Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ဖြစ်ပျက်သဘောက ကိုယ်စားပြုနေသောအရာများ – BurmeseHearts

ဖြစ်ပျက်သဘောက ကိုယ်စားပြုနေသောအရာများ

0

ရပ်ပြီးတရားမှတ်ချင်ပေမယ့် မှတ်လို့မရဘဲ ကိုယ်ကြီးယိုင်ယိုင်နေတော့ လမ်းလျှောက်ရင်းမှတ်မယ်ဆိုပြီး ခပ်ဖြေးဖြေးလှမ်းရင်း မှတ်နေကျအတိုင်း မှတ်ပါတယ်။ အဲဒီအခါမှာ သံသရာစက်ဝန်းကြီးလည်နေတာကို ပိုထင်ထင်ရှားရှား မြင်လာပြီး တပတ်ပြီးတပတ်လည်နေသလိုဖြစ်နေတဲ့ ဘယ်ခြေလှမ်း ၊ ညာခြေလှမ်းတွေဟာ ဖြစ်ပြီးပျက်သွားတဲ့အရာတွေပါလားလို့ တွေ့မြင်လာတယ်။

လှမ်းနေတုန်းသာ ဖြစ်နေတယ်လို့ပြောနိုင်တာ ၊ တလှမ်းဆုံးသွားရင်ပျက်သွားပြီပေါ့။ ဒီလိုဖြစ်ပျက်သဘောတရားကို မြင်လာတဲ့အခါမှာ တဘဝပြီးတဘဝ ဖြစ်ပျက်သွားတဲ့ သံသရာဆိုတာကိုလည်း မြင်လာတယ်။ အခုဘဝဖြစ်နေလို့သာ ဒီဘဝကြီးမှာ လိုက်ပါခံစားနေတာ ၊ ဒီဘဝဆုံးသွားပြီဆိုတာနဲ့ ပျက်သွားပြီလေ။ အဲဒီမှာ အနိစ္စဆိုတဲ့ မမြဲတဲ့သဘောတရားကို စတင် သိမြင်လာခဲ့တာပါ။

ဒီဖြစ်ပျက်သဘောတရားကို ခြေလှမ်းစချိန်မှာ မြင်လာတော့ ဖြစ်နေတာကို ရပ်တန့်ထားလို့ရမလားဆိုတဲ့ စမ်းသပ်ချင်စိတ်ကလေး ဝင်လာပြန်တယ်။ ဒီတော့ လှမ်းလက်စခြေလှမ်းကို အဆုံးမသတ်ဘဲ လေထဲမှာ မြှောက်လျက်ထားပြီး မှတ်ကြည့်မိတယ်။ ကိုယ်ကြီးဟာ ယိုင်ပြီးမြှောက်ထားတဲ့ခြေလှမ်းက မြေပေါ်ကျသွားခဲ့တာကို သိလိုက်ရတယ်။

အဲဒီမှာ ကိုယ်မချချင်တဲ့ခြေလှမ်းဟာ ကိုယ်လိုချင်တိုင်း လုပ်ယူလို့မရဘူး ကျချိန်တန် ကျသွားတာပဲ ၊ ဖြစ်ချိန်တန် ဖြစ်သွားတာပဲဆိုတဲ့ အနတ္တ သဘောတရားကိုပါ သိမြင်လာတယ်။ ခြေလှမ်းရပ်လို့ တရားမှတ်လို့လည်းမရ ၊ လှမ်းလက်စခြေလှမ်းကို မချဘဲ မှတ်လို့လည်းမရတော့ ခြေလှမ်းကိုဆက်လှမ်းရင်း တရားမှတ်ရတော့တယ်။ ကိုယ်မလုပ်ချင်လည်း လုပ်နေရတဲ့ ဒုက္ခဆိုတဲ့ သဘောတရားကိုပါ သိမြင်လာခဲ့တယ်။ အဲဒီမှာ အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ သဘောတရားဟာ ရှင်းသွားခဲ့ပါပြီ။ တရားဆိုတာ သတိကလေး ၊ ဥာဏ်ကလေးကပ်ပြီး ကြည့်မယ်ဆိုရင် အစကလေးပေါ်လာတာနဲ့ ချည်လုံးကချည်စဆွဲဖြည်ထုတ်လိုက်သလို အကုန်ပြေပြီး ပေါ်လာတဲ့သဘောရှိပါတယ်။

