာနိုင်ပါတယ်။ ဆေးအရှိန်ကြောင့် သုံးရက်တန်သည် တစ်ပတ်တန်သည် ဖျားနာတာ စိုးရိမ်စရာမဟုတ်ပေမယ့် ဆေးမထိုးခင်ကတည်းက ဖျားနေတဲ့အဖျားဟာ ဆေးထိုးပြီး တစ်ပတ်ကြာသည့်တိုင်အောင် မကျသွားဘူးဆိုရင် ဆေးကြောင့်လား ၊ သူ့ရောဂါကြောင့်လား ဝေခွဲရခက်တဲ့အပြင် ရောဂါကြောင့်ဖျားနေချိန် ဆေးထိုးလိုက်တဲ့အခါ မလိုလားအပ်တဲ့ နောက်ဆက်တွဲတွေလည်း ဖြစ်လာနိုင်လို့ပါ။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like