Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
နှစ်လ မှ သုံးလအရွယ်အတွင်း ကလေး၏ ဖွံ့ဖြိုးတိုးတက်မှု – BurmeseHearts

နှစ်လ မှ သုံးလအရွယ်အတွင်း ကလေး၏ ဖွံ့ဖြိုးတိုးတက်မှု

0

ကလေးဟာ မွေးကင်းစမှနေ ရက်သတ္တပတ် ရှစ်ပတ်ထဲရောက်လာရင် ဝူးဝူးဝါးဝါး စကားစတင်ပြောတတ်လာပါတယ်။ မိခင်က သူ့စကားပြောရင် သူကလည်း ဝူးဝူးဝါးဝါးပြန်ပြောတတ်ပြီး သူကြိုက်တာတွေ့ရင် ပြုံးတတ်လာပါတယ်။ တခါတရံမှာ မိခင်စကားပြောတာကို ငြိမ်ပြီးတော့လည်း နားထောင်တတ်ပါသေးတယ်။ ကလေးရဲ့ခေါင်းဟာ အနည်းငယ်ထောင်လာနိုင်ပေမယ့် မေးတော့ မလွတ်သေးပါဘူး။

နှစ်လကနေ သုံးလအရွယ်အတွင်းမှာ ကလေးဟာ ဝမ်းသွားတဲ့ အကြိမ်အရေအတွက် လျော့နည်းလာပါမယ်။ ဒါပေမယ့် သူဟာ ကျန်းကျန်းမာမာပဲ ဆိုလို့ကတော့ စားမြဲသောက်မြဲပါပဲ။ သုံး ၊ လေးရက်နေလို့ ဝမ်းမသွားလဲ မစိုးရိမ်ပါနဲ့။ ကလေးဟာ ပုံမှန်စားသောက်နေတယ်ဆိုရင် စိတ်ပူစရာမရှိပါဘူး။ ကလေးဝမ်းမသွားလို့ ဝမ်းချူချင်တယ် ၊ သန့်သန့်ရှင်းရှင်း လုပ်နိုင်တယ်ဆိုတဲ့သူတွေအတွက် စင်္ကာပူက ဆရာဝန်တွေ ကျွန်မကို သင်ပေးလိုက်တဲ့နည်းလေး ပြန်ဝေမျှပေးပါရစေ ။ ချည်သားသန့်သန့်လေးကို ထိပ်မှာ ကလေးလိမ်းဆီ (Baby Oil)  ဆွတ်ပေးပြီး ကလေးရဲ့ စအိုကလေးထဲကို အနည်းငယ်ထည့် လှည့်ပေးခိုင်းပါတယ်။ (လုပ်ပေးတဲ့လူရဲ့လက် သန့်ရမှာဖြစ်ပြီး အဝတ်စကြီးကြီး တအား မထိုးထည့်ရဘူးနော်။) အဲဒီလိုလုပ်ပေးတာဟာ ကလေးရဲ့စအိုကို အလုပ်လုပ်ဖို့ နှိုးဆွပေးရာရောက်ပြီး ကလေးကို ဝမ်းမှန်လာစေတယ်လို့ ဆရာဝန်တွေ ညွှန်ကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျွန်မကလေးက ဝမ်းမှန်မှန်သွားခဲ့တော့ တခါမှတော့ မစမ်းသပ်ခဲ့ဖူးဘူး။ မသိရင် ရမ်းမလုပ်တာ ကောင်းပါတယ်။ ကွမ်းရိုးထိုးထည့်တာထက်တော့ ပိုသက်သာမယ်ထင်တာပဲလေ။ တစ်ပတ်နီးတဲ့အထိ ဝမ်းမသွားရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

သုံးလအရွယ်ရောက်လာပြီဆိုရင် ကလေးဟာ (၃)ကနေ (၄)နာရီလောက်ခြားပြီး နို့စို့လေ့ရှိပါတယ်။ ပျမ်းမျှအားဖြင့် တနေ့ကို (၅) ကြိမ်ကနေ (၆)ကြိမ်အထိ နို့တိုက်ကျွေးရပါတယ်။ ကလေးတစ်ဦးနဲ့တစ်ဦး မတူနိုင်တဲ့အတွက် သူနို့စို့ချင်တယ်ဆိုရင်တော့ တိုက်ပေးရမှာပေါ့။ တချို့ကလေးတွေက ညဦးကနေအိပ်လိုက်တာ မနက်မိုးလင်းတဲ့အထိ နို့တိုက်စရာ မလိုပေမယ့် တချို့တွေကတော့ တရေးနိုးနို့တောင်းစို့ပြီးမှ ပြန်အိပ်တတ်ကြတာပါ။ သုံးလကနေ ခြောက်လအရွယ် ကလေးတွေဟာ ညဘက်မှာ တရှိန်ထိုးအိပ်နိုင်ဖို့ အချိန်ယူလေ့ကျင့်ရပါတယ်။