ပိုရှင်းအောင် ပြန်ပြောရမယ်ဆိုရင် ကိုယ်ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရတာ ၊ လုပ်ချင်တိုင်း လုပ်ခွင့်မရတာဟာ အနတ္တ ၊ မလုပ်ချင်ဘဲ လုပ်နေရတာ ၊ မရချင်ဘဲရနေတာတွေဟာ ဒုက္ခ ၊ လိုချင်တဲ့အရာပဲဖြစ်ဖြစ် ၊ မလိုချင်တဲ့အရာပဲဖြစ်ဖြစ် ၊ ဖြစ်ချင်ချင် ၊ မဖြစ်ချင်ချင် ဖြစ်သွားတဲ့ အရာအားလုံးရဲ့ အဆုံးဟာ တနည်းတဖုံ ပျက်စီးသွားရခြင်းပဲ။ ဒါဟာ အနိစ္စပါ။

လူတိုင်းသိနေတဲ့ ဝင်ငွေနဲ့ အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ခွဲခြားပြရမယ်ဆိုရင် ကိုယ်လိုချင်သလောက် ဝင်ငွေတွေ မရနိုင်တာဟာ အနတ္တ ၊ လက်ထဲရှိနေတဲ့ တန်ဖိုးကြီးပစ္စည်း၊ ရာထူး ၊ အာဏာနဲ့ ပိုင်ဆိုင်မှုတွေ ပျက်စီးဆုံးရှုံးသွားမှာ ၊ သူများလုယူသွားမှာ ၊ ကျော်သွားမှာတွေကို တွေးပူနေရပြီဆိုရင် ဒါဟာ ဒုက္ခပါ ၊ ဘယ်လိုအကြောင်းနဲ့ပဲဝင်လာလာ နောက်ဝင်ငွေကြောင့် နောက်တိုးတာတွေ ထည့်မပေါင်းရင် ရှေ့ကဝင်ခဲ့တဲ့ငွေဟာ သုံးစရာရှိတာတွေသုံးရင် ပါးသွား ၊ ကုန်သွားတာပဲ အဲဒါဟာ အနိစ္စမဟုတ်လား။ ဘယ်လောက်ချမ်းသာကြီးပွားနေပါစေ ၊ အာဏာကြီးနေပါစေ ၊ လှပပါစေ ၊ ကျော်ကြားပါစေ အဲဒီအရာက ကိုယ့်စွန့်မသွားရင် အဲဒီအရာကို တနေ့တချိန်မှာ ကိုယ်က စွန့်ခွါသွားရမှာပါ။ ဒါဟာ အနိစ္စဆိုတဲ့ မမြဲခြင်း သဘောပဲလေ။

အချစ်နဲ့ပြောရမယ်ဆို ဘယ်လိုအချစ်ပဲဖြစ်ဖြစ် ချစ်တဲ့သူအတွက် ပူလောင်ရတယ်။ သားသမီးအတွက် မိဘက ပူလောင်ရသလို ၊ ကိုယ်ချစ်တဲ့သူအတွက် ချစ်မိသူတွေက ပူလောင်ရတယ်။ အဲဒါတွေဟာ ဒုက္ခပါ။ ကိုယ်ကချစ်လွန်းလို့ ဒါကိုဖြစ်စေချင်ပေမယ့် သူဟာကိုယ်မဟုတ်တဲ့အတွက် ကိုယ့်ဆန္ဒအတိုင်း တသွေမတိမ်း လိုက်မလုပ်နိုင်တာဟာ အနတ္တသဘောလေ။ တချိန်ချိန်မှာ သူကကိုယ့်ကိုခွဲရင်ခွဲ ဒါမှမဟုတ် ကိုယ်ကသူ့ကိုခွဲရင်ခွဲ ရှင်ခြင်း ၊ သေခြင်း နှစ်မျိုးနဲ့ ကွဲကွာသွားရတာက အနိစ္စသဘောပါ။

