Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မီးတွင်းထဲက မီးနေသည် – BurmeseHearts

မီးတွင်းထဲက မီးနေသည်

0

yatu

ကလေးမီးဖွားပြီးစ မီးတွင်းထဲက မီးနေသည်တွေ ဘယ်လိုနေထိုင် စားသောက်ရမယ်ဆိုတာ ရေးသားပေးဖို့ စာဖတ်ပရိသတ်အချို့က တောင်းဆိုလာတဲ့အတွက် မြန်မာမီးနေသည်ဓလေ့ ၊ တိုင်းရင်းသားမီးနေသည်ဓလေ့ ၊ တိုင်းတပါးမီးနေသည်ဓလေ့တွေ အမျိုးမျိုးထက် ကျွန်မကျင့်သုံးခဲ့တဲ့ ကျွန်မကိုယ်တွေ့ကိုပဲ ပြောရမှာ ဖြစ်ပါတယ်။

ကျွန်မမိသားစုထဲမှာ ကလေးမီးဖွားဖူးတဲ့သူမရှိပါဘူး ။ မိခင်ရှိနေပေမယ့် အသက်(၇၃)နှစ်ဆိုတော့ မေ့ကုန်တာတွေ ၊ မသေချာတာတွေအပြင် နိုင်ငံခြားမှာ ကလေးမီးဖွားတဲ့ ကျွန်မအတွေ့အကြုံကြောင့် မြန်မာမီးနေသည်တွေလို ကျွန်မ မနေခဲ့ရပါဘူး။ မြန်မာမီးနေသည် အတွေ့အကြုံဆိုတာ ကျွန်မဘာမှန်းမသိခဲ့ပါဘူး။

ခင်ပွန်းအလုပ်က ခွင့်ကို တော်ရုံယူလို့မရတဲ့ အလုပ်မျိုးပါ။ ကိုယ်ဝန်ဆောင်စဉ်တလျောက် ဆရာဝန်ချိန်းတဲ့ရက်အများစုဟာ ရုံးဖွင့်ရက်တွေမို့လို့ ကိုယ်ဝန်ပြတိုင်း တစ်ယောက်တည်း သွားကျင့်ရှိခဲ့ပါတယ်။

ကလေးမီးဖွားမယ့်နေ့ကို ခင်ပွန်းရုံးပိတ်ရက် (တနင်္ဂနွေ)ရွေးပြီး မီးဖွားခဲ့ပါတယ်။ ဆေးရုံကဆင်းရမယ့် တနင်္လာနေ့မနက်မှာ ခင်ပွန်းရုံးပြန်တက်ရတယ် ။ ကျွန်မမိခင်က ဘာသာစကား မကျွမ်းကျင်တာမို့ အပြင်သိပ်ထွက်လေ့မရှိဘူး။ ဒီတော့ ကျွန်မတစ်ယောက်တည်း ကလေးပိုက်လို့ ဆေးရုံကဆင်းပါတယ်။ အဲဒီအချိန်မှာ (Episiotomy)နဲ့ မွေးခဲ့ရတဲ့ကျွန်မက ကောင်းကောင်း လမ်းမလျှောက်နိုင်သေးပါဘူး။ အားငယ်တဲ့ခံစားမှုဆိုတာ ကိုယ်က လက်မခံသရွေ့ ကိုယ့်ဆီမှာတည်မြဲမနေနိုင်ဘူး မဟုတ်လား။

ကိုယ့်ဘာသာ လတ်လတ်ဆတ်ဆတ် ချက်စားတဲ့အကျင့်က စွဲနေပြီမို့ မမွေးခင် ကိုယ်တိုင်လုပ်ထားတဲ့ ကြက်ခြောက်ကြော် ၊ အမဲခြောက်ကြော်တွေဆိုတာလည်း ခံတွင်းမတွေ့ဘူး။ မီးဖွားပြီးစ မြိန်မြိန်လေး စားချင်တဲ့ကျွန်မက အိမ်မှာရှိတာတွေ ကိုယ့်ဘာသာ လတ်လတ်ဆတ်ဆတ် ချက်စားပါတယ်။ မွေးပြီးသုံးရက်အတွင်းမှာ ကိုယ်စားချင်တာတွေ ရေခဲသေတ္တာထဲ ကုန်သွားတာမို့ ဈေးဝယ်ဖို့တာဝန်ကိုလည်း မွေးပြီးရက်သတ္တပတ်အတွင်း ကိုယ့်ဘာသာစခဲ့တာပါ။ ခင်ပွန်းက ရုံးမှာ စိတ်ဖိစီးမှုအရမ်းများပြီး အိမ်ပြန်လဲနောက်ကျတတ်တော့ ကိုယ့်ဂရုစိုက်ဖို့ ၊ ကလေးဂရုစိုက်ဖို့နဲ့ အိမ်ကလိုအပ်ချက်အများစုကို ကျွန်မဘာသာ ဖြေရှင်းနေကျလေ။ ဒီတော့ ကလေးအိပ်နေတုန်း အမေနဲ့ထားခဲ့ပြီး ကိုယ့်ဘာသာ တပတ်စာ ပြေးဝယ်လိုက်တော့တယ်။
BurmeseHearts Blog