ခေါင်းနဲ့ လည်ပင်းက ကြွက်သားတွေဟာ ဒီအရွယ်မှာ ပိုသန်မာလာပြီဖြစ်တဲ့အတွက် သူဟာ မကြာခင် လှိမ့်ဖို့ကို သင်ယူတော့မှာပါ။ အခုတော့ အသံကြားရင် အသံလာရာဘက် လှည့်ကြည့်တတ်ပြီလေ။ သူ့ကိုကျောနဲ့ လှဲအိပ်ထားစေရင် မအိပ်တဲ့သူက ခေါင်းထောင်ထဖို့ ကြိုးစားလာမှာဖြစ်ပြီး မိနစ်အနည်းငယ်တော့ ခေါင်းထောင်နိုင်ပါတယ်။ လူကြီးပေါ်မှာ မှီပြီး ထိုင်နေစေရင် ခေါင်းကို မတ်မတ်လေး ထားနိုင်လာပြီပေါ့။ ကလေးတွေဟာ သူတို့တတ်လာတဲ့ အတတ်ဆန်းလေးတွေနဲ့ မိဘတွေ အံ့သြအောင် လုပ်ပြတတ်တဲ့အရွယ် ဖြစ်လာပြီလေ။ ကလေးဟာ ဘူးမှုတ်ရင်လည်း မှုတ်လာနိုင်ပြီပေါ့။ ဒါဟာ စကားပြောချင်လို့ဖြစ်တဲ့အတွက် သူစကားမြန်မြန်ပြောတတ်အောင်ဆိုရင် ကလေးကို တနေကုန် ဟိုဒီပြောပေး ၊ မြှူပေးလို့ သင်ပေးနိုင်ပါတယ်။

ဘယ်လိုသင်ပေးရမလဲ ၊ ဘာတွေသင်ပေးရမလဲဆိုရင် ကလေးနဲ့ အနီးဆုံးရှိသူက ကိုယ်ဘာလုပ်တယ် ၊ ဘာကိုင်တယ်ဆိုတာကို ကလေးကိုပါ နားလည်အောင် ပြောပေးနေရမှာဖြစ်ပါတယ်။ မသိတဲ့သူက တစ်ယောက်တည်း နားမလည်တဲ့ကလေးကို ပြောနေရင် အရူးလို့ထင်ချင် ထင်ပါစေ။ ဒါဟာ ကလေးကို မိဘဘာလုပ်တယ် ၊ ဘာကိုင်တယ် ၊ ဘယ်လိုကို ဘာကြောင့် လုပ်နေတယ်ဆိုတာကို ပိုနားလည်လာစေတယ်။ ကလေးလဲမပျင်းသလို ကိုယ်လည်း သူ့ပိုက်ပြီး လုပ်ရင်းပြော ၊ ပြောရင်းလုပ်နေတော့ အလုပ်နှစ်ခုစလုံးပြီးတယ်လေ။

BurmeseHearts Blog

ကျွန်မဆို ကိုယ်ခွဲမရှိတာမို့ ကလေးကို (Baby Carrier) နဲ့ပိုက်ပြီး အဝတ်လျှော်စက်နဲ့ အဝတ်လျှော်တယ် ၊ အဝတ်လှန်းတယ် ၊ အဝတ်ရုတ်တယ် ၊ ခေါက်တယ် ၊ အိမ်ရှင်းတယ် ၊ မတ်တပ်ရပ် ကြမ်းတိုက်တယ်။ အိမ်ရဲ့ ဗာဟီရတွေကို ဒီလိုပဲ ကလေးပိုက်ပြီး အလုပ်လုပ်နေတော့ လေ့ကျင့်ခန်းလုပ်နေသလိုတောင် ဖြစ်သေးတယ်။ ကိုယ်ဘာလုပ် ၊ ဘာကိုင်တယ်ဆိုတာ ကလေးကို အမြဲမပြတ် ပြောပြနေတော့ ကလေးဟာ ကျွန်မအလုပ်လုပ်နေပြီဆိုရင် ကြီးလာတဲ့အထိ တမင်ဂျီကျ ငိုယိုနေတာမျိုး မရှိဘူး ၊ အမေ့ကို အရွယ်ရလာတာနဲ့အမျှ ပိုနားလည်လာတယ်။ ကူနိုင်တဲ့အရွယ်မှာ သူပါဝင်ကူတယ် ။ ကူပါလို့ ပြောစရာမလိုဘူး။ ဒါကြောင့် ကလေးကို ကိုယ်လုပ်တာတွေ အခုအချိန်ကစပြီး သင်ပြ ၊ ပြောပြပေးပါလို့ တိုက်တွန်းတာဖြစ်ပါတယ်။