ငါဆိုတဲ့ ကိုယ်ကြီးကို လေ့လာမယ်ဆိုရင် မွေးကင်းစအရွယ်က ကိုယ့်ပုံနဲ့ အခု စာဖတ်နေတဲ့ပုံ တူသေးရဲ့လား။ ဘယ်တူတော့မလဲ အသက်ကြီးလာပြီလေ။ အဲဒီလို ဆယ်စုနှစ်တွေအကြာမှာ ပုံစံမတူတော့ဘူးဆိုရင် နောင်ဆယ်စုနှစ်တွေအကြာမှာ ဖြစ်လာမယ့်ကိုယ့်ပုံနဲ့ အခု စာဖတ်ချိန်မြင်တွေ့နေရတဲ့ကိုယ့်ပုံလည်း မတူနိုင်တော့ပါဘူး။ အိုလာမှာပဲ။ အိုရင်နာလာမှာပါပဲ။ မအိုဘဲနာနေတဲ့သူတွေ တွေ့ချင်ရင် ဆေးရုံ ၊ ဆေးခန်းတွေမှာ သွားကြည့်နိုင်ပါတယ်။

မအိုချင်ဘဲအိုရတာ ၊ မနာချင်ဘဲနာရတာ ၊ မသေချင်ဘဲသေရတာဟာ ကိုယ်ဖြစ်ချင်တဲ့အတိုင်းမဖြစ်လို့ အနတ္တသဘောပါ။ ဒါတွေကို မခံစားချင်ဘဲ ခံစားနေရတာက ဒုက္ခသဘောပေါ့။ တချိန်မှာ မလွဲမသေ သေကြရမှာပဲ။ ဒါဟာ အနိစ္စသဘောပေါ့။

အနိစ္စ ၊ ဒုက္ခ ၊ အနတ္တဆိုတာ ကျွန်မငယ်ငယ်ကတည်းက ကြားဖူးခဲ့တာပါ။ ဖြစ်ပြီးပျက်တယ်ဆိုတာလည်း ကြားဖူးတာပဲ။ ကံ ကံ၏အကျိုးဆိုတာလည်း ကြားဖူးတာပဲ။ ကြားဖူးတာနဲ့ လက်တွေ့ကျင့်လို့ တရားသဘောကို ကိုယ်တွေ့သိမြင်လာတာဟာ အများကြီး ကွာခြားပါတယ်။ အမှန်တရားကတော့ မကွာခြားပါဘူး။ လေးနက်မှုက ကွာခြားတာပါ။ ကိုယ်တိုင်လက်တွေ့ကျင့်ကြံပြီး သဘောပေါက်နားလည်လာတော့ စိတ်ထဲလုံးဝရှင်းလင်းသွားပါတယ်။

စာတွေ့နဲ့လက်တွေ့ ဘာကွာခြားသလဲဆိုတော့ စာတွေ့ဟာ လက်တွေ့လောက် နားလည်ကျွမ်းကျင်မှုမရှိတာပါ။ အသိပဲရှိသေးတယ် ၊ အကျင့်မရှိသေးတော့ ဘယ်လိုကျင့်ရမှန်းမသိဘူးပေါ့။ အသိမှာမိုးပျံတတ်ပြီး တကယ်လုပ်တော့ဆိုရင် ဘယ်ကစရမှန်းမသိဘူးဖြစ်တတ်တယ်။ တကယ်ကျင့်တဲ့သူကျတော့ ကျင့်ရင်းကျွမ်းကျင်လာတဲ့အတွက် အသိမှာ မြင်တာနဲ့ အလွယ်တကူ ခွဲခြားစိတ်ဖြာမှုလုပ်နိုင်တယ်။

တကယ်ဆို အနိစ္စ ၊ ဒုက္ခ ၊ အနတ္တအားလုံးဟာ ကျွန်မတို့ပတ်ဝန်းကျင်မှာ နေ့စဉ်ဖြစ်ပျက်နေပါတယ်။ ဒါကို သတိထားကြည့်နိုင် ၊ သိနိုင်တဲ့ ဥာဏ်ကလေးမပေါ်သေးလို့ မသိနိုင်ကြသေးတာပါ။ တရားဆိုတာသိသွားရင် ကိုယ်ပေါ်မှာလည်းရှိတယ် ၊ ကိုယ်ထဲမှာလည်းရှိတယ် ၊ ပတ်ဝန်းကျင်မှာလည်းရှိတယ် ၊ နေရာတိုင်းမှာ အရာတိုင်းဟာ ဖြစ်ပျက်နေတယ်ဆိုတာ သိလာပါတယ်။

သြကာသ (Burmesehearts.com)

 

You might also like