အိမ်နဲ့ Mall က (၁၅)မိနစ်လောက် လမ်းလျှောက်ရတော့ ဝယ်ချိန်နဲ့ အသွားအပြန်ပိုမြန်အောင် စက်ဘီးနဲ့ထွက်ဝယ်တယ်။ ဒီတော့ ကလေးမွေးပြီး သုံးရက်အတွင်းမှာ ကျွန်မ စက်ဘီးကို အနာခံစီးခဲ့ပါတယ်။ စာအုပ်ထဲမှာနဲ့ ဖတ်မှတ်ရသလောက်ကလည်း မိမိဘာသာ အနာခံပြီး ထူထူထောင်ထောင်နေသူက မြန်မြန်ထူထူထောင်ထောင်ဖြစ်တယ်လို့ ဖတ်ရပါတယ်။

ကလေးဝေယျာဝစ္စ ၊ ချက်ပြုတ်ရေး ၊ သန့်ရှင်းရေး ကိုယ်တိုင်ပဲလုပ်ပါတယ်။ အမေက ကူပေမယ့် မျက်စိလဲမကောင်း ၊ သတိလဲမေ့ ၊ အာရုံလည်း မများနိုင်တော့တဲ့အရွယ်ဆိုတော့ ကိုယ့်ဘာသာ ကလေးအိပ်ချိန်မှာ အစီအစဉ်ကျကျလုပ်ပါတယ်။ ဒီတော့ မီးနေသည်ဘဝဆိုတာ ဘာမှန်းမသိဘဲ မွေးပြီးတဲ့ဗိုက်ကလေး ပူကျန်ခဲ့တာကလွဲရင် အရာရာ အရင်အတိုင်းပါပဲ။ မီးတွင်းနေမကောင်းဖြစ်တယ် ၊ ပိုပြီးနာကျင်ရတယ်ဆိုတာမရှိသလို ယခုအချိန်အထိလည်းမရှိပါဘူး။

ဒီတော့ ကိုယ်ဝန်ကြီးနဲ့ သို့မဟုတ် ကလေးမီးဖွားပြီးတဲ့တိုင်အောင် မိဘမောင်ဖွား ၊ ခင်ပွန်း ၊ ယောက္ခမ ၊ ယောင်းမတွေရဲ့   ပြုစုကြင်နာမှုတွေ မခံစားရလို့ အားငယ်နေတဲ့သူတွေကို အားငယ်တာတွေရပ်ပြီး ကိုယ့်ကိုယ်ကို အားကိုးဖို့ ကျွန်မရဲ့ ကိုယ်တွေ့အဖြစ်ကို ဝေမျှပြီး တိုက်တွန်းလိုက်ပါတယ်။

မီးဖွားပြီးတဲ့ကျွန်မ အစားအစာတွေကို အာဟာရပြည့်ပြည့် လတ်လတ်ဆတ်ဆတ် စားပါတယ်။ ရေများများသောက်သလို ၊ ဂက်စ်မပါတဲ့ အချိုရည် များများသောက်ပါတယ်။ တကိုယ်ရည်သန့်ရှင်းမှုနဲ့ ကိုယ်နေတဲ့အခန်းဝန်းကျင် သန့်ရှင်းမှု ၊ အနံ့အသက် ၊ အလင်းအမှောင် (မှောင်ပြီး အနံ့ဆိုးရင် ခြင်အောင်းနိုင်တဲ့အတွက်)ကို ဂရုစိုက်ပါတယ်။ မိမိကိုယ်နဲ့ မိမိကလေးကို ကိုယ့်အားကိုယ်ကိုးပြီး အထူးဂရုစိုက်ပါတယ်။

ဒီလောက်ဆိုရင်ဖြင့် အားငယ်နေတဲ့ မိခင်လောင်းတွေ မိခင်တွေ အတိုင်းအတာတစ်ခုအထိ အားပြန်ပြည့်နိုင်ကောင်းပါရဲ့  ။ အသက်ကိုဥာဏ်စောင့်တယ်တဲ့။ မိမိကိုယ်နဲ့ မိမိကလေးကို မိမိဘာသာ အကောင်းဆုံး စောင့်ရှောက်ရင်း ၊ လောကဓံကို အကောင်းဘက်က တွေးတော အားဖြည့်ကူရင်း ရင်ဆိုင်သွားပါလို့ ကျွန်မရဲ့ အတွေ့အကြုံနဲ့ ဝေမျှလိုက်ပါတယ်။

ရတု (Burmesehearts.com)
BurmeseHearts Courses

 

You might also like