ဒီအရွယ်ရောက်လာလို့ သူ့ကို ဗိုက်နဲ့ မှောက်ရက်ထားရင် သူဟာ ပက်လက်အနေအထား ပြန်လှဲချလို့ အမေ့ကို အံ့အားသင့်စေမှာ ဖြစ်ပါတယ်။ ဒီလိုလှိမ့်တတ်လာပြီဆိုရင် သူ့ကို ခုတင်အမြင့်မှာ သိပ်စေတာမျိုး အမြင့်မှာ Diaper လဲပေးတာမျိုးတွေလုပ်ရင် သိပ်သတိထားရပါတယ်။ ကလေးက လှိမ့်တတ်နေပြီဆိုတော့ လှိမ့်လိုက်ရင် အမြင့်က ပြုတ်ကျမှာမို့ လှိမ့်တတ်လာတဲ့ အရွယ်ကစပြီး ကလေးအနားမှာ တစ်ယောက်မဟုတ် တစ်ယောက် သတိထား ကြည့်နေသင့်ပါပြီ။ ဝက်ခြံကလေးခုတင်လေးထဲမှာမှမဟုတ်ရင် ကလေးအိပ်နေလည်း တစ်ယောက်တည်း ထားခဲ့လို့ မရတော့ပါဘူး။ အချိန်မရွေး နိုးလာနိုင်တဲ့ကလေးဟာ သူနိုးလာရင် ခုတင်ပေါ်က လှိမ့်ချနိုင်တယ်လေ။ ဒါကြောင့် ယခုအချိန်ကစပြီး ကလေးကို လူကြီးတစ်ယောက်ရဲ့ မျက်စိအောက်မှာ မျက်ခြည်မပြတ် ထားရပါတော့မယ်။

ကလေးဟာ လူကြီးကမှေးရပ်စေရင် လူကြီးရဲ့ အထောက်အပံ့နဲ့ မှေးရပ်လာနိုင်ပါတယ်။ လက်နှစ်ခုကို ပူးလိုက် ခွါလိုက်လုပ်လာတတ်ပြီး သူ့လက်ချောင်းလေးတွေနဲ့လည်း ကစားတတ်လာပါမယ်။ အရုပ်တွဲလောင်းဆွဲထားရင် လှမ်းဆွဲယူနိုင်ဖို့ ကြိုးစားမှာပါ။ ကလေးဟာ မိဘအပြင် အခြားသူစိမ်းတွေ (သူ့ကို ရယ်ပြ ၊ မြှူပြ လုပ်ာသူတွေ)ကို ပြန်ရယ် ပြုံးပြနိုင်ပေမယ့် ဘယ်သူဟာ သူ့ဘဝမှာ လူရင်းတွေ ဘယ်သူတွေဟာ လူစိမ်းတွေဆိုတာကို မှတ်မိသိရှိနိုင်ဖို့ ကြိုးစားနေပါတယ်။

ကလေးကို ပုံပြောပြချင်တဲ့မိဘတွေဟာ ဒီအရွယ်ကစပြီး ကလေးကို ပုံပြောပြနိုင်ပါတယ်။ ကလေးဟာ ငယ်သေးလို့ သိပ်နားမလည်သေးပေမယ့် ညအိပ်ရာဝင်ချိန်မှာ အကျင့်လုပ်ပြီး ပြောပြရင် သူနားထောင်မှာပါ။ ကလေးဟာ ပြန်မပြောတတ်သေးပေမယ့် ဘယ်သူဘာလုပ်တယ် ၊ ဘာပြောတယ် ဆိုတာတွေမှန်သမျှ ၊ သူကြားသမျှ ၊ သူခံစားရသမျှတွေကို အရှိန်အဟုန်မြင့်မြင့် ဖွံ့ဖြိုးတိုးတက်နေတဲ့ သူ့ဦးနှောက်က သိုမှီးလို့သင်ယူနေပါတယ်။

အဖေက ဘာသာစကား တစ်ခု ၊ အမေက ဘာသာစကားတစ်ခု ပြောတတ်သူတွေအနေနဲ့ အခုကတည်းကစလို့ မိမိရဲ့ မူလဘာသာစကားကို ဒီအရွယ်ကနေ စပြောပေးပါ။ ဒီအရွယ်ကလေးဟာ အမေပြောတဲ့စကားကိုလည်း စသင်ယူနားလည်လာမှာဖြစ်သလို အဖေပြောတဲ့စကားကိုလည်း စသင်ယူ နားလည်လာမှာမို့ မတူညီတဲ့ ဘာသာစကားနှစ်ခုကို တချိန်တည်းမှာ အလိုလို သိနားလည်လို့ လာမှာပါ။ ကလေးသူငယ်များဆိုင်ရာ စိတ်ပညာရှင်တစ်ဦးဖြစ်တဲ့ Steve Biddulph ရဲ့ အဆိုအရ တစ်နှစ်အောက် ကလေးဟာ ဘာသာစကား ငါးမျိုးအထိကို လိုက်မှတ်သား သင်ယူနိုင်တဲ့ မှတ်ဥာဏ်မျိုးရှိတယ်လို့ သိရပါတယ်။ ဒီတော့ ကလေးဟာ မတူတဲ့ ဘာသာစကားတွေနဲ့ လူကြီးမိဘတွေ ပြောဆိုလို့ ဘာသာစကားဒွိဟဖြစ်မှာ မစိုးရိမ်ပါနဲ့။

ဒီအရွယ်ကလေးဟာ သူ့ကို အမေက ပွတ်သပ်ပေး ၊ ပုတ်ပေး ၊ လှုပ်ပေး ၊ လွှဲပေးတာကို သဘောကျ နှစ်ခြိုက်တတ်ပြီး သူ့အသားကို အမေထိကိုင်နေရင် သဘောကျတတ်တာမို့ သူနိုးနေတဲ့ နေ့ပိုင်းတွေမှာ သူ့ကို ကိုယ် ၊ လက် ၊ ခြေတွေ ပွတ်သပ်ရင် ဖွဖွ ညင်ညင်သာသာ နှိပ်ပေးတာမျိုးတွေဟာ ကလေးရဲ့ ကိုယ်နဲ့စိတ်နှဖြာ ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာ အထောက်အကူ ဖြစ်ပါတယ်။

ရုံးပိတ်ရက်တွေမှာ ကျွန်မက ကလေးရေချိုးခေါင်းလျှော်ပြီးရင် ကျွန်မအမျိုးသားက ကလေးကို အဝတ်လဲ ၊ ခေါင်းသုတ် ၊ ခေါင်းဖြီးပေးတယ်။ ကလေးကိုယ်လက် ပွတ်သပ်လို့ (Message လုပ်) ဖွဖွ နှိပ်ပေးတယ်။ ဖခင်က ကလေးကို အနေစိမ်းရင် ကလေးကလဲ ဖခင်ကို အနေစိမ်းနိုင်တာမို့ ဒီအရွယ်မှာကတည်းက စနေ ၊ တနင်္ဂနွေနဲ့ အားလပ်ရက် ရုံးပိတ်ချိတွေမှာ ကလေးနဲ့ သူ့အဖေကို အတူရှိစေဖို့ ကျွန်မက အချိန်ပိုပေးထားတယ်။ ကလေးနဲ့ ကလေးအဖေ အတူရှိနေချိန်မှာ တပတ်စာ မလုပ်ဖြစ်ခဲ့တဲ့ ရေချိုးခန်းသန့်ရှင်းတာ ၊ မီးဖိုချောင်သန့်ရှင်းတာ ၊ ကလေးပစ္စည်းတွေသန့်ရှင်းတာ ၊ အိမ်ရဲ့ ဗာဟိရကိစ္စအချို့တွေကို ကျွန်မကလုပ်တယ်လေ။

ကလေးနဲ့ကလေးအဖေ အတူနေခိုင်းတာဟာ ကလေးအဖေကို ကလေးထိန်းခိုင်းတယ်လို့မတွေးဘဲ ကလေးနဲ့အဖေရဲ့အကြားက ဆက်ဆံရေး ၊ ချစ်ခြင်းမေတ္တာ ၊ ဆက်သွယ်မှု မြှင့်တင်ပေးတာဖြစ်ပါတယ်။ ဒါဟာ ဇနီးကို မျက်နှာသာပေးတာ ၊ ကလေးကို မျက်နှာသာပေးတာမဟုတ်ဘူး။ မျက်နှာသာပေးလို့ ရောင့်တက်မလားလို့လည်း တွေးစရာမရှိဘူး ။ ကလေးနဲ့မိမိ အတူနေ ၊ အတူကစား ၊ အတူစကားပြောရင်း ကြည်နူးရမယ့်အချိန်တွေကို ကလေးထိန်းရတယ်လို့ စိတ်မသက်မသာရှိနေရင် ကိုယ့်ရဲ့စိတ်ကို ကလေးက တပြန်ခံစားနိုင်ပါတယ်။ နောင်တချိန် ကလေးက အဖေကို အမေလို သံယောဇဉ်မရှိဘူး ၊ မချစ်ဘူးလို့ မတွေးနဲ့နော်။ ဖခင်ကိုယ်တိုင်က သားသမီးကို မေတ္တာအရင်ပေးအပ်ဖို့ ၊ ပျော်ရွှင်မှုတွေ ပေးအပ်ဖို့ လိုပါတယ်။

ရတု (Burmesehearts.com)

BurmeseHearts Courses

 

 

You might also like